မတ် ၁ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - မင်းတုန်း၊ပြောင်းရွာ ဗုံးကြဲခံရလို့ လူ ၂၅ ဦး သေဆုံး

ဗုံးကြဲမှုအတွင်း ပျက်စီးသွားတဲ့ကားတွေလို့ဆို

ဓာတ်ပုံ ရင်းမြစ်, screengrab

ဖတ်ရန်အချိန်: မိနစ် ၁၀

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်က မင်းတုန်းမြို့နယ်ထဲမှာရှိတဲ့ ပြောင်းရွာကို စစ်တပ်က ဒီနေ့ မတ်လ ၁ ရက် မနက် ၁၁ နာရီကျော်ခန့်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၂၅ ဦး ရှိတယ်လို့ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄ ထံကနေ သိရပါတယ်။

စစ်တပ် ဗုံးကြဲခဲ့တဲ့နေရာဟာ ပြောင်းရွာထဲက ကုန်စည်ရောင်း၀ယ်တဲ့နေရာဖြစ်တာကြောင့် သေဆုံးသူများခဲ့တာလို့လည်း ဆိုပါတယ်။

'''ဒေသခံတွေ ကုန်စည် သယ်ဆောင်ရာနေရာကို မနက် ၁၁ နာရီ ၁၄ မိနစ်နဲ့ ၃၀ မိနစ်ခန့်မှာ မကွေးလေတပ်ကနေ တက်တဲ့ တိုက်လေယာဉ်တွေနဲ့ ၈ ကြိမ်ဗုံးကြဲသွားပါတယ်။ သေဆုံးသူ ကျား ၂၃ နဲ့ မ ၂ ဦး စုစုပေါင်း ၂၅ ဦး အတည်ပြုနိုင်ပါတယ်။ ဒဏ်ရာရသူ ၂၀ နီးပါးရှိတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်ဘဲ အရပ်သားတွေနေရာကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဖြစ်ပါတယ်။'' လို့ သရက်ခရိုင် တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။

ဗုံးကြဲခံရတဲ့နေရာဟာ ရခိုင်ပြည်နယ်အစပ်နဲ့ အနီးဆုံးမှာရှိနေပြီဖြစ်တာကြောင့် သေဆုံးသူအများစုဟာ ရခိုင်ကုန်သည်တွေလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြနေပေမဲ့ သေဆုံးသူတွေ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးပြန်ကြားရေးဘက်ကတော့ သေဆုံးသူတွေထဲမှာ ဒေသခံတွေနဲ့ ရခိုင်တိုင်းရင်းသားတွေ ပါဝင်တယ်လို့ ပြောပါတယ်။

ဗုံးကြဲခံရအပြီး မြင်ကွင်းလို့ ရုပ်သံထွက်ပေါ်

ဓာတ်ပုံ ရင်းမြစ်, screengrap

ဓာတ်ပုံ ပုံစာ, ဗုံးကြဲခံရအပြီး မြင်ကွင်းလို့ ရုပ်သံထွက်ပေါ်

စစ်ဖြစ်နေတဲ့အရှေ့အလယ်ပိုင်းရောက် မြန်မာတွေကို မြန်မာသံရုံးတချို့သတိပေး

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် အီရန်ရဲ့ တာဝေးပစ်ဒုံးထိမှန်ခဲ့တဲ့ ဘာရိန်းက အမေရိကန် ရေတပ် မီးလောင်ရာကနေ ထွက်လာတဲ့ မီးခိုးတွေကို မြို့ထဲက မြင်ရတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် အီရန်ရဲ့ တာဝေးပစ်ဒုံးထိမှန်ခဲ့တဲ့ ဘာရိန်းက အမေရိကန် ရေတပ် မီးလောင်ရာကနေ ထွက်လာတဲ့ မီးခိုးတွေကို မြို့ထဲက မြင်ရတဲ့ အခြေအနေ

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ မနေ့က စစ်ဆင်ရေးစတင်အပြီး အီရန်ဘက်က တုံ့ပြန်ပစ်ခတ်တာတွေရှိနေချိန်မှာပဲ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့အရေးပေါ်ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ မြန်မာသံရုံးတချို့က ကြေညာထားပါတယ်။

