သြဂုတ်လ ၉ ရက်ထိပ်တန်းသတင်းများ - မြစ်ဆုံရပ်ခဲ့လို့ မီးမှန်မှန်မပေးနိုင်တာလို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ရှိနေသေးတာက မြစ်ဆုံစီမံကိန်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်ခဲ့ရတဲ့ စီမံကိန်းတွေကြောင့် လို့ စစ်ကောင်စီဥက္ကဋ္ဌ က မနေ့က သူ့ရဲ့ဝန်ကြီးအဖွဲ့တွေနဲ့ တွေ့ဆုံပွဲမှာပြောခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ စစ်ကောင်စီ အရာရှိတချို့က ပြောပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီးတွေ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရပြီး အဲဒီစီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ခဲ့ရင် လက်ရှိအချိန်မှာလျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့တဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာလည်း ဖော်ပြကြပါတယ်။
အဲဒီဖော်ပြချက်တွေမှာ ‘မြစ်ဆုံ’ လို့ မဖော်ပြခဲ့ပေမဲ့ အစည်းအဝေးတက်ရောက်ခဲ့သူတချို့ ဘီဘီစီကို အတည်ပြုချက်အရ သြဂုတ် ၈ ရက် အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ‘မြစ်ဆုံစီမံကိန်း’ ကို ဥပမာပေးခဲ့တယ်လို့ ဆိုပါတယ်။
KIO အပါအဝင် ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုပါ သွားရောက်ဆွေးနွေးခဲ့ပေမဲ့ သဘောမတူခဲ့လို့ ရပ်တန့်ခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး က ပြောတဲ့အကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
ဒါပေမဲ့ မြစ်ဆုံစီမံကိန်းပြန်စ ဖို့ ရှိ ၊ မရှိ ကိုတော့ အဲဒီအစည်းအဝေးမှာ ပြောမသွားဘူး လို့ ဘီဘီစီ က စုံစမ်းသိရှိရပါတယ်။
‘’မြစ်ဆုံသာ မရပ်ခဲ့ရင် အခုလောက်ဆို လျှပ်စစ်ဓာတ်အားက ၉၀ ရာခိုင်နှုန်းလောက်ပေးနိုင်နေပြီလို့ သူက ပြောသေးတယ်’’ လို့ အဲဒီပုဂ္ဂိုလ်က ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာ လျှပ်စစ်ဓာတ်အားက နိုင်ငံ လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုတောင် မဖြည့်ဆည်းပေးနိုင်ဘူး လို့ စစ်ခေါင်းဆောင်က ပြောခဲ့တဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြပါတယ်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်က စစ်ကောင်စီအတွက် စိန်ခေါ်မှုဖြစ်နေပြီး လတ်တလောဆောင်ရွက်နိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နဲ့ လေအားလျှပ်စစ်ထုတ်လုပ်မှု တွေကို လုပ်နေတာကိုလည်း ပြောခဲ့တယ်လို့ သိရပါတယ်။
ခင်ဦး၊ ရွာသန်းကျေးရွာထဲ စစ်ကြောင်းဝင် မီးရှို့လို့ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်းမှန်ပြန်ကြားရေး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦး မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဒေသခံ ၁ သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကပြောပါတယ်။
