ဩဂုတ် ၁၆ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ထိုင်း ကို နိုင်ပြီး မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲတက်ရောက်

ထိုင်းကို နိုင်ပြီး ၁၀ နှစ်အကြာမှာ မြန်မာဗိုလ်လုပွဲတက်

ဓာတ်ပုံ ရင်းမြစ်, Thai Women Football

ဓာတ်ပုံ ပုံစာ, ထိုင်းကို နိုင်ပြီး ၁၀ နှစ်အကြာမှာ မြန်မာဗိုလ်လုပွဲတက်
ဖတ်ရန်အချိန်: မိနစ် ၆

ဗီယက်နမ်မှာ ကျင်းပနေတဲ့ ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ဒီကနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်း က ထိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီကနေ့ ပွဲမှာ အနိုင်ဂိုး ၂ ဂိုးလုံးကို အသင်းခေါင်းဆောင် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ကပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ပွဲစဥ်မှာ ဝင်းသိင်္ဂီထွန်း က ပွဲစဥ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ထိုင်းကို အနိုင်ရသွားပြီဖြစ်လို့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ၁၀ နှစ်အကြာမှာ ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၅ မိနစ်မှာတင် မြန်မာ နောက်တန်းလူ ဖြူဖွေးရဲ့ အမှားကနေ ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ထိုင်းအသင်းက ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ချေပဂိုးပြန်သွင်းယူပေးခဲ့ပါတယ်။

ပွဲကစားချိန် ၇၂ မိနစ်မှာ စန်းသော်သော်ရဲ့ အဝေး ကန်ချက်က ထိုင်းနောက်တန်းလူရဲ့ လက်နဲ့ထိခဲ့တာကြောင့် မြန်မာအမျိုးသမီးအသင်း ပယ်နယ်တီရခဲ့ပါတယ်။

အဲဒီပယ်နယ်တီကို ဝင်းသိင်္ဂီထွန်းကပဲ အမှားအယွင်းမရှိ ကန်သွင်းပြီး ဂိုးရခဲ့ပါတယ်။

ဖိုင်နယ်မှာတော့ ဒီကနေ့ ညပိုင်းမှာယှဉ်ပြိုင်မယ့် အိမ်ရှင် ဗီယက်နမ်နဲ့ ဩစတြေးလျ ယူ ၂၁ ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ဗ်ိုလ်လုပွဲမှာ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (B) မှာ သြစတြေးလျ ယူ- ၂၃၊ တီမောလစ်စ်တေ အသင်းတို့ကို အနိုင်ကစား၊ ဖိလစ်ပိုင်အသင်းကို သရေကစားခဲ့ပြီး ရမှတ် ၇မှတ်နဲ့ အုပ်စုဗိုလ်‌‌ နေရာကနေ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

အုပ်စု (A) မှာ ဒုတိယရရှိခဲ့တဲ့ ထိုင်းအသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲသမိုင်းမှာ မြန်မာအမျိုးသမီးအသင်းရဲ့ အာဆီယံချန်ပီယံရှစ် အမျိုးသမီးပြိုင်ပွဲအတွေ့အကြုံကိုကြည့်ရင် ၂၀၀၄၊၂၀၀၇ ခုနှစ်တွေမှာ ချန်ပီယံဖြစ်ခဲ့ဖူးပြီး ၂၀၁၁၊၂၀၁၂၊၂၀၁၅ ခုနှစ်တွေမှာ ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိခဲ့ပေမယ့် ဒုတိယနေရာနဲ့ သာ ကျေနပ်ခဲ့ရပါတယ်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ဟာ လက်ရှိကျင်းပနေတဲ့ ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ VAR စနစ်ကို ဆီမီးဖိုင်နယ်အဆင့်ကစပြီး အသုံးပြုခဲ့ပါတယ်။

AFF ရဲ့ ထုတ်ပြန်မှုအရ ဒီကနေ့ သြဂုတ် ၁၆ ရက် မှာ ယှဥ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ်နှစ်ပွဲ၊ သြဂုတ် ၁၉ ရက်မှာ ကျင်းပမယ့် တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲတွေမှာ VAR စနစ်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဘန်ကောက်က တရားမဝင်ဘား တစ်ခုမှာ မူးယစ်ဆေးသုံးစွဲထားတဲ့ မြန်မာ ၄၀ ကျော်ကို ထိုင်းရဲ ဖမ်းဆီး

