ဧပြီ ၅ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်- မြန်မာစစ်ခေါင်းဆောင်နဲ့ ဖိတ်ခေါ်တဲ့ ထိုင်းအစိုးရကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းကိုလာဖို့ ဖိတ်ခေါ်တဲ့ ထိုင်းအစိုးရကို ကန့်ကွက် ရှုတ်ချတဲ့အကြောင်း ထိုင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဧပြီ ၅ ရက်က ဆန္ဒပြကြတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံမှာ အနီရောင် ကြက်ခြေခတ်ကို ရေးဆွဲထားပြီး 'နင့်ကို ငါတို့မကြိုဆိုဘူး'ဆိုပြီးဆိုတဲ့ စာသားကို ထိုင်း၊ မြန်မာလို နဲ့ အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်တွေကို ကိုင်ဆောင်ဆန္ဒပြကြတာပါ။
မြန်မာစစ်ခေါင်းဆောင်ကို ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC)အစည်းအဝေးကို ထိုင်းအစိုးရက ဖိတ်ခေါ်တာဟာ ဒီမိုကရေစီမူဝါဒတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာစသိမ်းယူကတည်းက မြန်မာပြည်သူတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့သလို မြန်မာစစ်တပ်ကို အခု အစည်းအဝေးမှာ နေရာပေးတာဟာ ရက်စက်တဲ့ အစိုးရကို ထောက်ခံတာ ဖြစ်တယ်လို့လည်း ထိုင်းသတင်းဌာန ဖော်ပြချက်တွေအရ သိရပါတယ်။
ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်ဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကတိပြုထားတဲ့ (BIMSTEC) ရဲ့ ယုံကြည်မှုကိုလည်း အားနည်းစေတယ်လို့လည်း ဆန္ဒပြသူတွေက ထုတ်ပြန်ပါတယ်။
ငလျင်ဒဏ်ခံစားနေရချိန်မှာလည်း အပစ်အခတ် ရပ်စဲဖို့ ကြေညာခဲ့ပေမဲ့ လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်လက်လုပ်ဆောင်နေတာ၊ နိုင်ငံတကာက ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားတဲ့ စစ်ခေါင်းဆောင်ကို ထိုင်းအစိုးရကနေရာပေးတာကိုလည်း သတိပြုသင့်တယ်လို့ ဆန္ဒပြသူတွေကို ထောက်ပြကြပါတယ်။
ဧပြီ ၅ ရက်နေ့ မနက်ပိုင်းမှာပဲ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာစစ်ခေါင်းဆောင်ကို ICC ကို လွှဲပြောင်းဖို့ အရေး ဆန္ဒပြဖို့ပြင်ဆင်နေတဲ့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားဖွဲ့စည်းထားတဲ့ Bright Future အဖွဲ့ဝင်တွေကို ထိုင်းရဲတပ်ဖွဲ့တွေက ခေါ်ဆောင်သွားပါတယ်။
မြန်မာငလျင်အတွက် အမေရိကန်က ဒေါ်လာ ၇ သန်း ထပ်ပေး၊ အီးယူက ယူရို ၃ သန်းထောက်ပံ့

ဓာတ်ပုံ ရင်းမြစ်, CINCDS
မြန်မာနိုင်ငံမှာ ငလျင်ဘေးဒဏ်သင့်သူတွေကို ကူညီပံ့ပိုးဖို့အတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၇ သန်းကို ထပ်တိုးရန်ပုံငွေအဖြစ် အသုံးပြုသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန် သံရုံးက ဧပြီ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၃၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန် ဒေါ်လာ ၂ သန်းနဲ့ အခု ထပ်ပေးမယ့် အထောက်အပံ့တွေကို ငလျင်ဘေးဒဏ်သင့် နေရာတွေမှာ လိုအပ်နေတဲ့ အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေကို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂကလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် တုန့်ပြန်မှု အနေနဲ့ ယူရို ၃ သန်း ကို ထောက်ပံ့ပေးခဲ့ပြီး တန်ချိန် ၈၀ ရှိတဲ့ အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေကလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ဧပြီ ၅ ရက်နေ့မှာပဲ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်ရှိ စီမံကိန်းတွေရဲ့ ရန်ပုံငွေတွေထဲက ယူရို ခြောက်သန်းကိုလည်း မြေပြင်မှာ လုပ်ကိုင်နေတဲ့ မိတ်ဖက်တွေနေတဆင့် ငလျင်သင့် ဒေသတွေကို ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
လားရှိုးအကျဉ်းထောင်က အကျဉ်းသားအယောက် ၃၀ ခန့် 'ဝ' တပ်ဖွဲ့ အာမခံချက်နဲ့လွတ်

ဓာတ်ပုံ ရင်းမြစ်, Wa News Land
