ဧပြီ ၆ ရက်ထိပ်တန်းသတင်းများ- ရွှေကုက္ကို မြို့သစ်တိုက်ပွဲအတွင်းနှစ်ဖက်သေဆုံးမှုတွေရှိပြီး ဒေသခံ ၃၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်နေရ

လျှပ်စစ်ဓာတ်အားလိုအပ်ချက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

Army Chief and spokesperson for Myanmar Army

ဓာတ်ပုံ ရင်းမြစ်, MOI

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာရဲ့အယ်ဒီတာ့အာဘော်မှာထည့်သွင်းဖော်ပြထားပါတယ်။

အရင်အစိုးရအဆက်ဆက်တည်းက ရေအားလျှပ်စစ်စီမံကိန်းတွေဆောင်ရွက်ခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့် တချို့ စီမံကိန်းတွေကိုဖျက်သိမ်းခံရပြီး တချို့စီမံကိန်းတွေ ရပ်တန့်ခဲ့ရကြောင်း၊ အခုတော့ လာမယ့် ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိနိုင်ရေးရည်မှန်းချက်ထားပြီးဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့အစိုးရအဖွဲ့အစည်းအဝေး ၁/၂၀၂၃ မှာပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလိုဆောင်ရွက်တဲ့အထဲ ၂၀၂၁ အတွင်းမှာ မကွေးတိုင်းကျောမြို့နယ်ပုထိုးလုံးဒေသမှာ ၁၄ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ သာစည်မြို့နယ်က သပြေဝ ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတို့တည်ဆောက်ခဲ့ပြီး နိုင်ငံတော်ဓာတ်အားစနစ်ထဲ ၄၄ မဂ္ဂါဝပ်ပို့လွှတ်နိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

နိုင်ငံဖွံ့ဖြိုးရေးအတွက်အလွန်လိုအပ်တဲ့ ဓာတ်အားပေးစက်ရုံတွေဓာတ်အားခွဲရုံတွေနဲ့ ဓာတ်အားလိုင်းတွေကို ဖောက်ခွဲဖျက်ဆီးမှုတွေအပါအဝင် သတ်ဖြတ်ဖျက်ဆီးမှုတွေကလူထုရဲ့နေ့စဥ်လူမှုစီးပွားဘဝတွေကိုထိခိုက်စေတယ်လို့လည်း အဲဒီအယ်ဒီတာ့အာဘော်ကရေးပါတယ်။

လက်ရှိမှာ ဓာတ်အားလိုအပ်ချက်ကြောင့် လျှပ်စစ်မီးကိုခွဲတမ်းချပြီးဖြန့်ဖြူးနေတာကိုနားလည်ပေးကြဖို့နဲ့ ဓာတ်အားအလဟဿ မပြုန်းတီးစေရေး၊ မီတာခတွေပေးဆောင်ဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

ပဲခူးတိုင်းက သာယာကုန်းပင်မဓာတ်အားခွဲရုံ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ ညပိုင်းတုန်းက ဒရုန်းနဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လျှပ်စစ်ဝန်ထမ်း (၁) ဦးသေဆုံးပြီး (၂) ဦးထိခိုက်ဒဏ်ရာရခဲ့ကာ ထရန်စဖော်မာတွေနဲ့ ဓာတ်အားခွဲရုံသုံးပစ္စည်းများပျက်စီးခဲ့ပြီး နိုင်ငံတော်ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်ခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ ဓာတ်အားလိုင်းတွေနဲ့ ဓာတ်အားခွဲရုံတွေ ဖောက်ခွဲဖျက်ဆီးခံရမှု (၂၂၉) ကြိမ်ရှိပြီလို့လည်း အဲဒီမှာဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာမှာစစ်တပ်က အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး ၂၄ နာရီအပြည့်မရခဲ့တာ နှစ်နှစ်နီးပါးရှိလာပြီးဖြစ်ပြီး အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးဖြန့်ဖြူးမှုမှာလည်းသတ်မှတ်အချိန်ဇယားအတိုင်းပေးနိုင်ခြင်းမရှိလို့ လူထုကြားအငြင်းပွားပြောဆိုဝေဖန်စရာဖြစ်ခဲ့ပါတယ်။