အစ္စရေး၊ တဲလ်အဗီးက မြန်မာသံရုံးက မြန်မာနိုင်ငံသားတွေကို အစ္စရေး Home Front Command ရဲ့ အရေးပေါ် အချက်ပေးသံတွေနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို အချိန်နဲ့ တပြေးညီ လိုက်နာနေထိုင်ဖို့ အရေးကြီးတယ်လို့ မနေ့ကထုတ်ပြန်ပါတယ်။

အစ္စရေး Home Front Commandက ဖေဖော်ဝါရီ ၂၈ ရက် ကနေ မတ် ၂ ရက်အထိ လူစုလူဝေးမလုပ်ဖို့၊ အလုပ်တွေနဲ့ ကျောင်းတွေ ပိတ်ထားဖို့ ကြေညာထားတာပါ။

အကူအညီလိုအပ်ရင် မြန်မာသံရုံးရဲ့ ဟော့လိုင်း +၉၇၂၅၈၄၀၈၁၃၄၇ နဲ့ အီးမေးလ် myanmembtelaviv@gmail.comကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

ကူဝိတ်နိုင်ငံက မြန်မာသံရုံးကလည်း ကူဝိတ်အစိုးရနဲ့ မြန်မာသံရုံးထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖို့ မနေ့က ကြေညာထားပါတယ်။

အလုပ်ချိန်အတွင်း အလုပ်ကညွှန်ကြားထားတဲ့ အရေးပေါ်လုံခြုံရေးအချက်တွေကို လိုက်နာဖို့ လည်း ပြောထားတာပါ။

မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်၊ အရေးကြီးစာရွက်စာတမ်း၊ ရေနဲ့အစားစာ၊ ဖုန်း၊ ဆေးဝါး၊ power bank၊ အဝတ်အစားနဲ့ ကိုယ်ပိုင်အသုံးအဆောင်တွေ စုစည်းပြင်ဆင်ဖို့လည်း ကြို တင်သတိပေးထားပါတယ်။

မလိုအပ်ဘဲ ခရီးမသွားကြဖို့ကိုလည်း ကူဝိတ်မြို့က မြန်မာသံရုံးက အရေးပေါ်သတိပေးထားတာ ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအများအပြားဟာ ဒူဘိုင်း၊ ကာတာနဲ့ ဘာရိန်းအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။

ဒူဘိုင်းနဲ့ ကာတာမှာနေတဲ့ မြန်မာတချို့ကတော့ အီရန်က ပစ်ခတ်တဲ့ တာဝေးပစ်ဒုန်းတွေကို ပြန်လည် ပစ်ချတဲ့ အသံတွေ ညလုံးပေါက်ကြားနေရတယ်လို့ လူမှုကွန်ရက်မှာ ပြောဆိုထားကြပါတယ်။

မြန်မာ့ရွှေပြင်ပပေါက်ဈေး သိန်း ၁၁၀ ပြန်ရောက်လာ

ရွှေဆိုင်တစ်ခုမှာ ခင်းကျင်းပြသထားတဲ့ ရွှေလက်ကောက်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရွှေဆိုင်တစ်ခုမှာ ခင်းကျင်းပြသထားတဲ့ ရွှေလက်ကောက်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကမ္ဘာ့စစ်ရေးအလှုပ်အခတ်နဲ့အတူ ကမ္ဘာ့ရွှေဈေးပြန်တက်လာပြီး မြန်မာ့ရွှေဈေးက ၁၆ ပဲရည် တစ်ကျပ်သားကို သိန်း ၁၁၀ ပြန်ရောက်လာတယ်လို့ ရွှေစျေးကွက်အသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်မှာလည်း မြန်မာရွှေဈေးဟာ သိန်း ၁၁၀ အထိ ပထမဆုံးအကြိမ် စံချိန်တင်မြင့်တက်ခဲ့ပြီး အခု ဒုတိယအကြိမ် ပြန်တက်လာတာပါ။

လာမယ့်တစ်ပတ်အတွင်း အီရန်နဲ့ အစ္စရေးတို့အကြား ပဋိပက္ခအရှိန်နဲ့ ကမ္ဘာ့ရွှေဈေးပေါ်မူတည်ပြီး ရွှေဈေးအပြောင်းအလဲဆက်ရှိနိုင်တယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းက ခန့်မှန်းပါတယ်။

