မန်းဝင်းခိုင်သန်း - အာဇာနည်မိသားစုဝင် တော်လှန်ရေးဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, AFP
အာဇာနည် မျိုးဆက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အထင်ရှားဆုံးဖြစ်သလို မြန်မာ့ဒီမိုကရေစီရေးအတွက် စစ်အစိုးရအဆက်ဆက်ကို ဆယ်စုနှစ်နဲ့ချီ ရင်ဆိုင်ခဲ့သူဖြစ်ပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ နောက်ထပ် အာဇာနည်မျိုးဆက်တစ်ဦးဖြစ်တဲ့ အာဇာနည် မန်းဘခိုင်ရဲ့မြေး မန်းဝင်းခိုင်သန်းက စစ်တပ်ကို ရင်ဆိုင်ပြီး တော်လှန်ရေး လုပ်နေပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တာဝန်ယူထားတဲ့ မန်းဝင်းခိုင်သန်း ကို ၇၆ နှစ်မြောက် အာဇာနည်နေ့နဲ့ ပတ်သက်လို့ သီးသန့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုအကြား မှာရှိတဲ့ အာဇာနည်မျိုးဆက်တွေကြားဆက်ဆံရေး၊ သူဖြတ်သန်းခဲ့ရတဲ့ အနိမ့်အမြင့် အတက်အကျတွေရှိခဲ့တဲ့ အာဇာနည်နေ့တွေ အကြောင်းနဲ့ လက်ရှိတော်လှန်ရေးမှာ ဖြတ်သန်းနေတဲ့ အခြေအနေတွေကို မန်းဝင်းခိုင်သန်း က ပြန်ပြောပြပါတယ်။
အနိမ့်အမြင့် အတက်အကျ နဲ့ အာဇာနည်နေ့တွေ

ဓာတ်ပုံ ရင်းမြစ်, naychy
မန်းဝင်းခိုင်သန်း ငယ်စဉ်က အာဇာနည်နေ့ဖိတ်စာကို ရွှေရောင်ဖောင်းကြွစာလုံးနဲ့ ဖိတ်ကြားခံခဲ့ရတာကို အသေအချာမှတ်မိနေခဲ့ပါတယ်။
အဲဒီတုန်းက အာဇာနည်နေ့တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်ဦးဆောင်တဲ့ အာဇာနည်မိသားစုဝင်တွေကို အစိုးရက အရေးတယူ ရှိခဲ့ပြီး လွတ်လပ်ရေးနေ့ ညစာစားပွဲတွေမှာလည်း ဖိတ်ကြားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ အာဇာနည်နေ့ဖိတ်စာသာ ရောက်လာခဲ့ပြီး နဝတ ခေတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတွေကို ဖျောက်ဖျက်တဲ့အထိတောင် ကြုံခဲ့ရတယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။
အာဇာနည်မိသားစုဝင်တွေဟာ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ်မူတည်ပြီး အစိုးရတွေရဲ့ မတူညီတဲ့ဆက်ဆံရေးတွေနဲ့ ကြုံခဲ့ကြရတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့လည်း အာဇာနည် မိသားစုဝင်တွေဟာ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီအားပေးခဲ့ကြပါတယ်။
အာဇာနည်မိသားစုဝင်တွေထဲ ဧရာဝတီတိုင်းမှာနေထိုင်ခဲ့ကြတဲ့ ဒေါ်ခင်ကြည်နဲ့ မန်းဝင်းခိုင်သန်းတို့ မိသားစုက ရင်းနှီးကြပြီး တစ်လ တစ်ခါ စာပုံမှန်ပို့ခဲ့ကြပါတယ်။
မန်းဝင်းခိုင်သန်းဟာ ဒေါ်ခင်ကြည်ကို မေမေကြီးလို့ခေါ်ပြီး မကြာခဏ ရန်ကုန်မြို့က ဒေါ်ခင်ကြည်ရဲ့နေအိမ်ကို အလည်အပတ်ရောက်လေ့ရှိပါတယ်။
အဲဒီကာလတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာရောက်ရှိနေတာ ဖြစ်ပါတယ်။
မန်းဝင်းခိုင်သန်းတို့မိသားစုဟာ အာဇာနည်နေ့အခမ်းအနား လာတက်တိုင်း ဒေါ်ခင်ကြည်က သူ့အိမ်ကို အမြဲအလည်ခေါ်ပါတယ်။