လျှပ်စစ်မီးပြတ်တောက်ရတဲ့ ပြဿနာကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကတော့နွေရာသီကာလ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှုလျော့ကျတာ၊ ဓာတ်အားလိုင်းတာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရတာနဲ့ အဲဒီဖျက်ဆီးခံရတာတွေကို လုံခြုံရေးကြောင့် ပြုပြင်ဖို့အချိန် ယူရတာ စတာကြောင့် လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဓာတ်အားလိုင်းတာဝါတိုင်တွေ ခုနောက်ပိုင်းလိုခပ်စိပ်စိပ်ဖောက်ခွဲတိုက်ခိုက်မှုမခံရခင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းလောက်ကတည်းက နိုင်ငံတဝန်းလျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်မှုကို ကြုံခဲ့ရတာဖြစ်ပါတယ်။

စီးပွားရေးအကြံပေး ပညာရှင်တချို့ကတော့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ရောက်ရှိလာခဲ့တဲ့ ဟောင်ကောင်နိုင်ငံအ‌ခြေစိုက် V Power Group မှ LNG ဓာတ်ငွေ့သင်္ဘောကလည်း ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွားတာကလည်း အကြောင်းတစ်ချက်ဖြစ်သလို မဂ္ဂါဝပ် ၁၀၀၀ လောက် လျော့သွားတဲ့အတွက် လျှပ်စစ်မီးက အရင်ကထက်ပိုပြီး အခြေအနေ ဆိုးလာဖို့ပဲရှိတယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

ရွှေကုက္ကို တိုက်ပွဲနောက်ဆုံးသိရသမျှ-ရွှေကုက္ကို မြို့သစ်တိုက်ပွဲအတွင်းနှစ်ဖက်သေဆုံးမှုတွေရှိပြီး ဒေသခံ ၃၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်နေရ

Karen State

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကရင်ပြည်နယ် မြ၀တီမြို့ မြောက်ဘက် ရွှေကုက္ကိုမြို့သစ် အနီး ထီးကော်ထော ကျေးရွာမှာရှိတဲ့ နယ်ခြားစောင့်တပ် BGFကင်းစခန်း နှစ်ခု ကို မနေ့ ဧပြီလ ၅ရက် မနက်ပိုင်းက KNU တပ်မဟာ၇ နယ်မြေ ရှိ KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ၀င်ရောက် တိုက်ခိုက်ခဲ့ကာ ဒီနေ့ဧပြီ ၆ ရက်မနက်ထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေ ခံ BGF နယ်ခြားစောင့်တပ်ကတစ်ဖက် KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တစ်ဖက် ဖြစ်ပွားနေတာဖြစ်တယ်လို့ ရွှေကုက္ကို မြို့သစ် တိုက်ပွဲ အခြေ အနေကို KNLAပူးပေါင်းတပ် တွေ နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

"မနေ့ က အစောကြီး ၅ နာရီ ခွဲ လောက် BGF စခန်းကုန်းတွေ ၀င်ပစ်တာ။ ထီးကော်ထော BGF စခန်းက အကုန် ထွက်ပြေးတယ်။ ထီးချားထား BGF စခန်းတစ်ခုကို မီးရှို့ ဖျက်စီး လိုက်တယ်၊ နောက် ပြီးတော့ ရွှေကုက္ကိုလ် မြို့ အ၀င် မုခ်ဦးနားက ရပ်ကွက် ၊ တရုတ်တွေနေတဲ့ တန်းလျားတွေ ဘက်၊ နှစ်သစ်ကူးကွင်းဘက်တွေ က စစ်တပ် ၊ BGF တပ်တွေ နဲ့ ပစ်နေတာမှာ ၁၂ နာရီ လောက်မှာ ရဟတ်ယာဉ် ၂ စီး လာပတ်ပစ်တယ်။ ရွာသားတွေ ရပ်ကွက်ဒေသခံတွေ လူ ၃ ထောင်ကျော်လောက်ကတော့ ထိုင်းဘက် သက္ကာယ၊ သဲပုံဂိတ်၊ ဟွေးကလုပ်၊ ၀မ်ဖာရွာဘက် ပြေးရှောင်ကြတယ်။ ထိုင်း စစ်တပ်ကတော့ ထိုင်း ဘက် မြို့ရွာတွေဘက် အသွားမခံဘူး၊ ထိုင်းဘက် ကမ်းနား ဂိုထောင်တွေ ၊ ရာဘာခြံတွေ နွားမွေးခြံ တွေထဲ မှာ ဘဲ ယာယီ နေထိုင် ခိုင်းထားတယ်။ လက်နက်ကြီးတွေ က ရွှေကုက္ကို ရပ်ကွက် နဲ့ နှစ်သစ်ကူးကွင်းဘက်တွေ ကျ တယ်။ တရုတ်ကာစီနိုတွေ ကတော့ စစ်တပ် နဲ့ BGF တွေ ၊ စနိုက်ပါစစ်သားတွေ လုံခြုံရေး ယူထားပေးပြီးတော့ အပြင် မထွက် ခိုင်းတာ ကိုယ့်တိုက်ခန်းထဲ မှာ ဘဲ နေနေကြဖို့ တရုတ်လိုရော မြန်မာလိုရော BGF တွေ လိုက်အော် နေတယ်" လို့ KNLAပူးပေါင်းတပ် တွေ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ တိုက်ပွဲ အခြေအနေမှာတော့ ဧပြီ ၆ရက် မနက် ၃ နာရီ ခန့်က ပစ်ခတ်သံတွေ ကြားခဲ့ရပြီး လက်ရှိတော့ ငြိမ်သက်နေကြောင်းနဲ့ တိုက်ပွဲတွေအတွင်း BGFနယ်ခြားစောင့်တပ်ဘက်က တပ်မှူးရဲ့ ကိုယ်ရေး အရာရှိ အပါအ၀င် BGF တပ်ဖွဲ့ ၀င် အချို့ ထိခိုက် သေဆုံး တာတွေ ရှိနေပြီး KNLA ပူးပေါင်းတပ်များ ဘက်မှာလည်း လက်ရှိ အချိန်အထိ ၅ ဦး သေဆုံးကာ ၁၅ဦး ခန့် ထိခိုက် ဒဏ်ရာ ရရှိထားတယ် လို့ အမည်မဖော်လိုသူစစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောပါတယ်။

