နိုဝင်ဘာ ၁၅ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ပါကစ္စတန်မှာ တပ်ချုပ်ကို ဖမ်းလို့မရမယ့် ဥပဒေပြု

ပါကစ္စတန်ဝန်ကြီးချုပ်နှင့် စစ်ဦးစီးချုပ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တချို့ကတော့ ဒါဟာ စစ်တပ်ကို အာဏာအပ်နှင်းတာလို့ ယူဆကြပါတယ်။
ဖတ်ရန်အချိန်: မိနစ် ၄

ပါကစ္စတန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာဆင် မူနီးကို လုပ်ပိုင်ခွင့်သစ်တွေနဲ့ တစ်သက်တာလုံး ဖမ်းဆီးခံရမှု၊ စစ်ဆေးအပြစ်ပေးခံရမှုတွေကနေ ကင်းလွတ်ခွင့်ပေးမယ့် ဥပဒေကြမ်းကို ပါကစ္စတန်လွှတ်တော်က မဲခွဲအတည်ပြုလိုက်ပါတယ်။

ကြာသပတေးနေ့မှာ ဥပဒေအဖြစ် အတည်ပြုလက်မှတ်ရေးထိုးလိုက်တဲ့ ၂၇ ခုမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်ကြောင့် နိုင်ငံရဲ့တရားလွှတ်တော်ချုပ်လည်ပတ်မှုမှာ ကြီးမားတဲ့ အပြောင်းအလဲရှိလာမှာဖြစ်ပါတယ်။

ဒီလုပ်ရပ်ကြောင့် ပါကစ္စတန်မှာ အာဏာရှင်စနစ်ဖြစ်ထွန်းလာတော့မယ်လို့ ဝေဖန်တာတွေရှိနေပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ပါကစ္စတန်မှာ စစ်တပ်ဟာ နိုင်ငံရေးမှာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့ပြီး တစ်ခါတရံမှာ အာဏာသိမ်းတာ၊ အစိုးရအဖွဲ့ဖွဲ့စည်းရေးမှာ နောက်ကွယ်ကနေ ပါဝင်နေတာတွေရှိခဲ့ပါတယ်။

ပြင်ဆင်ဖြည့်စွက်ချက်ကြောင့် ၂၀၂၂ ခုနှစ်ကထဲက ကြည်းတပ်စစ်ဦးစီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ မူနီးဟာ ရေတပ်နဲ့ လေတပ်တို့ကိုလည်း ဦးဆောင်ရတော့မှာဖြစ်ပါတယ်။

သူ့ရဲ့ဗိုလ်ချုပ်ကြီးရာထူးဟာ တစ်သက်တာပေးအပ်တဲ့ရာထူးဖြစ်ပြီး သမ္မတဟာ ဝန်ကြီးချုပ်ရဲ့ အကြံပေးမှုနဲ့အတူ သူ အငြိမ်းစားယူပြီးနောက်မှာလည်း တာဝန်တွေပေးအပ်ဖို့ ဆုံးဖြတ်ခွင့်ရှိနေပါတယ်။ သူအသက်ရှင်နေသရွေ့ အစိုးရအုပ်ချုပ်မှုပိုင်းမှာ လုပ်ပိုင်ခွင့်တွေရနေဦးမှာဖြစ်ပါတယ်။

ပါကစ္စတန်စစ်တပ်ဟာ ခေတ်သစ်စစ်ပွဲတွေကို လိုက်မီဖို့အတွက် ဒီလိုပြုပြင်ပြောင်းလဲရေးအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းလိုက်ရတာဖြစ်တယ်လို့ ဝန်ကြီးချုပ် ရှာဘက် ရှာရစ်ကို ကိုကားပြီး ပါကစ္စတန်နိုင်ငံပိုင်သတင်းဌာန ပါကစ္စတန်အေပီက ပြောပါတယ်။

