အိန္ဒိယ ဘာသာရေး အဓိကရုဏ်းကြားက ဆုံးရှုံးမှုတွေ
အာရုနိုဒေး မူကာဂျီ
ဘီဘီစီ သတင်း၊ ဟာယာနာ

ရဲတွေကို အဓိကရုဏ်းနှိမ်နင်းရေး အကာအကွယ်တွေ၊ လက်နက်တွေနဲ့တွေ့ရပြီး မီးလောင်ထားတဲ့ ကားတွေ၊ အပျက်အဆီးပုံတွေက နေရာအနှံ့ မှာပါ။
လူ ၆ ယောက်သေဆုံးခဲ့တဲ့ ဟိန္ဒူနဲ့ မွတ်စလင်အကြား အကြမ်းဖက် အဓိကရုဏ်း တွေဖြစ်ခဲ့ရာ အိန္ဒိယ မြောက်ပိုင်း၊ ဟာယာနာ ပြည်နယ်က နေရာတချို့မှာ ပဋိပက္ခ ဖြစ်ခဲ့ပြီး နောက် ၃ ရက်ကြာလာပေမယ့်လည်း တင်းမာနေတဲ့ အခြေအနေတွေက ရှိနေဆဲပါ။
တနင်္လာနေ့ နေ့လယ်က အကြမ်းဖက်ရန်ပွဲတွေ စတင်ခဲ့တဲ့ နူးမြို့က လမ်းတွေပေါ် မှာ လူသူကင်းပြီး ဟာလာဟင်းလို့ပါ၊ မှန်ကွဲစတွေကလည်း မြို့အနှံ့မှာပါ။ အဓိ ကရုဏ်း လူအုပ်တွေ ချိုးဖျက်ကြ၊ လုယက်ကြလို့ မီးလောင်ထားတဲ့ ကားတွေ၊ ဆိုင်တွေက အကြွင်းအကျန် အပျက်အစီး တွေကလည်း လူအုပ်တွေ အကြမ်းဖက် ခဲ့ကြတဲ့ အဖြစ်တွေကို ထိတ်လန့်စရာ ရောင်ပြန်ဟပ် ပြနေပါတယ်။
သေဆုံးသွားတဲ့ လူတွေထဲမှာ အဓိကရုဏ်းနှိမ်နင်းဖို့၊ မငြိမ်သက်တာတွေကို ထိန်းသိမ်းဖို့ လုပ်နေတဲ့ ရဲတွေကို ကူညီပေးတဲ့ “အစောင့်တပ်ဖွဲ့” က လူ ၂ ယောက် လည်း ပါဝင်ပါတယ်။ ရဲ အတော်များများလည်း ဒဏ်ရာရသွားပါတယ်။
အဓိကရုဏ်းတွေက အိန္ဒိယမြိုတော် ဒေလီ အပြင်ဘက်က ဂုရုဂရမ်မြို့ကို ပြန့်လာတဲ့နောက် အာဏာပိုင်တွေက သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်တွေ ထုတ်တာ၊ အင်တာနက်တွေ ဖြတ်တောက်တာတွေ လုပ်ထားပြီး အရန်တပ်ဖွဲ့အင်အားကို ထောင်နဲ့ချီပြီး တာဝန်ချ ထားပါတယ်။
အင်္ဂါနေ့က ဗလီ တခု မီးရှို့ခံရပြီး မွတ်စဆင် ဘာသာရေး ဆရာတယောက် အကြမ်း ဖက်မှုတွေအတွင်း သေဆုံးခဲ့ရပါတယ်။ စျေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ အများ အပြားလည်း လုယက်ခံရ၊ မီးရှို့ခံရတာတွေ ကြုံကြရပါတယ်။