သြဂုတ် ၁၅ ရက်မှာ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ကာရာအိုခေခန်းအတွင်းက မြန်မာနိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, Wang Thonglang Police

ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၅ ရက်မှာ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ကာရာအိုခေခန်းအတွင်းက မြန်မာနိုင်ငံသားတွေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆီရီဗာရာလမ်းမကြီးပေါ်က တရားမဝင်ကာရာအိုကေဘားတစ်ခုကို ထိုင်းရဲ တပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ မြန်မာနိုင်ငံသား ၄၁ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ကာရာအိုကေခန်း ၃ ခန်းပါတဲ့ အဲဒီဘားကို မနေ့က ဝင်ဖမ်းချိန်မှာ မြန်မာနိုင်ငံသား ၆၀ ဦးရှိနေခဲ့တာပါ။

ရဲစစ်ချက်အရ သူတို့တွေဟာ မွေးနေ့ပွဲကျင်းပနေတာလို့ ဖြေကြပြီး မူးယစ်ဆေးသုံးစွဲတာအပြင် ထိုင်းမှာ တရားမဝင်လို့သတ်မှတ်ထားတဲ့ အီးစီးကရက်အရည်နဲ့ တခြားတရားမဝင်ပစ္စည်းတွေလည်း ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

မြန်မာတွေ မွေးနေ့ပြုလုပ်နေတဲ့ ဘားဟာ လိုင်စင်မဲ့ဖွင့်ထားတဲ့ ဆိုင်ဖြစ်တာကြောင့် အသက် ၄၈ နှစ်အရွယ် ဆိုင်ရှင်ထိုင်းနိုင်ငံသားကိုပါ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းက‌ဖော်ပြပါတယ်။

ဒီဘားက ဖမ်းဆီးရမိသူအားလုံးကို ဝမ်ထောင်လန်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အလာစကာ မှာ ပူတင်နဲ့ တွေ့ဆုံမှုအပြီး ထရမ့်က ဇလန်းစကီးကို ဖုန်းခေါ်ဆို

ယူကရိန်းသမ္မတ ဇလန်းစကီးထုတ်ပြန်တဲ့ ထရမ့်နဲ့ ဖုန်းပြောဆိုတဲ့ ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Volodymyr Zelensky

ဓာတ်ပုံ ပုံစာ, ယူကရိန်းသမ္မတ ဇလန်းစကီးထုတ်ပြန်တဲ့ ထရမ့်နဲ့ ဖုန်းပြောဆိုတဲ့ ဓာတ်ပုံ

ဇလန်းစကီး တနင်္လာနေ့ ဝါရှင်တန်သွားမယ်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သမ္မတထရမ့်အပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့ အချိန်ကြာမြင့်တဲ့ တယ်လီဖုန်းပြောဆိုမှုပြုလုပ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီး က‌ အတည်ပြုထုတ်ပြန်ပါတယ်။

ထရမ့်နဲ့ ပူတင်တို့ အလာစကာမှာတွေ့ဆုံပြီး တစ်ရက်အတွင်းမှာပဲ ယူကရိန်းသမ္မတနဲ့ သမ္မတထရမ့်တို့ ဖုန်းပြောခဲ့တာဖြစ်ပါတယ်။ ဖုန်း‌ခေါ်ဆိုပြောကြားချိန်ကြာမြင့်ပြီး တစ်နာရီကြာမြင့်တယ်လို့ ဇလန်းစကီးက ဆိုပါတယ်။

သမ္မတထရမ့်နဲ့ ဖုန်းပြောအပြီး ဇလန်းစကီးက ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ ထုတ်ပြန်ချက်က တိုတောင်းပေမဲ့ အပြုသဘောဆောင်တဲ့ သဘောထားပေါ်လွင်ပါတယ်။ ဒါပေမဲ့ နောက် ဆွေးနွေးပွဲတွေမှာ ခေါင်းဆောင်သုံးဦးစလုံး တက်ရောက်သင့်တယ်လို့ ဇလန်းစကီးက အလေးပေးပြောထားပါတယ်။

'' အစပိုင်းက ကျွန်တော်နဲ့ ထရမ့်ပဲပြောနေတာပါ။ နောက်ပိုင်းမှာ ဥရောပခေါင်းဆောင်တွေလည်း ပါဝင်လာပါတယ်'' လို့ ဇလန်းစကီးက ပြောပါတယ်။

