ရွှေ့ပြောင်းဝင်လာသူတွေအရေး စာနာမှု အရင်းခံနဲ့ ချဥ်းကပ်မယ်လို့ သမ္မတဘိုင်ဒင်ပြော - မတ်လ ၈ ရက် ထိပ်တန်းနိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတ ဘိုင်ဒင်ဟာ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံးပေးတဲ့ သူ့ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို စိတ်ခံစားမှု ပြင်းပြင်းထန်ထန် လှိုက်လှိုက်လှဲလှဲနဲ့ တိုင်းပြည်ကို စကားပြောခဲ့ပါတယ်။
သမ္မတဘိုင်ဒင်ရဲ့ တစ်နာရီကြာ မိန့်ခွန်းထဲ လာမယ့် ရွေးကောက်ပွဲမှာ ပြိုင်ဘက် ဖြစ်လာဖွယ် ရှိတဲ့ ဒေါ်နယ်ထရမ့်ကို ပြစ်တင် ရှုတ်ချတဲ့ စကားတွေ ထပ်ပြန်တလဲလဲ ပြောဆိုခဲ့ပါတယ်။
ရုရှားရှေ့ ဒူးထောက်သူ ဆိုပြီး သမ္မတဟောင်း ထရမ့်ကို ဝေဖန်ခဲ့သလို၊ ကိုဗစ်ကာလ ထရမ့် ကိုင်တွယ်ခဲ့ပုံတွေဟာ ဘယ်လိုမှ ခွင့်လွှတ်နိုင်ဖွယ် မရှိဘူးလို့လည်း သမ္မတဘိုင်ဒင်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခါ လူဝင်မှုကြီးကြပ်ရေး မူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း မက္ကဆီကို နယ်စပ်မှာ ပေါ်ပေါက်နေတဲ့ ပြဿနာကို ကိုင်တွယ်နိုင်ရေး အတွက် အတိုက်အခံ ရီပတ်ဘလစ်ကန်တွေကပါ အတူပူးပေါင်း လုပ်ဆောင်ကြဖို့ သမ္မတဘိုင်ဒင်က တိုက်တွန်းပါတယ်။ ရွှေ့ပြောင်းဝင်ရောက်သူတွေ အပေါ် သူဟာ ထရမ့်လို သဘောထားမှာ မဟုတ်ဘဲ စာနာမှု တရား အရင်းခံနဲ့ ချဥ်းကပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရွှေ့ပြောင်းဝင်ရောက်သူတွေအပေါ် မကောင်းဆိုးရွားတွေ သဖွယ် ကျွန်တော် ပုံဖော်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ သွေးကို အဆိပ်အတောက် ဖြစ်စေတယ်လို့လည်း ပြောဆိုမှာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ မိသားစုတွေ တကွဲတပြား ဖြစ်အောင် ခွဲထားမယ့်သူ မဟုတ်သလို၊ ဘာသာရေးပေါ် အခြေခံလို့ ပြည်ဝင်ခွင့် ပိတ်တာမျိုး လုပ်မယ့်သူလည်း မဟုတ်ပါဘူး” ဆိုပြီး သမ္မတ ဘိုင်ဒင် ပြောသွားပါတယ်။
ဂါဇာမှာ အရေးပေါ် ဆိပ်ခံတံတားဆောက်ဖို့ သမ္မတဘိုင်ဒင် အမိန့်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာ ကမ်းရိုးတန်းမှာ ယာယီဆိပ်ခံ တစ်ခု တည်ဆောက်ဖို့ အမေရိကန် စစ်တပ်ကို အမိန့်ပေးထားကြောင်း သမ္မတက ဘိုင်ဒင်က သူ့ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားသွားပါတယ်။
ပါလက်စတိုင်းတွေထံ အထောက်အပံ့ ပစ္စည်းတွေ ဆထက်တပိုး တိုးမြှင့်ပို့နိုင်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ WFP ရဲ့ ပါလက်စတိုင်း ဆိုင်ရာ အကြီးအကဲ မက်သယူး ဟိုလင်ဝါ့သ်က အမေရိကန်ရဲ့ ခြေလှမ်းကို ကြိုဆိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။
“ထောက်ပံ့မှု တိုးမြှင့်ရေး အတွက် လမ်းကြောင်းပွင့်သွားမယ့် ဘယ်လို လုပ်ဆောင်ချက်မဆို ကြိုးစားကြည့်ရမှာ ဖြစ်ပါတယ်။ နေရာကလည်း နေရာကောင်း ဖြစ်ပြီး အခုဆောက်မယ် ဆိုတဲ့ နေရာ အက်ရှ်ဒေါ့ ဆိပ်ကမ်းဟာ ဂါဇာမြို့နဲ့ဆို မိုင် ၃၀ တောင် မဝေးပါဘူး။ ဒါပေမယ့် ဂါဇာဒေသ မြောက်ပိုင်းအတွက်တော့ အဲဒီ ဆိပ်ကမ်းကို သုံးလို့ ရနိုင်မှာ မဟုတ်ဘူး” ဆိုပြီး မက်သယူး ဟိုလင်ဝါ့သ်က ပြောပါတယ်။
ပါလက်စတိုင်းအကျဉ်းသားတွေကို အစ္စရေးစစ်တပ်က နှိပ်စက်နေတယ်လို့ ကုလအစီရင်ခံစာထဲ ရေးသားထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂါဇာထဲမှာ လှုပ်ရှားနေတဲ့ အဓိက ကုလသမဂ္ဂ အဖွဲ့အစည်း ဖြစ်တဲ့ UNRWA ရဲ့ ဌာနတွင်း အစီရင်ခံစာကို ဘီဘီစီ တွေ့မြင်ခဲ့ရတာမှာ အစ္စရေးတွေ စီမံပေးတဲ့ ယာယီ ထိန်းသိမ်းရေး စခန်းတွေထဲ ပါလက်စတိုင်းတွေ အပေါ် ကျူးလွန် စော်ကားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေတာကို ဖော်ပြထားပါတယ်။
