ဇန်နဝါရီ ၁၇ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ပုလဲနယ် NUG ဂိတ်ကို ဝင်စီးတယ်ဆိုတဲ့ကိစ္စကို ဗိုလ်နဂါး ဘာပြောလဲ

BNRA ဦးဆောင်သူ ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, BNRA

ဓာတ်ပုံ ပုံစာ, BNRA ဦးဆောင်သူ ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တွေ
ဖတ်ရန်အချိန်: မိနစ် ၅

ပုလဲမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အခွန်ဂိတ်ကို ဗမာအမျိုးသားတော်လှန်ရေးတပ်(BNRA) က ဝင်စီးတယ်ဆိုတာ မဟုတ်ဘဲ အောက်ခြေတပ်ဖွဲ့ဝင် အချင်းချင်း ပြဿနာဖြစ်တာလို့ BNRA ဦးဆောင်သူ ဗိုလ်နဂါးက ဘီဘီစီကို ပြောပါတယ်။

ပန်းရွာမှာရှိတဲ့ ပုလဲပအဖ အခွန်ဂိတ်ကို ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းတယ်လို့ ဒီနေ့မှာ သတင်းတွေ ထွက်ပေါ်နေတာပါ။

အောက်ခြေတပ်အချင်းချင်း ပြဿနာဖြစ်တဲ့နေရာဟာ ပန်းရွာကိုသွားတဲ့လမ်းမှာရှိတဲ့ လှော်ကားရွာမှာ ကောက်ယူနေတဲ့ဂိတ်ဖြစ်ပြီး အခွန်ပြေစာစလစ်လည်း မပေးဘူးလို့ သိရပါတယ်။

အဲဒီဂိတ်ကို BNRA ဘက်က တပ်ဖွဲ့ဝင် အလုံးအရင်းနဲ့ စီးနင်းတာမဟုတ်ဘူးလို့ ဗိုလ်နဂါးက ပြောပါတယ်။

"ရဲဘော်တစ်ယောက်ရဲ့ရွာနားမှာ အခွန်ဂိတ်မဟုတ်ဘဲ ကြားဖြတ်ပြီး ပအဖက ဂိတ်ဖွင့်ကောက်တာကို ပြည်သူက မကျေနပ်လို့ BNRA ကို လာတိုင်တာရှိတယ်။ အဲဒါကို ကျွန်တော့တပ်ဖွဲ့ဝင် ၄ ယောက်က ဂိတ်မဖွင့်ဖို့ သွားတားတာကနေ ဟိုဘက်က စပြီး ထိုးလားကြိတ်လားဖြစ်တော့ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တယ်။ ရဲဘော်က သူ့ရွာနားဆိုတော့ အားသာသွားတာပေါ့" လို့ ဗိုလ်နဂါးက ပြောပါတယ်။

အဲဒီ ပအဖဂိတ်ကနေ သေနတ်လေးလက်နဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ကို ဖမ်းမိထားပြီး ပြဿနာဖြစ်ပွားချိန်မှာ ပစ်ခတ်တာတွေ ရှိခဲ့လား၊ အခွန်ငွေတွေ ယူခဲ့သလားဆိုတာ အဲဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရဲဘော်လေးယောက်ကို စစ်ဆေးမေးမြန်းသွားမယ်လို့ ပြောပါတယ်။

ပအဖဂိတ်ကနေ ဖမ်းမိထားတဲ့ ရဲဘော်ကိုလည်း ဒီအတိုင်းလွှတ်ပေးရင် ပြဿနာတစုံတရာ ဖြစ်မှာစိုးတာကြောင့် မလွှတ်ပေးသေးဘဲ ပအဖ အဖွဲ့ တာဝန်ရှိသူတွေ ရောက်လာမှ သေချာလွှဲပြောင်းပေးမယ်လို့ပြောပါတယ်။

ပုလဲမြို့နယ်ထဲက BNRA ရဲ့ ဂိတ်နှစ်ခုကို NUG ရဲ့ ယင်းမာပင် ခရိုင်တပ်ရင်းတွေက ဇန်နဝါရီ ၉ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ် ၉ လက်နဲ့ လက်နက်ကြီးတစ်လက်ကို ယင်းမာပင်ခရိုင် တပ်ရင်းတွေက သိမ်းယူခဲ့တာ ရှိပါတယ်။

