ကျွမ်းကျင်လုပ်သား ဗီဇာကြေး ဒေါ်လာ ၁ သိန်း ကောက်ခံဖို့ ထရမ့် အမိန့်ထုတ်
- ရေးသားသူ, ဘာ့ဒ် ဒဘက်စ်မွန် ဂျူနီယာ
- ရေးသားပေးပို့သည့်နေရာ, အိမ်ဖြူတော်
- ရေးသားသူ, ဒယ်နီယယ်ကေးလ်
- ရာထူးတာဝန်, စီးပွားရေးသတင်းထောက်
- ဖတ်ရန်အချိန်: မိနစ် ၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားတွေ လျှောက်ထားနိုင်တဲ့ H-1B ဗီဇာအမျိုးအစားကို လျှောက်ထားသူတွေအတွက် ဗီဇာကြေး နှစ်စဥ် အမေရိကန် ဒေါ်လာ ၁ သိန်းထည့်ကောက်မယ့် သမ္မတအမိန့်ကို လက်မှတ်ထိုးလိုက်ပါပြီ။
ထရမ့်ရဲ့ အမိန့်စာထဲမှာတော့ ဒီဗီဇာအမျိုးအစားကို ''အလွဲသုံးမှု'' ရှိတယ်လို့ ပြောထားပြီး သတ်မှတ်ဗီဇာကြေး ပမာဏ ပေးမှ အမေရိကန်နိုင်ငံထဲကို ပြည်ဝင်ခွင့် ရမယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။
အကဲခတ်တွေကတော့ ဒီဗီဇာအမျိုးအစားကြောင့် အမေရိကန်ထဲက လုပ်သားအင်အားကို ထိခိုက်မှုဖြစ်စေတယ်လို့ ထောက်ပြပြောဆိုကြတာ ကြာနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အီလွန် မက်စ်လို့ ဘီလျံနာ သူဌေးတွေကတော့ ဒီဗီဇာအမျိုးအစားကို ထောက်ခံပြီး ဒီဗီဇာကြောင့် ကမ္ဘာတလွှားက ကိုယ်ရည်ကိုယ်သွေးပြည့်သူတွေကို အမေရိကန်လာကြဖို့ ဖြစ်လာစေတယ်လို့ ဆိုကြပါတယ်။
နောက်ထပ် အမိန့်တစ်ရပ်မှာတော့ ထရမ့်ဟာ ဒေါ်လာ ၁ သန်းကျော်ကနေစတဲ့ ငွေကြေး ပေးရင် အမြန်ဆုံး ဗီဇာရမယ့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဗီဇာ ''ရွှေကတ်'' (gold card) ဗီဇာအမျိုးအစား အသစ်ကိုလည်း လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
ထရမ့်ရဲ့အမိန့်ဟာ စက်တင်ဘာလ ၂၁ ရက်ကစလို့ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ အသစ်လျှောက်ထားသူတွေအတွက်သာ အကျုံးဝင်မှာဖြစ်ပေမဲ့ ကုမ္ပဏီတွေ အနေနဲ့တော့ ဗီဇာလျှောက်ထားပေးမယ့်သူအတွေအတွက် ဒီပမာဏကို ၆ နှစ်ကြာ ပေးရမှာဖြစ်တယ်လို့ အမေရိကန် စီးပွားကူးသန်းဝန်ကြီး ဟောင်းဝါဒ် လုနစ်က ပြောပါတယ်။