အစ္စရေး စစ်တပ်က ဖန်တီးထားတဲ့ နေရာ ၃ ခုက လူပေါင်း တစ်ရာကျော်ကို ၃ လတာ အတွင်း တွေ့ဆုံ မေးမြန်းတာတွေ ပြုလုပ်ထားတဲ့ အစီအရင်ခံစာ ဖြစ်ပါတယ်။
ဖြေဆိုကြသူတွေရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေထဲ ကိုယ်လုံးတီး အဝတ်ဗလာ အချွတ်ခံရတာက အစ၊ ခွေးတွေနဲ့ ရှူးတိုက် အကိုက်ခိုင်းတာ ခံရတာမျိုးတွေ၊ ဒဏ်ပေးတဲ့ အနေနဲ့ ကိုယ်နေဟန်ထား တစ်ခုခုမှာ မလှုပ်မယှက် နာရီပေါင်းများစွာ နေရတာမျိုးတွေနဲ့၊ လိင်ပိုင်း ကျူးလွန်ခံရတာ အဆုံး နည်းပေါင်းစုံ နှိပ်စက် ခံနေရတယ် လို့ ဆိုပါတယ်။
UNRWA ရဲ့ အစီရင်ခံစာပါ အချက်တွေဟာ အစ္စရေးနဲ့ ပါလက်စတိုင်း လူ့အခွင့်အရေး အဖွဲ့တွေ လတ်တလော ထုတ်ပြန်ထားတာတွေနဲ့လည်း ကိုက်ညီနေပါတယ်။ အစ္စရေး စစ်တပ်ကတော့ ဖမ်းဆီးထိန်းသိမ်းထားသူတွေ အပေါ် မနှိပ်စက် မကျူးလွန်ရဘူး ဆိုတာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်လို့ ဆိုပါတယ်။
ရုရှားစစ်တပ်အတွက် လူစုပေးတဲ့ လူမှောင်ခိုတွေကို အိန္ဒိယမှာ ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားစစ်တပ်အတွက် တိုက်ခိုက်ပေးမယ့် သူတွေ အဖြစ် အသုံးချဖို့ရာ အိန္ဒိယကနေ လူမှောင်ခို ပို့ပေးနေတဲ့ ဂိုဏ်းသားတွေကို ဖမ်းဆီး ရမိထားတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။ ယူကရိန်းထဲမှာ ရှိနေတဲ့ ရုရှားတပ်ဖွဲ့တွေထံ ပို့ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က နေရာပေါင်း ၁၂ နေရာ ကျော်ကို ဝင်ရောက် စီးနင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။
အလုပ်အကိုင်ကောင်းတွေ ရမယ် ဆိုတဲ့ မက်လုံးတွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ တဆင့် ဖြားယောင်း သွေးဆောင်ပြီး လူကုန်ကူးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှားစစ်တပ်ထဲ ပို့ခံရသူတွေ ဘယ်သူဘယ်ဝါလဲ ဆိုတာကို လက်ရှိ ဖော်ထုတ် ထားနိုင်သမျှ ၃၅ ယောက် ဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။ ယူကရိန်းထဲက တိုက်ခိုက်မှုတွေ အတွင်း အိန္ဒိယ နိုင်ငံသား အယောက် ၂၀၀ ထက်မနည်း သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။
နာမည်နောက်ဆုံးစာလုံး မပြောင်းရေး ဂျပန်အစိုးရကို တရားစွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်နိုင်ငံမှာ အမျိုးသမီးတွေ အနေနဲ့ အိမ်ထောင်ကျတဲ့ အခါ ခင်ပွန်းသည်ရဲ့ နာမည် နောက်ဆုံးစာလုံးကို လိုက်လံ ပြောင်းစရာ မလိုဘဲ ကိုယ်ပိုင် နာမည် ဆက်လက် ထိန်းသိမ်းခွင့် ရှိရမယ် ဆိုပြီး အစိုးရကို တရားစွဲဆိုတာတွေ ပြုလုပ်လာပါတယ်။
မတ်လ ၈ ရက်၊ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဲဒီလို လှုပ်ရှားလာတာ ဖြစ်ပါတယ်။ အစိုးရကို တရားစွဲတဲ့ လင်မယား ၆ စုံတွဲ ထက် မနည်း ရှိပါတယ်။ ဂျပန်မှာ ၁၉ ရာစု ကတည်းက ပြဋ္ဌာန်း ကျင့်သုံးခဲ့တဲ့ ဥပဒေ အရ၊ အိမ်ထောင်သည် စုံတွဲတိုင်းရဲ့ နောက်ဆုံး နာမည် စာလုံး တူညီရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အိမ်ထောင်ပြုသူတိုင်းရဲ့ ၉၅ % ဟာ အမျိုးသားရဲ့ နောက်ဆုံးနာမည် စာလုံးကိုပဲ ရွေးချယ်လာခဲ့ကြပါတယ်။ အဲဒီလို မဖြစ်မနေ နာမည်ပြောင်းဖို့ ဥပဒေအရ လိုအပ်နေတဲ့ အဖြစ်ကို ပြောင်းလဲလိုတာ ဖြစ်တယ်လို့ အခု တရားစွဲသူတွေက ဆိုပါတယ်။








