ဧပြီ ၂၇ ရက်ထိပ်တန်းသတင်းများ - စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ မှော်ဘုံ(မဒဲယာန်) ဒေသခံ နှစ်ရာကျော်ထဲက ဒေသခံ တစ်ရာ ပြန်လွတ်လာ၊ တစ်ရာကျော်ကို ဆက်လက်ဖမ်းဆီးထားဆဲ

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ မှော်ဘုံ(မဒဲယာန်) ဒေသခံ နှစ်ရာကျော်ထဲက ဒေသခံ တစ်ရာ ပြန်လွတ်လာ၊ တစ်ရာကျော်ကို ဆက်လက်ဖမ်းဆီးထားဆဲ

Pharkant, Kachin State

ဓာတ်ပုံ ရင်းမြစ်, CJ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံ(မဒဲယာန်)ရွာမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်တုန်းက ဖမ်းဆီးသွားတဲ့ဒေသခံတစ်ရာကျော်ထဲကနေ တချို့တဝက်ကို မနေ့ ဧပြီလ ၂၆ ရက်နေ့က ခံဝန်ကတိတွေနဲ့ ပြန်လွှတ်ပေးခဲ့တာမှန်ကန်ကြောင်း ပြန်လွတ်လာသူတွေနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲက တချို့ကို လုံးခင်းက မဇွပ်ယန်ထောင်ကို ပို့ထားသလို တချို့တဝက်ကိုတော့ ကံဆီးကျေးရွာဘက်ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ရက်အနည်းငယ်အကြာ မနေ့ ဧပြီ ၂၆ ရက်နေ့မှာ အဲဒီထဲက တချို့ကို ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

“ဆန်ခါ မှော်ဘုံ(မဒဲယာန်)ကသူတွေကို ဖမ်းသွားတာက ၁၅၀ မကဘူးဗျ ။ ၂၁၂ ယောက်ရှိတယ်။ အဲဒီထဲမှာ တစ်ဝက်ကို ကံဆီးဘက်ကိုခေါ်တက်သွားတယ်။ တချို့ကိုကျတော့ မဇွပ်ယန်ထောင်ကို တစ်ဝက်ခေါ်သွားတယ်။ မနေ့က ကျတော့ ၂၆ ရက်နေ့ ကျတော့ ကံဆီးဘက်ကို ခေါ်တက်သွားတဲ့အဖွဲ့တွေကိုပြန်ခေါ်လာပြီး မဇွပ်ယန်ထောင်မှာ ပြန်စုထားတယ်။ ဖမ်းသမျှ ထောင်ထဲမှာ ပြန်ထည့်ထားတယ်။ မနေ့က ၂၆ ရက်နေ့မှာကျတော့ အဲဒီထဲက ၅၀ကို ရဲစခန်းကို လူမှုကူညီရေးကား ၆ စီးနဲ့လွှဲပေးလိုက်တယ်။ လူ ၅၀ ပေါ့။ ဖားကန့်ကိုပြန်ရောက်လာတဲ့ ၅၀ ထဲကမှ ၃၅ ယောက် လွတ်လာတယ်။ ညက ၉ နာရီ အချိန်မှာကျတော့ ထောင်မှာ ထားတဲ့ထဲက ၅၀ကို လွှတ်တယ်လို့တော့သိရတယ်။ မနေ့ကပဲ ကံဆီးရွာက စစ်ဗျူဟာဘက်က ဖမ်းထားတဲ့အထဲက ၁၅ ယောက်ကိုလည်း လွှတ်ပေးတယ်လို့ သိရတယ်” လွတ်လာသူနဲ့နီးစပ်သူကဆိုပါတယ်။။

ဒါကြောင့် ဧပြီလ ၂၁ ရက်နေ့ မှော်ဘုံ(မဒဲယာန်) ရွာမှာဖမ်းဆီးခံရသူတွေထဲက စုစုပေါင်း ၁၀၀ ပြန်လွတ်လာပြီး နောက်ထပ်တစ်ရာကျော် ကျန်ရှိနေသေးတယ်လို့နားလည်ရပါတယ်။

ဒေသခံတွေပြောဆိုချက်အရတော့ မှော်ဘုံ(မဒဲယာန်)ရွာကို PDF တွေရှိတယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင်စီတပ်တွေက ဝင်ရောက် စစ်ဆေးတာတွေဖြစ်နိုင်ပြီး PDF ဆက်စပ်သူ၊ ထောက်ပို့လုပ်နေတယ်လို့ သံသယရှိသူတွေကို တော့ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ ပြန်လွတ်လာသူတွေကိုတော့ ဖားကန့်ရဲစခန်းကနေ ခံဝန်တွေထိုးစေပြီးပြန်လွှတ်ပေးလိုက်တယ်လို့လည်း နီးစပ်သူတွေထံက သိရပါတယ်။