ထရမ့်နဲ့ ဇလန်းစကီးတို့ရဲ့ တယ်လီဖုန်းပြောဆိုမှုထဲမှာ ဥရောပခေါင်းဆောင်တွေဖြစ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ၊ ပြင်သစ်သမ္မတ မက်ခရွန်၊ အီတလီဝန်ကြီးချုပ် ဂျော့ဂျီယာမယ်လွန်နီ၊ဂျာမန်ဝန်ကြီးချုပ် ဖရက်ဒရစ်ချ် မတ်ဇ်၊ ပိုလန်သမ္မတ ကာရိုနာဗရွတ်စကီ၊ ဖင်လန်သမ္မတ အလက်ဇန္ဒားစတတ်ဘ်၊ နေတိုးတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး မာ့ရုတီ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အူဆာလာဗွန်ဒါလီယမ် တို့ပါဝင်တယ်လို့ သိရပါတယ်။

ယူကရိန်းသမ္မတဟာ လာမယ့် တနင်္လာနေ့မှာ ဝါရှင်တန်ကို သွားဖို့ရှိပြီး သမ္မတထရမ့်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မ‌နေ့က အမေရိကန်၊ အလာစကာက စစ်အခြေစိုက်စခန်းမှာတွေ့တဲ့ သမ္မတထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ တွေ့ဆုံပွဲမှာတော့ ယူကရိန်းသမ္မတ ဇလန်းစကီးမပါခဲ့ပါဘူး။

ဒါပေမဲ့ အစောပိုင်းကတော့ ကနဦးဆွေးနွေးပွဲက ရလဒ်ကောင်းရင် ယူကရိန်းသမ္မတပါဝင်တဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲဖြစ်နိုင်တယ်လို့ ထရမ့်က ပြောဆိုထားပါတယ်။

မြန်မာမှာ ပဋိပက္ခနဲ့ သဘာဝဘေးကြောင့်ပြည်တွင်း‌နေရပ်စွန့်ခွာသူ ၃ ဒသမ ၆ သန်းနီးပါးဖြစ်လာ

ကရင်နီ စစ်ရှောင်အမျိုးသမီးနဲ့ ကလေးငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တိုက်ပွဲကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေရတဲ့ ကရင်နီ စစ်ရှောင်အမျိုးသမီးနဲ့ ကလေးငယ်တွေ (ပုံဟောင်း)

တိုက်ပွဲ၊ ငလျင်ဘေးနဲ့ ရေဘေးကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၃ ဒသမ ၆ သန်းနီးပါး ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar က သြဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၂၇ ရက်ထုတ်ပြန်ချက်မှာ ပြည်တွင်းနေရပ်စွန့်ခွာရသူ ၃ ဒသမ ၅ သန်းဝန်းကျင်ရှိရာကနေ တစ်လကျော်အတွင်း လူဦးရေ ၁ သန်းလောက်တိုးလာတာ ဖြစ်ပါတယ်။

ဇူလိုင်လအတွင်းဖြစ်ခဲ့တဲ့ ရှမ်း၊ကယားပြည်နယ်အစပ်က ဖယ်ခုံမြို့နယ်အရှေ့က တိုက်ပွဲတွေကြောင့် ဖယ်ခုံအ‌နောက်ပိုင်း၊ ညောင်ရွှေနဲ့ ဒီး‌မော့ဆိုမြို့နယ်တွေဘက်ကို ‌ရှောင်တိမ်းရသူ ၆၅,၀၀၀ ဝန်းကျင်ရှိ ခဲ့တယ်လို့ UNOCHA ကဆိုပါတယ်။

ဒီဒေသက လူသောင်းနဲ့ချီကို ရွှေ့ပြောင်းပေးဖို့ လုံခြုံရေးအရ စိန်ခေါ်ချက်တွေရှိခဲ့တယ်လို့ ကရင်နီစစ်ရှောင် ကူညီနေသူတွေက ပြောပါတယ်။

မိုးဦးအဝင်ကစလို့ မြန်မာမှာကြုံလာရတဲ့ ရေဘေးကြောင့်လည်း ရွှေ့ပြောင်းနေထိုင်ရသူတွေ တိုးလာပါတယ်။

