ဇန်နဝါရီ ၃၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - လာဘူဘူ ဆိုင်သစ် ခုနစ်ဆိုင် ဗြိတိန်မှာ ဖွင့်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိန်ဝန်ကြီးချုပ် ဆာကီယာ စတာမာရဲ့ တရုတ်ခရီးစဉ်အပြီး ဗြိတိန်မှာ လာဘူဘူ အရုပ်ဆိုင်သစ် ခုနစ်ဆိုင် ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။
လန်ဒန်ရဲ့ အောက်စ်ဖို့လမ်းပေါ်မှာ အမိုက်စား အရုပ်ဆိုင်ကို ဖွင့်လှစ်မှာဖြစ်တဲ့အကြောင်း တရုတ်အရုပ်ကုမ္ပဏီ Pop Mart က အတည်ပြုထားပါတယ်။
Pop Mart က ကာဒစ်နဲ့ ဘာမင်ဟမ်တို့မှာ ဆိုင်သစ်တွေနဲ့ ဒီနှစ်အတွင်း ဥရောပမှာ နောက်ထပ်ဆိုင် ၂၀ ဖွင့်လှစ်မှာဖြစ်ပါတယ်။
ဗြိတိန်အစိုးရကလည်း သဘောတူထားပြီးပါပြီ။
တရုတ်နဲ့ ဗြိတိန် ပို့ကုန်ဆိုင်ရာသဘောတူညီမှုတန်ဖိုးဟာ ပေါင် ၂ ဒသမ ၂ ဘီလီယံရှိတယ်လို့ အစိုးရက ထုတ်ပြန်ထား ပြီး ဝီစကီနဲ့ကားတွေလည်း ပါဝင်ပါတယ်။
တရုတ်ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် ဆိုးရွားတဲ့သမိုင်းကြောင်းရှိခဲ့ပြီး ဗြိတိန်အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ သတိပေးမှုတွေရှိနေပါတယ်။
လာဘူဘူအရုပ်လေးတွေဟာ သွားချွန်ချွန်လေးတွေနဲ့ ပြုံးဖြီးဖြီးလုပ်နေတဲ့ မွန်းစတားအမွေးပွအရုပ်လေးတွေဖြစ်ပြီး လူကြိုက်များပါတယ်။
လာဘူဘူကို အားပေးသူတွေထဲမှာ နာမည်ကျော်တွေဖြစ်တဲ့ ရီဟားနား၊ ဒူယာလီပါ၊ ကင်မ်ကာဒစ်ရှန်းတို့ ပါဝင်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လာဘူဘူနဲ့ပတ်သက်လို့ ဘာက စွဲဆောင်မှုရှိစေတာလဲကို ပြောဆိုဖို့ခက်ပေမဲ့ တရုတ်ရဲ့ ပါဝါအပျော့အတွက် အထောက်အကူရခဲ့ပါတယ်။ လာဘူဘူဟာ တရုတ်ရဲ့ဖန်တီးနိုင်စွမ်း၊ အရည်အသွေးနဲ့ ယဉ်ကျေးမှုကို တစ်ကမ္ဘာလုံးက နားလည်မယ့်နည်းလမ်းနဲ့ဖော်ပြလိုက်တာပဲလို့ နိုင်ငံပိုင်ရှင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
"လန်ဒန်ဟာ ကမ္ဘာလုံးဆိုင်ရာတီထွင်ဖန်တီးမှုဂေဟစနစ်ရဲ့ ဗဟိုချက်မှာရှိနေပြီး ဥရောပမှာအမြစ်တွယ်ဖို့အတွက် စိတ်လှုပ်ရှားနေပါတယ်" လို့ Pop Mart တည်ထောင်သူ ဂရန့် ဝမ်က ပြောဆိုခဲ့ပါတယ်။ ဗြိတိန်မှာ အလုပ်အကိုင်နေရာသစ် ၁၅၀ ဖန်တီးပေးနိုင်မယ်လို့ သူက မျှော်လင့်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုပြီးနောက် ဒုတိယအကြီးဆုံးစီးပွားရေးကိုပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစာချုပ်တွေ ချုပ်ဆိုပြီး ဆက်ဆံရေးပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဆာကီယာဟာ တရုတ်ကိုသွားရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ ရှစ်နှစ်တာကာလအတွင်း တရုတ်ကို ပထမဆုံးအကြိမ်သွားရောက်တဲ့ ဗြိတိန်ဝန်ကြီးချုပ်လည်းဖြစ်ပါတယ်။
