ဧပြီ ၂၀ ရက် ထိပ်တန်းသတင်းများ - ပဇီကြီးကို တိုက်လေယာဉ်နဲ့ ထပ်ပစ်
မဲ့ကနယ်တောင်ကြောတစ်လျှောက် စစ်ကောင်စီအပြင်းအထန်ထိုးစစ်ဆင်၊ လေကြောင်းကနေတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, CJ
မြဝတီ မြို့ အနောက်တောင်ဘက်ရှိ မဲ့ကနယ်ကျေးရွာအထက်ဘက် ကျောက်တောင် နေရာ ဘက်ကို ဧပြီ ၁ ရက် နေ့ကနေ ဒီကနေ့ ဧပြီ ၂၀ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့နယ်ခြားစောင့်တပ် BGF တွေက ကရင်လွတ်မြောက်ရေးတပ် KNLAနဲ့ ပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးအခြေအနေနဲ့နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ BGF ပူးပေါင်းတပ်တွေ KNLA စစ်ရေး လှုပ်ရှားတဲ့နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ကာလအတွင်း ဧပြီ ၂၀ ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲမဖြစ်ဘဲ လက်နက် ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပေမဲ့ မြေပြင်မှာ ထိခိုက်ဒဏ်ရာရတာတွေမရှိခဲ့ဘူးလို့ စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောပါတယ်။
"တိုက်ပွဲက ဆက်ပစ်နေတာ စစ်တပ်နဲ့ BGF ပဲ ပစ်နေတာ။ ညဆို လက်နက်ကြီးသုံးလေးနေရာလောက်က လက်နက်ကြီးတွေ ပြိုင်တူပစ်တယ်။ မဲကနယ်၊ ကျောက်တောင်၊ ဗြုံးတောင်၊ ကျောက်ဂူနေရာတွေကို ပစ်တယ်။ လေယာဥ်နဲ့ ဗုံးကြဲချတယ်။ ဒီနေ့ နေ့လယ်ကဆိုရင် ၁၂ နာရီ နဲ့ တစ်နာရီဝန်းကျင်လောက်ပေါ့။ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနဲ့ ဗွီနွန် စစ်ကြောင်း တွေ က ကျည်ကွယ် မျက်ကွယ် ဘက်မှာ နေရာယူထား တာဆိုတော့ အထိအခိုက် မရှိပါဘူး။ မြေပြင်က စစ်တပ် BGF တွေ က တောင်ကြောပေါ် တက်လာ တိုက်ဖို့ တော့ ရှိနေတာ မှာ ဆက်ပြီး တင်းမာ နေတဲ့ အခြေအနေေပါ့" လို့ KNLA စစ်ရေး နယ်မြေ သတင်း အရင်း အမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၁၈ ရက်နဲ့ ၁၉ ရက်နေ့က မဲကနယ် ကျေးနယ်အတွင်း စစ်တပ်၊ BGF တပ်တွေနဲ့ KNLA ပူးပေါင်း စစ်ကြောင်းများ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီ တပ်ဘက်မှ ၂၄ ဦး သေဆုံး ၊ ၂၃ ဦး ဒဏ်ရာ ရရှိခဲ့ပြီး KNLA ပူးပေါင်း စစ်ကြောင်း ဘက်မှ ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် အချို့နဲ့ ခဲယမ်း များ သိမ်းဆည်းရမိ ကြောင်း မနေ့က ဧပြီ ၁၉ ရက် တိုက်ပွဲ သတင်း အခြေအနေ ထုတ်ပြန်ချက် အရ သိရပါတယ်။
တိုက်ပွဲတွေအတွင်း မဲကနယ်ကျေးရွာနဲ့အနီးအပါး ကျေးရွာ ငါးရွာခန့်မှာ စစ်တပ်လေကြောင်း တိုက်ခိုက်မှု့ ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူနေအိမ်၊ ဘုရားကျောင်း၊ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးနေပြီး ဒေသခံ ၃၀၀၀ ခန့်မှာ မြဝတီ မြို့ ဘုန်းကြီးကျောင်းတွေနဲ့ ရွာသစ်ကျေးရွာ၊ မြေနီကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ လူရာချီစုဖွဲ့ စစ်ရှောင်ခိုလှုံနေကြရကြောင်း မဲကနယ် ကျေးရွာ ကျောက်မိုင်းလုပ်သား စစ်ဘေးရှောင်နေရသူက ပြောပါတယ်။