တချို့ကတော့ ဒါဟာ စစ်တပ်ကို အာဏာအပ်နှင်းတာလို့ ယူဆကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"စစ်ဘက်နဲ့ အရပ်ဘက်ကြား အာဏာမျှခြေမရှိတော့ဘူး၊ သူတို့ဟာ စစ်တပ်ဘက်ကို အာဏာချိန်ခွင်ညှာစောင်းပေးလိုက်တာဖြစ်ပြီး စစ်တပ်ကို ထိန်းချုပ်ဖို့လိုအပ်နေတဲ့အချိန်မှာပဲ စစ်တပ်ကို အာဏာပိုင်ခွင့်ပေးလိုက်တာဖြစ်တယ်" လို့ သတင်းသမားဖြစ်သလို ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင်တွဲဖက်ဥက္ကဋ္ဌ မူနီဇေး ဂျာဟန်ဂီက ပြောပါတယ်။

အပြောင်းအလဲမှာ ဒုတိယအငြင်းပွားစရာကောင်းတဲ့အချက်ကတော့ တရားရုံးတွေနဲ့ တရားရေးကဏ္ဍပဲဖြစ်ပါတယ်။

ပြင်ဆင်ဖြည့်စွက်ချက်သစ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး(အက်ဖ်စီစီ) ကိုဖွဲ့စည်းပြီး ဒီခုံရုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဿနာတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။ အက်ဖ်စီစီရဲ့ ပထမဆုံး တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို သမ္မတက ခန့်အပ်မှာဖြစ်ပါတယ်။

မျှတစွာတရားစီရင်ခွင့်ရဲ့ သဘောသဘာဝကို ထာဝရပြောင်းလဲလိုက်တာပဲဖြစ်ပါတယ် လို့ ဂျာဟန်ဂီကပြောပါတယ်။

ပြင်ဆင်ဖြည့်စွက်ချက်ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးပြီး နာရီအနည်းငယ်အကြာမှာတော့ တရားလွှတ်တော်ချုပ်တရားသူကြီးတွေဟာ ရာထူးကနုတ်ထွက်စာတင်ခဲ့ကြပါတယ်။

"ကျွန်တော် သစ္စာစောင့်ထိန်းကာကွယ်ပါမယ်လို့ ကျမ်းကျိန်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက မရှိတော့ပါဘူး" လို့ တရားသူကြီး အာထာ မီနာလာက နုတ်ထွက်စာမှာ ရေးသားထားပါတယ်။

လားရှိုးအနီးတဝိုက် စစ်ရေးတင်းမာ

မြို့အဝင်မှာ လုံခြုံရေးစောင့်ကြပ်နေတဲ့ MNDAA ရဲတပ်ဖွဲ့ဝင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, မြို့အဝင်မှာ လုံခြုံရေးစောင့်ကြပ်နေတဲ့ MNDAA ရဲတပ်ဖွဲ့ဝင်တစ်ဦး(ပုံဟောင်း)

လားရှိုးမြို့အထွက်ကနေ သီပေါအထိ ပြည်‌ထောင်စုလမ်း လမ်းပိုင်းမှာ နေရာယူထားတဲ့ ကိုးကန့်တပ် MNDAA ကိုဆုတ်ခွာဖို့ ပြောလာတာကြောင့် စစ်တပ်နဲ့ ကိုးကန့်တပ်တို့အကြား စစ်ရေး တင်းမာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ဘီဘီစီကို ပြောပါတယ်။

ကိုးကန့်တပ်တွေရှိတဲ့ ဟိုယကျေးရွာဘက်မှာ ဒီနေ့မနက်ပိုင်းက သေနတ်သံတချို့ စပြီးကြားရတဲ့အကြောင်း လားရှိုးဒေသခံတစ်ဦးကပြောပြီး တိုက်ပွဲပြန်ဖြစ်လာမှာ စိုးရိမ်နေကြပါတယ်။

မနေ့ကစပြီး မြို့အထွက်လမ်းတွေကို နှစ်ဖက်တပ်ဖွဲ့က ပိတ်ဆို့ခဲ့ပြီး ဒီနေ့အထိ သီပေါတံတား၊ မိုင်းရယ်-ဟိုယလမ်းနဲ့ နမ့်လန်လမ်းတွေကို ပိတ်ထားဆဲဖြစ်တယ်လို့ MNDAA သတင်းအရင်းအမြစ်က ဆိုပါတယ်။