နှစ်ဘက်တပ် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တာကြောင့် သေနတ် ကိုးလက်ကို ပြန်ရပေမဲ့ လက်နက်ကြီးတစ်လက်ကိုတော့ အခုထိမရသေးဘူးလို့ BNRA ကနေ သိရပါတယ်။

"ကျွန်တော်တို့အနေနဲ့ ဒီလိုပြဿနာတွေ ဖြစ်လည်းမဖြစ်ချင်ဘူး၊ ကိုယ့်အပေါ်မှာ ဒီလိုလုပ်ခံရတာရှိပေမဲ့ လက်တုန့်ပြန်ဖို့ဆိုတာကတော့ ကျွန်တော်တို့အနေနဲ့ လုံးဝအစီအစဉ်မရှိဘူး။ တော်လှန်ရေးထဲမှာ အရမ်းရုပ်ပျက်တယ်လို့ လက်ခံထားတယ်" လို့ ဗိုလ်နဂါးက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူ ဦးဇော်ထက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။

ဧရာဝတီလင်းပိုင် အကောင် ၄၀ ဝန်းကျင် ထိုင်းမှာတွေ့

ထိုင်းပင်လယ်ကွေ့မှ တွေ့ရတဲ့ ဧရာဝတီလင်းပိုင်တွေ

ဓာတ်ပုံ ရင်းမြစ်, Khaosod

ဓာတ်ပုံ ပုံစာ, ထိုင်းပင်လယ်ကွေ့မှ တွေ့ရတဲ့ ဧရာဝတီလင်းပိုင်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်းပင်လယ်ကွေ့ အထက်ပိုင်းမှာ ဧရာဝတီလင်းပိုင် အကောင် ၄၀ ကျော်တွေ့တယ်လို့ ထိုင်းပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ထိုင်းပင်လယ်ပြင်နဲ့ ကမ်းရိုးတန်း ဦးစီးဌာနရဲ့ လေ့လာချက်အရ ဇန်နဝါရီ ၁၂ ရက်ကနေ ၁၆ ရက်အတွင်း ဘန်ပခေါင် မြစ်ဝနဲ့ ၃ ကီလိုမီတာနဲ့ ၅ ကီလိုမီတာ အကွာအဝေးမှာ ဧရာဝတီလင်းပိုင် ၃၅ ကောင်ကနေ ၄၀ အတွင်း တွေ့ခဲ့ရတာလို့ သိရပါတယ်။

အဲဒီအထဲက ခန့်မှန်းခြေ ၅ ကောင်ကနေ ၁၈ ကောင်အထိ မျိုးပွားဖို့ အပြုအမူမျိုး ပြသနေတာ တွေ့ရတယ်လို့လည်း ရေးသားထားပါတယ်။

ထိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒအရ ဧရာဝတီလင်းပိုင်တွေကို အလေးထား စောင့်ကြည့်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဧရာဝတီ လင်းပိုင်တွေဟာ နို့တိုက်သတ္တဝါ အမျိုးအစားဖြစ်ပြီး ထိခိုက်လွယ်တဲ့ ရေနေတိရစ္ဆာန်ဖြစ်တာကြောင့် ရေထုညစ်ညမ်းတဲ့ နေရာတွေမှာ မနေနိုင်ကြဘူးလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူက မှတ်ချက်ပေးပါတယ်။

"မြန်မာနိုင်ငံ ဧရာဝတီမြစ်မှာရှိတဲ့ ဧရာဝတီလင်းပိုင်တွေ ရွှေ့ပြောင်းသွားတာတော့ မဖြစ်နိုင်ဘူး။ သူက ရေချို- ရေငန်စပ် မှာနေတာ၊ ရေချိုမှာ နေတာဆိုပြီး မျိုးစိတ်တွေ ကွဲသေးတယ်။ မြန်မာမှာရှိတဲ့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတွေကတော့ ထိထိရောက်မလုပ်နိုင်တာ ငါးနှစ်ရှိပြီ"လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ဆောင်ခဲ့သူတစ်ယောက်က ပြောပါတယ်။

