ဖေဖော်ဝါရီ ၁၄ ရက်ထိပ်တန်းသတင်းများ- စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းကြီးရွာမှာ သေဆုံးရုပ်အလောင်း ၆ လောင်းတွေ့ရှိတယ်လို့ ဒေသခံတွေပြော
ချစ်သူများနေ့ ဝါရှောင်အပန်းဖြေစခန်းလာရောက်သူ လူငယ်တချို့ KIA က လူသစ်စုဆောင်းရန် ခေါ်ဆောင်သွား

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
လူငယ်တွေပြန်လွတ်ရေး ဝါရှောင်ဆရာတော်ညှိနှိုင်း
ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာမှာရှိတဲ့ ဝါရှောင်အပန်းဖြေစခန်းကို လာရောက်သူ လူငယ် ၂၀ ဦးကို ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေက လူသစ်စုဆောင်းရန် ခေါ်ဆောင်သွားပြီး အဲဒီထဲက လူငယ် ၁၃ ဦးကို ဒီညနေပိုင်းမှာ ပြန်လွှတ်ပေးဖို့ဆွေးနွေးထားတယ်လို့ လူငယ်တွေပြန်လွတ်ရေး အကူအညီပေးနေတဲ့ ဝါရှောင်ဆရာတော်က ဘီဘီစီကိုမိန့်ပါတယ်။
“သူတို့(KIA)အဖွဲ့က စုဆောင်းရေးလုပ်တဲ့အချိန်နဲ့တိုးပြီး လူငယ်တချို့ ဖမ်းခံရတာပါ။ ဆရာတော်တို့ ဒီဒေသမှာက ရှမ်းရောကချင်ရောရှိပါတယ်။ သူတို့အဖွဲ့ကလည်း လူမျိုးမတူရင် ၊ အရွယ်မရောက်ရင် မခေါ်ပါဘူး။ အခုက ရှမ်းကလေးတွေ ပါသွားတော့ ဆရာတော့်ဆီ ဆက်သွယ်ပြီးအကူအညီတောင်းလို့ ဆရာတော်က ဆက်သွယ်ပြီးပြန်လွှတ်ပေးဖို့ပြောလို့ ရှမ်းကလေး ၁၃ ယောက်လုံးကို သူတို့ပြန်လွှတ်ပေးလိုက်ပြီလို့ သိရတယ်။ တခြား လူငယ် ၇ဦး အကြောင်းတော့ ဆရာတော်လည်းသေချာမသိရသေးပါဘူး” လို့ ဝါရှောင်ဆရာတော်က ဘီဘီစီကိုမိန့်ပါတယ်။
လက်ရှိမှာ KIA တပ်ရင်း ၃ က တာဝန်ရှိသူတွေနဲ့ လူငယ်တွေပြန်လွှတ်ပေးရေး ညှိနှိုင်းနေတာဖြစ်ပြီး လက်ရှိမှာ ရှမ်းလူငယ် ၁၃ ဦးကိုတော့ပြန်လွှတ်ပေးမယ်လို့ ကတိကဝတ်ရရှိထားကာ စခန်းမှာ လူငယ်တွေကို သြဝါဒပေးနေတယ်လို့လည်းဆရာတော်ထံကတစ်ဆင့်သိရပါတယ်။
ဒီဒေသမှာ စစ်ကောင်စီတပ်တွေရော KIA တပ်တွေပါ နှစ်ဖက်တပ်တွေရှိတဲ့ဒေသဖြစ်ပြီး အပန်းဖြေစခန်းဟာ ဝါရှောင်ကျေးရွာအနီး ဝါရှောင်ဆည်နဲ့ကပ်လျက်တည်ရှိတာဖြစ်ပါတယ်။
ဒီအပန်းဖြစခန်းမှာ အခါကြီးရက်ကြီးတွေနဲ့ အပတ်စဥ် တနင်္ဂနွေနေ့တွေတိုင်း အပန်းဖြေလာရောက်သူတွေနဲ့စည်ကားလေ့ရှိပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ
KIA စစ်ကြောင်းကလှည့်လည်လာချိန်နဲ့တိုးပြီးခုလိုဖမ်းဆီးခံရတာဖြစ်တယ်လို့သိရသလို အဖမ်းခံရသူတွေထဲ အမျိုးသမီးတချို့လည်းပါဝင်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူထံဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့အဆက်အသွယ်မရသေးပါဘူး။
ဝါရှောင်ဒေသမှာ ရှမ်းနဲ့ကချင်တိုင်းရင်းသားတွေ နေထိုင်မှုများပြားပြီး ရှမ်းလူငယ်တွေ ခုလို လူသစ်စုဆောင်းခံရရင် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG နဲ့ ဝါရှောင်ဆရာတော်တို့ ဆွေးနွေးထားချက်တွေအရ ဆရာတော်က အမြဲလိုလိုဝင်ရောက်ကူညီပေးလေ့ရှိတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းကြီးရွာမှာ သေဆုံးရုပ်အလောင်း ၆ လောင်းတွေ့ရှိတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီကနေ့မနက် ဟင်္သာရွာမီးရှို့ခံရတယ်လို့ဆို
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ရွှေလီမြစ်အနောက်ဘက်ကမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်မနက်ပိုင်းမှာတော့ ဟင်္သာရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
နေ့လယ်ပိုင်းမှာတော့ အဲဒီကျေးရွာထဲကနေ ပြန်လည်ထွက်ခွာသွားပြီလို့ ဆိုပါတယ်။
