အောက်တိုဘာ ၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - မြန်မာက လူငယ်အမျိုးသမီးတွေ သုံးထပ်ကွမ်း ခွဲခြားဆက်ဆံခံနေရတယ်လို့ UNDP ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝင်ငွေနည်းပါးတာ၊ အလုပ်အကိုင်အခွင့်အလမ်းပိုရှားတာနဲ့ အိမ်တွင်းကန့်သတ်ခံရတာကြောင့် မြန်မာကအမျိုးသမီးငယ်တွေဟာ သုံးထပ်ကွမ်းခွဲခြားဆက်ဆံခံနေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဥ် UNDP ကဆိုပါတယ်။
အောက်တိုဘာ ၂ ရက်ကထုတ်ပြန်တဲ့ UNDPရဲ့ အနာဂတ် ရပ်တန့်ခံ မျိုးဆက်သစ် အစီရင်ခံစာမှာ ဆိုထားတာပါ။ ဒီစီရင်ခံစာကို တိုင်းနဲ့ပြည်နယ်အားလုံးက အသက် ၁၈ ကနေ ၃၅ အတွင်း လူငယ် ၇,၁၈၇ ဦးကို မေးပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ဝင်ငွေကို ကြည့်ရင် ၂၂ ရာခိုင်နှုန်းကွာဟနေပြီး အလုပ်အကိုင်အခွင့် အလမ်းကလည်း အမျိုးသားတွေထက် နည်းတယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသမီးတွေရဲ့ သုံးပုံတစ်ပုံဟာ အလုပ်လက်မဲ့ဖြစ်နေပြီး အမျိုးသားတွေထက် အလုပ်လက်မဲ့နှုန်း သိသိသာသာမြင့်မားနေတယ်လို့ UNDP ကဆိုပါတယ်။
လေးပုံတစ်ပုံနီးပါးကလည် အိမ်မှုကိစ္စတွေလုပ်ဖို့ ပညာရေးရပ်ဆိုင်းခဲ့ရသလို လုပ်ငန်းခွင်ဝင်ဖို့ အိမ် ထောင်ဖက်ရဲ့ တားဆီးတာ ခံနေရသူတွေလည်း အများအပြားရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
တစ်နိုင်ငံလုံးအနေအထားနဲ့ကြည့်ရင် လူငယ် ၂၅ ရာခိုင်နှုန်း တနည်းပြောရရင် လူငယ် ၄ သန်းဟာ အလုပ်အကိုင်မရှိကြပါဘူး။
ဒီထဲမှာ လူငယ်အမျိုးသားအလုပ်လက်မဲ့နှုန်းက ၁၅ ဒသမ ၇ ရာခိုင်နှုန်းရှိချိန်မှာ လူငယ်အမျိုးသမီး အလုပ်လက်မဲ့နှုန်းက ၃၃ ဒသမ ၇ ရာခိုင်နှုန်းအထိရှိနေတာပါ။
ကရင်နီ(ကယား) နဲ့ ရခိုင်ပြည်နယ်က လူငယ်အမျိုးသမီးထက်ဝက်ကျော်ဟာ အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့ အစီရင်ခံစာက တွေ့ရှိထားတာဖြစ်ပါတယ်။
ပညာမသင်ရ၊ အလုပ်အကိုင်မရှိ၊ သင်တန်းရယူနိုင်ခြင်းမရှိတဲ့ အခြေအနေကိုလည်း အမျိုးသမီးတွေဟာ ၃ ဒသမ ၅ ဆ ဖြစ်နိုင်ချေပိုနေပြီး မသန်စွမ်းသူတွေဟာ တခြားသူတွေထက် ၂ ဆပိုပြီး ရင်ဆိုင်ရနိုင်ချေရှိပါတယ်။
ကရင်နီပြည်နယ်မှာ အငတ်ဘေး ကြုံတွေ့လာနိုင်

ဓာတ်ပုံ ရင်းမြစ်, Jobs for Kayah
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်တပ်က ကရင်နီ(ကယား)ပြည်နယ်က လူထုရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ဝင်ငွေရပ်တန့်ပြီး စားဝတ်နေရေးစိန်ခေါ်ချက်တွေများလာကာ ရှေ့ဆက် အငတ်ဘေး ကြုံတွေ့လာနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRGက ဆိုပါ တယ်။