ဒီကနေ့ ဧပြီ ၂၇ ရက်နေ့ မနက် ၁၀နာရီဝန်းကျင်ခန့်မှာလည်း မဇွပ်ယန်ရွာကိုသေနတ်ပစ်ဖောက်ဝင်ပြီး စစ်ကောင်စီတွေက ရွာမှာရှိတဲ့အမျိုးသား ၅၀ ခန့်ကိုဖမ်းခေါ်သွားပြီးအခု မွန်းလွဲပိုင်းမှာတော့ ပြန်လွတ်လာပြီလို့သိရပါတယ်။

မိုးဗြဲမှာ စစ်ကောာင်စီတပ်စခန်းကို KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်

KNDF

ဓာတ်ပုံ ရင်းမြစ်, KNDFB03

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကိုဖမ်းမိပြီး လက်နက်တွေလည်း ရရှိတယ်လို့ထုတ်ပြန်လာ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကရင်နီ(ကယား) ပြည်နယ်၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံခြေမြန်တပ်ရင်း ခမရ (၁၀) တပ်ဖွဲ့ကို မနေ့ဧပြီ ၂၆ ရက်မနက်အစောပိုင်းမှာ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDF တပ်တွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ KNDF တပ်ရင်း ၃ က သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာမှာ KNDF တပ်ရင်းအမှတ် (၃)၊ တပ်ရင်းအမှတ် (၁)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပြီး တိုက်ပွဲဟာ မနက် ၁၀ နာရီကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ဦးသေဆုံးပြီး နှစ်ဦးကို ဖမ်းမိကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ ဖမ်းမိသူနှစ်ဦးရဲ့ဓာတ်ပုံနဲ့အတူ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

မိုးဗြဲတိုက်ပွဲနဲ့ပတ်သက်လို့တော့ စစ်ကောင်စီက ဒီနေ့ ဧပြီ ၂၇ ရက်မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ မိုးဗြဲမြို့ကို KNPP/PDF တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးလက်နက်ငယ်နဲ့ပစ်လို့ ဒေသခံတွေ စာသင်ကျောင်းတွေမှာ ပုန်းရှောင်နေရတယ်ဆိုပြီး ဖော်ပြမှုတွေရှိနေပါတယ်။

စစ်ကောင်စီဘက်က သေဆုံးဖမ်းမိတဲ့အခြေအနေနဲ့ပတ်သက်လို့တော့ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၄ ကြိမ်ပစ်ခတ်လို့ အရပ်သားတွေရဲ့နေအိမ်တချို့ ပျက်စီးဆုံးရှုံးတယ်လို့လည်း KNDF ထုတ်ပြန်ချက်က ဆိုပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ KNDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့တိုက်ပွဲဖြစ်ပွားရာတဝိုက် သွားလာခြင်း၊ နေရပ်ပြန်ခြင်းတွေ ရှောင်ရှားဖို့လည်း KNDF က အသိပေးထားပါတယ်။

မနေ့က ကယားပြည်နယ်အတွင်းနှစ်ဖက်ထိတွေတိုက်ပွဲတွေကြောင့် ကယားပြည်နယ်မြို့တော် လွိုင်ကော်ကနေ ရန်ကုန်ကို ပြေးဆွဲနေတဲ့ ခရီးသည်တင် ပို့ဆောင်ရေးယာဉ်လိုင်းတချို့ ဒီနေ့ နေ့ခင်းမှာ ကုန်းသာကျေးရွာအုပ်စုနားကနေ လှည့်ပြန်ခဲ့ရတာတွေရှိခဲ့ပါတယ်။

လွိုင်ကော်မှာ ဧပြီ ၂၁ ရက်တုန်းက လွိုင်ကော်မိုးဗြဲလမ်းမကြီးမှာ စစ်ကောင်စီယာဥ်တန်းကို KNDFနဲ့ ပူပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့နောက် အဲဒီလမ်းမကြီးတစ်လျှောက် တိုက်ပွဲတွေဖြစ်ပွားနေပြီး လမ်းကိုလည်း စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးတာတွေရှိခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၇ ကြိမ်မြောက် ညီလာခံ ကျင်းပနေ

