အမေရိကန် ထိပ်တန်းသံတမန်ဟောင်း ဘေလ် ရစ်ချက်ဆန် ကွယ်လွန်

နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ ဒေါ်ဆောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့မှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Bill Richardson Center

ဓာတ်ပုံ ပုံစာ, နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ ဒေါ်ဆောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့မှာတွေ့ဆုံခဲ့ပါတယ်

မြန်မာ့အရေးနဲ့တွဲသိကြတဲ့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ဟောင်း ဘေလ် ရစ်ချက်ဆန်ဟာ အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်ပြီလို့ သူ့ရဲ့ဖောင်ဒေးရှင်းက ကြေညာပါတယ်။

အမေရိကန်သမ္မတ ဘီလ် ကလင်တန်လက်ထက်မှာ ကုလသမဂ္ဂသံအမတ်ဖြစ်ခဲ့သူ မစ္စတာ ရစ်ချက်ဆန်ဟာ ကမ္ဘာတဝန်းမှာ တရားမဲ့ထိန်းသိမ်းခံရတဲ့အမေရိကန်နိုင်ငံသားတွေ ပြန်လည်လွတ်မြောက်ရေးတွေမှာ ကြိုးပမ်းခဲ့မှုကြောင့် လူသိများသူလည်း ဖြစ်ပါတယ်။

မြန်မာနဲ့ပတ်သက်လို့ သိပ်မကြာသေးခင်ကဆိုရင် ဖမ်းဆီးထိန်းသိမ်းခံ အမေရိကန်နိုင်ငံသားတွေ ပြန်လွတ်ရေးအားထုတ်မှုအနေနဲ့ ဘေလ် ရစ်ချက်ဆန်ဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက လာရောက်ခဲ့တဲ့ သူ့ရဲ့ နေပြည်တော်အပြန်ခရီးမှာ အာဏာသိမ်းပြီးတဲ့နောက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့ပုဒ်မတွေနဲ့ တရားရင်ဆိုင်ခဲ့ရတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာကို ပြန်လည် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။

မစ္စတာ ရစ်ချက်ဆန်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အကြံပေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်ပေမဲ့ နောက်ပိုင်းမှာ နုတ်ထွက်ခဲ့သူလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း သူဟာ အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ရေးဆက်လုပ်နေခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် အမေရိကန် ဘတ်စကတ်ဘောသမား ဘရစ်တနီ ဂရင်နာ ထိန်းသိမ်းခံရာကနေ ပြန်လွတ်မြောက်ဖို့အတွက် ရုရှားနိုင်ငံ မော်စကို မြို့အထိ သွားခဲ့သူ ဖြစ်ပါတယ်။

သမ္မတဟောင်း ကလင်တ်န်ကတော့ မစ္စတာ ရစ်ချက်ဆန်ဟာ ''တဖက်ကမ်းခတ်'' ညှိနှိုင်းဆွေးနွေးနိုင်စွမ်းရှိသူလို့ ချီးကျူးပါတယ်။

''ဘေလ်ဟာ လွတ်လပ်မှု၊ မျှတမှုနဲ့ အခွင့်အလမ်းဆိုင်ရာလမ်းကြောင်းတွေပေါ်လာဖို့ မမောနိုင်မပန်းနိုင် အားထုတ်ခဲ့သူ''လို့ မစ္စတာ ကလင်တန်က သူ့ထုတ်ပြန်ချက်မှာ ပြောပါတယ်။

''တရားဝင်ရာထူးအရပဲ ဖြစ်ဖြစ်၊ အလွတ်သဘောအရပဲဖြစ်ဖြစ် ကျွန်တော်တို့ ကမ္ဘာပိုမိုလုံခြုံအောင် အကူအညီပေးခဲ့သူဖြစ်သလို ပြည်ပမှာ တရားမဲ့ထိန်းသိမ်းခံရတဲ့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီလွတ်မြောက်ရေးဖြစ်လာအောင် ဆွေးနွေးညှိနှိုင်းရာမှာ တဖက်ကမ်းခတ်ကျွမ်းကျင်သူ'' လို့ လည်း ပြောပါတယ်။