ဒါကြောင့် ဒီရက်ပိုင်းအတွင်း မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေထဲကို မြေပြင်မှာကျန်ရှိနေသေးတဲ့ ကသာဒေသခံတချို့ ပြန်လည်ဝင်ရောက်ကြည့်ချိန်မှာတော့ အင်းကြီးကျေးရွာထဲကနေ သေဆုံး ရုပ်အလောင်း ၆ လောင်းတွေ့ရှိထားတယ်လို့မြေပြင်အခြေအနေသိရှိသူတွေကနေသိရပါတယ်။
"ရွာထဲမှာ အလောင်း ၆ လောင်းတွေ့တယ်။ သင်္ဂြိုဟ်ဖို့လုပ်နေတယ်လို့ သိထားရတယ်။ ဒေသခံ အကုန်လုံးတော့ ပြန်မလာနိုင်သေးပါဘူး။ ရှမ်းပြည်မြောက်ပိုင်း မဘိမ်းဘက်က ရွာတွေထဲရော ကသာထဲက တခြားရွာတွေမှာပါ စစ်ရှောင်နေကြရတယ်" လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး စစ်ကြောင်းထိုးတာကြောင့် မယ်ငို၊ သဖန်းကိုင်း၊ တက်တူလယ်၊ ဘုရားတောင်၊ အင်းကြီး စတဲ့ ကျေးရွာ ၅ ရွာ မီးရှို့ခံခဲ့ရပြီး ရွာသား ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။
အဲဒီထဲက စစ်ရှောင် ၃၀၀ ကျော်ဟာ မြစ်အရှေ့ဘက်ကမ်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်ရဲ့ ကျေးရွာတွေဘက်မှာ စစ်တိမ်းရှောင်နေကြရပြီး ဒေသခံအချင်းချင်းကူညီစောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။
ဗကသကျောင်းသားဟောင်း ကိုဂျိမ်းစ်ကို ထောင်ဒဏ် ၅ နှစ် ထပ်မံအမိန့်ချ

ဓာတ်ပုံ ရင်းမြစ်, AFP
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ်(ခ)ကိုလင်းထက်နိုင်ကို အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၅၂ (ခ) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကနေ သိရပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ဗိုလ်တထောင်ခရိုင်တရားရုံးကနေ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
"စွဲချက်တင်ဖို့အမိန့်မချခင်က ၅၀ (ည) နဲ့ တရားစွဲလာပြီး စွဲချက်အမိန့်ချတော့ ၅၂ (ခ) နဲ့ စွဲချက်တင်သင့်တယ်လို့ တရားရုံးကဆုံးဖြတ်လိုက်တာပါ" လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ရက်နေ့ကလည်း ပုဒ်မ ၅၀၅ - က နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ထားပြီးဖြစ်တာကြောင့် စုစုပေါင်းထောင်ဒဏ် ၈နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။
ကိုဂျိမ်းစ်ရဲ့မိခင်ဖြစ်သူဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်၊ အင်းစိန်ထောင်ရှေ့ ဗုံးပေါက်ကွဲမှာမှု ထောင်ဝင်စာလာပို့ရင်း သေဆုံးခဲ့ရပြီး မိခင်ဖြစ်သူနာရေးလိုက်ပါ ပို့ဆောင်ခွင့်ရဖို့ တောင်းဆိုရာမှာလည်း အကျဉ်းထောင်တာဝန်ရှိသူတွေက ပယ်ချခဲ့ပါတယ်။
ကိုဂျိမ်းစ်ဟာ ၂၀၂၂ခုနှစ်၊ ဇွန်လမှာ ဗိုလ်တထောင်မြို့နယ်က စားသောက်ဆိုင်တစ်ဆိုင်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံခဲ့ရတာဖြစ်ပါတယ်။
သူဟာဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ ပါ၀င်လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ပံတန်းပညာရေးသပိတ်မှာ ထင်ရှားခဲ့သူ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ခင်ပွန်းလည်းဖြစ်ပါတယ်။
ရနောင်းမှာ မြန်မာ ၂၀ ကျော်ပါတဲ့ စက်လှေကို ထိုင်းစစ်တပ်ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၃ ဦး လိုက်ပါလာတဲ့ စက်လှေကို ထိုင်းစစ်တပ်က ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ချန်ဖွန်ခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သွားရောက်အလုပ်လုပ်မယ့်သူတွေ ဖြစ်ပြီး မသင်္ကာဖွယ်ပုံပေါ်တာကြောင့် စက်လှေကို ထိုင်းစစ်တပ်က ကင်းလှည့်စစ်ဆေးရာကနေ ဖမ်းမိ ခဲ့တာဖြစ်ပါတယ်။