ဘီဂျေပီ ပါတီ ဦးဆောင်တဲ့ အစိုးရက နှစ်ဖက် အသိုင်းအဝိုင်းက ခေါင်းဆောင်တွေနဲ့ အစည်းအဝေးထိုင်ခဲ့သလို အင်္ဂါနေ့ညကတည်းက အဓိကရုဏ်း ကြီးကြီးမားမား မရှိသေးပါဘူး။ ဟာယာနာ ပြည်နယ် ဝန်ကြီးချုပ် မန်နိုဟာ လာခက်တာက ထိခိုက် ဆုံးရှုံးမှုနဲ့ ကြုံခဲ့ရသူတွေကို လျော်ကြေးပေးမယ်၊ အပြစ်လုပ်သူတွေကို အရေးယူ မယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ မီးပွားလေးကနေ ရုတ်ကနဲ အကြမ်းဖက်တာတွေ ထပ်ဖြစ်လာမှာကို ဒေသခံ အများအပြားက စိုးရိမ်နေကြပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နူးမှာ တနင်းလာနေ့ ညနေပိုင်းက မွတ်စဆင်လူအုပ် လုယက် ဖျက်ဆီးခဲ့တာကို ခံခဲ့ရတဲ့ အချိုမုန့်ဆိုင်ပိုင်ရှင် အသက် ၅၅ နှစ်အရွယ် ဆက်ရာပရာကက်ရှ် ဂါ့ တယောက် စိတ်ပျက် လက်ပျက်နဲ့ ဆိုင်ပြင်မှာ ထိုင်နေပါတယ်။
ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲနေတဲ့ မုန့်တွေ၊ မှန်ကွဲစတွေ၊ အပျက်အအစီးတွေကို ကြည့်ရင်း “ကျွန်တော် အကုန်ဆုံးရှုံးသွားပြီ” လို့ သူက ပြောပါတယ်။
အကြမ်းဖက်ကြစဉ်က သူကြုံခဲ့ရတာတွေ ပြန်ပြောပြနေတုန်း သူ့ကိုယ်ဟာ ကြောက် ရွံ့မှုနဲ့အတူ တုန်ရီ နေတာကို တွေ့ရပါတယ်။
“လုပ်တဲ့သူတွေကို ကျွန်တော် ဒေါသမထွက်ပါဘူး၊ အဲဒီလို ဖြစ်အောင် လွှတ်ပေးထား တဲ့ အာဏာပိုင်တွေကိုပဲ ဒေါသထွက်တာ” လို့ သူက ပြောပါတယ်။
နူးမှာ ဟိန္ဒူနဲ့ မွတ်စလင်တို့ သဟဇာတရှိရှိ နေလာတာဟာ ဆယ်စုနှစ်တွေများစွာ ကတည်းကလို့ သူ့ဘေးနားမှာ ထိုင်နေတဲ့ သူတွေက ပြောပြီး နိုင်ငံရေး အမြတ် ထွက်ရေးအတွက် “အပြင်ကလူတွေ”က သူတို့မြို့မှာ အကြမ်းဖက်တာတွေ ဖြစ်လာ အောင် လာဆွပေးကြတာလို့ စွပ်စွဲကြပါတယ်။
အိန္ဒိယမှာ မဲပေးကြရင် ဘာသာရေးတူတဲ့သူကို ဦးစားပေးကြတာက အဆန်းမဟုတ် ပါဘူး။ ဟာယာနာ ပြည်နယ်နဲ့ အိန္ဒိယတခုလုံးမှာမှာ နောက်နှစ်ကျရင် ရွေးကောက်ပွဲ လုပ်ဖို့ ရှိပြီး မဲပေးပွဲမတိုင်မီ ဒီလို လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေကို ပြပြီး နိုင်ငံရေး အရ စည်းရုံးကြတာတွေ ဖြစ်သွားတတ်ကြတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒီအဓိကရုဏ်းတွေဟာ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်တာတွေလို့ ဘီဂျေပီ ပါတီက ဆိုပါတယ်။ ဒါပေမဲ့ ဘီဂျေပီက ဒီလို အကြမ်းဖက် တာတွေကို မဖြစ်အောင် ကြိုတင်ကာကွယ်တာ၊ ဖြစ်လာရင် တားဆီးရပ်တန့်တာ စတာတွေကို ဘာတခုမှ မလုပ်ခဲ့ဘူးလို့ အတိုက်အခံပါတီတွေက စွပ်စွဲပါတယ်။