လန်ဒန်က အီရန်သံရုံးရှေ့ ဆန္ဒပြ၊ လူလေးဦး ဆေးရုံရောက်

လန်ဒန်မြို့၊ အီရန်သံရုံးရှေ့က ဆန္ဒပြပွဲမှာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လန်ဒန်မြို့က အီရန်သံရုံးရှေ့မှာ သောကြာနေ့က ဆန္ဒပြမှုပြီးနောက် လူပေါင်းများစွာ အဖမ်းခံခဲ့ရပါတယ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က အီရန်သံရုံးရှေ့မှာ သောကြာနေ့က ဆန္ဒပြမှုပြီးနောက် လူလေးဦးကို ဆေးရုံပို့ဆောင်ပေးခဲ့ရပြီး လူပေါင်းများစွာ အဖမ်းခံခဲ့ရပါတယ်။

ဆန္ဒပြသူတစ်ဦးဟာ ဝရန်တာတွေပေါ်ကတစ်ဆင့် သံရုံးခေါင်မိုးပေါ်ကိုတက်ပြီး အီရန်အလံကိုဖြုတ်ယူပြီးနောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေက အချွန်အထက်တွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဆေးရုံပို့ဆောင်ခံရသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေလား၊ ဆန္ဒထုတ်ဖော်သူတွေလားဆိုတာကို အရေးပေါ်ဌာနက ထုတ်ပြန်တာမရှိသေးပါဘူး။

အီရန်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီးနောက် လန်ဒန်က အီရန်သံရုံးရှေ့မှာ ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။

အီရန်မှာ ဆန္ဒပြမှုအတွင်း ဆန္ဒပြသူ ၂၆၀၀ ကျော်သေဆုံးခဲ့တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကပြောဆိုခဲ့ပါတယ်။

သံရုံးခေါင်မိုးက အလံကိုဖြုတ်ယူခဲ့တဲ့ အမျိုးသားကို ရာဇဝတ်ကြောင်းအရ ထိခိုက်ပျက်စီးစေမှု၊ သံတမန်ဆိုင်ရာပိုင်နက်ကျူးလွန်မှု၊ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ လန်ဒန်မြို့ပြရဲတပ်ဖွဲ့ကပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် လူအတော်များများကိုလည်း အကြမ်းဖက်မှုပါတဲ့ မငြိမ်မသက်ဖြစ်စေမှုနဲ့ ဖမ်းဆီးထားပြီး သံရုံးအပြင်ဘက်မှာ မငြိမ်မသက်ဖြစ်စေမှုအတွက် လူစုခွဲခွင့်လည်း ပေးအပ်ထားပါတယ်။ အီရန်မှာ ဆန္ဒထုတ်ဖော်သူတွေ သေဆုံခဲ့ပြီးနောက် လန်ဒန်က အီရန်သံအမတ်ကြီးကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆင့်ခေါ်ခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းကို လုံးဝမလုပ်သင့်ကြောင်း မြန်မာဘူမိသိပ္ပံပညာရှင်တွေ သတိပေး

မြစ်ဆုံစီမံကိန်း ထာဝရ ရပ်နားဖို့ ဒေသခံတွေ ဆုတောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြစ်ဆုံစီမံကိန်း ထာဝရ ရပ်နားဖို့ ဒေသခံတွေ ဆုတောင်း

စစ်ကော်မရှင်က ဆက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြစ်ဆုံစီမံကိန်းဇုန်ဟာ ပြင်းထန်ငလျင်ဇုန်ထဲမှာ ကျရောက်နေတာကြောင့် လုံးဝမလုပ်သင့်တဲ့အကြောင်း အပါအဝင် အချက် ၈ ချက်ကို မြန်မာဘူမိသိပ္ပံပညာရှင်များက ထုတ်ပြန်လိုက်ပါတယ်။