Karen state

ဓာတ်ပုံ ရင်းမြစ်, CJ

မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အဓိကကျသူတွေနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြော

Indonesia Foreign minister

ဓာတ်ပုံ ရင်းမြစ်, Getty Images

မြန်မာ့အကျပ်အတည်း အဖြေရှာဖို့ အဓိက ကျတဲ့ ပါဝင်ပတ်သက်သူတွေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ဆက်လက်ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆုဒီက ပြောကြားလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ ဆက်နွှယ်တဲ့ဆွေးနွေးမှုတွေလုပ်တဲ့အခါတိုင်းမှာ ဘက်အသီးသီးက အကြမ်းဖက်မှုတွေအားလုံးချက်ချင်းရပ်တန့်ပြီး သက်ဆိုင်သူတွေကြား အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုကို တိုက်တွန်းထားတဲ့ အာဆီယံဘုံသဘောထားငါးရပ် ကို အင်ဒိုနီးရှားက ထောက်ခံမှုကိုဘယ်တော့မှမပျက်ကွက်ခဲ့ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

“မြန်မာက အဓိကကျတဲ့သက်ဆိုင်သူတွေနဲ့ ကျွန်မတို့တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရာမှာ အင်ဒိုနီးရှားနိုင်ငံက အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ အရပ်သားတွေသေဆုံးထိခိုက်မှုမြင့်တက်လာစေတဲ့ အင်အားသုံးအကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်”လို့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်း Jakarta Globe သတင်းဌာနက ဖော်ပြထားပါတယ်။

မြန်မာ့အရေး သက်ဆိုင်သူတွေနဲ့ဆွေးနွေးနေတယ်လို့ ဆိုပေမဲ့ အဲဒီသက်ဆိုင်သူတွေက ဘယ်သူတွေဆိုတာကိုတော့ သူက အသေးစိတ်ပြောကြားသွားတာမရှိပါဘူး။

မြန်မာ့အရေး ပြီးခဲ့တဲ့လက ကုလလုံခြုံရေးကောင်စီမှာပြုလုပ်ခဲ့တဲ့တံခါးပိတ်အစည်းအဝေးမှာ အင်ဒိုနီးရှားက ကုလ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အထူးသံတမန်အပါအဝင် သံတမန်တချို့နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးမှာ အာဆီယံဘုံသဘောထားငါးရပ်၊ အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုနဲ့ အာဆီယံဗဟိုပြုမှုကိုလည်း အခိုင်အမာထောက်ခံခဲ့ကြောင်းပြသခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောကြားသွားပါတယ်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင် ၃၄ နှစ်ချမှတ်ခံရ-တပေါင်းတည်းကျခံစေတာကြောင့် နှစ် ၂၀ ထိရှိ၊ အရင် ချမှတ်ထားတဲ့ပြစ်မှုတွေနဲ့ဆိုရင် စုစုပေါင်း ထောင် ၃၂ နှစ်ထိရှိလာပြီး ထပ်မံရင်ဆိုင်ရန် ၂ မှုကျန်ရှိ

