မြန်မာနိုင်ငံ ဘာကြောင့် ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ FATF ရဲ့အမည်ပျက်စာရင်းမှာ ပါသွား နိုင်တာလဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့အတွက် ကမ္ဘာ့ ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ရဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း မှာ ထည့်သွင်းဖို့ ဆုံးဖြတ်နိုင်တယ်လို့ နိုင်ငံတကာ သံတမန်အသိုင်းအဝန်းနဲ့ အဖွဲ့အတွင်းက အရာရှိတွေပြောဆို ချက်ကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
အနောက်နိုင်ငံနဲ့ အာရှအစိုးရ အရာရှိလေးဦးကို ကိုးကားပြီး ဂျပန်သတင်းဌာန Nikkei Asia ကတော့ မြန်မာ နိုင်ငံကို အမည်ပျက်စာရင်းမှာ ထည့်သွင်းနိုင်တယ်လို့ ရေးသားဖော်ပြလာပါတယ်။
အဓိကအားဖြင့် မြန်မာနိုင်ငံအတွင်းမှာ ငွေကြေးခဝါချမှုပုံစံမျိုးစုံရှိနေတယ်ဆိုတဲ့ ထောက်ပြချက်နဲ့ နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်နိုင်မှုမရှိတဲ့ ငွေကြေးခဝါချမှုပုံစံ ကိုင်တွယ်မှု အားနည်းချက်တွေ ကိုထောက်ပြပြောဆိုထားပါတယ်။
အဲဒီလို အားနည်းချက်တွေကို ပြီးခဲ့တဲ့ နှစ်တွေအတွင်း အရင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက် ကတည်းက FATF အဖွဲ့ကြီးက မကြာခဏ ထောက်ပြခဲ့ပါတယ်။
အဲဒီထဲမှာ ရွှေတြိဂံနယ်မြေက မူးယစ်လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတဲ့ ရာဇဝတ်မှုတွေကို ထိန်းချုပ်နိုင်အောင် ကြိုးစား လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံကို စောင့်ကြည့်နိုင်ငံများစာရင်း (Gray List) မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ကစပြီး ထည့်သွင်းခဲ့ပါတယ်။
ဘယ်အခြေအနေမှာ အမည်ပျက်စာရင်း သွင်းနိုင်လဲ
FATF မှာ White List စံချိန်စံနှုန်းတွေနဲ့အညီလုပ်ဆောင်နိုင်တဲ့ နိုင်ငံတွေစာရင်း၊ စောင့်ကြည့်နိုင်ငံများစာရင်း (Gray List) နဲ့၊ အမည်ပျက်စာရင်း (Black List) ဆိုပြီး အဆင့်သုံးဆင့် သတ်မှတ်ထားပါတယ်။
အဲဒါအပြင် နိုင်ငံအတွင်းမှာ ဝင်ငွေရလမ်းမပြနိုင်တဲ့ ငွေစီးဆင်းလည်ပတ်မှုတွေကို မထိန်းချုပ်တာ၊ အခွန်ဆောင်ထားခြင်းမရှိတဲ့ ဝင်ငွေတွေနဲ့ စီးပွားရေးလည်ပတ်မှုတွေ အပါအဝင် ငွေပေးချေမှုတွေက နိုင်ငံတဝန်းမှာရှိနေတာတွေက အခုလိုအမည်ပျက်စာရင်းအထိ သွင်းနိုင်တဲ့ အခြေအနေအထိ ရောက်လာတာ လို့ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံက လည်ပတ်နေတဲ့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းအများစုကို လူနည်းစုက ချုပ်ကိုင်ထားပြီး အဲဒီလူတွေကပဲ နိုင်ငံတကာမှာ အခြားအမည်နဲ့ ရင်းနှီးမြှုပ်နှံတာတွေကို လုပ်ထားသလို၊ မူးယစ်ဆေးဝါး၊ လက်နက်ရောင်းဝယ်ရေးစတာတွေနဲ့ ဆက်နွှယ်မှုရှိ နေသလို အဲဒီကရတဲ့ငွေကြေးစီးဆင်းမှုတွေလည်း ရှိနေတယ်ဆိုတဲ့ နိုင်ငံ တကာသုတေသန အဖွဲ့တွေရဲ့ စစ်တမ်းတွေ့ရှိချက်တွေကြောင့်လည်း အမည်ပျက်စာရင်းထဲကိုထည့်သွင်းနိုင်ဖို့အထိ စဥ်းစားလုပ်ဆောင် လာတာမျိုးတွေဖြစ်နိုင်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တရားမဝင် ကျောက်စိမ်းထုတ်လုပ်တာတွေ၊ လက်နက်မှောင်ခိုကူးတာတွေ၊ သစ်ခိုးထုတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာငွေဖြူ၊ ငွေမည်းခဝါချတဲ့ ပြဿနာတွေ ပေါ်ပေါက်စေတယ်လို့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း FATF အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာလည်း ပါခဲ့ဖူးပါသေးတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် မတိုင်ခင် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၄ ခုနှစ် ကတည်းက ငွေကြေးခဝါချမှု တိုက်ဖျက် ရေးကော်မတီကို ဖွဲ့စည်းခဲ့တာမျိုး ရှိခဲ့ပါတယ်။
