ဇွန် ၂၉ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် နဲ့ စစ်ဗိုလ်ချုပ်တချို့ကို ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားဥပဒေအရာရှိ လျှောက်ထား

ဓာတ်ပုံ ရင်းမြစ်, cincds

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တို့အပါအဝင် လူ ၆ ဦးကို ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားဥပဒေအရာရှိက အာဂျင်တီးနားတရားရုံးကို တင်ပြတောင်းဆိုခဲ့တယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ UK အဖွဲ့က သတင်းထုတ် ပြန်ပါတယ်။

အာဂျင်တီးနားဥပဒေအရာရှိ ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုတဲ့ အထဲမှာ အငြိမ်းစားယူသွားကြပြီဖြစ်တဲ့ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ တပ်မ (၃၃) တပ်မမှူး ဗိုလ်မှူးချုပ်အောင်အောင်(လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ်)၊ ရဲအရာရှိ ဦးကျော်ရှည် နဲ့ ကျေးရွာ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြ တို့ ပါဝင်တယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ UK က ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေဟာ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကနေ လွတ်မြောက် နိုင်မှာ မဟုတ်သလို ဖမ်းဝရမ်းထုတ်နိုင်ဖို့ နီးကပ်လာပြီလို့လည်း မြန်မာရိုဟင်ဂျာအဖွဲ့ UK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

အာဂျင်တီးနား တရားရုံးက မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်း၀ရမ်းထုတ်၊ မထုတ် ဆုံးဖြတ်ပေးမှာ ဖြစ်ပြီး ကာလအတန်ကြာစောင့်ရနိုင်တယ်လို့လည်း ထုတ်ပြန်ချက် မှာ ‌ရေးသားထားပါတယ်။

အာဂျင်တီးနားဥပဒေအရာရှိဟာ အဲဒီတုန်းက အစိုးရအဖွဲ့အကြီးအကဲတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ပါအဝင် လူများစွာကို ဖမ်းဆီးမိန့်ထုတ်ပေးဖို့ လျှောက်ထားခဲ့ပေမယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖမ်းပေးဖို့ကိုတော့ မြန်မာရိုဟင်ဂျာအဖွဲ့ UK က မတောင်းဆိုခဲ့ပါဘူး။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ဖမ်းဆီးမိန့်လျှောက်ထားမှုအရ စစ်တပ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို သူတို့လုပ်ရပ်အတွက် တာဝန်ခံခိုင်းရေးကို တရားရုံးက ဦးစားပေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားဖြစ်တည်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် Universal Jurisdiction နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကိုကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ရှိရမယ်ဆိုတဲ့ ဥပဒေအရ မြန်မာ ရိုဟင်ဂျာအဖွဲ့က ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စု တရားရုံးမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းအနီးအထိ စစ်ရေးခြိမ်းခြောက်ခံနေရချိန် တိုင်းမှူးစစ်ဆေးခံနေရ

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, မန္တလေးအခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးနေတဲ့ ဗိုလ်ချုပ်ကြည်ခိုင် (ပုံဟောင်း)

ကာကွယ်ရေးဒုဝန်ကြီးဟောင်းကို အင်းစိန်ထောင်ပို့

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွေဖြစ်တဲ့ မတ္တရာနဲ့ ပြင်ဦးလွင်အစပ်နားအထိ စစ်ရေးခြိမ်းခြောက်ခံနေရချိန်မှာ တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နဲ့ တပ်အရာရှိတချို့ စစ်ဆေးခံနေရပါတယ်။