"ရွာသစ် ရှမ်းဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေနေရတာ။ ရက် ၂၀ လောက် ရှိနေပြီ။ ကျောက်ထုတ် အဖွဲ့ တွေ မိသားစု ၁၀၀ လောက်ပေါ့။ အလုပ်လည်း လုပ်မရ၊ ကိုယ့်နေရပ်ပြန်ဖို လည်း အဆင်မပြေနဲ့ အခက်အခဲ တွေ ဖြစ်နေတယ်" လို့ မဲ့ကနယ် ဗြုံး ကျောက်ထုတ် အလုပ်သမား စစ်ဘေး ရှောင်နေရသူက ပြောပါတယ်။
မြဝတီ မြို့ ပြင် က ကုန်သွယ်ရေး ဇုန်၊ သဃ်န်းညီနောင်ရဲစခန်း၊ သဃ်န်း ညီနောင် စစ်တပ်ဗျူ ဟာ ကုန်းနေရာတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့နောက် မတ်လ ၂၅ ရက် နောက်ပိုင်းကစလို့ ရွှေကုက္ကိုလ်တရုတ်ကာစီနို မြို့သစ်၊ ဝေါလေ မြို့သစ်၊ ရွှေမြစန္ဒီ မြို့သစ်၊ မြဝတီ အာရှလမ်းသစ်၊ မဲ့ပလဲ ကျေးရွာ၊ ကော့ကရိတ် ရန်ကုတ်၊ ကြောင်လျှာကုန်း ကျေးရွာ၊ ကျုံဒိုး၊ တောင်ကြာအင်း ကျေးရွာ တွေဘက်အထိ နှစ်ဘက် စစ်ရေး တင်းမာမှုတွေ ဆက်ဖြစ်နေပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးဋ္ဌာနညွှန်ချုပ် မြန်မာကိုတိတ်တဆိတ်လာရောက်

ဓာတ်ပုံ ရင်းမြစ်, WC
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးဋ္ဌာနက ညွှန်ကြားရေးမှူးချုပ် မစ္စတာ Peng Xiubin မြန်မာနိုင်ငံကို ဧပြီ ၁၆ ရက်ကနေ ၁၉ ရက်အထိ ၄ ရက်ကြာ လာရောက်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
မစ္စတာ Peng Xiubin ဟာ ရန်ကုန်မြို့နဲ့ နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဒီသတင်းကို တရုတ်သံရုံးဘက်ကရော စစ်ကောင်စီဘက်ကရော မထုတ်ပြန်ခဲ့ပါဘူး။
မြန်မာနိုင်ငံက တိုင်းရင်းသားပါတီ ၅ ခုကို ဧပြီ လဆန်းမှာ တရုတ်နိုင်ငံကို ဆယ်ရက်ကြာ အလည်အပတ်ဖိတ်ခေါ်တဲ့ ခရီးစဉ်ပျက်သွားပြီးတဲ့နောက် မစ္စတာ Peng Xiubin ရဲ့ခရီးစဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။
သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း အဲဒီ နိုင်ငံရေးပါတီ ၅ ခုနဲ့ တွေ့ဖို့ စီစဉ်ခဲ့ပေမယ့် အထမမြောက်ခဲ့ဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပါတီတွေ မှတ်ပုံတင်ထားတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်နေဆဲဖြစ်လို့ ပါတီခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာအဖွဲ့တွေနဲ့ တွေ့ခွင့်မရသေးတဲ့အခြေအနေဖြစ်နေတယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မစ္စတာ Peng Xiubin ရဲ့ နေပြည်တော်ခရီးစဉ်အတွင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ နဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ ဧပြီ ၁၈ ရက်မှာ အလွတ်သဘော တွေ့ခဲ့တယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးဋ္ဌာနက အကြီးအကဲတွေဟာ အာဏာမသိမ်းခင်ကလည်း မြန်မာနိုင်ငံကို မကြာခဏလာရောက်လေ့ရှိပါတယ်။
