သြဂုတ် ၁ ရက် ထိပ်တန်းသတင်းများ - ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုခြွင်းချက်မရှိ လွှတ်ဖို့ NUG ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုခြွင်းချက်မရှိ လွှတ်ဖို့ NUG ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, AFP

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်အသီးသီးကနေ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ဖို့ ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ သြဂုတ် ၁ ရက် မှာထုတ်ပြန်ပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ်အနေနဲ့ ဆိုပြီး ပြစ်ဒဏ်လျှော့ပေါ့ကြောင်း စစ်ကောင်စီရဲ့ ကြေညာချက်နောက်မှာ NUG က အခုလို ထပ်မံထုတ်ပြောလာတာဖြစ်ပါတယ်။

လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီရဲ့ ကြေညာချက်ဟာ ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေတယ်လို့ပြောထားပြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အပြစ်မဲ့ နိုင်ငံသားတွေအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်အသီးသီးကိုလည်း ပယ်ဖျက်ပြီး ခြွင်းချက်မရှိ၊ ချက်ချင်းလွှတ်ဖို့ NUG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သူတို့ဟာ ပြစ်မှုတစ်စုံတစ်ရာကိုမျှကျူးလွန်ခဲ့တာမျိုးမရှိဘဲ တစ်ဖက်သတ် လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံရတာဖြစ်ပြီး ပြစ်ဒဏ်အားလုံးဟာဥပဒေ နဲ့ ညီညွတ်တာမရှိတဲ့အပြင် မတရားအမိန့်ချမှတ်ခံထားရတာလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ငါးမှုနဲ့ သမ္မတဦးဝင်းမြင့်ရဲ့ အမှု နှစ်မှုက ပြစ်ဒဏ်တွေကိုလျှော့ပေါ့ပေးခဲ့တာပါ။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ ဒီကနေ့ ထုတ်ပြန်တဲ့ လွတ်ငြိမ်းခွင့်စာရင်းနဲ့ ပတ်သက်လို့ ဒီကနေ့ ညနေပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒီကနေ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသားအများစုမပါဝင် ၊ လွတ်မြောက်လာသူ ရာဂဏန်းသာရှိသေးတယ်လို့ AAPP ပြော

ဒီကနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း။
ဓာတ်ပုံ ပုံစာ, ဒီကနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း။

ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံရေးအကျဉ်းသား လူအယောက် ၁၀၀ ဝန်းကျင်သာ လွတ်မြောက်လာကြောင်း အတည်ပြုနိုင်တယ်လို့ ‌နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။ AAPP ရဲ့ ဒီကနေ့ ညနေ ၅ နာရီအထိ အတည်ပြုချက်အရ အယောက် ၁၀၀ ထဲက ၂၀ ကိုသာ နာမည်နဲ့တကွ အတည်ပြုနိုင်သေးတယ်လို့ ပြောပါတယ်။

ဒုတိယ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့်မှာ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးကနေ ၇၇၄၉ ဦးပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာထားတာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီစုံစမ်းကြည့်ချက်အရ လူသိထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ မန္တလေးက ဦးဇင်းသုညလွတ်မြောက်လာတာကိုသာ တွေ့ရပြီးနိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ က နဲ့ လွတ်ရက်စေ့ခါနီး အချို့သာ လွတ်လာပါတယ်။

လွတ်မြောက်သူ အများစုက ရာဇဝတ်အမှုတွေနဲ့ အကျဉ်းကျခံရသူတွေ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးလုပ်ဆောင်သူတွေဆီကနေ သိရပါတယ်။

"၅၀၅ က နဲ့ လွတ်ရက်စေ့ဖို့ ၃ လလောက်လိုတဲ့သူတွေက စပြီး လွှတ်တယ်ကြားပါတယ်။ မတရားအသင်း၊ အကြမ်းဖက်ပုဒ်မနဲ့ အတွဲခံထားရတဲ့ ၅၀၅ က သမားတွေလည်း မလွတ်ပါဘူး။ အင်းစိန်ကနေတော့ ၁၀၀၀ လောက်လွှတ်မယ် ကြားတယ်" လို့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ အယောက် ၁၀၀၀၊ မုံရွာအကျဉ်းထောင်က‌နေ ၃၀ ဝန်းကျင်၊ မြင်းခြံထောင်က ၁၃၀ နဲ့ အိုးဘိုထောင်ကနေ ၇၅၀ ကျော် လွတ်မယ်လို့ ဘီဘီစီက ကနဦးစုံစမ်းသိရှိထားရပါတယ်။ နိုင်ငံရေးအကျဉ်းသားအများစုကို ရွှေ့ပြောင်းထားတဲ့ သာယာဝတီထောင်ကနေလည်း နိုင်ကျဉ်းအများစုလွတ်မြောက်လာတာမရှိဘူးလို့ သိရပြီး အသေးစိတ်တော့ အတည်မပြုနိုင်သေးပါဘူး။