''ကုမ္ပဏီတွေဘက်က စဥ်းစားဖို့ပဲ လိုမယ်။ ကိုယ်ခေါ်မယ့်လူက အစိုးရကို နှစ်စဥ် ဒေါ် လာ တစ်သိန်းပေးဖို့ရာ ထိုက်တန်တဲ့လူလားပေါ့။ ဒါမှမဟုတ် ဒီလူတွေကို မခေါ်ဘဲ နေရင် အမေရိကန် တွေကို ခန့်သင့်တာပဲ'' လို့ သူက ပြောပြီး '' ဒါကို ကုမ္ပဏီကြီးတွေအားလုံးလည်း လက်ခံထားကြတယ်'' လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ အမေရိကန် သမ္မတ အိမ်တော် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ကယ်ရိုလိုင်း လာဗစ်ကတော့ ဒေါ်လာ ၁ သိန်းဟာ တစ်ကြိမ်ပဲ ပေးရမယ့် ပမာဏ ဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ် ရေးတင်ပါတယ်။
အိမ်ဖြူတော် ပြောခွင့်ရ အဘဂေး ဂျက်ဆင်ကတော့ ဒီပမာဏဟာ ''လက်ရှိ ဒီဗီဇာအမျိုးအစားကို ကိုင်ထားသူတွေတော့ ပါဝင်မှာမဟုတ်ပါဘူး'' လို့ ဆိုပြီး '' ၂၀၂၆ ဖေဖော်ဝါရီလ အစီအစဥ်မှာ ဝင်ဖို့ အမေရိကန်နိုင်ငံပြင်ပကနေ ဗီဇာ လျှောက်ထားတဲ့သူတွေကို ကောက်ခံမှာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ လျှောက်ထားသူတွေ မပါဝင်ပါဘူး'' လို့ လည်း ဘီဘီစီရဲ့ အမေရိကန် မိတ်ဖက် သတင်းဌာန စီဘီအက်စ်ကို ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
''လက်ရှိ သမ္မတအမိန့်ကြေညာချက်ဟာ လက်ရှိမှာ အမေရိကန်ကို ဝင်ဖို့ ထွက်ဖို့ ဗီဇာကိုင်ထားသူတွေအပေါ် လုံးဝ သက်ရောက်မှာမဟုတ်ပါဘူး'' လို့လည်း ဂျက်ဆင်က ပြောပါတယ်။
၂၀၀၄ ခုနှစ်ကတည်းကဆိုရင် H-1B ဗီဇာကို နှစ်စဥ် လျှောက်ထားတဲ့သူဟာ ၈၅,၀၀၀ အထိ ရှိနေပါတယ်။
ဗီဇာကြေး အသစ် မကောက်ခင်အထိတော့ လက်ရှိမှာ ဒီဗီဇာကို ကောက်တဲ့အထွေထွေ စားရိတ်ဟာ အမေရိကန် ဒေါ်လာ ၁,၅၀၀ ရှိပါတယ်။
အမေရိကန် နိုင်ငံသားပြုမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန အချက်အလက်တွေအရ လာမယ့်နှစ်အတွက် H-1B ဗီဇာ လျှောက်ထားသူ အရေအတွက်ဟာ ၃၅၉,၀၀၀ နီးပါးရှိပြီး ဒါဟာ ၄ နှစ်ဆက်တိုက် ကျဆင်းမှုဖြစ်တယ်လို့ ပြသနေပါတယ်။
ဒီဗီဇာအစီအစဥ်ကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ အကျိုးအမြတ်ရရှိသူက အမေဇုန် ကုမ္ပဏီဖြစ်ပါတယ်။ သူ့နောက်မှာတော့ နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ တာတာ၊ မိုက်ခရိုဆော့ဖ်၊ မက်တာ၊ အက်ပဲ၊ ဂူဂဲလ် တို့ဖြစ်တယ်လို့ အစိုးရ အချက်အလက်တွေအရ သိရပါတယ်။
သောကြာနေ့နှောင်းပိုင်းတုန်းကတော့ အမေဇုန်ဟာ အမေရိကန်ပြည်တွင်းရောက် H-1B ဗီဇာကိုင်ထားသူတွေအနေနဲ့ ပြည်တွင်းမှာပဲ ဆက်နေကြဖို့ သူ့ရဲ့ အလုပ်သမားတွေကို ပြောထားပါတယ်။