ရွှေဘိုနယ်ထဲက စစ်ကောင်စီအင်အား ၁၀၀ ကျော်ဟာ ဒီကနေ့ သြဂုတ် ၉ ရက် က ခင်ဦးနယ် တောင်ခြမ်း ရွာသန်းကျေးရွာအတွင်း စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး၊လက်နက်ငယ် တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ရွာအတွင်း ၂ နေရာခွဲပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းရှိနေလို့ ရွာသန်းကျေးရွာ အပါအဝင် ရေအေးကုန်း၊ ကျီးကန်၊ ပန်းတွင်း၊ လက်ပံလှ စတဲ့ကျေးရွာတွေက ဒေသခံထောင်ချီထွက်ပြေးနေကြရပြီး ခင်ဦးနယ် အင်းပတ်ကွေ့က စစ်ကောင်စီတပ်က အင်းပတ်ကျေးရွာအတွင်း ဝင်ရောက်လို့ အင်းပတ်ကျေးရွာအပါအဝင် မြကန်၊ချမ်းသာကုန်းစတဲ့ ကျေးရွာတွေက ဒေသခံထောင်ချီလည်း ထွက်ပြေးနေကြရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အင်းပတ်ကျေးရွာ အရှေ့တောင် မရမ်းအင်းရွာက ဒေသခံ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၂ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးနယ်တော်လှန်ရေးအထူးအင်အားစုတပ်ဖွဲ့ - KSO ကထုတ်ပြန်ပါတယ်။
ခင်ဦးနယ်တော်လှန်ရေးအထူးအင်အားစုတပ်ဖွဲ့ ရဲ့ ဒီကနေ့ မနက်ထုတ်ပြန်ချက်အရ အင်းပတ်ကျေးရွာအတွင်း ဝင်ရောက်ဖို့ကြိုးစားတဲ့ စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းတပ် ကို မိုင်းထောင်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးထိခိုက်တာရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဦးဟင်နရီဗန်ထီးယူကို NLD ထုတ်ပယ်

ဓာတ်ပုံ ရင်းမြစ်, MUN
စစ်ကောင်စီကကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။
ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတအဖြစ် ယုံကြည်စွာတာဝန်ပေးခဲ့ပေမဲ့ ဇူလိုင် ၃၁ ရက် ကာလုံအစည်းအဝေးတက်ရောက်ခဲ့ခြင်းကို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုလို့ သတ်မှတ်ပြီး NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သြဂုတ်လ ၈ ရက်မှာ ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးခေါ်ယူပြီး အခုလို ဆုံးဖြတ်တာလို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို ၅ ကြိမ် ခေါ်ယူခဲ့ပေမဲ့ ဦးဟင်နရီဗန်ထီးယူက ကျန်းမာရေးအကြောင်းပြချက် နဲ့ ၄ ကြိမ်အထိ မတက်ရောက်ခဲ့ပါဘူး။
နောက်ဆုံးကျင်းပတဲ့ ဇူလိုင် ၃၁ ရက် ကာလုံအစည်းအဝေးတက်ရောက်ခဲ့ပြီးနောက် ပါတီကနေ အထုတ်ခံရတာ ဖြစ်ပါတယ်။