သီပေါလမ်းမှာ ကား၊ ဆိုင်ကယ်အဝင်အထွက်ပိတ်ထားဆဲဖြစ်ပြီး လမ်းလျှောက်ဖြတ်သွားလို့တော့ ရတယ်လို့ သယ်ယူပို့ဆောင်ရေးလုပ်နေသူတစ်ဦး လူမှုကွန်ရက်မှာ ပြောထားပါတယ်။

နိုဝင်ဘာ ၁၁ ရက်စပြီး လားရှိုးက ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်တပ်နဲ့ ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးတာတွေရှိနေပါတယ်။ အောက်တိုဘာ ၁၇ ရက်မှာ စစ်တပ်ဟာ သီပေါမြို့ကို တအာင်းတပ် TNLA ဆီကနေ သိမ်းယူအပြီး ပြည်ထောင်စုလမ်းရဲ့ မန္တလေး-သီပေါလမ်းပိုင်းကို နေရာယူထားကာ ကိုးကန့်တပ်ကနေ သီပေါ-လားရှိုးလမ်းပိုင်းကို ထိန်းထားတာဖြစ်ပါတယ်။

မောတောင်မှာ ဘာဆက်ဖြစ်နေလဲ

ကရင်အလံကိုင်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဖြန့်ခင်းထားတဲ့ လက်နက်ခဲယမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, FFD

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၄ ရက်၊ မောတောင်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပြီးနောက်ပိုင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ

တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာကုန်သွယ်ရေးစခန်းရှိရာ မောတောင်မြို့ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မဟာမိတ်ပူး‌ပေါင်းတပ်တွေ နိုဝင်ဘာ ၁၄ ရက်မှာ သိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်က Y-12 လေယာဥ်နဲ့ မြို့ပတ်ဝန်းကျင်တ၀ိုက် ပျံသန်းစောင့်ကြည့်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူက ဘီဘီစီကိုပြောပါတယ်။

မောတောင်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၂၄ က စစ်သား ၅၀ ကနေ ၇၀ ဝန်းကျင်ကတော့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းအာဏာပိုင်တွေဆီ လက်နက်အပ်ကာ ဝင်ရောက်သွားကြတာပါ။

တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တွင်းက နေရာ တချို့မှာတော့ အပျက်အစီးတွေရှိခဲ့ပါတယ်။

ထိုင်းနဲ့ KNU ထိန်းချုပ်နယ်မြေတွေထဲ စစ်ရှောင်ကြရတဲ့ ဒေသခံတွေကတော့ မြို့ထဲကို ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးပါဘူး။

"မြို့ကိုထိန်းထားပြီးတဲ့အချိန်မှာ ချက်ချင်းပြန်ဝင်ခိုင်းရင် လေကြောင်းရန်ရှိတယ်။ ရက်အပိုင်းအခြား တစ်ခုတော့ မြို့နယ်အုပ်ချုပ်‌ရေးဘက်က စောင့်ကြည့်စီစဥ်သွားမယ်လို့သိထားတယ်" လို့ မြေပြင် အခြေအနေသိရှိသူကဆိုပါတယ်။

မောတောင်မြို့ဟာ မြန်မာဘက်ခြမ်းက မြိတ်မြို့နဲ့ ထိုင်းဘက်ခြမ်းက ပရာကျွတ်ကီရီမြို့တို့ဆက်သွယ်ထားတဲ့ အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပါတယ်။

KNU က ၃၅ နှစ်အကြာလက်လွှတ်ထားခဲ့ရတဲ့ ဒီနယ်စပ်မြို့ကို ပြန်ရပြီးတဲ့နောက်မှာ ထိုင်း-မြန်မာ ကုန်သွယ်ရေးဆက်လက်လုပ်ဆောင်မယ်အပိုင်းကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

မောတောင်တိုက်ပွဲအတွင်းက စစ်သုံ့ပန်း ၄၃ ဦးနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိထားပြီး KNLA ရဲ့ စည်းမျဥ်းစည်းကမ်းအတိုင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က အကျအဆုံးတချို့လည်းရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ပွဲကို KNLA တပ်မဟာ ၄ ဗျူဟာမှူး၊ KNLA တပ်ရင်း ၁၁ တပ်ရင်းမှူး၊ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌနဲ့ KNLA တပ်မဟာ ၄ ဗျူဟာလက်အောက်ခံ (KNDO တပ်ရင်း ၇၊ တပ်ရင်း ၂၀၃၊ တပ်ရင်း ၁၂၊ တပ်ရင်း၁၀)၊ KNLA ထီးဆဲ့မယ့်ယွားတပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