လှေပေါ်မှာ လိုက်ပါလာသူတွေအားလုံးဟာ ဘုတ်ပြင်းဒေသခံတွေဖြစ်ပြီး အလုပ်ရဖို့ တစ်ယောက်ကို ထိုင်းဘတ် တစ်သောင်းရှစ်ထောင်ဆီ ပွဲစားကို မြန်မာမှာကတည်းက ပေးခဲ့ကြပြီးပြီလို့ သိရပါတယ်။
အဲဒီစက်လှေကို ဆာရာနီကျွန်းမှာ စခန်းချနေတဲ့ ထိုင်းစစ်တပ်က အမှတ် ၂၅ ခြေလျင်တပ်ကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုတော့ စစ်ဆေးမေးမြန်းတာတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်နေတဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လာမယ့်မေလအထိ ဆက်နေထိုင်ခွင့်ပြုမယ်

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy in Bangkok
သက်တမ်းကုန်နေတဲ့အလုပ်သမားတွေအတွက် ခိုင်မာတဲ့မူဝါဒချမှတ်ဖို့ ထိုင်းရောက်မြန်မာအရေးဆောင်ရွက်နေသူတွေပြော
အခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်သူတွေကို လာမယ့် မေလ ၁၅ ရက်နေ့အထိ ဆက်နေထိုင်ခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ ဘန်ကောက် မြန်မာသံရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီးတဲ့နောက် ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေသူတွေ PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအတွက် အခုလိုဆက်နေထိုင်ခွင့် အတည်ပြုခဲ့တာလို့ ဆိုပါတယ်။ အလုပ်လုပ်ကိုင်ခွင့်အသစ်ရဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဖေဖော်ဝါရီ ၁၃ရက်ကနေ မေလ ၁၅ရက်အထိ လျှောက်ထားနိုင်ပြီး သတ်မှတ်ချက်ပြည့်စုံသူတွေကို ၁၃.၂.၂၀၂၄ ဒါမှမဟုတ် ၁၃.၂.၂၀၂၅ အထိ အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့် ခွင့်ပြုပေးမယ်လို့ မြန်မာသံရုံးဘက်က ပြောပါတယ်။
အခုနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ မူဝါဒအသစ်အရလည်း သက်တမ်းကုန်နေတဲ့အလုပ်သမားတွေဟာ နေရပ်ပြန်ပြီး စာချုပ်အသစ်ပြန်ချုပ်ကာ အလုပ်ပြန်လုပ်ကိုင်ရမယ်ဆိုတာကြောင့် အလုပ်သမားတွေမှာ အခက်အခဲကြုံနေရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကနေ သိရပါတယ်။
"တချို့စက်ရုံတွေမှာဆိုရင် အလုပ်သမားတွေကို ပြန်လွှတ်နေပြီ။ အလုပ်သမားတွေကလည်း ပြည်တွင်းမှာ အိမ်မရှိတော့သူတွေ ပြန်ဖို့အဆင်မပြေသူတွေက များတယ်။ သံရုံးအနေနဲ့ လပိုင်း ဆက်နေထိုင်ခွင့်ပေးတဲ့ ရေတိုဖြေရှင်းနည်းအစား ခိုင်မာတိကျတဲ့ မူဝါဒသတ်မှတ်နိုင် အောင် လုပ်ပေးဖို့ လိုအပ်နေပါတယ်။ မဟုတ်ရင် တရားဝင်လုပ်သားကနေ တရားမဝင် အလုပ်သမားတွေဖြစ်လာပါလိမ့်မယ်" လို့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRM ရဲ့ အကြံပေးအရာရှိ ဦးအောင်ကျော်က ပြောပါတယ်။
နှစ်နိုင်ငံသဘောတူညီချက် MOU စနစ်နဲ့ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက အရေအတွက်သိန်းနဲ့ချီဟာ ပက်စပို့သက်တမ်းကုန်နေကြတာကြောင့် အလုပ်လုပ်ကိုင်ခွင့် Work Permit လျှောက်ထားလို့မရတဲ့အခြေအနေကို ကြုံနေရပါတယ်။
မြန်မာကအွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကနေ ဖိလစ်ပိုင်နိုင်ငံသား ၈ ဦးကို ကယ်တင်

ဓာတ်ပုံ ရင်းမြစ်, DFA