ဇူလိုင်ပထမလဝက်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်ထဲက လူဦးရေ ၄၀,၀၀၀ ဝန်းကျင်ဟာ ရေ‌ဘေးဆိုးဆိုးရွားရွားကြုံခဲ့ရတယ်လို့ UNOCHA ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ဇူလိုင်လနှောင်းပိုင်းမှာလည်း ဝီဖာမုန်တိုင်းကြောင့် ကရင်နီ(ကယား)၊ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ် တို့မှာ ရေဘေးသင့်ခဲ့ပြီး ရှမ်းပြည်နယ်မှာ အနည်းဆုံးလူ ၁၅ ဦးသေဆုံးခဲ့ပါတယ်။

မြန်မာက အကူအညီလိုအပ်နေသူ သန်းနဲ့ချီအတွက် ကုလသမဂ္ဂအပါအဝင် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့အစည်းတွေမှာ ရန်ပုံငွေ မလုံ‌လောက်တဲ့ ပြဿနာဆိုးဆိုးရွားရွားကြုံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

UNOCHA ရဲ့ အချက်အလက်က ငလျင်ကြောင့် အကူအညီလိုအပ်နေသူ ၂ သန်းမှာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေက မကူပေးနိုင်သေးတဲ့သူ ၇ သိန်းလောက် ရှိနေပါတယ်။

မြန်မာနိုင်ငံတလွှားက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့နေရာအနည်းဆုံး ၆၅ ခုကိုလည်း ရန်ပုံငွေ မလုံ‌လောက်လို့ ပိတ်သိမ်းထားရတယ်လို့ ဆိုပါတယ်။

ဒီနေရာတွေက လူပေါင်း ၂ သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပျက်တောက်သွားစေလိမ့်မယ်လို့ လည်း ဆိုထားတာပါ။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFPရဲ့ ထုတ်ပြန်ချက်ကိုကြည့်ရင်လည်း ရခိုင်ပြည်နယ်မှာ ငတ်မွတ်ခေါင်းပါးတာနဲ့ အာဟာရချို့တဲ့မှုပြဿနာတွေ မြင့်တက်နေပါတယ်။

ရခိုင်ပြည်နယ်အလယ်ပိုင်းမှာ ဝလင်အောင်မစားနိုင်တဲ့ မိသားစုအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က ၃၃ ရာခိုင်နှုန်းသာရှိရာကနေ ဒီနှစ်ထဲမှာ ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

မိုးကုတ်၊ မီးဖွားနေတဲ့အိမ်ပေါ်လေကြောင်းဗုံးကျခဲ့လို့ မိခင်နဲ့ကလေး အပါအဝင် သေဆုံးသူ ၂၀ ကျော်အထိမြင့်တက်လာ

သြဂုတ် ၁၄ ရက် ညပိုင်းတုန်းက လေကြောင်းဗုံးထိမှန်ခဲ့တဲ့ မိုးကုတ်မြို့၊ ရွှေကူရပ်ကွက်က နေအိမ်တစ်လုံး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၄ ရက် ညပိုင်းတုန်းက လေကြောင်းဗုံးထိမှန်ခဲ့တဲ့ မိုးကုတ်မြို့၊ ရွှေကူရပ်ကွက်က နေအိမ်တစ်လုံး

သြဂုတ် ၁၄ ရက် ညပိုင်းတုန်းက မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရွှေကူရပ်ကွက်ကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာ ကနဦးစာရင်းအရသေဆုံးသူ ၈ ဦးကနေ ရှင်းလင်းရေးလုပ်ပြီးချိန် ဩဂုတ် ၁၆ ရက်အထိမှာတော့ သေဆုံးသူ ၂၁ ဦးအထိ တိုးလာတယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။

လေကြောင်းဗုံးကြဲချချိန်မှာ ဒီရပ်ကွက်က အိမ်တစ်အိမ်မှာ ကလေးမီးဖွားနေချိန်ဖြစ်တယ်လို့ မိုးကုတ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"မီးနေသည်ရော ကလေးရော ဆုံးသွားတယ်။ အဲဒီအိမ်ကို သတင်းလာမေးတဲ့သူတွေလည်း အကုန် ဆုံးတယ်"လို့ သူက ပြောပါတယ်။

ဒါအပြင် လေကြောင်းဗုံးထိမှန်တဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းက ကိုရင်တွေလည်း သေဆုံးတဲ့ထဲ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာရသူ ၇ ဦးရှိပြီး ဗုံးဒဏ်ကြောင့် နေအိမ် ၁၅ လုံးလည်း ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