BPLA၊ တနင်္သာရီမြို့နယ်ကျေးရွာလုံခြုံရေးအဖွဲ့တွေ၊ တနင်္သာရီ PDF တွေနဲ့ ပကဖ တွေလည်း ပူးပေါင်းတိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် KNLA ဌာနချုပ်ဒရုန်းအဖွဲ့၊အထူးစစ်ဆင်‌ရေးအဖွဲ့၊ FFD-Droneအဖွဲ့ တို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ ဦးအောင်မင်းရဲ့ သားတွေ ရွေးကောက်ပွဲဝင်ပြိုင်

ဦးစိုးသိန်းသားဖြစ်သူ ဦးအေးချမ်းပါဝင်တဲ့ မဲဆွယ်ဆိုင်းဘုတ်

ဓာတ်ပုံ ရင်းမြစ်, U Zaw Win Thant

ဓာတ်ပုံ ပုံစာ, ဦးစိုးသိန်းသားဖြစ်သူ ဦးအေးချမ်းပါဝင်တဲ့ မဲဆွယ်ဆိုင်းဘုတ်

သမ္မတဦးသိန်းစိန်လက်ထက်က သမ္မတရုံးဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းရဲ့ သားတွေ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်ပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်နေကြတာတွေ့ရပါတယ်။

ဦးစိုးသိန်းသားဖြစ်သူ ဦးအေးချမ်းက လှိုင်သာယာ(အရှေ့ပိုင်း)မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ဝင်ပြိုင်တာပါ။

ဦးအောင်မင်းသားဖြစ်တဲ့ ဒေါက်တာထူးခြားအောင်ကတော့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၄ ကနေ အချိုးကျကိုယ်စားပြုစနစ်နဲ့ ဝင်ပြိုင်တာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်နှစ်ဦးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ထပ်ပြိုင်ခဲ့ကြပေမဲ့ ဦးစိုးသိန်းပဲအနိုင်ရပြီး ဦးအောင်မင်းက ရှုံးနိမ့်ခဲ့ပါတယ်။

သူတို့နှစ်ဦး ရွေးကောက်ပွဲနိုင်ငံရေးကနေ အနားယူချိန်မှာ သားတွေက ရွေးကောက်ပွဲဝင်လာတာဖြစ်ပါတယ်။

ဘီလျံနာတစ်ဦးလာကယ်လိမ့်မယ်လို့ လိမ်ဟောတဲ့ ဗေဒင်ဆရာမ အဖမ်းခံရ

နိုဝင်ဘာ ၁၂ ရက်မှာ သြစတြေးလျရဲတပ်ဖွဲ့ ဝင်ဖမ်းခဲ့တဲ့ ဗေဒင်ဆရာမနဲ့သမီးဖြစ်သူရဲ့  နေအိမ်အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, NSW Police Force

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၂ ရက်မှာ သြစတြေးလျရဲတပ်ဖွဲ့ ဝင်ဖမ်းခဲ့တဲ့ ဗေဒင်ဆရာမနဲ့သမီးဖြစ်သူရဲ့ နေအိမ်အခြေအနေ

ဗေဒင်ဆရာမတစ်ဦးနဲ့ သမီးဖြစ်သူကို ငွေကြေးလိမ်လည်မှုနဲ့ သြစတေးလျရဲ တပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး သူတို့ကြောင့်နစ်နာခဲ့တဲ့ ငွေကြေးပမာဏဟာ အမေရိကန်ဒေါ်လာ ၄၆ သန်း လောက်အထိရှိနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

ဗေဒင်နဲ့ ဖုန်းရွှေဆရာမလို့ ခံယူထားကြတဲ့ သားအမိကို ဗုဒ္ဓဟူးနေ့က ဆစ်ဒနီမှာ ဖမ်းခဲ့ပြီး ငွေကြေးအခက်အခဲဖြစ်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်ခဲ့တာလို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