၂၀၁၆ ခုနှစ်က ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဖြစ်သူ မစ္စတာ စုန့်ထောင်းဟာ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ နဲ့ နေပြည်တော်မှာ ရှားရှားပါးပါးတွေ့ခွင့်ရခဲ့ပြီး သူဟာ ၂၀၁၈ ခုနှစ်ကလည်း NLD သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ပဇီကြီးကို တိုက်လေယာဉ်နဲ့ ထပ်ပစ်

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ ပဇီကြီးရွာကို ဒီကနေ့ ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းမှာ တိုက်လေယာဉ်နဲ့ ထပ်ပစ် သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
မွန်းလွဲ ၂ နာရီခွဲခန့်မှာ ပဇီကြီးရွာတောင်ဘက်နေ ပျံသန်းလာတဲ့ တိုက်လေယာဥ်ဟာ ငါး မိနစ်အတွင်း ရွာကို သုံးပတ်ဝဲပြီး ဗုံးကြဲတာရောပစ်ခတ်တာပါ လုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဝေးကနေ လှမ်းကြည့်ရတဲ့အတွက် ရွာရဲ့ ဘယ်နေရာကို ပစ်ခတ်တိုက်ခိုက်သွားလဲဆိုတာ အသေးစိတ်မပြောနိုင်ဘူးလို့ အဲဒီဒေသခံကပြောပါတယ်။
‘’မီးခိုးလုံးတွေမြင်နေရတယ်။ စစ်ကြောင်းလည်းရှိတော့ အနီးကပ်အထိမသွားရဲဘူး’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ပဇီကြီးကိုအပြီးသတ်ရှင်းလင်းမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ ဧပြီ ၁၉ ရက် ညနေပိုင်းမှာ ပဇီကြီးကို စစ်ကြောင်းဝင်ခဲ့တယ်လို့ ရွာခံတွေကပြောပါတယ်။
ဒီနေ့ ဧပြီ ၂၀ ရက် မနက်မှာလည်း စစ်ကြောင်းက ပဇီကြီးရွာအနီးမှာပဲ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က စစ်ကြောင်းဝင်ပြီးတဲ့နောက် ပဇီကြီးနဲ့အနီးတဝိုက်ကရွာတွေ နေအိမ်တွေကိုစွန့်ခွာထွက်ပြးနေကြပြီလို့ ဒေသခံတွေကပြောပါတယ်။
ကေအိုင်အေ တပ်ရင်း (၆) ကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်မှု ကေအိုင်အေ ဘာပြောလဲ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီကျေးရွာ နားမှာရှိတဲ့ ကေအိုင်အေ တပ်ရင်း(၆) နေရာကို ဧပြီ ၁၉ ရက်နေ့ညနေ ၅နာရီကျော်လောက်မှာ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲခဲ့တယ်လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“မနေ့က ည၅ နာရီခွဲ ဝန်းကျင်မှာ မြစ်ကြီးနား မပခ တပ်ကနေလာပြီးမှ လေကြောင်းတိုက်ခိုက်ခံရတာ ရှိပါတယ်။ လေကြောင်း ရော့ကတ်အမျိုးအစားနဲ့ ကေအိုင်အေရင်း ၆ ကို ဗုံးကြဲတာ ဘာကြောင့် လေကြောင်းနဲ့တိုက်ခိုက်တယ်ဆိုတာကိုတော့ အတိအကျတော့မသိဘူး။ ခန့်မှန်းသုံးသပ်ကြည့်တာကတော့ ၁၇ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်အစပ် ဆယ်ဇင်းဘက်မှာ SNA(ရှမ်းနီ) တပ်စခန်းတွေကို ကေအိုင်အေကနေ ဝင်တိုက်ပြီးဖျက်ဆီးတဲ့ဖြစ်စဉ်ရှိခဲ့တယ်။ နောက် ၁၈ ရက်နေ့မှာလည်း နန့်ယား ဆိုင်းဖရာဘက်မှာ စစ်ကောင်စီ ယာဉ်တန်းတွေကို ကေအိုင်အေဘက်ကနေ မိုင်းဆွဲ တိုက်ခိုက်တဲ့ဖြစ်စဉ်ရှိခဲ့တယ်။ မနေ့က မနက်ကလည်း အဲဒီဘက်မှာ(ဖားကန့်)ဘက်မှာ ထိတွေ့တိုက်ခိုက်မှုရှိခဲ့တယ် ဆိုတော့ ဒါကြောင့် ဌာန ချုပ်ဘက်ကို တိုက်ခိုက်တာဖြစ်ခဲ့တယ်လို့ သုံးသပ်ကြည့်တာပေါ့ “ လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