ဒီနှစ် သြဂုတ်နဲ့ စက်တင်ဘာလအတွက် ထုတ်ပြန်တဲ့ KnHRGရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ကရင်နီပြည်နယ်ထဲ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကြောင်းထိုးမှုတွေတိုးလာတဲ့အတွက် ဇူလိုင်နဲ့ သြဂုတ်အတွင်း ရွှေ့ပြောင်းရသူ ၂၀၀,၀၀၀ ဝန်းကျင်ရှိလာတယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းရသူတွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာလိုအပ်ချက်တွေလည်း မြင့်မားနေတာဖြစ်ပါတယ်။
"မိသားစုမှာ ထမင်းတစ်နပ်လျှော့စားရတာ ကြာပါပြီ" လို့ ကရင်နီစစ်ရှောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီက ကရင်နီပြည်နယ်ထဲကို ကုန်စည်စီးဆင်းရာ လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ထားပြီး တစ်ခုတည်းသာကျန်တဲ့ တောင်ငူဘက်ကလမ်းကိုလည်း မကြာခဏ ပိတ်ဆို့တာ လုပ်နေတာပါ။
ကရင်နီပြည်နယ်ထဲက စစ်ရှောင်အရေးနဲ့ ပညာရေးအတွက် ကူနေတဲ့ Jobs for Kayah အဖွဲ့ တာဝန်ခံ ကိုစိုင်းက "၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်က တစ်လကို စစ်ရှောင်စခန်း ၁၀ခုနဲ့အထက် ကူနိုင်ပေမဲ့ အခု စခန်း ၂ ခုလောက်ကူဖို့ အတော်ကြိုးစားရတယ်" လို့ ပြောပါတယ်။
စစ်ဘေးရှောင်ဦးရေတိုးလာတာ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာ၊ လယ်ယာမြေစိုက်ပျိုး ခွင့်မရတာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာတွေအတွက် ကောင်းတဲ့ပြောင်းလဲမှုအရွေ့မရှိရင် လာမယ့်နှစ် ငတ်မွတ် ခေါင်းပါးမှုတွေ ဖြစ်လာနိုင်တယ်လို့ သူက KnHRG လိုပဲ ကောက်ချက်ချပါတယ်။
မိုးရာသီမှာ ကရင်နီပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လစဥ်တက်နေကျ ကုန်ဈေးနှုန်းတွေလည်း ပိုပြီးမြင့်တက်လာနေတယ်လို့ ဒေသမှာနေထိုင်သူတချို့က ဘီဘီစီကိုပြောပါတယ်။
ကွတ်ခိုင်မှာ အသက် ၈ နှစ်အရွယ်ကလေးတစ်ဦး အဓမ္မပြုကျင့် အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
ကျောင်းအပြန်လမ်းမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှုတစ်ခု အောက်တိုဘာ ၂ ရက်တုန်းက ရှမ်းမြောက်၊ ကွတ်ခိုင်မြို့မှာ ဖြစ်ခဲ့တယ်လို့ မြို့ကိုထိန်းချုပ်ထားတဲ့ တအာင်းတပ် PSLF/TNLAက ဒီနေ့ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၄ ရက်ထုတ်ပြန်ချက်အရ ကလေးဟာ ကွတ်ခိုင်မြို့၊ ရပ်ကွက် ၈ ကနေ စာသင်ပြီးအပြန် ဂေါက်ကွင်းလမ်းတစ်နေရာအရောက်မှာ အဓမ္မပြုကျင့်ခံခဲ့ရတာပါ။
လည်ပင်းမှာ ဓားနဲ့ခုတ်ခံရတဲ့ ဒဏ်ရာကြောင့် သေဆုံးနေတဲ့ ကလေးရဲ့အလောင်းကို ဂေါက်ကွင်းအနီးက ချုံထဲမှာတွေ့ခဲ့တာလို့ TNLA ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