နူးမှာ ဟိန္ဒူဘာသာရေး အမာခံ အဖွဲ့တခုက ဘာသာရေးအခမ်းအနား တခုလုပ်နေ တုန်း ဟိန္ဒူနဲ့ မွတ်စလင် အုပ်စုတွေကြားမှာ အကြမ်းဖက် ရန်ပွဲက စဖြစ်ခဲ့တာပါ။
အသေးစိတ်တွေမသိရသေးတဲ့အချိန် အခုလောလောဆယ်မှာတော့ လက်ယာစွန်း ဟိန္ဒူ အဖွဲ့ ဖြစ်တဲ့ ဘာရန် ဒါအဖွဲ့က အဖွဲ့ဝင် မိုနု မန်နေဆာကနေ အင်တာနက်မှာ တင်လိုက်တဲ့ ဗီဒီယို တခုကြောင့် ဒီအကြမ်းဖက် အဓိကရုဏ်းက စဖြစ်ခဲ့တာလို့ ဆို နေကြပါတယ်။ ဒီလူဟာ ဖေဖော်ဝါရီလတုန်းက မွတ်စလင် ၂ ယောက် အသတ်ခံရတဲ့ အမှုနဲ့ ဆက်စပ်တယ်လို့ မသင်္ကာတဲ့အတွက် ရဲက အလိုရှိနေတဲ့ လူလည်း ဖြစ်ပါ တယ်။ အဲဒီအချိန်ကတည်းက ဝရမ်းပြေးဖြစ်နေတဲ့ မစ္စတာ မန်နေဆာဟာ ဟာယာနာ မှာ နွားသတ်တဲ့သူတွေကို ကိုယ်ထူကိုယ်ထ တားဆီး နေတဲ့သူလည်း ဖြစ်ပါတယ်။
အခုန ဟိန္ဒူဘုရားပွဲမှာ သူလည်းပါဝင်မယ်လို့ အဲဒီလူကပြောထားတဲ့ ဗီဒီယိုကို သူက ဖြန့်လိုက်တဲ့နောက် ဒေသခံမွတ်စလင်တွေက သူ့ကို ဒေါသတွေထွက်လာကာ သူ့ကို ဖမ်းဖို့ တောင်းဆိုကြတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
သတင်းမှားတွေက တင်းမာမှုတွေကို ထပ်တိုးစေခဲ့ပါတယ်။ အကြမ်းဖက်နေကြတဲ့ လူအုပ်ကြီးက ဘုရားကျောင်းတခုကို ဝိုင်းထားတယ်၊ အဲဒီမှာ ဘုရားပွဲလုပ်နေတဲ့ သူတွေ ပိတ်မိနေပြီဆိုတဲ့ သတင်းတချို့က ထောင်ပေါင်းများစွာသော ဟိန္ဒူ ဘာသာဝင်တွေ ဆီကို ရောက်လာပါတယ်။
နောက်ပိုင်းမှာ ဘုရားကျောင်း အကြီးအကဲက အဲဒီသတင်းက မဟုတ်ပါဘူးလို့ ထုတ်ပြောခဲ့သလို ကျောင်းကိုလည်း အတိုက်အခိုက် အဖျက်အဆီးလုပ်တာတွေ မရှိခဲ့ပါဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နူးမှာ အခြေအနေတွေကို အာဏာပိုင်တွေက ထိန်းသိမ်းနိုင်ချိန်မှာပဲ အခုန သတင်း တွေဟာ ဟာယာနာ ပြည်နယ်ကနေ တခြားနေရာတွေကို ပြန့်သွားပါတယ်။
အဲဒီနဲ့ ၃၁ မိုင်လောက်သာဝေးတဲ့ ဂုရုဂရမ်မြို့မှာ အသက် ၂၂ နှစ်အရွယ် မွတ်စလင် ဘာသာရေးဆရာ ဆာအစ် အာမင်း အသတ်ခံလိုက်ရပြီး၊ ဗလီ တခုလည်း မီးရှို့ခံ ရပါတယ်။
ဗလီကို လူအယောက် ၁၅၀ လောက်ရှိတဲ့ လူအုပ်က ချိုးဖျက်ဝင်ရောက်ကြပြီး အထဲမှာ ရှိတဲ့ ဘာသာရေး ဆရာ နဲ့ လူတချို့ကို တိုက်ခိုက်ခဲ့ကြတာလို့ အဲဒီနေရာမှာ ရှိနေခဲ့တဲ့ သူတွေက ပြောပါတယ်။