ဧရာဝတီမြစ်ဖျားခံရာ မြစ်ဆုံစီမံကိန်း နေရာတွေဟာ ၂၀၂၅ ခုနှစ်မှာ လှုပ်ခတ်သွားတဲ့ စစ်ကိုင်းငလျင်ကြောနဲ့ နီးနီးကပ်ကပ်ရှိနေတာ၊ မြစ်ဆုံလို နေရာမျိုးမှာ ကြီးမားတဲ့ ဆည်ဆောက်မယ်ဆိုရင် ဆည်ကြောင့် ဖိအားပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး အင်အားကြီး ငလျင်တွေလှုပ်ခတ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် မြစ်ဆုံနေရာဟာ ဘူမိဗေဒဆိုင်ရာ အချက်အလက်တွေအရ စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ ရွှေနဲ့ မြေရှား သတ္တုသိုက် အပါအဝင် သယံဇာတတွေ တွေ့နိုင်တာကိုလည်း ထောက်ပြကြပါတယ်။

ဒ့ါကြောင့် ဆည်ဆောက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆည်ဆောက်မယ့် နေရာဝန်းကျင်က သစ်တောတွေ၊ မြေတွေကိုပါ တရုတ်က သယ်ယူနိုင်ခြေတွေကိုပါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက မှန်းဆထားတာပါ။

မြစ်ဆုံဆည်ဝန်းကျင်မှာ ဘူမိဗေဒအနေအထားအရ မြေပြိုနိုင်တာတွေရှိနေတာ၊ ဧရာဝတီ မြစ်ဝှမ်းတလျှောက် စိုက်ပျိုးရေးတွေကို ထိခိုက်နိုင်တာအပြင် ဆည် ၇ ခုသာ တချိန်တည်း ပြိုကျမယ်ဆိုရင် ကချင်နဲ့ မြန်မာနိုင်ငံအတွက် ဆိုးကျိုးတွေ ကျရောက်မှာကိုလည်း သတိပေးထားပါတယ်။

မြစ်ဆုံစီမံကိန်း ထာဝရရရပ်ဆိုင်းဖို့ ဆုတောင်းပွဲကို ဒေသခံတွေက စက်တင်ဘာ ၃၀ မှာ လုပ်ခဲ့ပြီး စီမံကိန်းကြောင့် ပြောင်း‌ရွှေ့ခဲ့ရတဲ့ ဒေသခံတွေကလည်း မူလနေရပ် ပြန်ခွင့်ရဖို့ တောင်းဆိုခဲ့ကြပါတယ်။

စစ်ကော်မရှင်ကလည်း ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းတွေအတွက် သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံဖို့ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းဦးဆောင်အဖွဲ့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် မြစ်ဆုံစီမံကိန်း အောင်မြင်ရင် ကချင်ပြည်နယ်က ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်လို့ မကန့်ကွက်သင့်တဲ့အကြောင်း စစ်ကောင်စီရဲ့ သမ္မတရုံးဝန်ကြီး ဦးတင်အောင်စန်းက မြစ်ကြီးနားမြို့ခံတွေကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်မှာ ပြောခဲ့ပါတယ်။

မဲဆောက်မှာ မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရ

ဈေးဆိုင်တွေကို လိုက်စစ်ဆေးနေတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေ

ဓာတ်ပုံ ရင်းမြစ်, Tak Immigration

ဓာတ်ပုံ ပုံစာ, ဈေးဆိုင်တွေကို လိုက်စစ်ဆေးနေတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေ

မြန်မာ-ထိုင်းနယ်စပ်မြို့၊ မဲဆောက်မြို့မှာ ထိုင်းနိုင်ငံသားတွေကလွဲပြီးလုပ်ခွင့်မရှိတဲ့အလုပ်တွေ လုပ်နေသူမြန်မာအယောက် ၂၀ ကျော် ဖမ်းဆီးထားတယ်လို့ တက်ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးက ထုတ်ပြန်ထားပါတယ်။

မဲဆောက်မြို့နယ်အတွင်း ဇန်နဝါရီ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ဆက်တိုက် ဖမ်းဆီးထားတာတွေကို ထုတ်ပြန်နေတာပါ။

ဈေးဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေလို ဆိုင်ခန်းနဲ့ ရောင်းချသူတွေ အပါအဝင် ခေါင်းရွက်ဗျပ်ထိုးဈေးသည်၊ တွန်းလှည်းနဲ့ရောင်းတဲ့သူတွေကိုပါ ဖမ်းဆီးနေတာကိုလည်း တက်ခရိုင် လူဝင်မှုကြီးကြပ်ရေး လူမှုကွန်ရက် စာမျက်နှာမှာ တွေ့ရပါတယ်။

"အခုမဲဆောက်မှာ မြန်မာဆိုင်တွေအများစု အကုန်ပိတ်ထားတယ်။ မြို့ထဲမှာလည်း ခြောက်ကပ်နေတာပဲ။ အခုက ဈေးသည်တွေလည်းဖမ်းတယ်။ အထောက်အထား မရှိတဲ့သူတွေလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးပြီးတော့ကို ဖမ်းနေတာ"လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ-JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

တကယ်တမ်း ဖမ်းဆီးခံရတဲ့ အရေအတွက်ဟာ ၁၀၀ ဝန်းကျင်ရှိပြီး ဒဏ်ငွေ ချက်ချင်းဆောင်နိုင်တဲ့သူ အယောက် ၈၀ ဝန်းကျင်က ပြန်လွတ်လာတယ်လို့လည်း သိရပါတယ်။ ဒဏ်ငွေ မဆောင်နိုင်သူတွေ အဖမ်းခံထားရတာလို့ မဲဆောက်မှာရှိနေတဲ့ ဦးမိုးကြိုးက ပြောပါတယ်။ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ အလုပ် ၂၇ မျိုးနဲ့ ငြိစွန်းလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဒဏ်ကြေး ပေးဆောင်ရပြီး မပေးဆောင်နိုင်ရင် ထောင်ဒဏ် ၁၂ ရက်ချမှတ်ခံရတာဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ လုပ်ခွင့်မရတဲ့ အလုပ်တွေလုပ်ကိုင်တာတွေ့ရင် ဒဏ်ငွေ ဘတ် ၅ ထောင်ကနေ ၅ သောင်းအထိ ချမှတ်ခံရသလို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်သိမ်းခံရမှာ၊ ကိုယ့်နိုင်ငံကို ပြန်ပို့ခံရမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ နီးကပ်လာတာကြောင့် နိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်နေကြတာဖြစ်ပြီး ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ အလုပ်တွေကို တခြားနိုင်ငံသားတွေ လုယူခံရတာကနေ ကာကွယ်ဖို့လည်း ဖြစ်တယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ ဦးမိုးကြိုးက ပြောပါတယ်။

ဒါ့အပြင် စမွတ်ပရာကန်မှာ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသား ရန်ပွဲအပါအဝင် မြန်မာတွေပါဝင်တဲ့ ရန်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုလို့လည်း မြန်မာအလုပ်သမားများအရေး ကူညီပေးနေသူတွေက မှတ်ချက်ပေးထားပါတယ်။

မြန်မာ၊ ဘင်္ဂလား‌ဒေ့ရှ်နယ်စပ်ကတိုက်ပွဲနဲ့ ARSA ၅၃ ဦး ကို ဘင်္ဂလား‌ဒေ့ရှ်တရားစွဲဆိုမှု

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

မြန်မာဘက်ကပစ်လိုက်တဲ့ သေနတ်ကျည်က ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ကျရောက်ခဲ့လို့ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးငယ်တစ်ဦး အပါအဝင် အရပ်သားနှစ်ဦးဒဏ်ရာရခဲ့တဲ့နောက် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်ကော်မရှင် သံအမတ်ကို ဆင့်ခေါ် ဆွေးနွေးခဲ့ပါတယ်။

တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်ဟာ အာရက္ခတပ်တော်(အေအေ)နဲ့ လည်း တွေ့ဆုံခဲ့တဲ့အကြောင်း အေအေနဲ့ နီးစပ်သူတွေဘက်က အတည်ပြုသတင်းတွေရှိခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာဘက်တိုက်ပွဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ အာရကန်ရိုဟင်ဂျာ - ARSA တပ်ဖွဲ့ဝင် ၅၃ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးပြီးတရားစွဲဆိုထားပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေလူမျိုးတုံးသတ်ဖြတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနဲ့ဂမ်ဘီယာ ကြားနာပွဲရှိနေချိန်မှာ ထွက်ပေါ်လာတဲ့ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်က တိုက်ပွဲတွေကြောင့် သံတမန်တွေတွေ့ပြီးဖြေရှင်းကြတဲ့အထိဖြစ်လာတာပါ။

ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

တီမောသံရုံး ယာယီတာဝန်ခံကို မြန်မာနိုင်ငံခြားရေး ဆင့်ခေါ်သတိပေး

စစ်‌ကော်မရှင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က တီမောသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်

ဓာတ်ပုံ ရင်းမြစ်, နိုင်ငံခြားရေး ဝန်ကြီးဌာန

ဓာတ်ပုံ ပုံစာ, စစ်‌ကော်မရှင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က တီမောသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်

စစ်ကော်မရှင်ရဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက ရန်ကုန်မြို့မှာရှိတဲ့ တီမောလက်စ်တေ သံရုံးရဲ့ ယာယီတာဝန်ခံကို ဇန်နဝါရီ ၁၆ ရက်မှာ ဆင့်ခေါ်တွေ့ဆုံတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ တီမောသမ္မတတို့ ဇန်နဝါရီ ၁၄ ရက်မှာ တွေ့ပြီးတဲ့နောက် မြန်မာနိုင်ငံမှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်ခဲ့တာပါ။

တီမောနိုင်ငံအစိုးရက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ ကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်တဲ့အကြောင်း မြန်မာနိုင်ငံခြားရေး၊ အမြဲတမ်းအတွင်းဝန်က သတိပေးလိုက်တာပါ။

ဒီလိုလုပ်ရပ်ဟာ တီမောလက်စ်တေ အစိုးရအနေနဲ့ အာဆီယံ ပဋိညာဉ်၊ အခြေခံမူ၊ ကတိကဝတ်တွေကို ချိုးဖောက်တာလို့လည်း မြန်မာနိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်က တီမောသံရုံး ယာယီတာဝန်ခံကို ပြောပါတယ်။

မြန်မာစစ်ကော်မရှင်ကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့ တီမောအစိုးရတို့ တွေ့ဆုံတယ်လို့ စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောတာ မတွေ့ရပါဘူး။

တီမောနိုင်ငံ ဒီလီမြို့မှာရှိတဲ့ သမ္မတနန်းတော် မှာ တီမောသမ္မတနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကိုယ်စားလှယ်တွေက ဇန်နဝါရီ ၁၄ ရက်မှာတွေ့ဆုံပြီး ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ CHRO က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း တီမောနိုင်ငံ အစိုးရသစ်တက်ပွဲကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့တာကိုလည်း စစ်ကော်မရှင်က တီမောသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ် ကန့်ကွက်ခဲ့ပါတယ်။

အိုင်စီအီးကို နှောင့်ယှက်မှုနဲ့ အရာရှိနှစ်ဦး စစ်ဆေးခံနေရ

အိုင်စီအီးအရာရှိတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် ရီနီးသေဆုံးခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒထုတ်ဖော်မှုတွေရှိလာခဲ့ပါတယ်။ ရီနီးရဲ့ပိုစတာဘေးကနေ ဖြတ်လျှောက်သွားသူတစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုင်စီအီးအရာရှိတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် ရီနီးသေဆုံးခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒထုတ်ဖော်မှုတွေရှိလာခဲ့ပါတယ်။