တရားခံကို မမိသေးဘဲ ရှာဖွေစုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီနှစ် ဧပြီ ၁၈ ရက်ကလည်း ရှမ်းမြောက်၊ နမ့်ဆန်မြို့နယ်က ရွာတစ်ခုမှာ အသက် ၅ နှစ်အောက် ကလေးကို အစ်ကိုဝမ်းကွဲက အဓမ္မပြုကျင့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်တုန်းက စစ်ကိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာရွာက အသက် ၁၁ နှစ်အရွယ်ကလေးကို PDF တပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့်ခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ ပုစွန်တောင်မြို့နယ်မှာ မိသားစုနဲ့ သိကျွမ်းနေသူ အမျိုးသားတစ်ဦးက အသက် ၄ နှစ်အရွယ်ကလေးတစ်ဦးကို အဓမ္မပြုကျင့်ပြီး ဗိုလ်တထောင် ၄၈ လမ်း ကားပါကင်အနီး လာပစ်သွားတဲ့ ဖြစ်စဥ်တစ်ခုလည်း စက်တင်ဘာ ၁၈ ရက်မှာ ဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး သားဖြစ်သူ တရုတ်ကိုအကူအညီတောင်း

ဓာတ်ပုံ ရင်းမြစ်, Kim Aris
စစ်တပ်က ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ အတွက် တရုတ်နိုင်ငံက အကူအညီပေးဖို့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်ကတောင်း ဆိုလိုက်ပါတယ်။
ကင်မ်က ဒီတောင်းဆိုချက်ကို ဖြေဆိုထားတဲ့ South China Morning Post သတင်းဌာနနဲ့ အင်တာဗျူးကို သူ့ ရဲ့လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာမှာ ပြန်လည်ဝေမျှရင်း ပြောလာတာပါ။
"ဒီနေ့ ကျွန်တော် မေမေလွတ်မြောက်စေဖို့ တရုတ်နိုင်ငံမှ အကူအညီပေးရန် တောင်းဆိုခဲ့ပါတယ်။ မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှုဟာ သင့်မြတ်ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေး အတွက် အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်"လို့ သူက ရေးသားထားပါတယ်။
တရုတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး ဖြစ်လာအောင် အကူအညီပေးနိုင်မယ့် အခြေအနေမှာ ရှိတယ်လို့ ကင်မ်က ပြောထားပါတယ်။ South China Morning Post သတင်းဌာနနဲ့အင်တာဗျူးမှာ ကင်မ်က တရုတ်သမ္မတရှီကျင့်ဖျင်ကို ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေးပြောဆိုဖို့၊ စစ်တပ်အပေါ်ပိုပြီးဖိအားပေးဖို့နဲ့ လွတ်မြောက် သင့်သူအားလုံး လွတ်မြောက်ဖို့အတွက် တောင်းဆိုထားပါတယ်။
သူ့မိခင်ထောင်ထဲမှာ သေဆုံးသွားမှာကို စိုးရိမ်တယ်လို့လည်း အင်တာဗျူးမှာ ဖြေထားတာပါ။ ကင်မ်ဟာ စက်တင်ဘာလထဲမှာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အောင်လအန်ဆန် ကစားသမားဘဝကို အနိုင်နဲ့နှုတ်ဆက်

ဓာတ်ပုံ ရင်းမြစ်, Screen Grab
မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ်ကို ဒီမနက်မှာ အနိုင်ထိုးပြီးကစားသမားဘဝကို နှုတ်ဆက်လိုက်ပါတယ်။
ဒုတိယအချီ ၂ မိနစ် ၂၀ မှာပဲ တရစပ်လက်သီးတွဲလုံးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးပွဲကိုအနိုင်ရဖို့ အောင်လက အကောင်းဆုံးပြင်ဆင်အားခဲထားခဲ့ပြီး ဆန္ဒတွေပြည့်ဝခဲ့တာဖြစ်ပါတယ်။
ဒီပွဲအနိုင်ရလို့ သူ့ကို One Championship က ဆုငွေ ဒေါ်လာ ၅၀, ၀၀၀ ကို ဘောနပ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့နောက်ဆုံးပွဲကို မြန်မာပြည်မှာ နှုတ်ဆက်ချင်တဲ့ ဆန္ဒကတော့မပြည့်ဝခဲ့ဘဲ တိုင်းပြည်အခြေအနေကြောင့် ထိုင်းနိုင်ငံဘန်ကောက်မှာပဲ မြန်မာပရိသတ်နဲ့ သူ့ပရိသတ်ကို နှုတ်ဆက်ခဲ့ရတာလို့ ဘီဘီစီကိုဖြေထားပါတယ်။
ပွဲမစခင်မှာ မိသားစုဝင်တွေ၊မိတ်ဆွေတွေ၊ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ အမှတ်တရပြောစကားတွေကို စုစည်းထားတဲ့ ရုပ်သံဖိုင်ကို One Championship က ထုတ်လွှင့်ခဲ့ပါတယ်။
ဒီပွဲမှာ အမှတ်တရအနေနဲ့ အောင်လရဲ့ ပွဲထွက်သီချင်းဖြစ်တဲ့ အမဲလိုက်အက သီချင်းကို အဆိုတော်လေးဖြူက ကြိုးဝိုင်းထဲအထိ ကိုယ်တိုင်လာရောက်သီဆိုခဲ့တာတွေ့ရပါတယ်။
အောင်လအန်ဆန်က One Championship ကစားသမားဘဝ မှာ ပွဲ ၂၀ ကစားပြီး ၁၅ ပွဲအထိအနိုင်ရခဲ့ပါတယ်။
သူ့ရဲ့ ချုပ်ကွက်ကနာမည်ကြီးပြီး မြန်မာ့စပါးအုံးလို့ တင်စားခံခဲ့ရပါတယ်။
ကချင်တိုင်းရင်းသား ဖိုက်တာ အောင်လဟာ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရခဲ့သူဖြစ်ပြီး MMA သိုင်းပေါင်းစုံ အားကစားကို မြန်မာပြည်မှာ လူကြိုက်များအောင်လုပ်နိုင်ခဲ့သူဖြစ်ပါတယ်။
သီပေါအနီး လေကြောင်းဗုံးကြဲခံရ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
ရှမ်းမြောက်၊ သီပေါမြို့နယ်ထဲကို စစ်တပ်က အောက်တိုဘာ ၄ ရက် မနက် ၇ နာရီ ၄၉ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးထပ်ကြဲသွားတယ်လို့ တအာင်းတပ် PSLF/TNLAက ထုတ်ပြန်ပါ တယ်။
သီပေါမြို့ပေါ်နဲ့ ၄ မိုင်ဝန်းကျင်အကွာက မန်ဟဲကျေးရွာအုပ်စုက ဂေ်ဒန်ရွာနဲ့ နမ့်ဟူးနွဲ့ရွာ အကြားကို ပစ်သွားတာလို့ သီပေါမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"ဗုံးကြဲပြီး ကင်းထောက်လေယာဥ်ထပ်ဝဲနေလို့ အပြင်ထွက်မကြည့်ရဲသေးဘူး။ ကင်းထောက်ဝဲနေ တာ ၂ ခါရှိပြီ" လို့ သီပေါမြို့ခံကပြောပါတယ်။
ဒီတစ်ကြိမ်နဲ့ဆို သီပေါမြို့နယ်ထဲကို အောက်တိုဘာလ လဆန်းအတွင်း ဒုတိယအကြိမ်လေကြောင်း ဗုံးကြဲခံရတာဖြစ်ပါတယ်။
အောက်တိုဘာ ၂ ရက် ညပိုင်းကလည်း သီပေါမြို့နယ်၊ စံဖိတ်ရွာက ကုမုဒြာဟိုတယ်ကို လေကြောင်းဗုံးကြဲတာကြောင့် ဟိုတယ်ပျက်စီးခဲ့ပါတယ်။