ဒါအပြင်အခုရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ ဆိုင်းဖရာရွာဖြစ်စဥ်မှာ ရွာက ဒေသခံ အယောက် ၇၀ ကို စစ်ကောင်စီ စစ်ကြောင်းက စစ်ကြောင်းနဲ့ရောပြီး ခေါ်ဆောင်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်မျိုးလည်း ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဒေသခံတွေအားလုံး ဒီနေ့ ဧပြီ ၂၀ ရက်မှာ ပြန်လွတ်လာခဲ့ပြီလို့ ဆိုင်းဖရာ ဒေသခံကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းနဲ့ဒေသခံတွေ အတူစီးသွားတဲ့ယာဥ်တချို့ ပျားအုံရွာအရောက်မှာ ကေအိုင်အေဘက်က မိုင်းဆွဲတိုက်ခိုက်မှုတွေရှိခဲ့သလို ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီခေါ်ဆောင်သွားတဲ့ ဆိုင်းဖရာ ဒေသခံထဲမှာတော့ ထိခိုက်ဒဏ်ရာ ရရှိသူ ၇ယောက်နဲ့ သေဆုံးတစ်ယောက်ရှိခဲ့တယ်လို့ ဆိုင်းဖရာဒေသခံကဆိုပါတယ်။
မြိုင်မြို့နယ် မန်ကျည်းကန်ရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီ စီးနင်း၊ လေကြောင်းကနေလည်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, PVTV
တိုက်နယ်ဆေးရုံရှိတဲ့ မကွေးတိုင်း မြိုင်မြို့နယ် မန်ကျည်းကန်ရွာကို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မရှိဘဲ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဧပြီ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေယာဉ် ၃ စီးနဲ့ ရွာထဲ တပ်အင်အားတိုးပြီး ချတာတွေရှိခဲ့တဲ့အပြင် ကျေးရွာအတွင်းက တိုက်နယ်ဆေးရုံကိုပါပစ်ခတ်ခဲ့လို့ ဆေးရုံဝန်ထမ်းနဲ့ လူနာတချို့ပါ ထိခိုက်ဒဏ်ရာရခဲ့ပြီး လူ ၉ ဦးထက် မနည်းဖမ်းဆီးခံရတယ်လို့ မြေပြင်အခြေအနေသိရှိသူကပြောပါတယ်။
""ပစ်တာမှ။ ဆေးရုံကြီးကို ပစ်တာ။ ဘာလက်နက်ကိုင်မှမရှိဘူး။ အပြင်လူနာတွေရောအတွင်းလူနာတွေရော ရန်သူရောမိတ်ဆွေရော အကုန်ကုပေးတဲ့ဆေးရုံလေ အဲဒီဆေးရုံက။ အကုန်လုံးကိုဖမ်းတာ။ ပီဒီအက်ဖ်စခန်းတို့ ပကဖစခန်းတို့ဆိုပစ်ဗျာနော်။ ဘာမှမဖြစ်ဘူး။ လက်နက်ကိုင်အချင်းချင်းပဲ။ အဲဒါကြီးကို အခု ကျန်းမာရေးအရ မပြေးနိုင်မလွှားနိုင်လူနာတွေအပြင်လူနာရော အတွင်းလူနာရောရှိတာကိုပစ်တယ်ဆိုတာဟာ အဓိပ္ပာယ်မှမရှိတာ။ ဘယ်နိုင်ငံမှာ ရှိဖူးတုန်း"လို့ သူက ပြောပါတယ်။
ကျေးရွာဒေသခံတွေကတော့ ဆေးရုံမှသက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ ခြေလက်အင်္ဂါမသန်စွမ်းလို့ မပြေးလွှားနိူင်တဲ့ နာမကျန်းသူတွေသာ ရှိပြီး ပေါက်ကွဲစေမယ့် ပစ္စည်းတွေ မရှိသလို ဘယ်သူ့ကိုမှ လက်နက်နဲ့တကွ ဆေးရုံတွင်းဝင်ခွင့်မပြုဘဲ ဆေးကုသမှုပေးတဲ့နေရာသာ ဖြစ်တယ်လို့ငြင်းဆိုထားပါတယ်။