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ အကျဉ်းထောင်က အမျိုးသား နှစ်ယောက်ကို 'ဝ' (USSA) ရုံး အာမခံချက်နဲ့ ဧပြီ ၄ ရက်က ပြန်လွတ်လာတယ်လို့ UWSA သတင်းတွေကို ဖော်ပြပေးနေတဲ့ 'ဝ' လူငယ်အသံကနေ ရေးသားထားပါတယ်။
လားရှိုးအကျဉ်းထောင်ထဲမှာ မူးယစ်ဆေးဝါးမှု အပါအဝင် တခြားအမှုတွေနဲ့ အကျဉ်းကျနေတဲ့ 'ဝ' အမျိုးသားတွေအပါအဝင် တခြား တိုင်းရင်းသား အယောက် ၃၀ ဝန်းကျင်ဟာ 'ဝ' ဆက်ဆံရေးရုံး အာမခံချက်နဲ့ လွတ်မြောက်ခဲ့တယ်လို့ 'ဝ'လူငယ့်အသံက ဖော်ပြထားပါတယ်။
လားရှိုးမြို့နယ်၊ မန်ပျဉ်ကျေးရွာက ရှမ်းအမျိုးသား ဦးကြိုင်းနော်ခမ်းနဲ့ လားရှိုးမြို့၊ ရပ်ကွက်(၁) ၊ ပါရမီလမ်းက 'ဝ' အမျိုးသား ဦးအိုက်ပေါင်းတို့ရဲ့ မိသားစုဝင်တွေ အကူအညီတောင်းလာတာကြောင့် 'ဝ' ပြင်ပဆက်ဆံရေးရုံးက အာမခံချက်နဲ့ ထုတ်ပေးခဲ့တာလို့ သိရပါတယ်။
အကျဉ်းထောင်ကနေ လွှတ်ပေးရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး MNDAA ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
အဲဒီ အယောက် ၃၀ ဝန်းကျင်ထဲမှာ ဟိုပန်၊ ပန်လုံ၊ ကွမ်းလုံ၊ တန့်ယန်း၊ လားရှိုး စတဲ့ မြို့နယ်တွေကဖြစ်သလို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာလည်း ကိုးကန့်တပ်ရဲ့ စစ်သားသစ် စုဆောင်းခံရသူ 'ဝ' လူငယ်တချို့လည်း ပြန်လွတ်မြောက်လာတာ ရှိတယ်လို့ သိရပါတယ်။
ရိုဟင်ဂျာ တစ်သိန်းရှစ်သောင်းကျော်ကို ပြန်လက်ခံဖို့ မြန်မာအတည်ပြုကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော်ကို ပြန်လက်ခံမယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အတည်ပြုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ပြုလုပ်ခဲ့တဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC)အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးမှာ နှစ်နိုင်ငံထိပ်ပိုင်းတာဝန်ရှိသူတွေ တွေ့ခဲ့ကြပြီးနောက် အခုလိုထုတ်ပြောလာတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ရှစ်သိန်းရဲ့ နာမည်စာရင်းမှာ မြန်မာနိုင်ငံက ပြောင်းရွှေ့လာသူ နှစ်သိန်းခွဲရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရသလို နာမည်တွေ၊ ဓာတ်ပုံတွေနဲ့အတူ နောက်ထပ်စစ်ဆေးဖို့ ရိုဟင်ဂျာ ခုနှစ်သောင်း ကျန်ရှိနေသေးတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့ကြောင့် ဒီလုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ နှစ်နိုင်ငံက အတည်ပြုခဲ့ပြီး မြန်မာဘက်ကလည်း လူဦးရေး တစ်သိန်းရှစ်သောင်းက ပြန်ခေါ်ဖို့ အတည်ပြုခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေကလည်း ပြန်လည်လက်ခံရေး လုပ်ငန်းစည်အတွက် တတ်နိုင်သလောက် မြန်မြန် စီစဉ်မှာဖြစ်ပြီး အဆင့်ဆင့် စစ်ဆေးတာတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
နှစ်ဘက်ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ်သတင်းတွေက ရုပ်သံနဲ့တကွ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ကို ICC ကို လွှဲပြောင်းရေး ဆန္ဒပြဖို့ စီစဉ်နေချိန် ရုန်းရင်းဆန်ခတ်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Ginger Cat
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးသင့်ကြောင်း ထိုင်းအခြေစိုက် မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားတဲ့ Bright Future အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန်မှာပဲ ထိုင်းရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့ ထိုင်းသတင်းတွေက ရေးသားထားပါတယ်။
ဧပြီ ၅ ရက် မနက်ပိုင်းမှာ ဘန်ကောက်က၊ ကုလသမဂ္ဂရုံးရှေ့မှာ Bright Future အဖွဲ့ စုဝေးနေချိန်မှာပဲ ထိုင်းအမျိုးသားရေးအဖွဲ့တွေ ရောက်ရှိလာပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် ရဲတွေရောက်လာတာဖြစ်ပါတယ်။