အဲဒီအဖွဲ့ရဲ့ တာဝန်ပေးလာတဲ့ အမှုထဲမှာ စီးပွားရေးဆိုင်ရာ ပြစ်မှု ၁၃၆ မှု ၊ ထုတ်ပြန်ထားတဲ့ ဥပဒေနည်း ဥပဒေ လုပ်ထုံးလုပ်နည်းများ ၊ အမိန့်ညွှန်ကြားချက်များကို မလိုက်နာတဲ့ ဝန်ထမ်း မသမာမှု ၁၅၉ မှုကို စုံစမ်းစစ်ဆေးနိုင်ခဲ့တယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ၂၀၁၉ခုနှစ် မေလထဲမှာ ဘီဘီစီကို ပြောထားပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် ဆက်စပ်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော်ခဲ့တာ မရှိခဲ့ဘူးလို့ စီးပွားရေးနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းစဥ် တွေကို သိရှိသူတွေထံက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖြစ်နိုင်ခြေနဲ့ ရှောင်လွှဲနိုင်ခြေ
ဆုံးဖြတ်ချက်ချနိုင်တဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း ၃၇ နိုင်ငံနဲ့ ဒေသဆိုင်ရာအဖွဲ့ကြီး ၂ ခုတို့ ပါဝင်တဲ့ Financial Action Task Force- FATF က အဖွဲ့ဝင်တွေက မြန်မာနိုင်ငံကို အမည်ပျက် စာရင်းသွင်းမသွင်းကို လာမယ့် အောက်တိုဘာလ၊ ပြင်သစ်နိုင်ငံ၊ ပါရီမှာ ဆွေးနွေးပြီး ဆုံးဖြတ်ဖို့ ရှိနေတာပါ။
FATF ကို ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုနဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ရဲ့ ခိုင်မာမှုအပေါ် အလားတူခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့ ၁၉၈၉ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။
စင်ကာပူ၊ ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်တို့လို မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိတဲ့ နိုင်ငံတွေလည်း အဖွဲ့အတွင်းမှာ ပါဝင်ကြပါတယ်။ အလားတူ စစ်တပ်ကိုလက်ရှိအချိန်မှာ သံတမန်နည်းအပါ အဝင် နိုင်ငံရေးအရဖိအားပေးနေတဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါနဲ့ အနောက်နိုင်ငံအများစု ရယ် အာဆီယံအဖွဲ့ဝင်ထဲက မလေးရှားလည်း ပါဝင်နေပါတယ်။
အဖွဲ့အတွင်း ဆုံးဖြတ်ချက်ချရာမှာ အဖွဲ့ဝင်အားလုံးထဲက သုံးနိုင်ငံက ဘုံသဘောတူညီချက်ကို ပိတ်ပင် ရင်တော့ အဲဒီဆုံးဖြတ်ချက်ကို အတည်မပြုနိုင်တဲ့အနေအထားမှာ ရှိပါတယ်။
“အရင်က ဒီလိုကိစ္စတွေမှာ ကျယ်ကျယ်လောင်လောင် ကာကွယ်ပေးနိုင်တဲ့ နိုင်ငံတွေ အခုသူတို့ကိုယ်တိုင် အကျပ်အတည်းထဲရောက်နေတာ၊ ရုရှားဆိုလည်း စစ်ဖြစ်နေတယ်၊ ဥရောပမှာလည်း သူတို့ငွေကြေးနဲ့ ပတ်သကတဲ့ အကျိုးသက်ရောက်မှုတွေရှိတဲ့အချိန် သူတို့စဥ်းစားရပ်တည်မှုက အရင်လိုလွတ်လွတ်လပ်လပ် နဲ့အကာအကွယ်ပေးနိုင်တဲ့ပုံတော့မဟုတ်တော့ ဖြစ်သွားနိုင်ခရှိတယ်လို့ ယူဆထားကြတယ်” လို့ နိုင်ငံတကာဆက်ဆံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ယူဆပြောဆိုပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ရဲ့ စီးပွားရေးဆိုင်ရာ အားပြိုင်မှုသာမကဘဲ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ အရ နိုင်ငံရေးအရ ဖိအားပေးမှုပုံစံမျိုးလည်း ဖြစ်လာနိုင်တာကြောင့် FATF က စစ်ခေါင်းဆောင်တွေ အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို အမည်ပျက်စာရင်းမှာ ထည့်သွင်းနိုင်ဖို့ အလားလာလည်း ရှိလာနိုင်တယ် လို့ သုံးသပ်ကြတာလည်းရှိပါတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်ကလည်း ကိုဗစ်တိုက်ဖျက်ရေး၊ အာဏာသိမ်းပြီးနောက် နိုင်ငံတည်ငြိမ်ရေး လုပ်ဆောင်နေရတာကြောင့် ငွေကြေးခဝါချမှုလုပ်ငန်းတွေကို ကိုင်တွယ်နိုင်ဖို့ အားနည်းခဲ့သလို၊ အရှိန်မြှင့် လုပ်ဆောင်ဖို့ ကတိကဝတ်ပြုတာမျိုးနဲ့ အမည်ပျက်စာရင်းသွင်းခံရမယ့် နည်းလမ်းကိုရှောင်လွှဲနိုင်ဖို့ ပြင်ဆင် နိုင်တယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေဘက်က သုံးသပ်ပြောဆိုတာလည်း ရှိနေပါတယ်။