ပေါင် ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ ပို့ကုန်ဆိုင်ရာသဘောတူညီမှုသာမက ရင်းနှီးမြှုပ်နှံမှုသစ်တွေပါဝင်တဲ့ သဘောတူညီမှုတွေရခဲ့တယ်လို့ သူက သုံးရက်ကြာခရီးစဉ်ရဲ့နောက်ဆုံးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီထဲမှာ တရုတ်ကိုတင်ပို့မယ့် စကော့ဝီစကီအပေါ် ပို့ကုန်ခွန်လျှော့ချမှုပါဝင်ပြီး ဒါဟာ နောက်ငါးနှစ်အတွင်း ဗြိတိန်စီးပွားရေးကို ပေါင် သန်း ၂၅၀ ထည့်ဝင်နိုင်မှာဖြစ်ပြီး ဒီသဘောတူညီမှုဟာ တနင်္လာနေ့မှာ စတင်သက်ရောက်မှာပဲဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဆာကီယာဟာ တရုတ်ကားလုပ်ငန်း Chery ရဲ့ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပြီး တရုတ်ကုမ္ပဏီဟာ လစ်ဗာပူးမြို့မှာ ဥရောပရုံးချုပ်ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။
ဒါပေမဲ့ ကွန်ဆာဗေးတစ်တွေကတော့ ဆာကီယာရဲ့ခရီးစဉ်ဟာ အမျိုးသားအကျိုးစီးပွားမရှိစေဘူးလို့ ပြောဆိုခဲ့ပြီး Reform UK ကတော့ ဗြိတိန်နိုင်ငံသား ဂျင်မင် လိုင်ကို တရုတ်က ပြန်မလွှတ်သေးတာမို့ တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီမှုတွေ မယူသင့်ဘူးလို့ တိုက်တွန်းထားပါတယ်။
"တရုတ်နဲ့ဆက်ဆံတာဟာ ဗြိတိန်စီးပွားရေးတိုးဖို့၊ အမိမြေမှာ အလုပ်အကိုင်နေရာတွေဖန်တီးပေးဖို့နဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ပဲဖြစ်တယ်" လို့ ဆာကီယာက တုံ့ပြန်ထားပါတယ်။
ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူတချို့တိုက်ပိတ်ခံရတာ လချီနေပြီလို့ PPNM ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ ၃ နှစ်နီးပါး တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတချို့ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့နိုင်ငံရေးအကျဉ်းသူတချို့ ထပ်မံတိုက်ပိတ်ခံထားရတာ လနဲ့ချီရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
အနည်းဆုံး နိုင်ငံရေးအကျဉ်းသူ ၇ ဦး တိုက်ပိတ်ခံထားရပြီး သူတို့က နှစ်နဲ့ချီ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဖြစ်တဲ့ မမိုးမိုးစန်း၊ မနွေးနွေးမြင့်လွင်နဲ့ မဂျူးဇင်သီတို့ကို လွှတ်ပေးဖို့ ထောင်အာဏာပိုင်တွေကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ တောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။
အကျဉ်းသူ ၇ ဦးကို တိုက်ပိတ်ခံလိုက်ရတဲ့ ရက်စွဲကိုတော့ အတိအကျမပြောနိုင်ပေမယ့် တိုက်ပိတ်ခံရတာ လနဲ့ချီရှိပြီလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
လက်ရှိမှာ ထပ်မံတိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ၇ ဦးကို ထောင်ထဲက အမျိုးသမီးအဆောင်ရဲ့ တိုက်ပိတ်တဲ့ဘက်ခြမ်းမှာ မထားဘဲ နိုင်ငံရေးအကျဉ်းသားတွေကို အရင်က တိုက်ပိတ်တာတွေလုပ်ခဲ့တဲ့ အမျိုးသားအဆောင်ဘက်ခြမ်းက တိုက်တွေမှာ ပိတ်ထားတယ်လို့ သူက ဆိုပါတယ်။
ဒီလိုနေရာပြောင်းပြီး တိုက်ပိတ်တာဟာ "အမျိုးသမီးအဆောင်ဘက်က နိုင်ငံရေးအကျဉ်းသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်အောင်လုပ်ထားတာ" လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် အဲဒီ ၇ ဦးထက်မနည်း တိုက်ပိတ်ခံထားရတဲ့နေရာဟာ အမျိုးသားအဆောင်ဘက်ခြမ်းထဲမှာဖြစ်တာကြောင့် ရေချိုးသန့်ရှင်းရေးလုပ်ဖို့ တိုက်ထဲကနေ ထွက်ခွင့်ပေးတဲ့အချိန်တွေမှာလည်း အမျိုးသားအဆောင်ဘက်ကနေ လှမ်းမြင်နေရတာကြောင့် လုံခြုံမှုမရှိတဲ့အခြေအနေလို့ သူက ဖြည့်ပြောပါတယ်။