မန်းဝင်းခိုင်သန်းဟာ အာဇာနည်နေ့အခမ်းအနားတွေကို အာဇာနည်မိသားစုဝင်တစ်ဦးအနေနဲ့ပဲ တက်ရောက်ခဲ့ရာကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ တက်ရောက်ခွင့်ရခဲ့ပါတယ်။
လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ အာဇာနည်နေ့ဖိတ်စာရခဲ့ဖူးသူ တစ်ယောက်ကနေ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်အဖြစ် တက်ရောက်ခွင့်ရခဲ့ပြန်တာ ဖြစ်ပါတယ်။
အဲဒီအခမ်းအနားတွေမှာ မန်းဝင်းခိုင်သန်းဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့အတူ ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ တက်ရောက်အလေးပြုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါတွေက နှစ်အပိုင်းအခြားတစ်ခုသာခံခဲ့ပြီး မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ မန်းဝင်းခိုင်သန်းကြုံရတဲ့ အာဇာနည်နေ့ အတွေ့အကြုံလည်း ပြောင်းလဲသွားခဲ့ရပြန်ပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ မန်းဝင်းခိုင်သန်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အံတုနေတဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပြီး တောထဲမှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့ရပြန်ပါတယ်။
‘’တိုင်းပြည်အတက်ဘက်ကို သွားနေချိန်မှာ အခုလို အာဏာသိမ်းခံလိုက်ရတာ တကယ်ယူကြုံးမရဖြစ်တယ်။ တိုင်းပြည်နဲ့ ပြည်သူကတော့ အများကြီးပေးဆပ်လိုက်ရတယ်’’ လို့ အာဏာသိမ်းခံလိုက်ရတဲ့ဖြစ်စဉ်အပေါ် မန်းဝင်းခိုင်သန်းက မှတ်ချက်ပြုပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ မှ တော်လှန်ရေးသို့

ဓာတ်ပုံ ရင်းမြစ်, NUG
မန်းဝင်းခိုင်သန်းဟာ အာဏာသိမ်းမှုမှာ ရှားရှားပါးပါးအဖမ်းမခံရတဲ့ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှ နေပြည်တော်ကနေ ထွက်ခွာလာခဲ့ပြီး သူအရင်နေထိုင်ခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့ကို ရောက်ခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကနေ ယာယီဒုတိယသမ္မတ တာဝန်ပေးအပ်တဲ့ အချိန်မှာ မန်းဝင်းခိုင်သန်း က လက်ခံခဲ့ပါတယ်။
အဲဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီးတဲ့အခါ ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် တာဝန်ဆက်ယူခဲ့တာဖြစ်ပါတယ်။
‘’ဒါက NLD ကိုလည်း အကြွေးဆပ်တာဖြစ်သလို တိုင်းပြည်အပေါ်လည်း ကျေးဇူးဆပ်ချင်တဲ့အနေနဲ့ ဒီတာဝန်ကို လက်ခံခဲ့တာပါ။’’ လို့ မန်းဝင်းခိုင်သန်း က ပြောပါတယ်။
စစ်တပ်က သူ့ရဲ့ မြဝတီက နေအိမ်ကို ချိတ်ပိတ်ခဲ့သလို သူတို့မိသားစုလည်း ထွက်ပြေးခဲ့ရတယ် လို့ သူကပြောပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ပေးဆပ်မှုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေ နဲ့ နှိုင်းယှဉ်ရင် ဘာမှမပြောပလောက်ဘူး လို့ မန်းဝင်းခိုင်သန်း က ခံယူထားပြီး လူငယ်တွေကို လေးစားတဲ့အကြောင်း သူကပြောပါတယ်။