KNU congress

ဓာတ်ပုံ ရင်းမြစ်, KNU

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ၁၇ ကြိမ်မြောက် ညီလာခံကို လေးဝါးဌာနချုပ်မှာ ဧပြီလ ၂၄ ရက်နေ့ကစလို့ စတင်ကျင်းပနေပါတယ်။

အဲဒီညီလာခံကို ၅ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ဗဟိုအမြဲတမ်းကော်မတီဝင်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေက လူကိုယ်တိုင် တက်ရောက်နေကြပြီး တပ်မဟာ ကိုယ်စားလှယ်တွေကတော့ အွန်လိုင်းကနေ တက်ရောက်နေကြတယ်လို့ ဘီဘီစီကစုံစမ်း သိရှိရပါတယ်။

လက်ရှိ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့ဟာ အပစ်ခတ်ရပ်စဲမှုသဘောတူညီချက်စာချုပ်(NCA) လမ်းကြောင်းနဲ့ ဆက်သွားဖို့ ဆွေးနွေးဖို့ ရှိနေပြီး ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်း‌ရေးမှူချုပ်နဲ့ ဒုစစ်ဦးစီးချုပ်တို့ကတော့ စစ်အာဏာသိမ်းမှုအပြီးပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းတာနဲ့ တိုက်ခိုက်ရေးလမ်းစဥ်ကို ဆွေးနွေးနိုင်တယ်လို့ ယူဆချက်တွေလည်းရှိနေပါတယ်။

ကိုဗစ်ကပ်ရောဂါဘေးနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ကေအဲန်ယူ ညီလာခံ မကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ကေအဲန်ယူအဖွဲ့အစည်းအတွင်းက ခေါင်းဆောင်ပိုင်းတွေအပေါ် မေးခွန်းထုတ်မှုတွေနဲ့ ညီလာခံခေါ်ယူဖို့ တိုက်တွန်းတာတွေရှိခဲ့အပြီးမှာ အခုညီလာခံ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၆ ကြိမ်မြောက် ညီလာခံတုန်းကတော့ ဗဟိုအမြဲတမ်းကော်မတီ (၄၁) ဦးကို လျှို့ဝှက်မဲနဲ့ ရွေးချယ်ခဲ့ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီ (၁၄) ဦးအပါအဝင် အစည်းအရုံးရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စုစုပေါင်း (၅၅) ဦးကို ရွေးချယ်တင်မြှောက် အတည်ပြုခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအပြီးနောက် လက်နက်ကိုင်တော်လှန်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နေတဲ့ ကေအဲန်ယူရဲ့ လမ်းစဥ်တစ်ခုကို အခုညီလာခံအပြီးမှာ မြင်တွေ့ရမှာဖြစ်တာကြောင့် ညီလာခံကို အများက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

အီတလီနိုင်ငံ လွတ်မြောက်ရေးနေ့ လူထုတွေ့ဆုံပွဲမှာ ဒေါ်ဇင်မာအောင် မိန့်ခွန်းပြော

စစ်ကောင်စီရရှိနေတဲ့ ဝင်ငွေရလမ်းတွေ အားလုံးကို ဖြတ်တောက်နိုင်ရင် စစ်တပ်ကျဆုံးမယ် လို့ ဒေါ်ဇင်မာအောင်က ပြောကြားခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, NUG

စစ်ကောင်စီကို ဝင်ငွေရလမ်းတွေဖြတ်တောက်ဖို့ တောင်းဆို

အီတလီနိုင်ငံ ပြန်လည်တည်ထောင်ခြင်းနဲ့ ဖက်ဆစ်အာဏာရှင်လက်အောက်က လွတ်မြောက်တဲ့နေ့ လူထုတွေ့ဆုံပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက် စကားပြောခဲ့ပါတယ်။

စစ်ကောင်စီရရှိနေတဲ့ ဝင်ငွေရလမ်းတွေ အားလုံးကို ဖြတ်တောက်နိုင်ရင် စစ်တပ်ကျဆုံးမယ် လို့ ဧပြီ ၂၅ ရက်က အီတလီနိုင်ငံ ကာဆာချယ်ဗီပြတိုက်မှာပြုလုပ်ခဲ့တဲ့ အထိမ်းအမှတ်ပွဲမှာ ဒေါ်ဇင်မာအောင်က ပြောကြားခဲ့တာပါ။