လက်ရှိ ဒိုက်ဦးထောင်မှာ နိုင်ငံရေးအမှုအပါအဝင် မတူညီတဲ့ အမှုတွေနဲ့ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသူအမျိုးသမီးအရေအတွက် ၃၀ ဦးဝန်းကျင်ရှိတယ်လို့ ကိုသိုက်ထွန်းဦးက ဇန်နဝါရီ ၃၁ ရက်မှာ ပြောပါတယ်။
တိုက်ပိတ်ခံထားရသူတွေဟာ မိသားစုဝင်တွေနဲ့ ပုံမှန်ဧည့်တွေ့ခွင့်မရဘူးလို့ သိရပါတယ်။
ဒိုက်ဦးထောင်ထဲက တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတချို့ကိုတော့ မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့်ပိတ်ပင်ထားသလို မိသားစုတွေပို့လာတဲ့ ပစ္စည်းတွေကိုလည်း ထောင်အာဏာပိုင်တွေက လက်ခံခွင့်ပိတ်ထားတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ဒိုက်ဦးအကျဉ်းထောင်ထဲက နိုင်ကျဉ်းအမျိုးသမီးတတချို့ တိုက်ပိတ်ခံရမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီက ပဲခူးတိုင်းဒေသကြီး အကျဉ်းဦးစီးမှူးရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
မြန်မာကို ကန်ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်း အမေရိကန်လွှတ်တော် နှစ်ရပ်လုံးအတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာကို အမေရိကန်ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်(ဆီးနိတ်)ကနေ အတည်ပြုလိုက်ပါတယ်။
၂၀၂၆ ခုနှစ်အတွက် အမေရိကန်ရဲ့ နိုင်ငံခြားရေးအကူအညီပေးပုံစံ ပြောင်းလဲသွားပြီး မြန်မာအပါအဝင် ရန်ပုံငွေပေးအပ်တာကို အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များဆိုတဲ့ ခေါင်းစဉ်သစ်အောက်မှာ စုပေါင်းထည့်သွင်းထားတယ်လို့ အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက ပြောပါတယ်။
အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များဆိုတဲ့ ရန်ပုံငွေအစီအစဉ်အသစ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇ ဘီလျံ ခွင့်ပြုထားပါတယ်။
ဦးဂျိမ်းရွှေရဲ့ အပြောအရ မြန်မာအတွက် "ဘားမားအက် ၂၀၂၂"မှာပါရှိတဲ့ လုပ်ပိုင်ခွင့်တွေအတိုင်း ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်ရရှိတော့မှာဖြစ်ပါတယ်။
ကနဦးအဆိုပြုချက်တွေအရ မြန်မာရရှိမယ့် အမေရိကန်ဒေါ်လာ ၁၂၁ သန်းကို ထိုင်းနဲ့ အိန္ဒိယနယ်စပ်ဖြတ်ကျော်ကူညီထောက်ပံ့မှုတွေအပါအဝင် မြန်မာအတွက် လိုအပ်တဲ့ တခြားအကူအညီတွေလည်းပေးသွားမယ်လို့ သိရပါတယ်။
ဒီဥပဒေကြမ်းအတွက် အမေရိကန်အောက်လွှတ်တော်(ကွန်ဂရက်)ကလည်း ဇန်နဝါရီ ၁၄ ရက်မှာ အတည်ပြုခဲ့ပြီးဖြစ်တာကြောင့် လက်ရှိမှာ သမ္မတ ဒေါ်နယ်လ် ထရမ့် လက်မှတ်ရေးထိုးဖို့ပဲ ကျန်တော့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲက ရွှေ့ပြောင်းကလေးတွေ ပညာသင်ခွင့်ရဖို့ ထိုင်းပြင်ဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေထဲက ကလေးငယ်တွေကျောင်းတက်ခွင့်ရဖို့ ထိုင်းဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ဆွေးနွေးပြင်ဆင်နေတယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာတွေအရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