မနေ့က ရွှေ‌‌ဈေးဟာ ၁၆ ပဲရည် ၁ ကျပ်သားကို အဝယ် ၁၀,၇၅၀,၀၀၀(တစ်ရာ့ခုနစ်သိန်းငါးသောင်း) အရောင်း ၁၀,၈၅၀,၀၀၀(တစ်ရာ့ရှစ်သိန်းငါးသောင်း)ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းမှာလည်း ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၁၀၀ အတက်ပြသွားတာကိုလိုက်ပြီး စနေ၊ တနင်္ဂနွေ ရက်မှာ ဈေးကွက်ပိတ်ပေမဲ့ ရောင်းဈေး၊ ဝယ်ဈေးကို ချိန်ညှိသွားဖို့ ထိုင်းရွှေကုန်သည်အဖွဲ့အစည်းက ထုတ်ပြောလာပါတယ်။

တရားဝင်ကြေညာထားတဲ့ ထိုင်းရွှေဈေးက 23K ရွှေ ၁ ဘတ်ပြားကို အဝယ် ၇၇,၄၀၀ ဘတ်နဲ့ ၇၇,၆၀၀ ဘတ်ဖြစ်ပါတယ်။

ဒီဈေးက မနေ့တုန်းကအပိတ်ဈေးနဲ့ တူပေမဲ့ အီရန်-အစ္စရေး ပဋိပက္ခမဖြစ်ခင် ဖေဖော်ဝါရီ ၂၇ ရက်ဈေးထပ်တော့ ဘတ် ၁၄၅၀ တက်သွားတာပါ။

ထိုင်းမှာလည်း ရွှေဈေးတက်နိုင်တဲ့သတင်းကြောင့် ရွှေဝယ်သူများနေပြီး ဆိုင်တချို့က 23 K ရွှေပြား တွေ ထုတ်မရောင်းတာရှိတယ်လို့ လူမှုကွန်ရက်မှာ ပြောနေကြပါတယ်။

မြန်မာက ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA ကတော့ မတ် ၁ ရက်နေ့ရဲ့ ရည်ညွှန်းဈေးက ၆,၉၀၀,၀၀ သိန်းဖြစ်တယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအစပိုင်းမှာ မြန်မာက ရွှေဈေးဟာ တစ်ကျပ်သားကို ၁၁၈ သိန်းအထိမြင့်တက်ခဲ့ ပြီးတဲ့နောက် စစ်ကော်မရှင်က ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၁ နဲ့ အတွင်းရေးမှူးတို့ကို ဖမ်းဆီးခဲ့ပါတယ်။

ရွှေဈေးတည်ငြိမ်အောင် မထိန်းသိမ်းဘဲ ရွှေသိုလှောင်တာ၊ ဈေးတင်ရောင်းချတာကြောင့် အရေးယူ သွားမယ်လို့ ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အီရန်- အစ္စရေး ပဋိပက္ခကြောင့် ထိုင်းက သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးသည်တွေ သောင်တင်

သုဝဏ္ဏဘူမိလေဆိပ်မှာ သောင်တင်နေတဲ့ ခရီးသည်တချို့ကို ရေသန့်ဝေနေတဲ့ လေဆိပ်ဝန်ထမ်းတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, သုဝဏ္ဏဘူမိလေဆိပ်

ဓာတ်ပုံ ပုံစာ, သုဝဏ္ဏဘူမိလေဆိပ်မှာ သောင်တင်နေတဲ့ ခရီးသည်တချို့ကို ရေသန့်ဝေနေတဲ့ လေဆိပ်ဝန်ထမ်းတစ်ဦး

အစ္စရေးနဲ့ အမေရိကန်ရဲ့ အီရန်ကို တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်နေတာကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို သွားမယ့်လေကြောင်းခရီးစဥ်တွေ ရပ်ဆိုင်းထားရပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးသည်တွေ မနေ့ကစပြီး သောင်တင်နေပါတယ်။

လေဆိပ်ဘက်ကတော့ ဒီခရီးသည်တွေအတွက် လိုအပ်မယ့် လေဆိပ်အတွင်း နေရာချထားရေးတွေ ကူညီလုပ်ဆောင်နေတယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ထုတ်ပြန်ပါတယ်။

တိုက်ပွဲစဖြစ်တဲ့ မနေ့က Emirates၊ Ehihad နဲ့ Qatar လေကြောင်းလိုင်းအပါအဝင် လေကြောင်းလိုင်း ၈ ခုရဲ့ခရီးစဥ်တွေ ရပ်တန့်လိုက်ရတာဖြစ်ပါတယ်။