မန်ကျည်းကန်ကျေးရွာ အရှေ့တောင်ဘက်မှာ အသက် (၁၆) နှစ်အရွယ်ရှိ ဖမ်းစီးခံ ဒေသခံလူငယ် အမျိုးသားတစ်ဦးကို နှိပ်စက်ဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ကို ကာကွယ်ရေးတပ်ဖွဲ့တွေနယ်မြေရှင်းလင်းစဥ်မှာတွေ့ရှိခဲ့တယ်လို့ ဒေသတွင်းတိုက်ပွဲသတင်းတွေကို ဖော်ပြတဲ့နွေဦးတော်လှန်ရေးမြိုင်စာမျက်နှာက ထုတ်ပြန်ထားပါတယ်။
ဖမ်ဆီးခံ ပြည်သူများထဲက (၁၄)ဦးကိုလည်း အထုပ်ထမ်းအဖြစ်ခေါ်ဆောင်သွားပြီး ကျေးရွာအတွင်းရှိပြည်သူပိုင်နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ ရွှေထည်ပစ္စည်းတွေ၊ ပိုက်ဆံတွေနဲ့ ဖမ်းဆီးခံပြည်သူတွေထံက ဖုန်းအလုံးရေ ၁၀၀ ကျော် ယူဆောင်သွားကြောင်း၊ ရဟတ်ယာဉ်နဲ့လည်း စာသင်ကျောင်းအတွင်း ပစ်ခတ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ အဲဒီရွာအတွင်း ပီဒီအက်ဖ်တွေနဲ့ ပက်သက်ဆက်နွှယ်သူ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂၀ ဦးတို့ကို စစ်ဆေးဖို့ ခေတ္တထိန်း သိမ်းထား တာဖြစ်ပြီး အဲ့ဒီရွာ ဆေးပေးခန်းကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဧပြီ ၁၈ ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ထုတ်ပြန်တဲ့ ဖမ်းဆီးထားတဲ့အရေအတွက်နဲ့ ဒေသခံတွေသိရှိတဲ့ ဖမ်းဆီးသွားတဲ့ အရေအတွက်ကွာဟနေပြီး ဘီဘီစီက ထပ်မံမေးမြန်းတဲ့အခါမှာ ဖမ်းဆီးသွားသူ ၉ ဦးကိုသာ အတည်ပြုနိုင်ကြောင်းနဲ့ ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းအထိ ပြန်လည်လွတ်မြောက် လာခြင်းမရှိသေးကြောင်း ဒေသခံတွေကပြောပါတယ်။
ထိုင်းမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမယ့်သူတွေကို တင်းကျပ်မှုတွေလုပ်

ဓာတ်ပုံ ရင်းမြစ်, CJ
ထိုင်းနိုင်ငံမှာ၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသူတွေကို စာရွက်စာတမ်းနဲ့ ထောက်ခံချက်တွေကို တိုးမြှင့်တောင်းခံနေတဲ့အကြောင်း ထိုင်းရောက်မြန်မာတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာနေထိုင်တဲ့ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံအပြင် ပြန်တမ်းဝင် အရာရှိထောက်ခံစာပါ ပူးတွဲတင်ပြရမယ်လို့ ချင်းမိုင်မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးက ဧပြီ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သက်တမ်းတိုးလိုသူရဲ့ ပြည်ပရောက်ဆောင်ရွက်မှု အသေးစိတ်ကိုလည်း ပူးတွဲတင်ပြရမယ်လို့ ဆိုပါတယ်။
သက်တမ်းတိုးလိုသူရဲ့ မိဘထောက်ခံချက်ကိုပါတောင်းပြီး အဲဒီမှာ နိုင်ငံရေးကင်းရှင်းကြောင်းပါ ထည့်ရေးခိုင်းတယ်လို့ ပြီးခဲ့တဲ့ လပိုင်းက သက်တမ်းတိုးခဲ့သူတစ်ဦးကပြောပါတယ်။
ဒီတောင်းဆိုချက်အသစ်တွေဟာ ပြည်ပရောက်အာဏာသိမ်းမှုဆန့်ကျင်သူတွေကို တင်းကျပ်ဖို့ စီစဥ်တာလို့ ထိုင်းရောက်မြန်မာတချို့က ပြောပါတယ်။