စစ်တပ်အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူကို ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ NLD က ဒုတိယသမ္မတအဖြစ် အံ့သြသင့်ဖွယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလည်း NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းအပါအဝင် ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ကို NLD ဗဟိုအလုပ်ကော်မတီ က ထုတ်ပယ်ခဲ့ပါသေးတယ်။
ဘားအံ-မြဝတီသွား လမ်းပိုင်း ၃ ခုလုံး မိုးများလို့ ပျက်စီးပိတ်ဆို့နေ

ဓာတ်ပုံ ရင်းမြစ်, စိုင်းလူမုန်း
ကရင်ပြည်နယ် ကို ဖြတ်ရတဲ့ မြဝတီကုန်သွယ်ရေးလမ်းအားလုံး မိုးများပြီးပြတ်တောက်ပျက်စီးနေတာကြောင့် မြဝတီဘက် အသွား - အပြန် ယာဥ်တွေ သတိထားအသွားအလာလုပ်ဖို့ ဒေသခံတွေပြောပါတယ်။
မြေပြင်အခြေအနေသိရှိသူဒေသခံအချို့နဲ့ ကုန်သည်အချို့ ရဲ့ အပြောအရ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး မှာလည်း သြဂုတ် ၇ ရက်က တောင်ကျရေကြောင့် အပိုင်းလိုက်ပြတ်တောက်သွားတဲ့လမ်းမကြီးအပြင် အပိုင်းအများစု ပျက်စီးနေလို့ သွားလို့မရတော့တဲ့အထိဖြစ်နေတာပါ။
ဒေါနတောင်ကျော်လမ်းလို့ သိကြတဲ့ မြဝတီ - ဘားအံ ကို သွားရောက်နိုင်တဲ့ ထို့ကော်ကိုး - နဘူးလမ်းပိုင်းမှာလည်း တောင်ကျရေတွေထိုးဆင်းလာပြီး လမ်းပျက်စီးနေလို့ သွားလာလို့ မရသလောက်ဖြစ်နေတယ်လို့ ထို့ကော်ကိုး ဒေသခံတစ်ဦးက ပြောပြပါတယ်။
'' ကားအမြင့် 4 Wheels လို ကားကလွဲရင် ကျန်တဲ့ ကုန်ကား၊ အိမ်စီးကားသေးသေးလေး နဲ့ တခြားဘာကားမှသွားမရဘူး။ လမ်းပေါ်မှာ ရေအပြည့် တချို့နေရာတွေ ကတံတားချဥ်းကပ်လမ်းကပြတ်ထွက်သွားတာ။ ထို့ကော်ကိုး လမ်းကို မလာကြတာကောင်းတယ်'' လို့ ဒေသခံတစ်ဦးက အသိပေးပြောပြပါတယ်။
ဒါ့အပြင် လမ်းဟောင်းလို့ အများသိကြတဲ့ ကော့ကရိတ် - မြဝတီဒေါနတောင် လမ်းဟောင်းပိုင်း မှာတော့ အသုံးမပြုမှုကြာမြင့်နေတာကြောင့် လမ်းတွေရေကျော်ပျက်စီးထားသလို စစ်ကောင်စီ နဲ့ တော်လှန်ရေးအင်အားစုတွေ ခြေကုပ်ယူထားကြတာရှိလို့ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေလို့ ပြောပါတယ်။
'' လမ်းဟောင်းကတော့ အာဏာပိုင်တွေက အခုပေးသွားတယ်။ ဒါပေမဲ့ ၁၀ ပေ ကားအရွယ်အစားပဲ ခွင့်ပြုတယ်။ ကုန်ကားကြီးတွေနဲ့ ခရီးသည်တင် လေအိတ်ကားကြီးတွေလုံးဝသွားလို့မရဘူး။ ခွင့်လည်းမပြုဘူး။ ပြီးတော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ဆိုတော့ လုံခြုံရေးလည်းစိုးရိမ်ရတယ်။ လမ်းကလည်း အသုံးမပြုတာကြာတော့ လမ်းမကျွမ်းကြတာ၊ မိုးများလို့လည်း အဲဒီလမ်းလည်း လမ်းမကောင်းတော့ ထိန်းသုံးရတဲ့ အခြေအနေဖြစ်တယ် '' လို့ လမ်းဟောင်းအခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
ဒီလို သဘာဝဘေးကြောင့် ကရင်ဒေသကိုဖြတ်တဲ့ ဘားအံ - ကော့ကရိတ် - မြဝတီ ကိုသွားနိုင်တဲ့ လမ်းကြောင်း ၃ ကြောင်းလုံး သွားလာရေးခက်ခဲနေချိန်မှာပဲ မြဝတီလက်ခတ်တောင်၊ ကော့ကရိတ် ကော့နွဲ ကျေးရွာ၊ ကြောင်လျှာကုန်းကျေးရွာ၊ ခနိမ်းမူ ရပ်ကွက်တွေဘက်မှာ