မနေ့က ခရီးစဥ် ၁၆ ခုကို ဖြတ်လိုက်ရပြီး ဒီနေ့မှတော့ နောက်ထပ် ခရီးစဥ် ၃၂ ခုကို ထပ်မံဖြတ်သိမ်းလိုက်ရတယ်လို့ ထိုင်းအစိုးရက ကြေညာပါတယ်။

သုဝဏ္ဏဘူမိလေဆိပ် တာဝန်ရှိသူတွေကတော့ လေဆိပ် Check In ဝင်ဖို့ရောက်လာတဲ့ ခရီးသည်တွေကို ဒုတိယထပ်က ဂိတ် ၁ နဲ့ ဂိတ် ၁၀ နားမှာ နေရာချထားပေးတယ်လို့ ဆိုပါတယ်။

လေကြောင်းလိုင်းတွေဘက်ကလည်း ခရီးစဥ်ပျက်သွားတဲ့ ခရီးသည်တွေကို နေစရာစီစဥ်ပေးတာရှိပေမဲ့ လေဆိပ်မှာခရီးသည်တချို့လည်း ဆက်လက်သောင်တင်နေတာပါ။

အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အနီးတဝိုက်က ဒေသတွင်းနိုင်ငံတွေကို သွားမယ့်ခရီးသည်တွေအနေနဲ့ လေယာဥ်ခရီးစဥ်တွေကို လေကြောင်းလိုင်းဝဘ်ဆိုက်ဒ်၊ ဖုန်းအက်ပလီကေးရှင်း၊ လေဆိပ်ကောင်တာနဲ့ လေကြောင်းလိုင်းတွေဆီကို ပုံမှန်ဆက်သွယ်စစ်ဆေးနေဖို့ ထိုင်းလေဆိပ်က အကြံပြုထားပါတယ်။

မြန်မာလေကြောင်းလိုင်းဖြစ်တဲ့ MAI ကလည်း မြန်မာကနေ ဒူဘိုင်းကို ပျံသန်းမယ့်ခရီးစဥ်ကို ယာယီ ရပ်ဆိုင်းထားမယ်လို့ မနေ့က ကြေညာထားပါတယ်။

မနေ့က အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေဖြစ်အပြီး အီရန်ကလည် ဒေသတွင်းက အမေရိကန်ရဲ့ စစ်ခြေစိုက်စခန်းတွေကို ပြန်လည် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီထဲမှာ အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)က ဒူဘိုင်းမြို့ကိုလည်း အီရန်က ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒူဘိုင်း ကာကွယ်ရေးဌာနကတော့ အီရန်ရဲ့ မစ်ဆိုင်းနဲ့ ဒုံးတွေကို ပစ်ချနေတယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီဖြစ်ရပ်တွေအတွင်း ဒူဘိုင်းလေဆိပ်မှာ လူ ၄ ယောက် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေဘက်က သတင်းထုတ်ပါတယ်။

နောက်ပြီး မြို့တော် အဘူဒါဘီက ဇာယတ်နိုင်ငံတကာလေဆိပ်မှာလည်း ဖြတ်ချခဲ့တဲ့ဒရုန်းကနေ လွင့်လာတဲ့အစအနေတွေကြောင့် အာရှနွယ်ဖွား တစ်ဦး သေဆုံးပြီး နောက်ထပ် ၇ ဦး ဒဏ်ရာရရှိတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းထားတဲ့ စစ်သုံ့ပန်း ၂၀၀ ကျော်ကို ကိုးကန့်တပ် ပြန်လွှတ်

ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်နဲ့ MNDAA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်နဲ့ MNDAA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ကိုးကန့်တပ် (MNDAA) က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၂၀၀ ကျော်ကို ဖေ‌ဖော်ဝါရီ ၂၈ ရက်က လားရှိုးမြို့မှာ ပြန်လွှတ်ပေးတယ်လို့ လားရှိုးမြို့ခံအချို့က ဘီဘီစီကို ပြောပါတယ်။

စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေက လားရှိုးလေယာဥ်ကွင်းအနီးမှာရှိတဲ့ ဘက်စုံစိုက်ပျိုးရေး တပ်ကနေ သွားကြိုကြတာတွေ့တယ်လို့လည်း ဆိုပါတယ်။