အသက် ၅၃ နှစ်အရွယ် ဒီအမျိုးသမီးဟာ ဗေဒင်လာမေးသူတွေရဲ့ အနာဂတ်မှာ ဘီလျံနာတစ်ဦးကို မြင်နေရတယ်ဆိုပြီး ဟောကာ သူ့အကျိုးအတွက်ဝေစုတစ်ခုရနိုင်မယ့် ချေးငွေတွေ ထုတ်ချေးခိုင်းခဲ့ ပါတယ်။

ဒီဗေဒင်ဆရာမနဲ့ သူ့သမီးဟာ ရှုပ်ထွေးတဲ့ ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါခမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

သူတို့အသိုင်းအဝိုင်းမှာ လူသိများထင်ရှားတဲ့ ဗေဒင်ဆရာမဟာ ဗေဒင်လာမေးသူတွေကို ချေငွေးထုတ်ယူခိုင်းလိုက်ပြီး မကြာခင်မှာပဲ ဘီလျံနာတစ်ဦးက လာကူညီလိမ့်မယ်လို့ ဟောထားတာပါ။

ရဲတပ်ဖွဲ့က ဒေါ်လာသန်းချီတန်တဲ့ ဗေဒင်ဆရာမအိမ်ထဲဝင်စီးချိန်မှာ ငွေကြေးဆိုင်ရာအချက်အလက်နဲ့ မိုဘိုင်းဖုန်းတွေအပြင် ဇိမ်ခံလက်ကိုင်အိတ်တွေ၊ အလေးချိန် ၄၀ ဂရမ်ရှိ ရွှေချောင်းနဲ့ သြစတေးလျ ဒေါ်လာ ၆,၆၀၀ တန် ကာစီနိုငွေကြေးတွေ ဖမ်းမိခဲ့ပါတယ်။

သြစတေးလျရဲတပ်ဖွဲ့က ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ ဇိမ်ခံကားအမှန်တကယ်ဝယ်ယူခြင်းမရှိဘဲ ချေးငွေ ထုတ်ယူနေတဲ့နောက်ကို လိုက်ရင်းကနေ အခုလို ငွေကြေးဆိုင်ရာ ရာဇဝတ်မှုကြီးတစ်ခုကို ခြေရာခံ မိသွားတာပါ။

ဒီအမှုနဲ့ဆက်စပ်လို့ လူပေါင်း ဒါဇင်ချီဖမ်းဆီးခဲ့ပြီးဖြစ်သလို ချေးငွေထုတ်ယူတဲ့အပိုင်းမှာ လာဘ်စားတဲ့ ဘဏ်ဝန်ထမ်းလည်း ပါဝင်ပတ်သက်နေလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

နောက်ထပ်လည်း ဒါနဲ့ဆက်စပ်နေတဲ့ ရှေ့နေတွေ၊ စာရင်းစစ်တွေနဲ့ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုပါ ပစ်မှတ်ထားဖမ်းဆီးသွားဖို့ရှိနေတယ်လို့ သြစတေးလျရဲတပ်ဖွဲ့က ပြောပါတယ်။

ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲအယူခံ UEC ပယ်ချ

အပြာရောင်မြန်မာရိုးရာဝတ်စုံ၊ စံပယ်ပန်းကုံးဆွဲထားတဲ့ ဝမ်းဆက်နဲ့ ဒေါ်သက်သက်ခိုင်၊ သူ့အနောက်မှာရပ်နေတဲ့ ပါတီဝင်အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံတော်အလံ

ဓာတ်ပုံ ရင်းမြစ်, PPP

ဓာတ်ပုံ ပုံစာ, ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ရဲ့ အယူခံ ပယ်ချခံရတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးစောဟန်အေးက ဘီဘီစီကို အတည်ပြုပါတယ်။

ရွေးကောက်ပွဲဝင်ဖို့ စိတ်အားထက်သန်နေဆဲဖြစ်တဲ့ ပါတီဥက္ကဋ္ဌရဲ့ မျှော်လင့်ချက်ဟာ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းလို့ဆိုပြီး အတည်ပြု လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းထဲ မပါလာတာဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ကမ္ဘောဇဘဏ်ကို ပေးဆောင်ရန် အကြွေးကျန်ရှိနေတာကြောင့် အကြွေးကိစ္စ ရှင်းလင်းဖို့အတွက် ကျပ်သိန်းငါးသောင်းကနဦးပေးချေပြီး အယူခံတင်ခဲ့ပေမဲ့ ပယ်ချခံရတာဖြစ်ပါတယ်။