မြန်မာနိုင်ငံကို လူကုန်ကူးခံရပြီး ငွေကြေးလိမ်လည်တာတွေလုပ်ဖို့ ဖိအားပေးခိုင်းစေခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၈ ဦး ကို ပြန်လည်ကယ်တင်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ ဖေဖော်ဝါရီ ၁၃ ရက် တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ၈ ဦးထဲက အမျိုးသား ၄ ဦးဟာ ဒူဘိုင်းကနေ စားသုံးသူကူညီရေးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ဆိုပြီး အွန်လိုင်းပေါ်ကတဆင့် စုဆောင်းခံရတာပါ။ထိုင်းနိုင်ငံကို ပို့မယ့်အစား မြန်မာနိုင်ငံကို အပို့ခံရပြီး အွန်လိုင်းငွေကြေး (cryptocurrency ) လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ဖိအားပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အမျိုးသမီး ၄ ဦးကတော့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်ချိန် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ လိမ်လည်ခံရတဲ့ ဖိလစ်ပိုင် နိုင်ငံသား ၈ ဦး နေရပ်ကို ပြန်လည်ရောက်ရှိပြီ ဖြစ်ပါတယ်။ဖိလစ်ပိုင်အာဏာပိုင်တွေဘက်ကလည်း ထိုင်း - မြန်မာချစ်ကြည်ရေးတံတားဟာ နှစ်နိုင်ငံက နိုင်ငံသားတွေအတွက်သာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသားတွေအတွက် တရားမဝင်လမ်းကြောင်းတွေဖြစ်တာကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်တွေကနေ သာ တရားဝင် ဝင်ရောက်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားမှာရှိတဲ့ လူကုန်ကူးတာတွေဟာ မြန်မာနိုင်ငံဘက်ကိုပြောင်းရွှေ့လာတာကြောင့် အလေးထားကြဖို့ The Dipomat သတင်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အကျယ်တဝင့် ဖော်ပြထားပါတယ်။
ကျူးလွန်ခံရသူတွေဟာ ရန်ကုန်၊ ဘန်ကောက် အပြင် တခြားအကူးအပြောင်းလုပ်လို့ရတဲ့ နေရာတွေဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ မဲဆောက်မြို့၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ တရားမဝင်ကုန်သွယ်တာတွေစတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရွှေတြိဂံဒေသနဲ့နီးစပ်တဲ့ ချင်းရိုင်မြို့တွေကတဆင့် ပို့ဆောင်ခံနေရတယ်လို့ ဆိုပါတယ်။
နယ်စပ်ဖြတ်ကျော်ပြီးတာနဲ့ တရားမဝင်အွန်လိုင်းအလောင်းအစားတွေ၊ ကာစီနိုရုံတွေနဲ့ ပြည့်နှက်နေတဲ့ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်ထဲကို အပို့ခံရတယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့မှာရှိတဲ့ KK Garden မှာ ဖိအားပေးအလုပ်ခိုင်းစေခံရသလို ကိုယ်ထိလက်ရောက်ကျူးလွန်ခံခဲ့ရတဲ့ မလေးရှားနိုင်ငံသား ၆ ဦး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။
ဒါကြောင့် အရှေ့တောင်အာရှမှာရှိတဲ့ အလုပ်သမားတွေကို လူကုန်ကူးပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေမှာ ခိုင်းစေတာတွေ ရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာဆက်တိုက်ဖော်ပြလာပါတယ်။
နွေဦးတော်လှန်ရေး ၃ နှစ်တာထဲရောက်လာချိန် တိကျတဲ့နိုင်ငံရေးရလဒ်ထွက်အောင် ကြိုးစားဖို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ဓာတ်ပုံ ရင်းမြစ်, NUG
တော်လှန်ရေးအောင်မြင်ဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့မဟာမိတ်ဆက်ဆံရေးတည်ဆောက်ဖို့ လို
နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်ပြီးလို့ ၃ နှစ်တာ ကာလထဲကိုရောက်လာပြီဖြစ်လို့ တိကျတဲ့ နိုင်ငံရေးရလဒ်ထွက်အောင် ကြိုးစားကြဖို့လိုကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက ပြောကြားသွားတာပါ။
တော်လှန်ရေးမှာယေဘုယျရှုမြင်ချက်တွေနဲ့ ရှေ့ဆက်လို့မရကြောင်းနဲ့ တိတိကျကျ