သြဂုတ်လထဲမှာ စစ်တပ်က မိုးကုတ်မြို့၊ ကျောက်မဲမြို့နဲ့ သီပေါမြို့ကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူက ၃၈ ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူက ၂၇ ဦးရှိတယ်ရဲ့ TNLA ရဲ့ အချက်အလက်အရ သိရပါတယ်။

ထိုင်းမှာ အကျဥ်းကျခံရပြီးနောက်လွတ်ရက်စေ့ မြန်မာ ၉၉ ဦးကို ကော့သောင်းဘက်ပြန်ပို့

သြဂုတ် ၁၅ ရက်က ထိုင်းနိုင်ငံ၊ ရ‌နောင်းမြို့ကနေ မြန်မာနိုင်ငံ၊ ကော့သောင်းဆိပ်ကမ်းကို ပြန်လည်လွှဲ ပြောင်းလိုက်တဲ့ မြန်မာနိုင်ငံသား ၉၉ ဦးနဲ့ ထိုင်းအာဏာပိုင်တွေ

ဓာတ်ပုံ ရင်းမြစ်, Ranong Immigration

ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၅ ရက်က ထိုင်းနိုင်ငံ၊ ရ‌နောင်းမြို့ကနေ မြန်မာနိုင်ငံ၊ ကော့သောင်းဆိပ်ကမ်းကို ပြန်လည်လွှဲ ပြောင်းလိုက်တဲ့ မြန်မာနိုင်ငံသား ၉၉ ဦးနဲ့ ထိုင်းအာဏာပိုင်တွေ

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသား ၉၉ ဦးကို မြန်မာဘက်ခြမ်း ကော့သောင်းမြို့ဘက်ကို ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။

ထိုင်းအာဏာပိုင် အဖွဲ့စုံကော်မတီနဲ့ မြန်မာအလုပ်သမားသံအရာရှိတို့ ပူးပေါင်းပြီး ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့ဆိုပါတယ်။

ပြန်လည်လွှဲပြောင်းခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ ဘယ်လိုပြစ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေလဲဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေ၊ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျခံရသူတွေကို လွတ်ရက်စေ့ရင် အခုလိုနှစ်နိုင်ငံက နယ်စပ်ဂိတ်တွေ ကတဆင့် မြန်မာဘက်ကို ပြန်လည်လွှဲပြောင်းတာကို ထိုင်းဘက်က ဆက်တိုက်လုပ်နေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်ကလည်း မြန်မာနိုင်ငံသား ၁၆၂ ဦး ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

ထိုင်းအခြေစိုက် အလုပ်သမားအရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေကတော့ ဒီလိုထိုင်းဘက်ကနေ မြန်မာဘက်ခြမ်းက စစ်ကော်မရှင် အာဏာပိုင်တွေကို လွှဲပြောင်းတဲ့ အပေါ် ဝေဖန်ကန့်ကွက်ထားပါတယ်။

အဖွဲ့အများစုထောက်ပြနေတာက မြန်မာကို ပြန်ပို့ခံရသူတွေဟာ စစ်မှုထမ်းထဲကို လိုက်ပါသွားရတာရှိသလို တချို့ဆိုရင် မိသားစုက ငွေကြေးပေးကာ ပြန်လည်ရွေးယူနေရတယ်လို့ ပြောထားကြပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာတုန်းကလည်း ဒီလိုထိုင်းဘက်က လွှဲလိုက်တဲ့ မြန်မာလူငယ်တချို့ကို စစ်တပ်က ကော့သောင်းလှေဆိပ်ကနေ စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတာကြောင့် စစ်တပ်ထဲ မဝင်ချင်သူတွေကို မိသားစုက ငွေကြေးပေးကာ ပြန်လည်ရွေးယူခဲ့ရတဲ့အကြောင်း မိသားစုဝင်တချို့က ဘီဘီစီကို ပြောထားပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေကတော့ ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်မှုထမ်းဥပဒေနဲ့ ပဋိပက္ခတွေကြောင့် လုံခြုံရေးအာမခံချက်မရှိတဲ့မြန်မာကို မြန်မာနိုင်ငံသားတွေ ဖိအားပေးပြန်လွှတ်တာ မလုပ်ဖို့ တိုက်တွန်းထားကြပါတယ်။