ပါတီဒုဥက္ကဋ္ဌကတော့ ဒီလိုပယ်ချခံရတာနဲ့ပတ်သက်လို့ မှတ်ချက်တစုံတရာပေးတာမရှိပါဘူး။

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ)မှာတော့ ကိုယ်စားလှယ်လောင်းဟာ "နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ"ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီပုဒ်မ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကမှ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရာမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်ထဲ ထပ်တိုးထည့်သွင်းခဲ့တဲ့ ပုဒ်မဖြစ်ပါတယ်။

အခုရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၀၂၃ ဦး မှာ ဥပဒေနဲ့မညီလို့ ပယ်ဖျက် ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ဦးရှိတယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

ဒေါ်သက်သက်ခိုင် ငြိစွန်းတယ်ဆိုတဲ့ ပုဒ်မ ၈ (ဃ) ဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ လူပုဂ္ဂိုလ်နဲ့သာ တိုက်ရိုက်သက်ဆိုင်ပြီး နိုင်ငံရေးပါတီနဲ့ အကျုံးမဝင်ဘူးလို့လည်း ကော်မရှင်ဆီက သိရှိရပါတယ်။

ဒါကြောင့် သူ့ရဲ့ ပြည်သူ့ရှေ့ဆောင် PPP ပါတီက ကိုယ်စားလှယ်လောင်းတွေက ဆက်လက်ရပ်တည်ပိုင်ခွင့်ရှိပြီး မဲဆွယ်စည်ရုံးရေးတွေ လုပ်နေကြပါတယ်။

ဓာတုစွန့်ပစ်ကန်သန့်ရှင်းရေးလုပ်ရင်း အဆိပ်ငွေ့ရှူမိပြီး မြန်မာ ၂ ဦးသေဆုံး

တစ်ကိုယ်လုံး အဖြူမှုန်တွေကပ်နေတဲ့ လူနာအမျိုးသားကို ထမ်းစင်နဲ့ သယ်ထုတ်လာတဲ့ ကယ်ဆယ်ရေးသမား ၄ ဦး

ဓာတ်ပုံ ရင်းမြစ်, Krabi Provincial PR office

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၄ ရက်၊ မြန်မာအလုပ်သမား ၂ ဦး အဆိပ်ငွေ့ ရှူမိပြီး သေဆုံးခဲ့တဲ့ ဓာတုကန်လုပ်ငန်းခွင်က ကယ်ဆယ်ရေးအခြေအနေ

ထိုင်းနိုင်ငံ၊ ကရာဘီခရိုင်၊ ပလိုင်ဖလာရာခရိုင်ခွဲက စားအုန်းဆီကုမ္ပဏီတစ်ခုရဲ့ ဓာတုကန်သန့်ရှင်းရေးလုပ်နေတဲ့ မြန်မာအလုပ်သမား ၂ ဦး အဆိပ်ငွေ့ရှူမိပြီး သေဆုံးတယ်လို့ ဒေသအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အလုပ်သမား ၂ ဦးဟာ မနေ့ကသေဆုံးခဲ့တာဖြစ်ပြီး နောက်အလုပ်သမားတစ်ဦးကိုတော့ ကယ်ဆယ်လိုက်နိုင်တယ်လို့ ဖော်ပြပါတယ်။

သေဆုံးသူ ၂ ဦးက အသက် ၂၄ နှစ်အရွယ် ကိုရှိုင်းလင်းအောင်နဲ့ အသက် ၂၅ နှစ်အရွယ် ကိုကျော်လင်းဦးတို့ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ကိုပိုင်ကိုတော့ ထိုင်းကယ်ဆယ်ရေးအဖွဲ့က အရင်ကယ်ထုတ်နိုင်ပြီးဆေးရုံပို့ ပေးခဲ့တာပါ။