တိတိကျကျ ဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ ရမယ့် နိုင်ငံရေး ရလဒ်တွေကို ပြည်သူကိုပေးဖို့နဲ့ လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ လက်တွေ့ရလဒ်နဲ့ စည်းရုံးမှုတွေကသာ ရေရှည်တည်တံ့တယ်ဆိုတာ သိစေချင်ကြောင်း၊ ဒါကြောင့် လက်တွေ့နိုင်ငံရေးရလဒ်တွေနဲ့သာ လူထုကို စည်းရုံးကြဖို့ ယာယီသမ္မတကပြောပါတယ်။
ဘယ်လိုလက်တွေ့ကျတဲ့ စည်းရုံးမှုတွေ လုပ်ဖို့ဆိုတဲ့အသေးစိတ်ညွှန်ကြားချက်ကိုတော့ အဲဒီထုတ်ပြန်ချက်မှာမတွေ့ရပါဘူး။
ဒါ့အပြင် တော်လှန်ရေးအောင်ဖို့ ပြည်တွင်းမှာတင် မဟာမိတ် ညီညွတ်ရေးတည်ဆောက် ထားနိုင်ရမှာဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေနဲ့ပါမဟာမိတ်ဆက်ဆံရေးဖြစ်ထွန်းအောင်ကြိုးစားရမယ်လို့ သူက ဆိုပါတယ်။
“အိမ်နီးချင်းနိုင်ငံတွေထဲမှာ နွေဦးတော်လှန်ရေးအပေါ် မတူတဲ့သဘောထား ထင်မြင်ချက်တွေ ရှိတာကို နားလည်ပြီး လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း မူဝါဒတွေနဲ့ ရှေ့ဆက်ဖို့ လိုတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်။ နိုင်ငံတွေဟာ ကိုယ့်အခြေအနေ / ကိုယ့်အနေအထားနဲ့ ကိုယ့်လူ့အဖွဲ့အစည်းကို ဖွဲ့စည်းတည်ဆောက် ထားကြရပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ ဘေးချင်းကပ်လျက် နိုင်ငံတွေကို ကြည့်ရင် မတူတဲ့ နိုင်ငံရေးစနစ်တွေကို ကျင့်သုံးတာတွေ့ရတယ်။ ဒါ့အပြင် မတူညီတဲ့ လူ့အဖွဲ့အစည်းနောက်ခံတွေ ရှိနေပါတယ်။ ဒါတွေကို နားလည်ပြီး လက်တွေ့နိုင်ငံရေးမှာ အလုပ်ဖြစ်အောင် လုပ်ဆောင်ရေးကို တိုက်တွန်းလိုပါတယ်” လို့ သူ့အစိုးရအဖွဲ့ကိုတိုက်တွန်းပြောကြားတာတွေ့ရပါတယ်။
ယာယီသမ္မတက အိမ်နီးချင်းနိုင်ငံတချို့ကိုထည့်ပြောသွားပြီး ဘယ်နိုင်ငံရယ်လို့ အတိအလင်းမပြောသွားပေမဲ့ လက်ရှိမှာ ထိုင်း နိုင်ငံဟာ စစ်ကောင်စီကို သံတမန်ခန့်အပ်လွှာပေးအပ်ထားသလို ထိုင်းစစ်တပ်က အဆင့်မြင့် ထိပ်တန်းအရာရှိကြီးတစ်ဦးလည်း ပြီးခဲ့တဲ့လက ငပလီကိုလာရောက်ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့တွေ့ဆုံထားပါတယ်။
ဒါ့အပြင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယက နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်အဆင့်ရှိသူ ၂ ဦး မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီဝန်ကြီးတချို့နဲ့လည်း တွေ့ဆုံခဲ့တာရှိပါတယ်။
အာဆီယံနိုင်ငံတွေအတွင်းမှာဆိုရင်လည်းမလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အဗ္ဗဒူလာက လွဲလို့ NUG အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့တွေ့ဆုံခဲ့တဲ့ နိုင်ငံရယ်လို့ အခုထိမရှိသေးပါဘူး။
မြန်မာ ၁၀၀ ကျော်အလုပ်လုပ်နေတဲ့ ဘန်ကောက်မြို့က ဆောက်လက်စတိုက် ပြိုကျ

ဓာတ်ပုံ ရင်းမြစ်, The Thaiger
မြန်မာအလုပ်သမား ၁၀၀ ကျော်အလုပ်လုပ်ကိုင်နေတဲ့ ဘန်ကောက်မြို့က ဆောက်လက်စ တိုက်တစ်လုံးမှာ ဖေဖော်ဝါရီလ ၁၂ ရက်တုန်းက ပြိုကျခဲ့တာကြောင့် မြန်မာအလုပ်သမား ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ဘန်ကောက်မြို့၊ ဘန်ခါဘီခရိုင်ခွဲက အူထိုင်သာရမ်ကျောင်းလမ်းမှာ ဆောက်လုပ်နေတဲ့ ဘီလီယံကလပ် အိမ်ရာစီမံကိန်းက ဆောက်လက်စတိုက်မှာ ပြိုကျမှုဖြစ်ခဲ့တာပါ။
ဆောက်လက်စတိုက်ရဲ့ စတုတ္ထအထပ်နဲ့ တတိယအထပ်ဟာ ဒုတိယထပ်ဆီ ပြိုကျခဲ့တာဖြစ်ပြီး ပြိုကျချိန်ဟာ မြန်မာတွေအများစုပါဝင်တဲ့ အလုပ်သမား ၁၃၀ ကျော် အလုပ်လုပ်နေချိန်လည်းဖြစ်ပါတယ်။