"ဖက်ဆစ်စနစ်ကို မြန်မာပြည်မှာလည်း အမြစ်ဖြတ်ရတော့မှာပါ’’ လို့ လူပေါင်း တစ်သောင်းခွဲဝန်းကျင် တက်ရောက်ခဲ့ တဲ့ ဒီအခမ်းအနားမှာ NUG ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်က နော်ဝေ ခရီးစဉ်အပြီးမှာ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ ဥရောပခရီးစဉ်ပြန်လည်စတင်တာလည်း ဖြစ်ပါတယ်။

ရေတပ် နဲ့ လေတပ်က လူငယ်တစ်ထောင်ကျော်ကို သင်တန်းပေး

ဒီသင်တန်းတွေမှာ အခြေခံစစ်ပညာ(လက်နက်မဲ့)ကိုပါ ထည့်သွင်းသင်ကြားသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ရေတပ် နဲ့ လေတပ် ဦးဆောင်ပြီး လူငယ် တစ်ထောင့်သုံးရာကျော်ကို ရေကြောင်းလူငယ် နဲ့ လေကြောင်းလူငယ်သင်တန်းအဖြစ် နိုင်ငံအနှံ့က စခန်း ၃၀ ဝန်းကျင်မှာ လေ့ကျင့်သင်ကြားပေးနေပါတယ်။

ဒီသင်တန်းတွေမှာ အခြေခံစစ်ပညာ(လက်နက်မဲ့)ကိုပါ ထည့်သွင်းသင်ကြားသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒီသင်တန်းဖွင့်ပွဲတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ တိုင်းမှူးတွေ၊ စစ်ဦးစီးအရာရှိချုပ်(ရေ)နဲ့ လေတပ်စခန်းဋ္ဌာနချုပ်မှူးတွေ ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

ရေကြောင်းပညာ နဲ့ လေကြောင်းပညာ ကျွမ်းကျင်လူငယ်တွေ ပေါ်ထွက်လာအောင်ဆိုပြီး ဧပြီ ၂၄ ရက်မှာ စတင် သင်တန်းပေးနေတာဖြစ်ပါတယ်။

ရေကြောင်းလူငယ်အခြေခံ နဲ့ တန်းမြင့် သင်တန်းကျောင်းတွေကို ကိုကိုးကျွန်း၊ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူ၊တနင်္သာရီတိုင်းက ဟိန်းဇဲ၊ မွန်ပြည်နယ် မော်လမြိုင် နဲ့ ဧရာဝတီတိုင်း ပုသိမ် ရေကြောင်းလူငယ်စခန်းတွေမှာ သင်တန်းပေးနေတာ ဖြစ်ပါတယ်။

တပြိုင်နက်ထဲမှာပဲ ရေတပ် ရေကြောင်းလူငယ်စခန်း ၁၁ ခု က သင်တန်းသား ခုနှစ်ရာကျော်ကို ပါ သင်တန်းပေးနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အလားတူ လေတပ်ကလည်း အခြေခံလေကြောင်းလူငယ်သင်တန်း အကြီးတန်းအဆင့် နဲ့ အငယ်တန်းအဆင့် ‌တွေကို မြစ်ကြီးနား၊တောင်ကြီး၊ကျိုင်းတုံ၊မကွေး၊ပုသိမ် နဲ့ မိတ္ထီလာ လေကြောင်းလူငယ်သင်တန်းတွေမှာ သင်တန်းပေးနေပါတယ်။

ဒါ့အပြင် လေတပ်က လေကြောင်းလူငယ်စခန်း ၁၇ ခု က သင်တန်းသား ခုနှစ်ရာနီးပါးကို ပါ သင်တန်းပေးနေတာဖြစ်ပါတယ်။

ဒီသင်တန်းတွေဟာ ၄ ပတ် ကြာမှာဖြစ်ပြီး နျူကလီးယားသတင်းအချက်အလက်စင်တာလေ့လာရေးအပါအဝင် စစ်ရေယာဉ်တွေနဲ့ လေကြောင်းဆိုင်ရာလေ့လာရေးအစီအစဉ်တွေကိုပါ ထည့်သွင်းထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုကြောင့် လူရာနဲ့ချီ သေဆုံးရတဲ့ ဖြစ်စဥ် လောလောလတ်လတ်ရှိထားသလို လူဆယ်ချီသေဆုံးခဲ့ရတဲ့ အနန့်ပါဖြစ်စဥ်အပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရမှုတွေအပေါ် ပြည်တွင်းပြည်ပက ပြင်းပြင်းထန်ထန်ကန့်ကွက်နေသလို စစ်ကောင်စီကို လေယာဥ်ဆီ ဖြတ်တောက်ရေး ပိတ်ဆို့အရေးယူမှုတွေလည်းရှိနေပါတယ်။