မနေ့တုန်းက ဒီမြန်မာအလုပ်သမား ၃ ဦးဟာ ကုမ္ပဏီဝင်းထဲက ကြက်ဥပုပ်ဓာတ်ငွေ့လို့ခေါ်ကြတဲ့ ဟိုက်ဒရိုဂျင်ဆာလဖိတ်ပါဝင်တဲ့ ဓာတုကန်ထဲကို ဆင်းပြီး သန့်ရှင်းရေးလုပ်နေခဲ့တာပါ။

ထိုင်းရဲတပ်ဖွဲ့ကအဆိုအရ မြန်မာအလုပ်သမားတွေဟာ အဆိပ်ငွေ့အလွန်အကျွံရှူသွင်းမိပြီး သတိလစ်မေ့မြောကုန်တာလို့ ဖော်ပြထားပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ဒီမတော်တဆမှုဖြစ်ရတဲ့အကြောင်းအရင်းကို စစ်ဆေးနေပြီး နောက်ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ဆောင်ဖို့ စီစဥ်နေတယ်လို့ ထိုင်း သတင်းတွေက ဖော်ပြပါတယ်။

သေဆုံးသူမြန်မာအလုပ်သမားတွေအတွက် ကုမ္ပဏီဘက်က တာဝန်ယူမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

နောက်ထပ်အသေးစိတ်အချက်အလက်တွေသိရဖို့ ဘီဘီစီက ကရာဘီမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းကို ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပါတီမဲဆွယ်ဆိုင်းဘုတ်တွေဖျက်ဆီးမှုနဲ့လူငယ် ၄ ဦး အဖမ်းခံရ

ဖုန်း ၃ လုံးတင်ထားတဲ့ စားပွဲအနောက်မှာ လက်ထိပ်ခတ်ခံထားရတဲ့ အမျိုးသား ၄ ဦး မတ်တပ်ရပ်နေပုံ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်က ပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးလို့ဆိုပြီး စစ်တပ်ဖမ်းဆီးခဲ့တဲ့ ကိုခိုင်မင်းကို၊ ကိုချစ်လင်းကို၊ ကိုစွမ်းထက်အောင်နဲ့ ကိုရွှေလင်းဦး(ဝဲမှယာ)

ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်အပါအဝင် ရန်ကုန်ကစိုက်ထူထားတဲ့ နိုင်ငံ‌ရေးပါတီဆိုင်းဘုတ်တွေကို ဖြိုလှဲဖျက်ဆီးတယ်ဆိုပြီး အသက် ၁၉ နှစ်ကနေ ၂၈ နှစ်အတွင်းရှိလူငယ် ၄ ဦးကို နိုဝင်ဘာ ၁၄ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။

မနေ့က မနက် ၃ နာရီဝန်းကျင်မှာ ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ထဲက ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးခဲ့တာလို့ စစ်ကော်မရှင်က စွပ်စွဲထားပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်တွေကတော့ သင်္ဃန်းကျွန်း ရန်အောင်ရပ်ကွက်က ကိုရွှေလင်းဦးနဲ့ ကိုစွမ်းထက်အောင်၊ ဗိုလ်ကံညွန့်ရပ်ကွက်က ကိုခိုင်မင်းကိုနဲ့ ကိုချစ်လင်းကိုတို့ ဖြစ်ပါတယ်။

စစ်တပ်က အခုဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ် စည်းရုံးရေးမလုပ်နိုင်အောင် ဆိုင်းဘုတ်တွေဖျက်ဆီးတာကြောင့် ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှအကာအကွယ် ပေးရေးဥပဒေ ပုဒ်မ၂၄(က)နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒီပုဒ်မအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ၇ နှစ်အထိကျခံရ နိုင်ပြီး ငွေဒဏ်လည်းချမှတ်ခံရနိုင်ပါတယ်။ဒီဥပဒေကို စစ်ခေါင်းဆောင်က

ဇူလိုင် ၂၉ ရက်မှာ လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပြီးနောက် ၃ လကျော်အတွင်း ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိလာတာကို စစ်ကော်မရှင်ရဲ့အချက်အလက်အရ သိရပါတယ်။

ဒီထဲမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေလည်းပါသလို လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုတဲ့ အနုပညာရှင်တွေပါ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။