တခါ အွန်လိုင်းငွေလိမ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ထောင်ဆယ်နှစ်စီချထားတဲ့ ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်လင်းထွန်း နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်လှမိုးတို့ကို အင်းစိန်ထောင်ပို့လိုက်တယ် လို့ စစ်ရုံးနဲ့နီးစပ်တဲ့ သတင်အရင်းအမြစ်က ဘီဘီစီ ကိုပြောပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံမှုနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်အပါအဝင် စစ်တပ်အရာရှိတချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းနေတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုအတည်ပြုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို မန္တလေးမှာ ပြုလုပ်နေပြီး ဖြစ်စဉ်မှာ လုပ်ဆောင်ခဲ့တဲ့ အချက်တွေနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေ၊ မျက်မြင်သက်သေတွေနဲ့ အနားမှာရှိတဲ့အရပ်သားတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တာဝန်ရှိတဲ့သူတွေနဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေကို သုံးသပ်ပြီးမှ အရေးယူမှုတွေ ဆက်လုပ်မယ်လို့ သူကဆက်ပြောပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ဆင်း ဗိုလ်ချုပ်ကြည်ခိုင်ဟာ မကွေးတိုင်း၊ရေစကြိုဇာတိကဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ်လာပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့တာပါ။

ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်မှု ဆက်ရှိနိုင်တယ်လို့ YESC ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မီးပြတ်နေတဲ့ ရန်ကုန်ညမြင်ကွင်း (ပုံဟောင်း)

ဇွန် ၂၆ ရက်မှာ မန်စံ-ရွေစာရံဓာတ်အားလိုင်းမှာ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးမှာ ဓာတ်အားစနစ်ချို့ယွင်းခဲ့တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ကနေ ဇွန် ၂၈ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီဓာတ်အားလိုင်းချို့ယွင်းမှုကြောင့် ဇွန် ၂၈ ရက်အထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု တစ်နေ့ လျှပ်စစ်ပမာဏ ယူနစ် ၉ ဒသမ ၅ သန်း လျော့နည်းပြီး ရရှိနေပါတယ်။

မန္တလေး နဲ့ ရှမ်းပြည်‌တကြောမှာရှိတဲ့ အဲဒီဓာတ်အားလိုင်းချို့ယွင်းရင် အရင်တုန်းကလည်း လျှပ်စစ်မီးပြတ်တောက်နေကြဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နယ်မြေအခြေအနေအရ ပြုပြင်ဆောင်ရွက်နိုင်ဖို့ စီစဉ်နေဆဲဖြစ်တယ်လို့ YESC က ထုတ်ပြန်ပါတယ်။

ဇွန် ၂၅ ရက်စပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကနေ မန္တလေးမြို့ကိုဦးတည်တဲ့ မိုးကုတ်-စဉ့်ကူ-မတ္တရာ-မန္တလေး လမ်းပိုင်းတွေနဲ့ နောင်ချို-မေမြို့-မန္တလေးလမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် (TNLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY PDF) တို့ကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွက်လည်း မူလလျာထားသော ဓာတ်အားပမာဏထက် နေ့စဉ်ယူနစ် ၅ ဒသမ ၆၄၇ သန်းခန့် လျော့နည်းပြီးရရှိနေတာကြောင့် ရန်ကုန်မှာရှိတဲ့ စက်မှုဇုန်တွေနဲ့ မြို့နယ်တချို့မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေရှိနိုင်တယ်လို့ YESC က ပြောပါတယ်။

ဘဏ်တွေကို အရေးယူဖို့ ကုလ ထုတ်ပြန်ချက် ပြည်တွင်းစီးပွားရေးကို သက်ရောက်လိမ့်မယ်လို့ UMFCCI စိုးရိမ်

ဓာတ်ပုံ ရင်းမြစ်, UMFCCI

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ရွေးကောက် တင်မြှောက်ထားတဲ့ UMFCCI ဦးဆောင်သူတွေ (ပုံဟောင်း)

စစ်ကောင်စီရဲ့ စစ်လက်နက်နဲ့ စစ်ဘက်ဆိုင်ရာသုံးပစ္စည်းတွေ ဝယ်ယူရာမှာ ထိုင်းဘဏ်တချို့ပါဝင်ပတ်သက်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ဇွန် ၂၈ ရက်မှာ စာထုတ်ပြန်လာပါတယ်။

အဲဒီစာထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်လို့ ပြည်တွင်း စစ်ကောင်စီဗဟိုဘဏ်အပါအဝင် ပြည်ပက ဘဏ်တွေအပေါ် အရေးယူပေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်တွေက မြန်မာနဲ့ ပြည်ပနိုင်ငံတွေကြား စီးပွားဆက်ဆံမှုကို ထိခိုက်စေနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်တွင်းဘဏ်တွေအပေါ် အရေးယူဖို့တောင်းဆိုခြင်းကလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှုအပေါ် သိသာတဲ့သက်ရောက်မှုတွေရှိနေသလို အဲဒီလုပ်ငန်းကိုမှီတည်နေတဲ့ ဝန်ထမ်းနဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးကိုပါ ထိခိုက်လာစေနိုင်တယ်လို့ UMFCCI ကဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပက ဘဏ်တွေအနေနဲ့လည်း ငွေကြေးလွှဲပြောင်းမှုတွေကို ဆောင်ရွက်တဲ့နေရာမှာ အထောက်အထားတွေကို တိုးမြှင့်စိစစ်နေတယ်လို့ ပြောထားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း မြန်မာနိုင်ငံက ပြည်သူတွေရဲ့ လူမှုစီးပွားကို မထိခိုက်အောင် ဆောင်ရွက်ကြဖို့ UMFCCI က တိုက်တွန်းထားပါတယ်။

တစ်ဖက်မှာလည်း မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ဝယ်ယူရာမှာ အများဆုံးပါဝင်ပတ်သက်နေတယ်လို့ ကုလအစီရင်ခံစာမှာ ဖော်ပြခံထားရတဲ့ ထိုင်းနိုင်ငံက Siam Commercial Bank ကလည်း ငွေလွှဲမှတ်တမ်းတွေကို ပြန်စစ်ဆေးခဲ့ပြီး လက်နက်ဝယ်ယူဖို့ ငွေလွှဲပြောင်းပေးခဲ့တာတွေမရှိဘူးလို့ ဇွန် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ဒေသခံတချို့ပိတ်မိနေ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, ဇွန် ၂၇ရက် နောင်ချိုမြို့မှာ မြင်ရတဲ့ TNLA တပ်ဖွဲ့ဝင်တွေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ တအာင်းတပ် (TNLA) က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ ဒီနေ့ ဇွန် ၂၉ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

တိုက်ပွဲအတွင်း နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် မြို့ပေါ်ရပ်ကွက်က ဒေသခံတချို့ စစ်ရှောင်မရဘဲ ပိတ်မိနေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“အိမ်နားကို မနေ့က လက်နက်ကြီး ၃ လုံးကျတယ်၊ ဒီနေ့အထိ ပစ်သံတွေကြားနေရတယ်၊ အပြင်လည်းမထွက်ရဲဘူး” လို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။

နောင်ချိုမြို့မှာ အက်တမ်(ယခင် တယ်လီနော)ဖုန်းလိုင်းတစ်ခုသာရပြီး လိုင်းလည်းမကောင်းတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေအနေနဲ့ ပိတ်မိနေတဲ့သူတချို့ကို ကယ်ဆယ်ဖို့ ခက်ခဲနေတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

လက်ရှိမှာ စစ်တပ်ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ အမှတ် (၆၀၆) ဒုံးတပ်ရင်း TNLA တွေက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း ဒုံးတပ်ရင်းမကျရေးအတွက် အပြင်းအထန်ခုခံနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။ ။

ဒုံးတပ်ရင်းက နောင်ချိုမြို့မြောက်ဘက်ပိုင်းက တောင်ရှည်ရွာမှာ တည်ရှိတာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ တိုက်ပွဲစဖြစ်တဲ့ ဇွန် ၂၅ ရက်ကနေ နောင်ချိုမြို့ဒေသခံ ထောင်နဲ့ချီဟာ မြို့အနီးနားက ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ နောင်ချိုက တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