“သူတို့က ဘာသာရေး ကြွေးကြော်သံတွေလည်း အော်ဟစ်ကြပြီး အဲဒီသူတွေကို သတ်ကြ၊ သတ်ပစ် ဆိုပြီး အော်ကြတယ်” လို့ ဗလီမှာနေထိုင်တဲ့ ဆာဟာဘူဒင်က ပြောပါ တယ်။
သူနဲ့ သူ့မိတ်ဆွေ မာမူဒါ မီယန်တို့ ဗလီတနေရာမှာ ပုန်းနေခဲ့ရပြီး လူအုပ်တွေ ပြန်ထွက်သွားပြီး လူစုကွဲချိန်ကျမှ ဗလီအပြင်ကို ထွက်ခဲ့ရပါတယ်။ “သေနတ်သံ တွေလည်း ကြားခဲ့ရတယ်၊ ဗလီထဲ ချိုးဖျက်ဝင်ပြီး ဘာသာရေး ဆရာကို တိုက်ခိုက် ကြတယ်၊ ဓာတ်ဆီလောင်းပြီး ရုံးကို စမီးရှို့ခဲ့ကြတယ်” လို့ မစ္စတာ မီယန်က စွပ်စွဲပြီး ပြော ပါတယ်။
ဗလီမှာ မန်နေဂျာတယောက်ဖြစ်တဲ့ ရီယာဇူဒင်က တိုက်ခိုက်မှုမဖြစ်ခင် နာရီ အနည်း ငယ်လောက်မှာ ဗလီကနေ အပြင်ကို ထွက်သွားနေတာကြောင့် သူ ကံကောင်းလို့ အသက်ရှင် နေသေးတာလို့ ပြောပါတယ်။
“ဆာအစ်က ငယ်ငယ်ပဲ ရှိပါသေးတယ်၊ ဘာကြောင့်များ သူတို့က သူ့ကို အဲသလို လုပ်ခဲ့ကြတာလဲ” လို့ ပြောရင်း ရီယာဇူဒင် တယောက် ကြေကွဲဆို့နင့်နေပါတယ်။ အခင်း ဖြစ်ချိန်မှာ ဗလီကို အရံအတားတွေကာထားပြီး ရဲတွေက စောင့်နေတဲ့ အတွက် ဗလီကို မပြန်နိုင်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

၂၀၀၅ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဒီ ဗလီက လူနေတိုက်တာ အမြင့်ကြီးတွေရှိပြီး စည်ကားတဲ့ လမ်းတခုရဲ့ အလယ်ခေါင်မှာ ရှိတာပါ။ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတချို့ရဲ့ ရုံးတွေနဲ့ ခဲတပစ်အကွာ လောက်မှာသာ ရှိတဲ့ ဗလီပါ။
ဒီ ဗလီကို ဆောက်ကတည်းက ဟိန္ဒူတွေက ကန့်ကွက်ခဲ့ကြပြီး တင်းမာမှုတွေ အမြဲလိုဖြစ်နေတာလို့ မစ္စတာ ရီယာဇူဒင်က ပြောပါတယ်။ ဥပဒေကြောင်းအရ တိုက်ပွဲတွေ အတော်များများကို ဖြတ်သန်းခဲ့ရပြီးမှ ဆောက်လုပ်ခွင့်ကျခဲ့တယ်၊ ဒါပေမဲ့ တချို့လူတွေက မနှစ်သက်ကြဘူးလို့ သူက ပြောပါတယ်။
“နှစ်အတော်ကြာ သိုထားတဲ့ အမျက်တွေက တနင်္လာနေ့မှာ ထွက်ကျလာတာ” လို့ ရီယာဇူဒင်က ပြောရင်း “နူးမှာ ဖြစ်တဲ့ အကြမ်းဖက်မှုတွေကို အကြောင်းပြရင်း အဓိကရုဏ်းလုပ်သူတွေက သူတို့ဒေါသတွေကို အန်ထုတ်ကာ ဗလီကို မီးရှို့ကြတယ်” လို့ ဆိုပါတယ်။