ကလေးမြို့နယ် မြောက်ပိုင်းတိုက်နယ်ဆေးရုံ လေကြောင်းဗုံးကြဲခံရ

သြဂုတ် ၁၁ ရက်မှာ လေကြောင်းဗုံးထိမှန်ခဲ့တဲ့ ကလေးမြို့နယ် မြောက်ပိုင်းတိုက်နယ်ဆေးရုံ

ဓာတ်ပုံ ရင်းမြစ်, PHN-Kalay

ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၁ ရက်မှာ လေကြောင်းဗုံးထိမှန်ခဲ့တဲ့ ကလေးမြို့နယ် မြောက်ပိုင်းတိုက်နယ်ဆေးရုံ

ပြီးခဲ့တဲ့ ၄ လအတွင်း ကျန်းမာရေး အဆောက်အအုံပေါင်း ၂ ဒါဇင်ကျော် လေကြောင်း တိုက်ခိုက်ခံခဲ့ရတယ် NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ တိုက်နယ်‌ဆေးရုံကို သြဂုတ် ဒုတိယပတ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People's Healthcare Network-Kalay က သြဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သြဂုတ် ၁၁ ရက်ညပိုင်းက အဲဒီတစ်ကြိမ်ပါ အပါအဝင် PHN- Kalay ရဲ့ ဆေးရုံဆေးခန်းတွေကို စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ၇ ကြိမ်ရှိပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဆေးရုံဟာ People's Healthcare Network-Kalay ရဲ့ မြောက်ပိုင်းတိုက်နယ်ဆေးရုံဖြစ်ပါတယ်။

PHN အဖွဲ့ကထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေအရ ဗုံးထိမှန်ခဲ့တဲ့ ဆေးရုံရဲ့ ခေါင်မိုးပွင့်ထွက်ပြီး ပြင်ပလူနာဌာနနဲ့ စတိုခန်းတွေ ပျက်စီးသွားတာတွေ့ရပါတယ်။

စစ်တပ်ရဲ့ ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ ပတ်သက်တဲ့ NUG ရဲ့ ပြီးခဲ့တဲ့ အပတ်ကထုတ်ပြန်ချက်အရ မတ် ၂၈ ရက် ငလျင်နောက်ပိုင်း ဧပြီ ကနေ ဇူလိုင်လ အထိ ၄ လအတွင်း ဆေးရုံ၊ ‌ဆေးခန်းပေါင်း ၃၀ လေကြောင်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ဇူလိုင် ၂၉ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ချာဂျင်ပြည်သူ့ဆေးရုံကို လေကြောင်းကနေ ၂ ကြိမ်ဗုံးကြဲခံရတာကြောင့် ကလေး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် လူနာဆောင်၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်းများ၊ ဝန်ထမ်းနားနေဆောင်အပါအဝင် ဆေးရုံအဆောက်အအုံတွေလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ NUG က ဆိုပါတယ်။

ရခိုင်ပြည်နယ် ထွက်ပေါက်မြို့တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ အေအေ ပြော

ရခိုင်ပြည်နယ်နဲ့ အစပ် မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းအဝင်က အေအေ တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်နဲ့ အစပ် မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းအစပ်က အေအေ တပ်ဖွဲ့ဝင်တွေ

ရခိုင်ပြည်နယ်ကနေ အဓိက ကုန်းလမ်း ထွက်ပေါက်တွေဖြစ်တဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းအစပ်က တိုက်ပွဲတွေ ရပ်တန့်မနေဘဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ အာရက္ခတပ်တော် အေအေက သြဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီနေရာတွေမှာအပါအဝင် ရခိုင်ပြည်နယ်ထဲက မြို့သိမ်းတိုက်ပွဲ၊ ရခိုင်ရိုးမတလျှောက်က ခုခံစစ်နဲ့ အာရက္ခတပ်တော် လှုပ်ရှားရာ တခြားဒေသတွေမှာလည်း တိုက်ပွဲတွေဟာ မနေ့ကအထိ ဖြစ်ပွားနေဆဲပဲလို့ ဆိုပါတယ်။

သြဂုတ် ၁၄ ရက်မှာ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက စွန်တက်ရွာ မြောက်ဘက်က အာရက္ခတပ် တော်အခြေချနေရာကို စစ်တပ်ရဲ့တပ်မ ၉၉ ကထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီရက် မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၂၀ သေဆုံးပြီး လက်နက် ခဲယမ်းနဲ့ စစ်အသုံးအဆောင်တချို့ သိမ်းဆည်းရမိတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ငဖဲမြို့နယ်ထဲဖြစ်ခဲ့တယ်ဆိုတဲ့ အဲဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်‌က ထုတ်ပြန်တာမရှိသေးပါဘူး။

ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီအစပ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ဒီနယ်မြေက တော်လှန်ရေးအင်အားစု တပ်ဖွဲ့တချို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ ဖြေဆိုစရာမရှိဘူးလို့ တုံ့ပြန်ပါတယ်။

အာရက္ခတပ်‌တော် အေအေဟာ ရခိုင်ပြည်နယ်ထဲမှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်ကလွဲ ရင် ကျန်မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

သြဂုတ် ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ အာရက္ခတပ်တော် အေအေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆို ခွင့် ရှိသူ ဦးခိုင်သုခက ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ULA/AA တည်ထောင်စဥ်ကတည်းက ရည်မှန်းချက်ဖြစ်တဲ့ အာရက္ခပြည် တစ်ခုလုံး သိမ်းပိုက်ရေး ဖြစ်ပြီး ချမှတ်ထားတဲ့လမ်းစဥ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူကပြောပါတယ်။

စစ်ကော်မရှင်ခန့် ရွေး/ကော်ကြေညာတဲ့ မဲဆန္ဒနယ်တွေထဲ စစ်တပ်လက်လွှတ်ထားရတဲ့ဒေသတွေပါဝင်နေ

မဲပေးစက်ကို စမ်းသပ်ကြည့်ရှုနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, မဲပေးစက်ကို စမ်းသပ်ကြည့်ရှုနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ပုံဟောင်း)

လာမယ့် ဒီဇင်ဘာမှာ ကျင်းပမယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေကို သြဂုတ် ၁၅ ရက် ညပိုင်းက ထုတ်ပြန်ကြေညာလာပါတယ်။

စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အဲဒီကြေညာချက်ထဲမှာ ပြည်သူ၊အမျိုးသား၊ တိုင်းဒေသကြီး(သို့) ပြည်နယ်နဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆန္ဒနယ် နေရာတွေ ပါဝင်ပါတယ်။

ထုတ်ပြန်ချက်အရ မဲဆန္ဒနယ်တွေပါမြို့နယ်တွေထဲမှာ တော်လှန်ရေးအင်အားစုတပ်တွေနဲ့ တိုင်းရင်း သားလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကိုပါ ထည့်သွင်းထားတာတွေ့ရပါတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ကရင်ပြည်နယ်တွေထဲက မြို့နယ်အများစုဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ ပါဝင်နေတာဖြစ်ပါတယ်။

စစ်ကော်မရှင် က မဲဆန္ဒနယ်မြေတွေနဲ့ အတူ လွှတ်တော်အလိုက်ကျင်းပမယ့် ရွေးကောက်ပွဲစနစ်တွေ ကို တပါတည်းထုတ်ပြန်ပါတယ်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နယ်အတွက် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) စနစ်ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကို စနစ် ၂ မျိုးခွဲထားပြီး မဲအများဆုံးရသူအနိုင်ယူ စနစ် (FPTP) မဲဆန္ဒနယ် ၈၄ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ် စုစုပေါင်းမဲဆန္ဒနယ် ၁၁၀ နယ် လို့ ဖော်ပြထားပါတယ်။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှာလည်း မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၃၂၂ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ် စုစုပေါင်းမဲဆန္ဒနယ် ၃၆၄ နယ် လို့ ဆိုပါတယ်။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်ကတော့ ၂၉ နယ် ဖြစ်တယ်လို့ ကြေညာထားပါတယ်။

လက်ရှိမှာ စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၆၃ မြို့နယ်ရှိနေပါတယ်။

စစ်တပ်ဟာ သူတို့လက်လွှတ်ထားရတဲ့ မြို့တွေကို လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေ ပိုတိုးလုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြောထားကြပါတယ်။

တစ်ဖက်မှာလည်း စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (အေအေ)ကတော့ အေအေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲလုပ်ခွင့်မပြုဘူးလို့ အေအေပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌကလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲဖြစ်မြောက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုတာဖြစ်ပြီး စစ်အာဏာတည်မြဲတာနဲ့ အတူတူဖြစ်တာကြောင့် ရွေးကောက်ပွဲ မဖြစ်မြောက်အောင် လုပ်ဆောင်ဖို့က တစ်မျိုးသားလုံးမှာ တာဝန်ရှိတယ်ဆိုပြီး ကန့်ကွက်ထားပါတယ်။