မစ္စတာ ရစ်ချက်ဆန်ကို ကယ်လီဖိုးနီးယားပြည်နယ်မှာ စပိန်ဖွား မိခင်နဲ့ နီကာရာဂွါဖွား ဖခင်တို့ကနေ ၁၉၄၇ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး မက်ဆာချူးဆက်မှာ ကျောင်းအိပ်ကျောင်းစား မတက်ခင်အထိ မက္ကစီကိုစီးတီးမြို့မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။

တက်ဖ်စ် တက္ကသိုလ်ကနေ ၁၉၇၀ ခုနှစ်မှာ ဘွဲ့ရပြီး ၁၉၇၁ ခုနှစ်မှာ မဟာဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ပြည်နယ်အဆင့်နဲ့ နိုင်ငံအဆင့် ရာထူးတွေရလာမယ့် နိုင်ငံရေးလောကကို သူဝင်ရောက်ခဲ့ပါတယ်။

၁၉၈၃ ခုနှစ်မှာ အမေရိကန် အောက်လွှတ်တော်မှာ နယူးမက္ကဆီကိုပြည်နယ်ရဲ့ တတိယခရိုင်ကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်လာပါတယ်။

၁၉၉၄ ခုနှစ်မှာ သူဟာ ကွန်ဂရက်စ်လွှတ်တော်အမတ်တစ်ဦးအနေနဲ့ မြန်မာပြည်ကို ပထမဆုံး ခရီးသွားရောက်ခဲ့ပြီး အဲဒီအချိန်တုန်းက ပထမအကြိမ် နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူ့ခရီးစဥ်အပြီး တစ်နှစ်အကြာမှာပဲ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။

ဘေလ် ရစ်ချက်ဆန်ဟာ ဒေါ်ဆောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးရေး  မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းဖို့ ၉၉၄ ခုနှစ်စကလို့ အားထုတ်ခဲ့သူလည်းဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Bill Richardson Center

ဓာတ်ပုံ ပုံစာ, ဘေလ် ရစ်ချက်ဆန်ဟာ ဒေါ်ဆောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးရေး မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းဖို့ ၁၉၉၄ ခုနှစ်စကလို့ အားထုတ်ခဲ့သူလည်းဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီနောက် ဆယ်စုနှစ်ချီကြာ သူ့ နိုင်ငံရေးသမားသက်တမ်းတလျောက် သံခင်းတမန်ခင်းဆိုင်ရာညှိနှိုင်းဆွေးနွေးနိုင်စွမ်းကြောင့် သူ့ကို သမ္မတ ကလင်တန်က ၁၉၉၇ ခုနှစ်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

အဲဒီနောက် တစ်နှစ်မှာပဲ သူဟာ သမ္မတ ကလင်တန်အစိုးရမှာ စွမ်းအင်ဝန်ကြီး ဖြစ်လာခဲ့ပြီး အစိုးရသက်တမ်းကုန်တဲ့အထိ တာဝန်ထမ်းခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို အနိုင်ရခဲ့တာကြောင့် လက်တင်အမေရိကနွယ်ဖွားတစ်ဦး ပထမဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာပါတယ်။ ပြည်နယ်အတွင်းမှာ လူကြိုက်များတာကြောင့် ၂၀၀၆ ခုနှစ်မှာ မဲအပြတ်အသတ်နိုင်ပြီး ဒုတိယအကြိမ် ပြန်အရွေးခံရပါတယ်။

မစ္စတာ ကလင်တန်ကတော့ '' မစ္စတာရစ်ချက်ဆန်ရဲ့ အောင်မြင်မှုတွေဟာ အမေရိကန်အစိုးရရဲ့ အဆင့်မြင့်ဆုံးရာထူးတွေမှာ လက်တင်အမေရိကန်နွယ်ဖွားတွေရဲ့ တာဝန်ထမ်းဆောင်နိုင်တဲ့လမ်းကြောင်းဖြစ်အောင် ဖန်တီးပေးနိုင်ခဲ့တယ်'' လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

နိုင်ငံရေးမှာ အောင်မြင်တဲ့မစ္စတာ ရစ်ချက်ဆန်ဟာ ပြည်နယ်အဆင့်ကနေ နိုင်ငံအဆင့်တက်လှမ်းဖို့ ခြေလှမ်းခဲ့ပြီး ၂၀၀၈ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ဖို့ အားထုတ်ခဲ့ပါတယ်။