စစ်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းတပ်သိမ်းထားတဲ့ နောင်ချိုနဲ့ ကျောက်မဲကို သိမ်းအပြီး သီပေါနဲ့ နမ္မတူမြို့နယ်တွေဘက်ကို လေကြောင်းဖိအားပေးလာနေပါတယ်။
အောက်တိုဘာ ၂ ရက်မနက်ပိုင်းမှာ စစ်တပ်ဟာ နမ္မတူမြို့က လူနေအိမ်တွေပေါ်ကို ပေါင် ၅၀၀ ဗုံး ကြဲချတာကြောင့် ကျောက်မဲစစ်ရှောင်တွေအပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
ရွေးကောက်ပွဲဥပဒေနဲ့ အဖမ်းခံရသူ ၆၀ ကျော်လာ

ဓာတ်ပုံ ရင်းမြစ်, MOI
စစ်ခေါင်းဆောင် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တဲ့ "ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ"နဲ့ အရေးယူထားတဲ့အမှု ၂၄ မှုမှာ ဖမ်းဆီး ထားသူ ၆၄ ဦးရှိလာပါပြီ။
စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မနေ့က နေပြည်တော်မှာ လုပ်တဲ့ ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာပါ။
စက်တင်ဘာလဆန်းမှာ ဒီဥပဒေနဲ့ အရေးယူထားတဲ့ အမှု ၃ မှုပဲရှိရာကနေ အမှုအရေအတွက် ၈ ဆတိုးလာတာပါ။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေမှာ အမှုနဲ့ ဖမ်းဆီးခံရသူအရေအတွက် ထုတ်ပြန်ပေမဲ့ ဖမ်းဆီး ရခြင်းအကြောင်းအရင်းကိုတော့ ထည့်သွင်းဖော်ပြတာမရှိပါဘူး။
ဘီဘီစီက စုံစမ်းခဲ့တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူတချို့မှာ စက်တင်ဘာ ၁၄ ရက်က လွိုင်ကော်မှာ ဖမ်းခံရတဲ့ အသက်မပြည့်သေးသူ ဆယ်ကျော်သက်ကလေး ၃ ဦးအပါအဝင် လူငယ် ၅ ဦးဟာ ရောင်နီ သီချင်းဆိုလို့ အဖမ်းခံရတာလို့ မြို့ခံတချို့ကဆိုပါတယ်။
စက်တင်ဘာ တတိယပတ်အထိ စစ်ကော်မရှင်က ထုတ်ပြန်တဲ့ဖမ်းဆီးမှုတွေမှာ အားလုံးကို ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်တဲ့ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
စစ်ကော်မရှင်က ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲကာကွယ်ပေးရေး ဥပဒေရဲ့ ပုဒ်မ ၁၆ မှာ ရွေးကောက်ပွဲပျက်ပြားအောင် ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ ဒါမှမဟုတ် စာရေးသားဖြန့်ချိတာ မပြုရလို့ တားမြစ်ထားပါတယ်။
ဒီပုဒ်မနဲ့ တရားစွဲခံရပြီး ပထမဆုံးပြစ်ဒဏ်ချခံရတဲ့ တောင်ကြီးမြို့နယ်၊အေးသာယာမြို့က အမျိုးသားကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ထားပါတယ်။
တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ ဒီဥပဒေမျိုး အရင်ရွေးကောက်ပွဲတွေမှာ ပြဋ္ဌာန်းခဲ့တာမရှိဘဲ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(က) က ပေးထားတဲ့ နိုင်ငံသားအခွင့်အရေးကိုတောင် ပိတ်ပင်ထားတာတွေ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။