ပျောက်ဆုံးသူမရှိပေမဲ့ တိုက်ပြိုမှုမှာ မြန်မာလုပ်သား ၅ ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ မစိုးရိမ်ရတဲ့ဒဏ်ရာအချို့ ရခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပြိုကျမှုကြောင့် ထိုင်းဒေသန္တရအာဏာပိုင်တွေက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ပိတ်ထားခိုင်းလိုက်ပြီဖြစ်ပြီး လုပ်ငန်းခွင် ဘေးကင်းရေးစံနှုန်းသတ်မှတ်ချက်တွေကို တစ်လအတွင်းလိုက်နာ ဖော်ဆောင်ပြီးမှ လုပ်ငန်းခွင်ပြန်ဖွင့်ဖို့ အမိန့်ချ ထားတယ်လို့လည်း သိရပါတယ်။
NUG ဝါရှင်တန်ရုံးကို အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီးတက်ရောက်ဖွင့်လှစ်

ဓာတ်ပုံ ရင်းမြစ်, RFA
မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်မယ်လို့ပြော
အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရုံးခန်းဖွင့်လှစ်ခဲ့ပြီး အဲဒီဖွင့်ပွဲကို အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး Uzra Zeya တက်ရောက်ဖွင့်လှစ်ခဲ့သလို အဖွင့်စကားလည်း ပြောကြားခဲ့ပါတယ်။
ဒုနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာဖို့တို့အတွက် စိတ်အားထက်သန်ပြင်းပြနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအးထုတ်မှုတွေအတွက်ခိုင်မာတဲ့လက်တွဲဖော်အဖြစ် ဆက်လက်ရပ်တည်နေမယ်လို့ ဝန်ကြီးက သူ့ရဲ့တွစ်တာမှာရေးသားထားပါတယ်။
အဲဒီနေ့ အခမ်းအနားကို ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့ တက်ရောက်ကြတာကိုလည်းတွေ့ရပါတယ်။
NUG ရုံးခန်းတွေကို လတ်တလောမှာ ချက်၊ တောင်ကိုရီးယား၊ ဂျပန်၊ နော်ဝေ၊ ပြင်သစ်၊ သြစတြေးလျနဲ့ ယူကေတို့မှာ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။
စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ပြည်တွင်းမှာအများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့ စစ်ကောင်စီပြော
အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ၊ ဒေသ ၅၂ ခုရှိပြီး စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က အများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်ထုတ် စစ်ကောင်စီသတင်းစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၂၈.၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးထားကြပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ၂၄.၆၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၁၄.၃၄ ရာခိုင်နှုန်းနဲ့ အများဆုံးမြှုပ်နှံ့ထားကြပါတယ်။
စစ်ကောင်စီရဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာပြုလုပ်တဲ့ အစည်းအဝေးကနေ လျှပ်စစ်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ စက်မှု၊ ဟိုတယ်နဲ့ ခရီးသွား၊ ဝန်ဆောင်မှု စတဲ့ ကဏ္ဍ ၈ ခုအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၈ ခုကို ခွင့်ပြုပေးခဲ့ပါတယ်။
ဒီခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေထဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့်လုပ်ငန်းလည်း ပါဝင်တယ်လို့ ဖော်ပြပါတယ်။ အဲဒီလုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ၁၄၃.၆၃၄ သန်း နဲ့ မြန်မာငွေကျပ် ၉၈၀၇၈.၀၉၄ သန်းပမာဏကို ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁၃၇၄ ခု ဖန်တီးပေးနိုင်မယ်လို့ ဖော်ပြပါတယ်။ တဖက် အာဏာသိမ်းမှုဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုတွေကတော့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီနဲ့ စီးပွားရေးအရ လက်တွဲဆောင်ရွက်တာတွေမပြုလုပ်ကြဖို့ တိုက်တွန်းနေကြသလို ကမ္ဘာ့နာမည်ကြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတချို့ လည်း ပြည်တွင်းကနေ ပြန်လည် ထွက်ခွာတာတွေ ရှိထားပါတယ်။