စစ်ကောင်စီတပ် နဲ့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြနေပါတယ်။
လက်ရှိမှာတော့ မြဝတီမှာလည်းရေကြီးရေလျှံဖြစ်နေလို့ ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုထက်မနည်းဖွင့်ထားရပြီး အခုလို လမ်းပျက်တာနဲ့ ရေကြီးတာတွေကြောင့် ထိုင်းကုန်စည်တွေကို အဓိကထားသုံးနေရသလို မြန်မာကုန်စည်တချို့ကတော့ အသွားအလာခက်ခဲတာနဲ့ လမ်းပိုင်းအလိုက် တပ်အသီးသီးက အခွန်ကောက်လို့ ကုန်စျေးနှုန်း မြင့်တက်လာတယ်လို့ မြဝတီအခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
မြန်မာမှာ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်လို့ ကုလစုံစမ်းရေးအဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်တပ်အပြင် စစ်တပ်နဲ့ဆက်စပ်တဲ့အဖွဲ့တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာတဲ့သက်သေတွေကို ရရှိထားတယ်ဆိုပြီး ကုလသမဂ္ဂ အချက်အလက်စုဆောင်းရေးအဖွဲ့(IIMM)က ပြောလာပါတယ်။
အဲဒီထဲမှာ လေကြောင်းဗုံးကြဲမှုကနေ အရပ်သားတွေကို တိုက်ခိုက်တာ၊ အရပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အရပ်သားတွေရဲ့နေအိမ်နဲ့ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိမီးရှို့တာကြောင့် အချို့ဖြစ်ရပ်တွေမှာ ရွာလုံးကျွတ် မီးထဲပါသွားခဲ့တယ်လို့ IIMM က ထုတ်ပြန်ပြောဆိုပါတယ်။
မြန်မာပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုမြောက်တဲ့အဆိုးရွားဆုံးဖြစ်ရပ်တွေကို စုံစမ်းခဲ့ရာမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မျက်မြင်သက်သေပေါင်း ၂၀၀ ကျော်၊ ဓာတ်ပုံနဲ့ စာရွက်စာတမ်း၊ မြေပုံ၊ လူမှုကွန်ရက်ပို့စ်တွေနဲ့ ဆေးမှုခင်းဆိုင်ရာသက်သေတွေအပါအဝင် သတင်းရင်းမြစ်ပေါင်း ၇၀၀ ကျော်ကို စုစည်းလေ့လာခဲ့တာဖြစ်ပါတယ်။
စစ်တပ်လက်အောက်ခံအဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးဖို့နဲ့ ဟန့်တားဖို့ ကိစ္စဟာ မြန်မာစစ်ဗိုလ်ချုပ်တွေ ပြုလုပ်ရမှာဖြစ်ပြီး အဲဒီလိုလုပ်ဖို့ ပျက်ကွက်တာဟာ နိုင်ငံတကာဥပဒေအောက်မှာ ရာဇဝတ်ကြောင်းအရ အရေးယူခံရဖို့ ဖြစ်လာနိုင်တဲ့အကြောင်းကိုလည်း IIMM ခေါင်းဆောင်က ထောက်ပြပါတယ်။
''ဒီလိုရာဇဝတ်မှုတွေ ထပ်ချည်းတလဲလဲ ဖြစ်နေတာကို လျစ်လျူရှုနေတာက အဆင့်မြင့်အရာရှိကြီးတွေဟာ ဒီရာဇဝတ်မှုတွေဖြစ်အောင် လွှတ်ထားတယ်လို့ ရည်ညွှန်းရာရောက်ပါတယ်'' လို့လည်း IIMM ခေါင်းဆောင်က သြဂုတ်လ ၈ ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
အခုတော့ ဒီသက်သေတွေကို စုစည်းပြီး ဒီလုပ်ရပ်တွေမှာ တာဝန်ရှိသူတဲ့လူပုဂ္ဂိုလ်တွေကို တာဝန်ခံမှုရှိလာအောင် တရားရုံးတွေမှာ အသုံးပြုနိုင်အောင် အမှုတွဲတွေ တည်ဆောက်နေပြီလို့လည်း သူက ပြောပါတယ်။