ပြည်ထောင်စုအဆင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကြပ်မှုကို အနှောင့်အယှက်ပေးဖို့ ကြိုးစားမှုနဲ့ မင်နီဆိုးတားပြည်နယ်က နာမည်ကျော်အစိုးရအရာရှိနှစ်ဦးကို အမေရိကန်တရားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စည်းကြပ်မှု အေဂျင်စီ (အိုင်စီအီး) အပေါ် ပြောခဲ့တဲ့ စကားတွေနဲ့ပတ်သက်လို့ မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှုး တင်ဝေါ့နဲ့ မင်နီယာပိုလစ်မြို့တော်ဝန် ဂျာကော့ ဖရေးတို့ စုံစမ်းစစ်ဆေးခံနေရတာလို့ ဘီဘီစီရဲ့ အမေရိကန် မိတ်ဖက် စီဘီအက်စ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့အပတ်က မင်နီယာပိုလစ်မြို့မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးဟာ အိုင်စီအီးအရာရှိတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒထုတ်ဖော်မှုတွေရှိလာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ရီနီး ဂွတ်ဒ်ဟာ အနည်းဆုံးသေနတ်ဒဏ်ရာသုံးချက်နဲ့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာတစ်ချက်တို့ကြောင့် သေဆုံးခဲ့တာလို့ အစိုးရမှတ်တမ်းအရသိရပါတယ်။

"ကိုယ့်အတိုက်အခံတွေကို တိုက်ခိုက်ဖို့ တရားရေးစနစ်ကို လက်နက်လိုအသုံးပြုတာဟာ အာဏာရှင်တွေရဲ့နည်းလမ်းပဲဖြစ်တယ်" လို့ အုပ်ချုပ်ရေးမှူးဝေါ့က သူ့ကိုစုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ သောကြာနေ့မှာ အိပ်စ်မှာရေးသားတုံ့ပြန်ခဲ့ပါတယ်။

"ရီနီးဂွတ်ဒ်ကို ပစ်ခတ်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမခံရတဲ့သူဆိုလို့ သူ့ကိုပစ်ခတ်ခဲ့တဲ့ အရာရှိပဲရှိတယ်" လို့ သူကပြောပါတယ်။

"ကျွန်တော် တုန်လှုပ်သွားမှာမဟုတ်ဘူး" လို့ မြို့တော်ဝန် ဖရေးက ဘီဘီစီကိုပြောပါတယ်။

"မင်နီယာပိုလစ်မြို့၊ ကျွန်တော်တို့ရဲ့ဒေသဆိုင်ရာဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေ၊ မြို့နေတွေကို ဒီအစိုးရဖော်ဆောင်နေတဲ့ ကသောင်းကနင်းနဲ့ အန္တရာယ်ကနေ ကာကွယ်ပေးခဲ့တဲ့အတွက် ကျွန်တော်ကို ခြောက်လှန့်ဖို့လုပ်ဆောင်နေတာပဲဖြစ်ပါတယ်" လို့ သူကဆက်ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဝေါ့ဟာ မင်နီဆိုးတားပြည်နယ်သားများကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ဖို့ တိုက်တွန်းခဲ့ပေမဲ့ ထရမ့်အစိုးရအဖွဲ့ဝင်တွေကတော့ အိုင်စီအီးကို လက်သစ်ဂတ်စ်တာပိုရဲတပ်ဖွဲ့လို့ပြောဆိုတာမျိုးလို ရန်လိုလှုံ့ဆော်မှုပါတဲ့စကားတွေ ပြောဆိုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

မင်နီယာပိုလစ်ကနေ လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်တွေ ထွက်သွားဖို့ ဖရေးက တောင်းဆိုထားပါတယ်။

ဂွတ်ဒ်သေဆုံးမှုအခြေအနေနဲ့ပတ်သက်လို့ သတင်းအချက်အလက်ပြည့်ပြည့်စုံစုံထွက်ပေါ်လာပြီးနောက် မင်နီယာပိုလစ်မြို့မှာ သောကြာနေ့က ဆန္ဒထုတ်ဖော်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ကိုးကိုးကျွန်းမှာ ဦးညိုစောရဲ့ပြိုင်ဘက် ၃၇ မဲပဲရ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ တွေ့ရတဲ့ ဦးညိုစော

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ တွေ့ရတဲ့ ဦးညိုစော

ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ကြံ့ခိုင်‌ရေးပါတီဝင် အငြိမ်းစားဗိုလ်ချုပ်ကြီးဦးညိုစောက ၁၄၈၇ မဲ နဲ့ အနိုင်ရတယ်လို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ်ဦးညိုစောရဲ့ပြိုင်ဘက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ဦးဝင်းကျော်သူက ၃၇ မဲသာရတာ တွေ့ရပါတယ်။