လားရှိုးမြို့နဲ့ ဆက်သွယ်ထားတဲ့ တံတား ၂ စင်း ဖျက်ဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, ဇွန် ၂၈ ရက်က ဖျက်ဆီးခံလိုက်ရတဲ့ လားရှိုး-မန်ပွဲဆက်သွယ်ထားတဲ့ တံတား

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နဲ့ ဆက်သွယ်ထားတဲ့ တံတား ၂ စင်း မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

လားရှိုး-မန်ပွဲ ဆက်သွယ်ထားတဲ့ သံကူကွန်ကရစ်တံတားက မနေ့ ဇွန် ၂၈ ရက်မှာ ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး မန်ပွဲ-မန်ဆန်ရေကျ ဆက်သွယ်ထားတဲ့ ကြိုးတံတားကတော့ ဇွန် ၂၇ ရက်ညနေပိုင်းမှာ ဖျက်ဆီးခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

တအာင်းတပ် (TNLA) ကတော့ ဖျက်ဆီးခံလိုက်ရတဲ့ တံတား ၂ စင်း အပါအဝင် မြို့နဲ့ ဆက်သွယ်ထားတဲ့ တံတား ၅ စင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒီနေ့ ဇွန် ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ တံတားတွေ မိုင်းခွဲဖျက်ဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

လားရှိုးမြို့ပေါ်မှာလည်း လျှပ်စစ်မီးဖြတ်ခံထားရတာ ၅ ရက်မြောက်ရှိလာပြီဖြစ်ပြီး မီးမရတာကြောင့် ရေသုံးစွဲစရာ မရှိသလောက်ဖြစ်နေပြီလို့ မြို့ခံတစ်ဦးကပြောပါတယ်။

ဇွန် ၂၅ ရက်မှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းစတင်ပြီးနောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာဖြစ်ပါတယ်။

မနေ့ ဇွန် ၂၈ ရက်က တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ TNLA က ကြေညာထားပါတယ်။

ဘန်ကောက်က သိန်းချီတဲ့အလုပ်အကိုင်ပြပွဲ မြန်မာလူငယ်အများအပြားလာလျှောက်

ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့၊ Queen Sirikit National Convention Center မှာ ကျင်းပနေတဲ့ အလုပ်အကိုင်ပြပွဲ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ Queen Sirikit National Convention Center မှာ ကျင်းပနေတဲ့ အလုပ်အကိုင်ပြပွဲ Job Expo Thailand 2024 မှာ မြန်မာလူငယ် အများအပြား အလုပ်လာရှာကြတာ တွေ့ရပါတယ်။

အဲဒီပြပွဲမှာ အလုပ်အကိုင်ပေါင်း သိန်းနဲ့ချီ ခေါ်ယူနေတာဖြစ်ပြီး ဇွန် ၂၈ ကနေ ဇွန် ၃၀ ရက်အထိ ကျင်းပနေတာပါ။

မြန်မာနိုင်ငံကနေ ထိုင်းကိုရောက်လာပြီး အလုပ်မရကြသေးတဲ့ လူငယ်တွေ လာရောက်မေးမြန်း၊ စုံစမ်းပြီး အလုပ်လျှောက်နေတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါဟာ ပြပွဲစတင်တဲ့ ဇွန် ၂၈ ရက် တစ်ရက်တည်းမှာတင် ရာနဲ့ချီနိုင်တဲ့ မြန်မာလူငယ်တွေ လာရောက်ကြတာဖြစ်ပြီး ရုံးပိတ်ရက်တွေဖြစ်တဲ့ ဇွန် ၂၉ နဲ့ ဇွန် ၃၀ ရက် တွေမှာ ဒီထက်ပိုပြီး လာရောက်ကြမယ်လို့ သုံးသပ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးချိန်ကစလို့ မြန်မာလူငယ်တွေ အများစု ထိုင်းနိုင်ငံဘက်ကို အလုပ်လာလုပ်သူတွေ ပိုများလာတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။