နိုဝင်ဘာလ ၂၃ ရက် ထိပ်တန်းသတင်းများ - မူဆယ်၊ ကျင်စန်းကျော့နယ်စပ်ကုန်သွယ်ရေးဂိတ် လက်နက်ကြီးကျ
ဓာတ်ပုံ ရင်းမြစ်, CJ
တရုတ် - မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးအနီးက ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ ဒီကနေ့ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ ရပ်နားထားတဲ့ကုန်တင်ကားတွေပေါ် လက်နက်ကြီးကျလို့ အစီးရေအများအပြား မီးလောင်နေတယ်လို့ ကုန်သည်တချို့ကပြောပါတယ်။
အခုမီးလောင်တဲ့ ကုန်တင်ယာဥ်တွေဟာ ကျင်စန်းကျော့ကားဝင်းအတွင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်မတိုင်ခင်ကတည်းက ပစ်ခတ်မှုတွေနဲ့လမ်းပိတ်မှုတွေကြောင့် ပိတ်မိနေတာဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေးလိုင်စင်ရဖို့စောင့်နေခဲ့တဲ့ယာဥ်တွေလို့သိရပါတယ်။
'' လိုင်စင်စောင့်နေတဲ့ကားတွေပါ။ ယာဥ်မောင်းတွေက တိုက်ပွဲဖြစ်ကတည်းက ကားကိုထားခဲ့ကြပြီး ပြေးသွားကြပါပြီ။ အခု အဲဒီဝန်းထဲမှာ တပ်မ ၉၉ တပ်စွဲနေတော့ တစ်ဖက်က ဒရော့ဗုံးနဲ့ ချသွားတာလို့ သိရပါတယ်။ အခုထိတော့ မီးတွေလောင်နေဆဲပါ'' လို့ မျက်မြင်ရှိနေသူတစ်ဦးကပြောပါတယ်။
ဘီဘီစီအနေနဲ့ ဘာကြောင့်မီးလောင်မှုနဲ့ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ ဆက်လက်မေးမြန်းနေတာကြောင့် ဘယ်အဖွဲ့အစည်းရဲ့ လက်နက်ဆိုတာကို အတည်ပြုနိုင်တာမရှိသေးပါဘူး။
ကျင်စန်းကျော့ဝင်းအတွင်း ယာဥ်စီးရေ ဆယ်နဲ့ချီမကရှိနေပြီး မီးလောင်နေတဲ့ကုန်တင်ယာဥ်အစီးရေ အရေအတွက်ကအနည်းဆုံး ၁၀ စီးနီးပါးမီးလောင်နေတယ်လို့ ကုန်သည်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီကိုဖိအားပေးဖို့ ဂျပန်ကို NUG တိုက်တွန်း
ဓာတ်ပုံ ရင်းမြစ်, National Unity Government of Myanmar
ဂျပန်နိုင်ငံမှာရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဂျပန်နိုင်ငံအနေနဲ့ စစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးဖို့ဆိုပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်က ဂျပန်လွှတ်တော်နှစ်ရပ်က အမတ်တွေနဲ့ တွေ့ဆုံချိန်မှာ ဒီလိုပြောဆိုခဲ့တာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်နေတဲ့မြန်မာနိုင်ငံသားတွေအတွက် ထိရောက်သေချာတဲ့ ပံ့ပိုးကူညီမှုတွေကို အခုထက်ပိုပြီး အကူအညီပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
အဲဒီနှစ်ဖက်တွေ့ဆုံပွဲမှာ ဂျပန်-မြန်မာဆက်ဆံရေးအတွက် အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ် ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆွေးနွေးခဲ့ကြပြီး NUG အနေနဲ့ နွေဦးတော်လှန်ရေးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို စနစ်တကျဖော်ဆောင်တဲ့ စနစ်ပြောင်းတော်လှန်ရေးဖြစ်ကြောင်းနဲ့ အစိုးရပါမက စနစ်ပါပြောင်းစေတဲ့တော်လှန်ရေးဖြစ်ကြောင်း ထောက်ပြခဲ့ပြီး လက်ရှိမှာ ခက်ခဲလှတဲ့အချိန်တစ်ခုကို ဖြတ်ကျော်နေရတယ်လို့ ပြောခဲ့ပါတယ်။
တဖက်မှာလည်း ဂျပန်လွှတ်တော်နှစ်ရပ်က အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြောနေသလို ဂျပန်အစိုးရကလည်း စစ်ကောင်စီနဲ့ နိုင်ငံရေးနဲ့စီးပွားရေးပတ်သက်မှုတွေရှိနေတယ်ဆိုပြီး ဂျပန်ရောက်မြန်မာတွေက ဝေဖန်နေကြတာဖြစ်ပါတယ်။
တိုင်းရင်းသားပါတီ နှစ်ခုကို ရွေးကောက်ပွဲ ကော်မရှင် ဖျက်သိမ်း
ဓာတ်ပုံ ရင်းမြစ်, ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျက်သိမ်းခဲ့ပြီးတဲ့နောက် နောက်ထပ်တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ မြိုတိုင်းရင်းသားပါတီကိုပါ နိုဝင်ဘာ ၂၂ ရက်မှာ ဖျက်သိမ်းလိုက်ပါတယ်။
လောက်ကိုင်မြို့မှာအခြေစိုက်တဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကို ပါတီမှတ်ပုံတင်ပြီး သုံးလအတွင်း ပါတီဝင်အင်အား လူတစ်ထောင်မစုနိုင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
ဒါဟာ စစ်ကောင်စီက အသစ်ပြဌာန်းထားတဲ့ ပါတီမှတ်ပုံတင်ဥပဒေ နဲ့ မှတ်ပုံတင်ထားတဲ့ ပါတီကို ပါတီဝင်အင်အားမပြည့်လို့ဆိုပြီး ပထမဆုံးဖျက်သိမ်းမှုလည်းဖြစ်ပါတယ်။
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဝါရင့်ပါတီတစ်ခုဖြစ်ပြီး စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)အဖွဲ့ဝင်လည်းဖြစ်ပါတယ်။
ကိုးကန့်ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့လို့ ဖျက်သိမ်းခံရဖူးပြီး ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရာမှာတော့ အနိုင်မရခဲ့ပါဘူး။
‘’ဒီအချိန်ကြီး ဘယ်လိုနိုင်ငံရေး၊စည်းရုံးရေးလုပ်လို့ရမှာလဲ။ ကော်မရှင်တောင် ပါတီတွေကို စစ်တိုင်းထဲ တွေ့ရတာမဟုတ်ဘူးလား’’ လို့ တိုင်းရင်းသားအမတ်ဟောင်းတစ်ဦးက မေးခွန်းထုတ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး နဲ့ အဖွဲ့ဝင် တွေဟာ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ နဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့က ပါတီ ဥက္ကဋ္ဌ တွေကို လားရှိုးမြို့ နယ်မြေခံတပ်ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် မြိုတိုင်းရင်းသားပါတီကတော့ သူတို့သဘောဆန္ဒ နဲ့ ပါတီဖျက်သိမ်းပေးဖို့ တောင်းဆိုလာတာကို ကော်မရှင်က အတည်ပြုခဲ့တာပဲဖြစ်ပါတယ်။
ပါတီမှတ်ပုံတင်ဥပဒေမှာ မှတ်ပုံပြန်မတင်ခဲ့လို့ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကျော်ကို ဖျက်သိမ်းခဲ့ပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။