ကြိုတင်မဲမှာလည်း ဦးဝင်းကျော်သူက ၄ မဲပဲရပြီး ဦးညိုစောက ၆၁၅ မဲအထိရပါတယ်။

ကိုကိုးကျွန်းဟာ စစ်ကော်မရှင်ရဲ့ ရေတပ်အခြေစိုက်စခန်းရှိပြီး စစ်တပ်နဲ့ စစ်တပ်မိသားစုဝင်တွေသာ အများဆုံးရှိတဲ့နေရာဖြစ်ပါတယ်။

လူဦးရေကလည်း ထောင်ဂဏန်းကျော်သာ ရှိပါတယ်။ ကိုကိုးကျွန်းဟာ ကြံ့ခိုင်ရေးပါတီအတွက် ပြိုင်တိုင်းနိုင်တဲ့ မဲဆန္ဒနယ်တစ်ခုလည်း ဖြစ်ပြီး NLD ကိုယ်စားလှယ်တွေတောင် ရှုံးခဲ့တဲ့ နေရာဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ၂၀၂၅ ခုနှစ် အောက်တိုဘာမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရော၊ ဦးညိုစောတို့တလှည့်စီသွားရောက်ခဲ့ပါတယ်။

ဦးညိုစောက ကိုကိုးကျွန်းမြို့မှာရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးမှာတွေ့ခဲ့သလို မြို့ခံတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကိုတော့ မြို့တော်ခန်းမမှာ တွေ့ခဲ့တာပါ။

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတဟောင်း 'ယွန်း' ထောင်ဒဏ် ၅နှစ် ချခံရ

သမ္မတ ယွန်း ဟာ ၂၀၂၄ ခုနှစ်မှာ နိုင်ငံကို စစ်အုပ်ချုပ်ရေး ကြေညာဖို့ကြိုးပမ်းခဲ့တာကြောင့် အာဏာမှ ဖယ်ရှားခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA/Shutterstock

ဓာတ်ပုံ ပုံစာ, သမ္မတ ယွန်း ဟာ ၂၀၂၄ ခုနှစ်မှာ နိုင်ငံကို စစ်အုပ်ချုပ်ရေး ကြေညာဖို့ကြိုးပမ်းခဲ့တာကြောင့် အာဏာမှ ဖယ်ရှားခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်တုန်းက စစ်အုပ်ချုပ်ရေးကြေညာဖို့ ကြိုးပမ်းခဲ့မှုမှာ အာဏာအလွဲသုံးစားလုပ်မှု၊ တရားစီရင်ရေးကို အနှောင့်အယှက်ပေးမှုနဲ့ စာရွက်စာတမ်း အတုလုပ်မှုတွေနဲ့ ရာထူးက ဖယ်ရှားခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးကို တရားရုံးက ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်ပါတယ်။

ဒါက ၂၀၂၄ ခုနှစ်တုန်းက မျှော်လင့်မထားဘဲ ရုတ်တရက် သူ ကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်နဲ့ ဆက်စပ်ပြီး စွဲချက်တင်ခံထားရတဲ့ အမှုလေးခုထဲမှာ ပထမဆုံးစီရင်ချက်အမိန့်ချခံရတာဖြစ်ပါတယ်။

စွဲဆိုခံထားရတဲ့ အမှုတွေထဲမှာ အပြင်းထန်ဆုံး စွဲချက်ကတော့ ပုန်ကန်မှု ဖြစ်ပြီး အစိုးရရှေ့နေတွေကတော့ သေဒဏ်ချမှတ်ဖို့အထိ တောင်းဆိုထားပါတယ်။ အဲဒီအမှုအတွက် စီရင်ချက်ကို ဖေဖော်ဝါရီလမှာ ချမှတ်နိုင်ခြေရှိပါတယ်။ အပြည့်အစုံကို ဒီလင့် ကို နှိပ်ရုံနဲ့ ဖတ်ရှုနိုင်ပါပြီ။