သက်ရောက်မှုတွေ ဘာတွေလဲ
FATF က သတ်မှတ်နိုင်တဲ့ အမည်ပျက်စာရင်းထဲမှာ လက်ရှိတော့ မြောက်ကိုရီးယားနဲ့ အီရန် တို့သာ ရှိနေတာပါ။
FATF ရဲ့ အမည်ပျက်စာရင်းထဲကို မြန်မာနိုင်ငံရောက်ရှိသွားမယ်ဆိုရင် နိုင်ငံတကာနဲ့ ဆက်သွယ်လုပ်ဆောင် နေတဲ့ ငွေရေးကြေးရေးစီးဆင်းမှုတွေအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းတွေ နိုင်ငံတကာမှာ ဖွင့်လှစ်ရှိပြီးသား မြန်မာနိုင်ငံသားဘဏ်အကောင့်တွေက ငွေစီးဆင်းမှုတွေမှာ အရင်ထက်များပြားတဲ့ အဆင့်တွေကို ဖြတ်ကျော် လုပ်ကိုင်ရမယ့် အခက်အခဲတွေရှိလာနိုင်မယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေဘက်က ထောက်ပြလာကြပါတယ်။
လက်ရှိမှာတော့ စောင့်ကြည့်စာရင်းအတွင်းသာ ပါဝင်သေးတာဖြစ်လို့ နိုင်ငံတကာ ငွေလွှဲမှုတွေမှာ အဆင်ပြေ အောင်လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးမှာရှိနေတယ်လို့လည်း သိရပါတယ်။
အဆိုးဆုံးအနေနဲ့ အမည်ပျက်စာရင်းထဲကို ရောက်ရှိသွားခဲ့ရင်တော့ တာဝန်သိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေက နိုင်ငံအတွင်းလုံးဝလာရောက် လုပ်ကိုင်တော့မှာမဟုတ်ဘူးလို့ ယူဆပြောဆိုနေကြပါတယ်။ အဲဒီအတွက် အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုအပါအဝင်၊ နိုင်ငံခြားငွေရှားပြားမှုတွေနဲ့ ကျပ်ငွေတန်ဖိုး ဖောင်းပွမှုတွေ ဆက်တိုက်ပိုမိုဆိုးဝါးလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဝေဖန်ထောက်ပြကြပါတယ်။
အာဏာသိမ်းမှုကြောင့် မြန်မာပြည်ရဲ့ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးက ၂၀၂၁ ခုနှစ်မှာ အရင်ထက် ၂၀ရာခိုင်နှုန်း လောက် ကျုံ့ သွားသလို အခု ၂၀၂၂ခုနှစ်မှာလည်း စီးပွားရေးတုံ့ ဆိုင်းနေမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထား ပါတယ်။ အဲဒါနဲ့အညီ ပြည်တွင်းမှာ အလုပ်အကိုင် ၁.၆ သန်းလည်း ဆုံးရှုံးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ဘက်ကလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒီအဖွဲ့ရဲ့အမည်ပျက် စာရင်းထဲသာ မြန်မာပါဝင်လာခဲ့ရင် စစ်ကောင်စီရဲ့ အကန့်အသတ်နဲ့သာရှိနေတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဒါမှမဟုတ် ဆွဲဆောင်ထားနိုင်ဖို့ စွမ်းဆောင်ရည်ကို ထပ်မံထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
အခုလို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ဖို့ ပျက်ကွက်လို့ အမည်ပျက် စာရင်းမှာ ပါလာနိုင်တယ်လို့ နိုင်ငံတကာမှာပြောဆိုနေတဲ့အချိန်မှာပဲ စစ်ခေါင်းဆောင်ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေအဆင်ပြေဖို့ လိုအပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းနေလို့ ပြည်ပရင်းနှီးမြှုပ်နှံလိုသူတွေ မြန်မာ နိုင်ငံကိုလာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အကျိုးအမြတ်များမယ်လို့ စက်တင်ဘာ ၇ ရက်က ရုရှားနိုင်ငံ မှာလုပ်တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ထည့်သွင်းပြောကြားသွားပါသေးတယ်။