ဒုက္ခသည်စခန်း ၉ ခုမှာခိုလှုံနေကြတဲ့ မြန်မာတွေကို စခန်းပြင်ပမှာ အချိန် ၁ နှစ် အလုပ်လုပ်ခွင့်ပြုပြီးနောက်မှာ စခန်းထဲမှာ ကျန်နေခဲ့တဲ့ ကလေးငယ်တွေအတွက် ထိုင်းဘက်က ဒီလိုစဉ်းစားချက်တွေရှိလာတာဖြစ်ပါတယ်။
"စခန်းထဲက မိဘ ၂ ပါးလုံး အပြင်ထွက် အလုပ်သွားလုပ်ရင် ကလေးလည်းလိုက်သွားရမယ်။ မိဘတွေအလုပ်လုပ်ရတဲ့နေရာမှာ ကလေးတွေရဲ့ ပညာရေးဘယ်လိုလုပ်မလဲ" စတဲ့အချက်အပေါ် အခြေခံပြီး ဇန်နဝါရီလကုန်ပိုင်းမှာ ထိုင်းဌာနဆိုင်ရာအဖွဲ့တွေအပြင် ကုလသမဂ္ဂအဖွဲ့အစည်းတချို့ကပါ ဒုတိယအကြိမ် ထပ်မံဆွေးနွေးခဲ့ကြတယ်လို့ ဒီအခြေအနေကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ စခန်းထဲကရွှေ့ပြောင်းကလေးငယ်တွေအပြင် စခန်းအပြင်မှာနေထိုင်ကြတဲ့ ကလေးငယ်တွေ၊ မွေးစားရင်းရှိတဲ့ မရှိတဲ့သူအားလုံးကို ထိုင်းအစိုးရကျောင်းတွေမှာ အရင်ကတည်းက ပညာဆည်းပူးခွင့် ပြုထားပြီးသားဖြစ်ပါတယ်။
စခန်းပြင်ပက ကလေးတွေကတော့ ကျောင်းတက်ပြီဆိုတာနဲ့ ထိုင်းအစိုးရကပေးတဲ့ ကိုယ်ပိုင်နံပါတ်ရရှိပေမယ့် စခန်းထဲက ကလေးငယ်တွေကတော့ စာရွက်စာတမ်းအထောက်အထားသာ ရရှိခဲ့တာဖြစ်ပါတယ်။
ထိုင်းနို့ဘိုးဒုက္ခသည်စခန်းက ရွှေ့ပြောင်းကလေးငယ်တစ်ဦးရဲ့ ဖခင်ကတော့ စခန်းပြင်ပမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး ကလေးငယ် ၂ ဦးကိုတော့ မိခင်ဖြစ်သူနဲ့ပဲ စခန်းထဲမှာ ထားခဲ့ရတယ်လို့ ဘီဘီစီကိုပြောပါတယ်။
"နှစ်ယောက်လုံးအလုပ်လုပ်ရင် ကလေးကြည့်မယ့်သူမရှိလို့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ကျွန်တော်ပဲ အလုပ်ထွက်လုပ်ပါတယ်။ စခန်းထဲမှာက ထိုင်းအစိုးရခွင့်ပြုထားတဲ့ မြန်မာတွေသင်တဲ့ မြန်မာကျောင်းလိုမျိုးတော့ရှိတယ်။ ကိုယ်အလုပ်လုပ်တဲ့နေရာမှာ ကျောင်းထားလို့ ရ၊မရ မသိတော့ ထားခဲ့ရတာ" လို့ သူက ရှင်းပြပါတယ်။
ဒုက္ခသည်စခန်းထဲက ကလေးငယ်တွေအတွက် ထိုင်းပြည်ထဲရေးရဲ့ အုပ်ချုပ်ရေးဌာနကတဆင့် ကိုယ်ပိုင်နံပါတ် ၁၃ လုံးပါတဲ့ သီးသန့်ကတ်ထုတ်ပေးဖို့ အစီအစဉ်ကို ထိုင်းဘက်က အတည်ပြုထားပြီးပြီလို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာတော့ စခန်းထဲက ကိုယ်ပိုင်နံပါတ် ၁၃ လုံးရထားပြီးတဲ့ကလေးတွေကို မိဘတွေ ရွှေ့ပြောင်းလုပ်ကိုင်တဲ့ ခရိုင်၊ နေရာဒေသမှာရှိတဲ့ကျောင်းတွေမှာ ကျောင်းဝင်ခွင့်တွေပေးနိုင်ဖို့ကို ဆွေးနွေးနေကြတာလို့ သူက ဆိုပါတယ်။
အာဏာသိမ်း ၅ နှစ်မှာ မြန်မာ့အကျပ်အတည်း ပိုဆိုးလာတယ်လို့ ကုလပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်က အာဏာသိမ်းထားတာ ၅ နှစ်ကြာရှိလာချိန်မှာပဲ မြန်မာလူထုရဲ့ ဒုက္ခတွေ ပိုကျပ်တည်းလာခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