Business Insider သတင်းဌာနက တွေ့ခဲ့ရတဲ့ ကုမ္ပဏီတွင်း အကြံပြုချက် ကြေညာချက်အရဆိုရင် အမေဇုန်ဟာ ''ပြည်ပကို ရောက်နေတဲ့အလုပ်သမားတွေအနေနဲ့လည်း မနက်ဖြန် နောက်ဆုံးရက် မတိုင်ခင်မှာ ပြည်တွင်းကို ဖြစ်နိုင်သမျှ ပြန်လာသင့်တယ်လို့'' အကြံပြုထားတာတွေ့ရပါတယ်။
ဗီဇာသတ်မှတ်ချက်အသစ်အတွက် နောက်ဆုံးသတ်မှတ်ရက်မတိုင်ခင် အမေရိကန်နိုင်ငံထဲ ပြန်ဝင်လာဖို့ ကြိုးစားတာကို ''နောက်ထပ် လမ်းညွှန်ချက် ထပ်မလုပ်မချင်း'' မပြုလုပ်ကြဖို့ကိုလည်း ကုမ္ပဏီရဲ့ ရုံးတွင်း ကြေညာချက်မှာ ရေးထားတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ အိန္ဒိယက ကုန်သွယ်ရေးဆိုင်ရာ ဦးဆောင်အဖွဲ့ နက်စ်ကွန်ကတော့ အမေရိကန်သမ္မတ ရဲ့ကြေညာချက်ကို စိုးရိမ်ကြောင်းပြောထားပါတယ်။ နောက်ဆုံးသတ်မှတ်ရက် ၁ ရက်တည်း ကပ်ပြီး ကြေညာတာဟာ '' စီးပွားရေး လုပ်ငန်းတွေနဲ့ ပညာရှင်တွေအပြင် ကမ္ဘာတလွှားက ကျောင်းသားတွေအတွက်လည်း မရေရာ မသေချာမှုတွေ ဖြစ်စေ'' တယ်လို့ထောက်ပြပါတယ်။
အိန္ဒိယဟာ ပြီးခဲ့တဲ့နှစ်မှာ H-1B ဗီဇာအတွက် အများဆုံးဗီဇာရတဲ့နိုင်ငံဖြစ်နေပြီး ပေးတဲ့ဗီဇာ စုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းအထိ ရရှိခဲ့တယ်လို့ အစိုးရအချက်အလက်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက သတင်းဖော်ပြပါတယ်။
တရုတ်ကတော့ ဒီဗီဇာရရှိမှု အများဆုံးနေရာမှာ ဒုတိယ နေရာရပြီး ၁၁.၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ဝက်ဆန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေအဖွဲ့ တည်ထောင်သူ ရှေ့နေ တာမီနာ ဝက်ဆန်ကတော့ သမ္မတ ထရမ့် အမိန့်ဟာ စီးပွားရေးလုပ်ငန်းငယ်တွေ၊ စွန့်ဦးလုပ်ငန်းသေးလေးတွေရှိတဲ့ သူ့ အမှုသည်တွေအများစုအတွက် ''အဆုံးသတ် ဖြစ်သွားစေပြီ'' လို့ ပေြာပါတယ်။
''အားလုံးအတွက် အကျပ်ရိုက်စေတယ်။ စပြီးပေးရမယ့်ပမာဏဟာ ဒေါ်လာ ၁ သိန်းတောင်ဆိုတော့ အတော်လေးကို ရိုက်ခတ်မှုကြီးမားတယ်'' လို့ သူက ပြောပြီး အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေဟာ ''သူတို့ဆီမှာ အလုပ်လုပ်ဖို့ အလုပ်သမား တကယ်ရှာလို့ရမှာမဟုတ်ဘူးလို့ ပြောလာကြမှာပဲ'' လို့ သူက ထောက်ပြပါတယ်။
''ပြည်ပက ကျွမ်းကျင်သူလူငယ်တွေကို အလုပ်ရှင်တွေက အာမခံပြီး ခေါ်တဲ့အခါမှာ လိုအပ်တဲ့နေရာအတွက် ကိုက်ညီလို့ ခေါ်တယ်ဆိုတာထက်ကို ပိုတွေးပြီး ခေါ်ကြတာလေ''