တအာင်းတပ် (TNLA) ကတော့ စစ်ကောင်စီကိုဖျက်သိမ်းပြီး ကော်မရှင်ဖွဲ့ကာ ရွေးကောက်ပွဲလုပ်မယ့် စစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ "စစ်ယူနီဖောင်းကနေ အရပ်သားအဖြစ် အာဏာဆက်တည်ဆောက်နေတာ" လို့ဆိုပြီး သူတို့ရဲ့သဘောထားကို ထုတ်ပြန်ပြောဆိုထားပါတယ်။

ကုလအထွေထွေအတွင်းရေမှူးချုပ် အန်တိုနီယို ဂူတာရက်ကလည်း ဇူလိုင် ၃၁ ရက် ကုလရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေဆဲ ပဋိပက္ခနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြားမှာ ရွေးကောက်ပွဲကျင်းပဖို့လုပ်နေတဲ့ စစ်တပ်ရဲ့ အစီအစဉ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ သတိပေးထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံမှုအပြီး စုစည်းချက်

သြဂုတ် ၁၅ ရက် တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ထရမ့်နဲ့ ပူတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၅ ရက် တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ထရမ့်နဲ့ ပူတင်
  • ၂၀၂၅ သြဂုတ် ၁၅ ရက် အမေရိကန်၊ အလာစကာပြည်နယ်၊ အန်ကာရစ်ချ်မြို့ က စစ်အခြေစိုက်စခန်း မှာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ရုရှား- ယူကရိန်းစစ်ပွဲအရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံခဲ့။
  • တွေ့ဆုံချိန် ၃ နာရီ နီးပါးကြာမြင့်ခဲ့ပြီး သဘောတူညီချက်မရခဲ့။
  • နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့။
  • သဘောတူညီမှုရတဲ့အဆင့်ထိ မရောက်ပေမဲ့ အချက်အများစုကို သဘောတူနိုင်ခဲ့သလို တိုးတက်မှုတချို့ရှိခဲ့တယ်လို့ သမ္မတ ထရမ့်ပြော။
  • ဒါပေမဲ့ ဘာတွေ သဘောတူတယ်၊ ဘယ်လို တိုးတက်မှုရခဲ့သလဲဆိုတဲ့ အသေးစိတ်ကိုတော့ သမ္မတထရမ့်က မပြောခဲ့။
  • သမ္မတပူတင် က သမ္မတထရမ့်နဲ့ နောက်တစ်ကြိမ် တွေ့ဆုံဖို့ မော်စကို ကို ဖိတ်ခေါ်ခဲ့။
  • တွေ့ဆုံမှုအပြီးမှာ ထရမ့်က ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ဥရောပခေါင်းဆောင်တွေဆီကိုမကြာခင် ဆက်သွယ်ပြောဆိုမယ်လို့ ပြောခဲ့။
  • ထရမ့်နဲ့ ပူတင်ရဲ့ ၃ နာရီကြာတွေ့ဆုံမှုပြီးခဲ့ပြီဖြစ်ပေမဲ့ ယူကရိန်းသမ္မတ ဇလန်းစကီး ဆီ ကမည်သည့်မှတ်ချက်မှ မကြားရသေး။
  • ပူတင်နဲ့ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့ ထရမ့်ရဲ့ အင်တာဗျူးတစ်ခုမှာတော့ ဇလန်းစကီး ကို "သဘောတူညီချက်တစ်ခုပြုလုပ်ဖို့" တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုသဘောတူညီမှုကို ရည်ရွယ်သလဲဆိုတာတော့ တိတိပပမပြောခဲ့ပါဘူး။
  • မနေ့က ထရမ့်နဲ့ ပူတင်ရဲ့ တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ဆိုပြီးပြုလုပ်ခဲ့ပေမဲ့ နှစ်ဖက်ရဲ့ သဘောထားတွေကို မေးမြန်းခွင့်မပေးခဲ့ပါဘူး။
  • အကဲခတ်တွေကတော့ ဒီ သဘောက ယူကရိန်းစစ်ပွဲအပေါ် သမ္မတ ပူတင်နဲ့ သမ္မတ ထရမ့်တို့ သဘောထားကွဲလွဲနေကြဆဲဖြစ်ကြောင်း ရှင်းလင်းသောလက္ခဏာများဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။