မြန်မာလူထုရဲ့ အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ်ကျင့်သုံးနိုင်ဖို့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေအားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ထပ်ပြီးတောင်းဆိုလိုက်ပါတယ်။
စစ်တပ်က နိုင်ငံတကာလူ့အခွင့်အရေးနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတယ်လို့ ဇန်နဝါရီ ၃၀ ရက် ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောထားပါတယ်။ မြန်မာလူထုအနေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေမြင့်တက်လာတာ၊ လူအစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်တာ၊ လူပေါင်း ၅ ဒသမ ၂ သန်းနီးပါး နိုင်ငံကိုစွန့်ခွာပြီး အဲဒီလူတွေဟာ ပြည်ပမှာ စားနပ်ရိက္ခာမလုံလောက်မှု၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှု မြင့်တက်လာတာတွေ ကြုံတွေ့နေရတယ်လို့ သူက ဖြည့်ပြောပါတယ်။
အလားတူ နိုင်ငံထဲမှာ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရတာတွေကိုလည်း ကုလအတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။
ကုလအနေနဲ့ မြန်မာလူထုအကြမ်းဖက်ခံနေရတဲ့ ပုံစံအားလုံးကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ လူသားစာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာကျင့်သုံးဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နိုင်ငံထဲက လူထုတွေ မဖြစ်မနေလိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို အကန့်အသတ်မရှိနဲ့ လုံခြုံမှုရှိရှိပေးနိုင်ဖို့ သက်ဆိုင်သူအားလုံးအနေနဲ့ ပါဝင်ဖန်တီးပေးဖို့ကိုလည်း သူက တောင်းဆိုထားပါတယ်။
ကုလအတွင်းရေးမှူးချုပ်က မြန်မာမှာ ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့အထိ မြန်မာလူထုနဲ့ ဆက်လက်ရပ်တည်မှာဖြစ်သလို ရိုဟင်ဂျာအပါအဝင် လူမှုအသိုင်းအဝိုင်းအားလုံးအတွက် အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အရပ်ဘက်အုပ်ချုပ်ရေးပြန်ရောက်ဖို့ဆိုရင် အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန့်ရမှာဖြစ်ပြီး အမျိုးသမီးတွေ၊ လူငယ်၊ တိုင်းရင်းသားနဲ့ လူနည်းစုအသိုင်းအဝိုင်းတွေအပါအဝင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေအားလုံးပါဝင်ဆွေးနွေးနိုင်တယ်ဆိုတဲ့ ကတိကဝတ်တစ်ခုအပေါ်မှာ အခြေခံဖို့လိုတယ်လို့ ကုလအတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကလည်း မြန်မာမှာ ရေရှည် ငြိမ်းချမ်းရေးရဖို့ရာ အထောက်အပံ့ကောင်းတစ်ခုဖြစ်နိုင်မယ့် ဘုံသဘောတူညီချက်ကိုလည်း အာဆီယံအပြင် အခြားဒေသတွင်း မိတ်ဖက်နိုင်ငံတွေနဲ့ပါ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကုလထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အီရန်ဟာ စစ်ရေးအရတိုက်ခိုက်ခံမယ့်အစား သဘောတူညီမှုပဲ ယူလိမ့်မယ်လို့ ထရမ့်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်က စစ်ရေးအရ တိုက်ခိုက်တာကို ခံမယ့်အစား အီရန်ဟာ သဘောတူညီမှုရယူလိုနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။