ကလင်တန်အစိုးရမှာ အခရာကျတဲ့ဝန်ကြီးနေရာယူခဲ့သူဖြစ်ပေမဲ့ ၂၀၀၈ ရွေးကောက်ပွဲကနေ နောက်ဆုတ်ချိန် သမ္မတဟောင်း ကလင်တန်ရဲ့ဇနီးဖြစ်သူ သမ္မတကတော်ဟောင်း ဟီလာရီကလင်တန်အစား ဘာရက်အိုဘားမားကို ထောက်ခံခဲ့လို့ သူ့ကို သစ္စာဖောက်သူအဖြစ် ကလင်တန်ကိုထောက်ခံ သူတွေရဲ့ရှုမြင်တာ ခံခဲ့ရပါတယ်။

ဘာရက်အိုဘားမားက သူ့ကို စီးပွားကူးသန်းဝန်ကြီးလောင်းအဖြစ် လျာထားခဲ့ပေမဲ့ အဲဒီအချိန်တုန်းက မလျော်ကန်မှုတွေနဲ့ စီးပွားရေးလုပ်တယ်ဆိုတဲ့စွပ်စွဲချက်တွေကြောင့် ဝန်ကြီးလောင်းအဖြစ်လျာထားခဲ့တာကို ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီစွပ်စွဲချက်တွေက မှားယွင်းမှုစွပ်စွဲမှုတွေဆိုတာ ပေါ်လွင်ခဲ့ပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကနေ စွန့်ခွာပြီး မကြာခင် ၂၀၁၁ ခုနှစ်မှာပဲ သူဟာ အကျိုးအမြတ်မယူတဲ့ဖောင်ဒေးရှင်း ကမ္ဘာ့ထိတွေ့ဆက်ဆံမှုဆိုင်ရာ ရစ်ချက်ဆန် ဖောင်ဒေးရှင်းကို ထူ‌ထောင်ခဲ့ပြီး ပြည်ပမှာ ထိန်းသိမ်းခံရသူတွေ ပြန်လွတ်မြောက်ရေးကို အဲဒီဖောင်ဒေးရှင်းနာမည်အောက်ကနေ အားထုတ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခဲ့တဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို မြန်မာစစ်ကောင်စီက ဘေလ် ရစ်ချက်ဆန်ရဲ့နေပြည်တော် အပြန်ခရီးမှာ ပြန်လွှတ်ပေးခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Richardson Center

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးနောက် ဖမ်းဆီးခဲ့တဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို မြန်မာစစ်ကောင်စီက ဘေလ် ရစ်ချက်ဆန်ရဲ့နေပြည်တော် အပြန်ခရီးမှာ ပြန်လွှတ်ပေးခဲ့ပါတယ်

မစ္စတာ ရစ်ချက်ဆန်ဟာ ဖမ်းဆီးခံ အမေရိကန်သတင်းထောက် သူနဲ့အတူ ပြန်ပါသွားတဲ့ ၂၀၂၁ ခုနှစ်၊ နေပြည်တော် ခရီးစဥ်မှာ မြန်မာစစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာကို ကိုဗစ်ကာကွယ်ဆေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ စစ်ကောင်စီနဲ့ထိတွေ့ ပြောဆိုလို့ဆိုပြီး မစ္စတာရစ်ချက်ဆန်ကို ဝေဖန်ခဲ့ကြပါတယ်။

အဲဒီမတိုင်ခင်ကလည်း သူဟာ မြောက်ကိုရီးယားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လည်လွတ်မြောက်ရေး စွမ်းဆောင်နိုင်ခဲ့သလို တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံကြား တင်းမာမှုတွေ တည်ငြိမ်အောင် အားထုတ်တဲ့အနေနဲ့ ပြုံယမ်းသံတမန်တွေနဲ့ ဆွေးနွေးတာတွေလည်းလုပ်ခဲ့သူဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ထိတွေ့ ပြောဆိုတဲ့သူ့ကို ဝေဖန်တာတွေလည်းရှိခဲ့ပေမဲ့ သူ့ရဲ့အားထုတ်မှုတွေကြောင့် နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင်စာရင်းမှာ အကြိမ်ကြိမ်တင်သွင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ရစ်ချက်ဆန် စင်တာကတော့ သူ့ကို ''ပြည်ပမှာ တရားမဲ့ထိန်းသိမ်းခံရသူတွေအတွက် သူမတူအောင်စွမ်းဆောင်နိုင်ခဲ့သူ'' လို့ ဂုဏ်ပြုပါတယ်။