Wai Moe Naing

ဓာတ်ပုံ ရင်းမြစ်, CJ

မုံရွာသပိတ်ကော်မတီ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ကို စစ်ကောင်စီက မနေ့ဧပြီ ၅ ရက်နေ့မှာ ပုဒ်မ ၅ ခုနဲ့ ထောင် ၃၄ နှစ်ချမှတ်ခဲ့ပြီး တစ်ပေါင်းတည်းကျခံစေတာကြောင့် စုစုပေါင်း ထောင်နှစ် ၂၀ ကျခံရမှာဖြစ်တယ်လို့ နီးစပ်သူတွေထံက ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး သပိတ်တစ်ခုကနေ အပြန် ဆိုင်ကယ်နဲ့ လိုက်ပါလာစဥ် မုံရွာမြို့က လမ်းမကြီးတစ်နေရာမှာ စစ်ကောင်စီက ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးပြီးနောက် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ၆ မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၄၈ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ဓားပြမှု၊ ဓါးပြမှုကျူးလွန်စဥ် တစုံတယောက်ကိုနာကျင်စေမှု၊ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မ စတဲ့ပုဒ်မတွေအပါအဝင် ပုဒ်မ ပေါင်း တစ်ဒါဇင်ကျော်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ ပုဒ်မ ၅၀၅ (က) အမှု ငါးမှုအတွက်တစ်မှုကို ၂ နှစ်စီနဲ့ ထောင်ဆယ်နှစ် ပထမဆုံး ချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် သဘာဝဘေးနဲ့ ထောင် နောက်ထပ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။

Wai Moe Naing

ဓာတ်ပုံ ရင်းမြစ်, CJ

အဲဒီနောက်တစ်နှစ်ကျော်အကြာ ၂၀၂၃ ခုနှစ် ဧပြီ ၅ ရက်မှာ လူတစ်ဦးကိုသတင်းပေး ဒလန်ဆိုပြီး စွပ်စွဲဖမ်းဆီးရိုက်နှက်တာနဲ့ဆက်စပ်ပြီး ပုဒ်မ ၅၀၅ က အမှုတစ်မှုအတွက် ၃ နှစ်၊ ရာ‌ဇသတ်ကြီးပုဒ်မ ၁၄၈ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်တယ်ဆိုပြီး ၃ နှစ်၊ ဓါးပြမှု ပုဒ်မ ၃၉၅ အရ ထောင်ဒဏ် ၂၀ နှစ်၊ ဓါးပြမှုကျူးလွန်စဉ် တစုံတယောက်ကို နာကျင်စေမှု ပုဒ်မ ၃၉၇ အရ ၇ နှစ် နဲ့ နာကျင်စေမှုပုဒ်မ ၃၂၃ အတွက် ၁ နှစ် စုစုပေါင်း နောက်ထပ် ၃၄ နှစ်ကိုချမှတ်ခဲ့ပါတယ်။

အဲဒီ ၃၄ နှစ်ကိုတစ်ပေါင်းတည်းကျခံစေဆိုတာကြောင့် စုစုပေါင်း အနှစ် ၂၀ ချမှတ်ခံရတာဖြစ်ပါတယ်။

ဒါပေမဲ့ မူလက ထောင် ၁၂ နှစ်ချမှတ်ခံထားရကြောင့် အခု ထောင် နှစ် ၂၀ နဲ့ ထပ်ပေါင်းရင် စစ်ကောင်စီက ကိုဝေမိုးနိုင်ကို ထောင် ၃၂ နှစ် အထိ ရှိလာနေပါတယ်။

ဒါ့အပြင် ကိုဝေမိုးနိုင်ဟာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ ရဲနှစ်ဦးကိုသတ်ဖြတ်ရာမှာ ပါဝင်တယ်ဆိုပြီး လူသတ်မှု စတဲ့ပုဒ်မ ၂ ခုကိုထပ်မံရင်ဆိုင်ရဖို့ ကျန်ရှိနေပါတယ်။

အခုအခါ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာအကျဥ်းထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

Wai Moe Naing

ဓာတ်ပုံ ရင်းမြစ်, CJ