ဒါပေမဲ့ ဒုံးကျည်နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရှိတာကြောင့် သဘောတူမှုတွေမလိုအပ်ဘူးလို့ အီရန်ကပြောထားပါတယ်။
"သူတို့က သဘောတူညီမှုလိုချင်တယ်ဆိုတာ ကျွန်တော် အသေအချာပြောနိုင်ပါတယ်" လို့ ထရမ့်က သောကြာနေ့မှာ အိမ်ဖြူတော်မှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
အီရန်နိုင်ငံအနီးမှာ အမေရိကန်ရေတပ်အုပ်စုကြီးတစ်စု တပ်စွဲထားတာမို့ အီရန်အနေနဲ့သူ့ရဲ့ နျူကလီးယားစီမံကိန်းနဲ့ပတ်သက်လို့ သဘောတူညီမှုရယူဖို့ အချိန်သိပ်မရှိတော့ဘူးလို့ ထရမ့်က အီရန်ကို ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
အီရန်ဟာ အမေရိကန်ရဲ့စစ်ရေးအရ တိုက်ခိုက်တာကိုမလိုချင်ဘူးဆိုရင် နံပါတ်တစ် နျူကလီးယားမရှိစေရ၊ နံပါတ်နှစ် ဆန္ဒထုတ်ဖော်သူတွေကို သတ်တာရပ်ရမယ် ဆိုတဲ့ အချက်နှစ်ချက်ကို လိုက်နာရမယ်လို့ ထရမ့်က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။
အီရန်မှာ ဆန္ဒထုတ်ဖော်မှုတွေ စတင်ခဲ့တဲ့ ဒီဇင်ဘာအကုန်ပိုင်းစလို့ ဆန္ဒပြသူ ၅၉၀၀ ကျော်အပါအဝင် လူ ၆၃၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်တယ်လို့ အမေရိကန်အခြေစိုက် လူ့ခွင့်အရေးလှုပ်ရှားသူများသတင်းဌာန(HRANA) က ဖော်ပြခဲ့ပါတယ်။
အခုလောလောဆယ်မှာ အမေရိကန်နဲ့ ဆွေးနွေးဖို့ အစီအစဉ်မရှိသေးပေမဲ့ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုအပေါ်အခြေခံတဲ့ ဆွေးနွေးမှုတွေအတွက် တံခါးဖွင့်ထားတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုခဲ့ပါတယ်။
အီရန်ရဲ့ မဟာအမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲ အလီ လာရီဂျာနီဟာ ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့တွေ့ဆုံခဲ့တယ်လို့ ရုရှားအစိုးရက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
သူတို့ဟာ အရှေ့အလယ်ပိုင်းနဲ့နိုင်ငံတကာအရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာန Ria-Novosoti က ဖော်ပြခဲ့ပါတယ်။
အီရန်ကတော့ သူတို့ရဲ့ နျူစီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက်သာ ရည်ရွယ်ကြောင်း ပြောထားပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကတော့ အီရန်ဟာ နျူလက်နက်ရရှိဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပါတယ်။
သဘောတူညီမှုရယူဖို့ နောက်ဆုံးရက်သတ်မှတ်ထားခြင်းရှိမရှိမေးမြန်းတဲ့ အခါ ထရမ့်က "သူတို့ပဲသိလိမ့်မယ်" လို့ ပြန်လည်ဖြေဆိုထားပါတယ်။
အီရန်မှာ အခုလအစောပိုင်းမှာ ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက် အမေရိကန်က ဆန္ဒပြသူတွေဘက်ကနေ ကြားဝင်စွက်ဖက်မယ်လို့ ထရမ့်က ကတိပြုပြောဆိုပြီးနောက် အခုလို သဘောတူညီမှုရယူဖို့ သတိပေးလိုက်တာပဲဖြစ်ပါတယ်။