ဝ ပြည် ငြိမ်းချမ်းရေး ၃၄ နှစ်မြောက်အခမ်းအနားကျင်းပ

ဓာတ်ပုံ ရင်းမြစ်, UWSA
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ရဲ့ ထိန်းချုပ်နယ်မြေ မိုင်းပေါက် မှာ ဝ ပြည် ငြိမ်းချမ်းရေး ၃၄ နှစ်မြောက်အခမ်းအနားကို ဧပြီ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။
ငြိမ်းချမ်းရေး အနှစ် ၃၀ ပြည့် ပွဲ ကို ပန်ဆန်းမှာ ၂၀၁၉ ခုနှစ် နောက်ပိုင်း ဒီနှစ်မှာမှ ပထမဆုံး စစ်ရေးပြအခမ်းအနားပြန်လုပ်တာ ဖြစ်ပြီး UWSA ခေါင်းဆောင် ဦးပေါက်ယူချန်း လည်း တက်ရောက်ခဲ့ပါတယ်။
ဝ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄) နှစ်ပြည့် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့ UWSA ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပြီး ဝ ပြည်နယ် အဆင့်သတ်မှတ်ပေးဖို့ မူအားဖြင့် သဘောတူညီမှုရထားပါတယ်။
ကိုးကန့် နဲ့ ဝ တိုင်းရင်းသားတွေဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ကြပြီး တရုတ်-မြန်မာ နယ်စပ်မှာ အင်အားကောင်းတဲ့ လက်နက်ကိုင်တွေအဖြစ် ရပ်တည်နေကြပါတယ်။
ပဇီကြီးဖြစ်စဥ်နဲ့ပတ်သက်လို့ ခေါ်ယူစစ်ဆေးတာတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, PVTV
စစ်ကောင်စီစစ်ကြောင်း ပဇီအနီးတဝိုက်မှာ ဆက်ရှိ
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ စစ်ကောင်စီဘက်ကို သတင်းပေးခဲ့တယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ဘက်က ခေါ်ယူစစ်ဆေးမှု တချို့လုပ်နေတယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။
ပဇီကြီးရွာက ကျောင်းထိုင်ဆရာတော် ဦးတိဿ အပါအဝင် ရွာသားတချို့ကို ဧပြီ ၁၅ ရက်က ခေါ်ယူစစ်ဆေးမှုတွေ ရှိနေတဲ့အကြောင်း ဒေသခံတချို့က အတည်ပြုပါတယ်။ ‘’ဖမ်းခေါ်တာမဟုတ်ပါဘူး။ မေးစရာမြန်းစရာရှိလို့ ဆရာတော်ကိုပင့်သွားတာပါ’’ လို့ ရွာခံတစ်ဦးကပြောပါတယ်။
ဘာတွေစစ်မေးလဲဆိုတာ အသေးစိတ်မသိရပေမဲ့ ကန့်ဘလူတဝိုက်မှာ ပျူစောထီးဆရာတော်လို့ နာမည်ကြီးတဲ့ ဦးဝါသဝ နဲ့ ဆက်စပ်မှုရှိလားဆိုတာကို မေးဖို့ဖြစ်နိုင်တယ်လို့ ရွာခံတစ်ဦးကပြောပါတယ်။
ဒါပေမဲ့ ဧပြီ ၁၅ ရက်က ခေါ်သွားတဲ့ ရွာသားတွေထဲက တချို့ကိုတော့ စစ်မေးပြီးလို့ ပြန်လွှတ်လိုက်ပြီလို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
ပဇီကြီးကို ဧပြီ ၁၉ ရက် ညနေပိုင်းမှာ စစ်ကြောင်းဝင်ခဲ့ပေမဲ့ အဲဒီစစ်ကြောင်းဟာရွာထဲမှာတော့ညမအိပ်ဘဲ ပဇီကြီးရွာအနီးမှာ ညအိပ်ခဲ့တယ်လို့ ရွာခံတွေကပြောပါတယ်။ ဒီနေ့ ဧပြီ ၂၀ ရက် မနက်မှာလည်း စစ်ကြောင်းက ပဇီကြီးရွာအနီးမှာရှိနေပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ နေရာကိုတော့ စစ်ကြောင်းရောက်တာမတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။