လစ်တာ မန်ဒန်ဆယ်အဖွဲ့က လူဝင်မှုကြီးကြပ်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာရွှေ့ပြောင်းမှုလုပ်ထုံးလုပ်နည်းအဖွဲ့ ဥက္ကဋ္ဌ ဟိုလိုပက်ဇ်ကတော့ ဗီဇာကြေး ဒေါ်လာ ၁ သိန်း ပမာဏ ''နည်းပညာအပါအဝင် နယ်ပယ်မျိုးစုံမှာ အမေရိကန်ရဲ့ ယှဥ်ပြိုင်နိုင်စွမ်းကို ဘရိတ်အုပ်လိုက်သလိုဖြစ်သွားမှာ'' လို့ ပြောပါတယ်။
လက်တွေ့မှာ လုပ်ဖို့ ကိုင်ဖို့ စိန်ခေါ်ချက်တွေ ရှိနိုင်ပေမဲ့ တချို့ကုမ္ပဏီတွေကတော့ အမေရိကန်ပြည်ပမှာ လုပ်ငန်းလည်ပတ်တာမျိုးလို အခြေအနေ ကို စဥ်းစားကောင်း စဥ်းစားလာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
H-1B ဗီဇာအရေးမှာ အရင်ကလည်း ထရမ့်အဖွဲ့နဲ့ သူ့ကို ထောက်ခံသူတွေကြား အမြင်မတူ တာတွေ ရှိခဲ့ပါတယ်။
ထရမ့်ကတော့ ဒီဗီဇာအရေးနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက ထောက်ပြပြောဆိုကြတာကို သူနားလည်တယ်လို့ ဇန်နဝါရီလတုန်းက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီမတိုင်ခင် အရင်နှစ် မဲဆွယ်ကာလတုန်းကတော့ နည်းပညာနယ်ပယ်က ထောက်ခံမှုကို ရဖို့ရာ ထရမ့်ဟာ ကောလိပ် အောင်ပြီးသူတွေကို ဂရင်းကတ် ထုတ်ပေးတာမျိုးအထိ လူငယ် နည်းပညာရှင်တွေ အတွက် ဗီဇာ လုပ်ငန်းစဥ် လွယ်ကူ လျင်မြန်အောင် လုပ်ပေးမယ်လို့ဆိုပြီး ထရမ့်က ပြောခဲ့ပါတယ်။
''ကုမ္ပဏီတွေမှာလိုနေတာက လူငယ် အရည်ချင်းပြည့်သူတွေလေ'' လို့ သူ All-In ပေါ့ကတ်စ်မှာ ပြောပါတယ်။ ''ဒီလူတွေကို ခန့်အပ်ဖို့ရာလည်း လွယ်ရမယ်။ ဆက်ရှိနေအောင်လည်း လုပ်ရမယ်'' လို့ သူက ဆိုပါတယ်။
၂၀၁၇ ခုနှစ် သူ့ သမ္မတ သက်တမ်း ပထမအကြိမ် အစောပိုင်းကာလတုန်းက ထရမ့်ဟာ H-1B ဗီဇာလျှောက်ထားတာတွေကို စစ်ဆေးမှု တင်းကျပ်တဲ့အမိန့်ကို လက်မှတ်ထိုးခဲ့ပါတယ်။လိမ်လည်လျှောက်ထားတာတွေ ရှိလားဆိုတာ သိနိုင်ဖို့ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ ဒီဗီဇာ လျှောက်ထားမှုမှာ ပယ်ချခံရနှုန်းဟာ ၂၄ ရာခိုင်နှုန်းအထိရှိခဲ့ပြီး အမြင့်ဆုံး ရောက်ခဲ့ပါတယ်။ ဘားရတ်အိုဘားမားလက်ထပ်မှာ ၅ - ၈ ရာခိုင်နှုန်းကြား၊ ဂျိုးဘိုင်ဒန် လက်ထက်မှာ ၂-၄ ရာခိုင်နှုန်းကြားပဲ ရှိခဲ့တာကြောင့်ပါတယ်။
အဲဒီအချိန်တုန်းကတော့ နည်းပညာကုမ္ပဏီဟာ ထရမ့်အစိုးရရဲ့ H-1B အမိန့်ကို ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်။