စစ်ကိုင်း၊ မော်လူးမှာ လေကြောင်းဗုံးကြဲခံရလို့ မိသားစုလိုက် ၇ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Indaw Revolution
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်ထဲက မော်လူးဒေသထဲကို စစ်တပ်က ဇန်နဝါရီ ၂၉ ရက်မှာ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ဗုံးကျည်ထိမှန်ပြီး ကလေးငယ် ၂ ဦးအပါအဝင် ၈ ဦးသေဆုံးတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။
သေဆုံးသူ ၈ ဦးမှာ ၇ ဦးကတော့ မိသားစုဝင်တွေဖြစ်ပြီး နောက်ထပ် ၁ ဦးကတော့ အိမ်နီးချင်းချင်းဖြစ်တယ်လို့ သိရပါတယ်။
ဗုံးဟာ လေဘိုရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး "ပေါင် ၅၀၀ ပြင်းအားဗုံးနဲ့ကြဲတာ" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လေဘိုရွာအနီးနားတဝိုက်မှာ ဇန်နဝါရီ ၂၉ ရက်မတိုင်ခင် ရှေ့ သုံးလေးရက်ကတည်းက စစ်တပ်ရဲ့ တိုက်လေယာဉ်တွေ ခပ်စိပ်စိပ်ဝဲပျံတာတွေရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် လေဘိုကျေးရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်(KIA) ရဲ့ ဆက်ဆံရေးရုံးလည်းရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်တုန်းကလည်း မော်လူးဒေသမှာရှိတဲ့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရုံးတစ်ခုကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့လို့ ပကဖအဖွဲ့ဝင် ၄ ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Indaw Revolution
မော်လူးအပါအဝင် အင်းတော်မြို့နယ်တစ်ခုလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ် ဧပြီလကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်ကော်မရှင်ကတော့ အင်းတော်မြို့နယ်ထဲက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပေမဲ့ စစ်တပ်ကလက်မခံခဲ့ကြောင်း ဂျပန်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်အပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးအရဆွေးနွေးကြဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမဲ့ ဖြစ်မလာခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီကြိုးပမ်းအားထုတ်မှုတွေမလုပ်ဘဲ ရွေးကောက်ပွဲကျင်းပခဲ့တာကို စိတ်မသက်မသာဖြစ်ရတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေးဂီက မနေ့က ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အနီးကပ် ဆက်လက်စောင့်ကြည့်သွားမှာဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ပြန်လွှတ်ပေးဖို့ ဆက်လက်အရှိန်မြှင့်တိုက်တွန်းမယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တခြား အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ကိုပါ အရှိန်မြှင့်တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
အခက်အခဲကြုံတွေ့နေတဲ့ မြန်မာပြည်သူတွေကို တိုက်ရိုက်အကျိုးခံစားခွင့်ရအောင် ဆက်လက်ပံ့ပိုးမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။