ခင်ဦးမှာ လေးရက်အတွင်း ကျေးရွာ ၆ ရွာက နေအိမ် ဆယ်နဲ့ချီ မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည်စတဲ့ ကျေးရွာတွေက နေအိမ် ဆယ်နဲ့ချီကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ရေဦးမြို့နယ်ကနေ ခင်ဦးဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့ (အရပ်အခေါ် ပျူစောထီး) တွေနဲ့ ပူးပေါင်းကာ အခုလို ခင်ဦးမြောက်ပိုင်းက ကျေးရွာတွေထဲ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
"၁၁ရက်နေ့က စောကြီး ၁၁ အိမ် ၊ သနပ်စိန် နှစ်အိမ်၊ ကွမ်းတိုင်း တစ်အိမ်၊ မင်းကံကြီးက ၃၃ အိမ် ၊ မနေ့ ၁၃ရက်နေ့ ညနေမှာက လက်ပံလှ ၊ ညပိုင်းကျတော့ လောင်းရှည်ကိုရှို့တယ်။ အခုမနက်လည်း လောင်းရှို့ရွာမှာ ရှို့နေတုန်းပဲ ရွာထဲပြန်မဝင်နိုင်သေးဘူး" လို့ ခင်ဦးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါကြောင့် ခင်ဦးမြောက်ပိုင်းမှာရှိတဲ့ ကျေးရွာ ၆ ရွာထက်မနည်းက ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရပြီး မနေ့ဖေဖော်ဝါရီ ၁၃ရက်ညမှာဆိုရင် လမ်းနဘေးက မြောင်းထဲမှာပါ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကလေးမီးဖွားရတဲ့အခြေအနေအထိ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ် မေလ ၁ရက်နေ့ကနေ အခုနှစ် ဇန်နဝါရီ ၃၁ရက်အထိ စစ်ကိုင်းတိုင်းအတွင်းမှာ နေအိမ် ၄၃,၀၀၀ ကျော်နဲ့ အများဆုံးမီးရှို့ခံထားရတယ်လို့ အချက်အလက်စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။
ညောင်လေးပင်ဘူတာပေါက်ကွဲမှုကြောင့် ပြည်သူ သုံးဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Social Media
မနေ့ ဖေဖော်ဝါရီ ၁၃ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ ညောင်လေးပင်ဘူတာရဲ့ စင်္ကြ့အမှတ် ၁ မှာ ပေါက်ကွဲမှုဖြစ်တာကြောင့် ရထားစောင့်ဆိုင်းနေကြတဲ့ ခရီးသည် ၃ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
"အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦး သေဆုံးတာပါ။ နှစ်ဦးကတော့ နေရာမှာတင် သေဆုံးခဲ့ပြီး တစ်ဦးကတော့ ဆေးရုံကျမှ ဆုံးတာပါ။ သုံးယောက်လုံးက တောင်တွင်းကြီးကပါ။ အတော်တော့ ပေါက်ကွဲတာပြင်းထန်တယ်၊ ပေ ၅၀ ပတ်ချာလည် အကုန်ထိခိုက်တာပါ" လို့ မြေပြင်အခြေအနေသိရှိသူ ညောင်လေးပင်ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒါဟာ ညောင်လေးပင်မြို့ပေါ်က အများပြည်သူသွားလာတဲ့နေရာမှာ ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်တာဖြစ်ပြီး လူတစ်ဒါဇင်ခန့် ထိခိုက်ခဲ့ကာ အဲဒီထဲက ၃ ဦး သေဆုံးခဲ့တာကြောင့် လူထုအကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ဘက်ကနေ လုပ်ဆောင်တာလို့ ဖော်ပြကြပြီး အာဏာပိုင်တွေဘက်က ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ အကြောင်း မနေ့ ညနေပိုင်းကတည်းက ရေးသားဖော်ပြထားကြပါတယ်။
တစ်ဖက် ပဲခူးဒေသ ကာကွယ်ရေးအဖွဲ့ (Bago Region PDF) ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၄ရက် မနက် ၁၀နာရီအထိ တစုံတရာ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ဖားကန့်မှာ တစ်လခွဲအတွင်း မြေစာပုံပြိုကျလို့ ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိ

ဓာတ်ပုံ ရင်းမြစ်, Zaw Moe Htet
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကျောက်တူးဖော်တဲ့ လုပ်ကွက်တွေမှာ အခု၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းကနေ တစ်လခွဲကာလအတွင်း မြေစာပုံပြိုကျလို့ ထိခိုက်သေဆုံးသူဟာ ၁၀ ဦးထက်မနည်းရှိနေတယ်လို့ ဒေသအခြေစိုက်အရပ်ဘက်အဖွဲ့တွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ညက လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအနီးက လုပ်ကွက်မှာ မြေစာပုံပြိုကျလို့သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရှိသူ ၃ ယောက်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်ကလည်း ဖားကန့်မြို့ နမ့်မှော်ကျေးရွာမှာ မြေစာပုံပြိုကျခဲ့လို့ ကျောက်ရှာဖွေနေသူ လေးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။
ကျောက်စိမ်း၊ ကျောက်မျက်ထွက်ရှိတဲ့ ဖားကန့်မြို့နယ်အတွင်းမှာ ကျောက်မျက်တူးဖော်တာတွေခွင့်မပြုတော့ကြောင်း စစ်ကောင်စီကကြေညာထားပေမဲ့ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းတွေဆက်ရှိနေသလို ရှာဖွေသူတွေကလည်းလျော့သွားတဲ့ အခြေအနေမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဒီထဲမှာပဲ ကျောက်စိမ်းလုပ်ကွက်တွေထဲ ကျောက်ဝင်ရှာသူအချို့ မြေစာပုံပြိုကျလို့သေဆုံးတာတွေဆက်ရှိနေတာပါ။
အစိုးရအဆက်ဆက်မှာ မြေစာပုံပြိုကျလို့လူသေဆုံးမှုတွေအတွက် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တာမရှိသလို အခုလို စစ်အာဏာသိမ်းထားတဲ့အခြေအနေမှာ နယ်မြေရှုပ်ထွေးမှုကြောင့် ပိုထိန်းရခက်တယ်လို့ဝေဖန်နေကြပါတယ်။
တဖက်မှာ တော့ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်က စစ်ကောင်စီလက်အောက် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်းကနေ လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေ နဲ့ မော်လူး၊ မော်ဟန် ရတနာ နယ်မြေတို့က ကျောက်စိမ်းရိုင်းတူးဖော်မှု လုပ်ငန်းတွေကို ဆက်လက်တူးဖော် ထုတ်လုပ်ခွင့် မပြုတော့ဘူးဆိုပြီးကြေညာထားတာပါ။ ဒါပေမဲ့ ကြေညာချက်က အသက်မဝင်သလို ရှင်းရှင်းလင်းလင်းမရှိဘူးလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ကိုင်သူအချို့ကဝေဖန်ကြပါတယ်။
ဖားကန့် မှာ ကျောက်စိမ်းလုပ်ကွက်တွေစနစ်တကျရှိဖို့ နဲ့ မြေစာပုံပြိုကျလို့လူသေဆုံးတာတွေလျော့အောင် ဘယ်လို ဆောင်ရွက်မလဲဆိုတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် ကောင်စီက ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီးကတော့
'' ကျောက်တူးတဲ့ကိစ္စတွေက ခိုးတူးတာတွေလည်းအများကြီးရှိနေတယ်။ တရားဥပဒေ စိုးမိုးဖို့ ကိစ္စဆိုတာကလည်းတော်တော်ကို ကျွန်တော်တို့ လုပ်ရတဲ့သဘော ရှိပါတယ်။ နောက်ကိုမဖြစ်လာအောင်တော့အစိုးရအဖွဲ့ သယံဇာတ ဝန်ကြီးတို့ကနေပြီးတော့ ဆာဗေးဆင်းပြီး လုပ်နေတာတော့ရှိတယ်။ ခိုးတူးတဲ့ကိစ္စတွေကြောင့်မြေဇာပြိုကျတဲ့ ကိစ္စတွေထပ်ဖြစ်လာလိမ့်မယ်။ ဖြစ်လာနိုင်တယ်'' လို့ တုံ့ပြန်ပါတယ်။
လက်ရှိမှာတော့ ဖားကန့်မြို့နယ်အတွင်းမှာ ကျောက်တူးဖော်တဲ့ကုမ္မဏီတွေက အသစ် တွေရှိလာသလို ကျောက်စိမ်းပိုမိုတူးဖော်တာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ တချို့နေရာတွေဆိုရင် လည်း ပြည်သူတချို့ကို မြေနေရာလျော်ကြေးပေးပြီး ကျောက်စိမ်းရှာဖွေမှုတွေပြုလုပ်တာရှိတယ်လို့ သိရပါတယ်။