ကိုယ့်အသက်ကိုပဓာန မထားဘဲ စွန့်လွှတ်အနစ်နာခံခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို အာဇာနည်တွေလို့ သတ်မှတ်ခဲ့ကြသလို လက်ရှိနိုင်ငံသစ်ထူထောင်ဖို့ အသက်ပေးခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း အာဇာနည်တွေပဲ လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။
‘’အဘိုးအတွက် ဖထီးတို့ ဂုဏ်ယူရသလို သူတို့အတွက်လည်း သူတို့မိသားစုတွေက ဂုဏ်ယူစေချင်တယ်။ ဖထီးတို့အနေနဲ့လည်း သူတို့ရဲ့ပေးဆပ်မှုတွေကို မပျောက်ပျက်အောင် မှတ်တမ်းတင်ထားတယ်’’ လို့ သူကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပေါ်အမြင်

ဓာတ်ပုံ ရင်းမြစ်, MPO
ဒေါ်ခင်ကြည်ရှိစဉ်က ခြံနံပါတ် (၅၄) ကို ပုံမှန်ရောက်ခဲ့တဲ့ မန်းဝင်းခိုင်သန်းဟာ ၂၀၁၆ ခုနှစ်ကစလို့ အာဇာနည်နေ့ဆွမ်းကျွေးတွေမှာ ခြံနံပါတ် (၅၄) ကို ရောက်ခဲ့ပြန်ပါတယ်။
အလားတူ ရန်ကုန်မြို့အာဇာနည်ကုန်းမှာလည်း နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တက်ရောက်ခွင့်ရခဲ့ပြန်ပါတယ်။
မန်းဝင်းခိုင်သန်းဟာ ၂၀၁၃ ခုနှစ်မှာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဝင်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ NLD မှာ စွန့်လွှတ်အနစ်နာခံခဲ့သူတွေအများကြီးရှိတဲ့အထဲမှာမှ သူ့ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ပေးလို့ မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်လို့ သူကပြောပါတယ်။
"အစ်မကပြောတယ်။ လွှတ်တော်ကိုနိုင်အောင်ထိန်းပေးပါတဲ့။ ယုံကြည်လို့တာဝန်ပေးတာတဲ့" လို့ မန်းဝင်းခိုင်သန်းက ပြန်ပြောင်းပြောပြပါတယ်။
အချုပ်အနှောင်ခံနေရတာဟာ သာမန်လူတွေအတွက် တုန်လှုပ်စရာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ တည်တည်ငြိမ်ငြိမ် နဲ့ ကျော်ဖြတ်လိမ့်မယ် လို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဘုရား၊ တရား ပုံမှန်လုပ်ပြီး စိတ်ဓာတ်ခိုင်မာသူလို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။
"ဒါပေမဲ့ ခါတိုင်းနှစ်တွေလို ကိုယ်တိုင်ကိုယ်ကျ ကန်တော့ခွင့်မရတဲ့အပေါ်မှာတော့ စိတ်မကောင်းတော့ဖြစ်မှာပေါ့" လို့ သူ့ထင်မြင်ချက်ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်စစ်အစိုးရခေတ်တွေက နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပေမယ့်လို့ ဇူလိုင် ၁၉ ရက်မှာတော့ အာဇာနည်ကုန်းကို တက်ရောက်ဂါရဝ ပြုခွင့်ရခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှတော့ အာဇာနည်ကုန်းကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝ မပြုခဲ့ရတာ သုံးနှစ်ဆက်တိုက်ရှိခဲ့ပြီဖြစ်ပါတယ်။
အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ပေးတွေ့ပြီး စစ်အုပ်စုက တော်လှန်ရေးကို ဝေဝါးအောင် ဖန်တီးခဲ့ပေမယ့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမယ်လို့ မန်းဝင်းခိုင်သန်းက ကတိပြုပြောကြားခဲ့ပါတယ်။