Bright Future အဖွဲ့က ခေါင်းဆောင် ကိုဆူရတ်အပါအဝင် ဆန္ဒပြဖို့ ပြင်ဆင်နေသူတွေနဲ့ ထိုင်းအမျိုးသားရေး အဖွဲ့တွေကြား ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်တားဆီးပြီးတော့ ဆန္ဒပြဖို့ ပြင်ဆင်နေသူတွေကို ဖမ်းဆီးသွားတာကို လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တွေမှာ တွေ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC)အစည်းအဝေး တက်ရောက်ခဲ့ပြီး ဘန်ကောက်မှာ နှစ်ရက်ရှိနေခဲ့တာပါ။
မြန်မာစစ်ခေါင်းဆောင် တည်းခိုတဲ့ ရှန်ဂရီလာဟိုတယ်ထိ ဆန္ဒပြခဲ့တဲ့ ထိုင်းနိုင်ငံသား တက္ကသိုလ်ကျောင်းသားတစ်ယောက်လည်း ဆန္ဒပြချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး ညပိုင်းမှာ ပြန်လွတ်မြောက်လာပါတယ်။
နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၇၇ ကြိမ်အထိလှုပ်ခတ်သွားပြီးဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၃၀၀ ကျော်နဲ့ ဒဏ်ရာရ ၄၅၀၀ ကျော်ရှိလာ
ပြင်ဦးလွင်မြို့ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၄ ရစ်ခ်တာစကေးရှိတဲ့ ငလျင်တစ်ခု ဧပြီ ၅ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မတ် ၂၈ ရက် နေ့လယ်ပိုင်းမှာ အင်အား ရစ်ခ်တာစကေး ၇ ဒသမ ၇ ရှိ ပြင်းထန်တဲ့ငလျင် လှုပ်ခတ်ပြီး နောက်ပိုင်း နောက်ဆက်တွဲငလျင်တွေကို ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။
အမရပူရမြို့နယ်မှာ နေထိုင်သူတချို့က ဒီငလျင်ဒဏ်ကြောင့် နေအိမ်တုန်ခါတာကို သိရှိခံစားလိုက်ရတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီရဲ့ ဧပြီ ၄ ရက် ညနေ ၆ နာရီအချိန်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၃၅၄ ယောက်၊ ဒဏ်ရာရသူ ၄၅၀၈ ယောက်နဲ့ ပျောက်ဆုံးသူ ၂၂၀ ရှိတယ်လို့ သိရပါတယ်။
အထိအခိုက် အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး သေဆုံးသူ ၂၁၂၂ ယောက်နဲ့ ဒဏ်ရာရသူ ၂၆၀၉ ယောက်၊ ဒုတိယအများဆုံးက နေပြည်တော်ကောင်စီနယ်မြေဖြစ်ပြီး သေဆုံးသူ ၆၁၅ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၈၄၃ ယောက်ရှိပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ သေဆုံးသူ ၅၀၇ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၆၈၈ ယောက်၊ ရှမ်းပြည်နယ်မှာ သေဆုံး ၆၆ ယောက်နဲ့ ဒဏ်ရာရသူ ၁၃၃ယောက်၊ ပဲခူးတိုင်းမှာ သေဆုံးသူ ၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၂၃၄ ယောက်ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာငလျင်ဘေးအတွက်ထိုင်းနဲ့မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေလာမယ်

ဓာတ်ပုံ ရင်းမြစ်, CINCDS
ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို သိနိုင်ဖို့ ထိုင်းနဲ့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးတွေ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်က ပြောပါတယ်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ (၆)ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC)ကို တက်ရောက်တဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သီးသန့် တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
ထိုင်းနိုင်ငံအနေနဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ မြန်မာနိုင်ငံအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီပေးတာတွေကို ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသလို အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေ ထိခိုက် ဒဏ်ရာရတဲ့အပေါ်မှာလည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
စစ်ခေါင်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုတဲ့အကြောင်း ထိုင်းနိုင်ငံသားတချို့က ဆန့်ကျင်ဆန္ဒပြခဲ့ကြသလို ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုန်တန်ကိုလည်း လွှတ်တော်မှာ မေးခွန်းထုတ်တာတွေ ရှိခဲ့ပါတယ်။