"အဲဒီတပ်က သိန္နီဘက်ကနေ လားရှိုးဝင်လာရင် ပထမဆုံးတွေ့ရတဲ့တပ်ပဲ။ လွတ်လာတဲ့ သုံ့ပန်းတွေ ကတော့ လားရှိုးတိုက်ပွဲက ဗိုလ်အဆင့်တွေလည်း ပါတယ်။ ယာဥ်ထိန်းရဲတွေလည်း ပါတယ်" လို့ အခြေအနေသိရှိသူ မြို့ခံက ပြောပါတယ်။

လားရှိုးမြို့က စစ်တပ်နဲ့ ဆက်စပ်တဲ့သတင်းတွေကို လူမှုကွန်ရက် TikTok မှာ ဖြန့်ဝေနေသူတချို့ကလည်း မနေ့က MNDAA ရဲ့ စစ်သုံ့ပန်းလွှဲပြောင်းတဲ့အခြေအနေသတင်းကို ဖြန့်ဝေထားကြတာတွေ့ရပါတယ်။

စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တချို့ကလည်း သူတို့မိသားစုဝင်ပါလာတာရှိတယ်လို့ ပြောထားကြတာပါ။

ကိုးကန့်ဘက်ကတော့ အခုနောက်ဆုံးပြုလုပ်ထားတဲ့ စစ်သုံ့ပန်းပြန်လွှတ်ပေးတဲ့အခြေအနေကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကိုးကန့်တပ် (MNDAA) က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်တုန်းကလည်း အထူးဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ စစ်သုံ့ပန်း ၅၀၀ ဦးကို ပြန်လွှတ်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ ကိုပါ သိမ်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၄,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။

ဒီထဲက ၃,၀၀၀ ကျော်ကို ၂၀၂၄ ခုနှစ်အတွင်းပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီထဲမှာ တိုင်းစစ်ဦးစီးချုပ်နဲ့ အရာရှိတွေပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ယူအေအီးနိုင်ငံမှာ မြန်မာ ၄ ‌ထောင်ကျော်ရှိနေ

အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ရဲ့ ဖေဖော်ဝါရီ ၂၈ ရက်အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ရဲ့ ဖေဖော်ဝါရီ ၂၈ ရက်အခြေအနေ

ဒူဘိုင်းအပါအဝင် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး) ကိုရောက်နေတဲ့ မြန်မာ ၄ ထောင်ကျော်ရှိတယ်လို့ စစ်ကော်မရှင် အလုပ်သမားဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်အတွင်းထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

အီရန်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အစ္စရေးမှာတော့ သံရုံးအချက်အလက်အရ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရှိပြီး တရားမဝင် ဝင်ရောက်လာသူတွေလည်းရှိတာကြောင့် ဒီထပ်များနိုင်တယ်လို့ ကောင်စစ်တာဝန်ခံက ဘီဘီစီကို ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက ပြောထားပါတယ်။

တခြား အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေးဗျ၊ ကာတာ၊ ဘာရိန်းနဲ့ အိုမန်တို့မှာလည်း မြန်မာနိုင်ငံသားတွေရှိနေပြီး ဒီနိုင်ငံက မြန်မာနိုင်ငံသားတွေအရေးကို ဆော်ဒီအာရေးဗျနိုင်ငံ၊ ရီယတ်မြို့မှာရှိတဲ့ မြန်မာသံရုံးက ကိုင်တွယ်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ တိုက်ပွဲကာလမှာ ဒီသံရုံးကို ဆက်သွယ် အကူအညီတောင်းခံနိုင်လားဆိုတာကို သိရဖို့ ဘီဘီစီက သံရုံးထုတ်ပြန်ထားတဲ့ဖုန်းကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရပါဘူး။

မြန်မာအိမ်အကူတွေကို ဒူဘိုင်းမှာ အလုပ်ရနိုင်တယ်ဆိုပြီး ဒီဒေသတွင်းမှာရှိတဲ့ အီရန်နဲ့ကပ်လျက်နိုင်ငံဖြစ်တဲ့ အီရတ်ကို ပို့ဆောင်ခံရတာတွေလည်း ရှိပါတယ်။

အီရတ်နိုင်ငံမှာ မြန်မာသံရုံး မရှိတာကြောင့် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့က မြန်မာသံရုံးက ပူးတွဲကိုင်ထားပြီး ဒီနေ့အထိတော့ မြန်မာနိုင်ငံသားတွေအတွက် သတိပေးထုတ်ပြန်တာ မတွေ့ရသေးပါဘူး။