AAPP ရဲ့ ဒီကနေ့ သြဂုတ် ၁ ရက်နောက်ဆုံးထုတ်ပြန်ချက်အရ အကျဉ်းထောင်တွေထဲ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့သူဦးရေ ၄၄၁၄ ဦးရှိပြီလို့ သိရပြီး လူဦးရေ ၁၉၀၀၀ ကျော် ထိန်းသိမ်းခံနေရဆဲလို့ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ပြစ်ဒဏ် လျှော့ပေါ့တယ်လို့ စစ်ကောင်စီပြော

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ပြစ်ဒဏ် လျှော့ပေါ့တယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, AFP

သေဒဏ်ကျခံရသူအချို့ကို ထောင်ဒဏ်တသက်ကို ပြောင်းလဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ငါးမှုက ပြစ်ဒဏ်တွေကို လျှော့ ပေါ့ပေးပြီး သမ္မတဦးဝင်းမြင့်ရဲ့ အမှု နှစ်မှုက ပြစ်ဒဏ်တွေကိုလည်း လျှော့ ပေါ့ပေးတယ်လို့ စစ်ကောင်စီက ဒီကနေ့ သြဂုတ် ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့် အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA နဲ့ ရှမ်းအဖွဲ့ SSPP က စုစုပေါင်း ၁၅ ယောက်အပါအဝင် ဆက်စပ်သူ ၇၂ ယောက်ကိုလည်း ‌လွတ်ငြိမ်းခွင့် ပေးခဲ့တာ‌ တွေ့ရပါတယ်။

တခါ သေဒဏ်အမိန့်ချမှတ် ခံရသူတွေထဲက အချို့ကိုလည်း ထောင်ဒဏ်တသက်တကျွန်းကို လျှော့ ပေါ့ပေးတယ်လို့ ပြောပါတယ်။

နိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရသူ အကျဉ်းသား၊ အချုပ်သား စုစုပေါင်း ၇၇၄၉ ဦးကို "နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

ရေဦးနဲ့ ဒီပဲယင်းအစပ်ကို စစ်ကြောင်းထိုးလို့ ဒေသခံထောင်ချီ ထွက်ပြေး

မနေ့ညပိုင်း ဒေသခံတွေ ထွက်ပြေးနေကြရစဉ်။

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်စစ်ရှောင်ကူညီထောက်ပံ့ရေး

ဓာတ်ပုံ ပုံစာ, မနေ့ညပိုင်း ဒေသခံတွေ ထွက်ပြေးနေကြရစဉ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တောင်ဘက်ခြမ်းနဲ့ ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို မနေ့ည ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတာကြောင့် ဒေသခံထောင်နဲ့ချီ ‌ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

"ဇိန့်ဇွန်း‌ရွာနဲ့ ပဋိကပ်ကျရွာဘက်မှာ ဒီကနေ့ နေ့လယ်ပိုင်းအထိ တပ်စွဲနေတော့ အကုန်လုံးက ထွက်ပြေးနေရတုန်းပဲ၊ နေရပ်မပြန်ရသေးဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့မှာတော့ လက်ရှိ ဇိန့်ဇွန်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပါဘူးလို့ သိရပါတယ်။ ဇူလိုင် ၃၀ ရက်နေ့တုန်းက ဒီပဲယင်းမြို့ပေါ်က မြို့အဝင်ဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ DPRA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

တခါ ‌စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက နာမည်ကျော် ဆိပ်ခွန်ပုဆိုးထွက်တဲ့ ဆိပ်ခွန်ရွာမှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ အနီးတဝိုက်က အနည်းဆုံး ကျေးရွာ ၅ ရွာက ဒေသခံ ၃၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီ သက်တမ်းထပ်တိုးတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန်ပြော

စစ်ကောင်စီ သက်တမ်းထပ်တိုးတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန်ပြော

ဓာတ်ပုံ ရင်းမြစ်, US Department of State

စစ်ကောင်စီဟာ မနေ့တုန်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ‌ခေါ် ပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လသက်တမ်း ထပ်တိုးခဲ့တဲ့အပေါ် အလွန်အမင်းစိုးရိမ်မိကြောင်း အမေရိကန်က ပြောပါတယ်။

အခုလို တိုင်းပြည်က အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေကြုံနေရတဲ့အချိန်မှာ အရေးပေါ်ကာလထပ်တိုးတဲ့အပေါ် စိုးရိမ်တဲ့အကြောင်းအမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Matthew Miller က မနေ့ကပဲ ထုတ်ပြောခဲ့တာပါ။

ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ နှစ်နှစ်ခွဲကာလအတွင်း မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ရာနဲ့ချီလုပ်ထားပြီး နေအိမ်သောင်းနဲ့ ချီမီးရှို့ခံခဲ့ရသလို ပြည်သူ ၁သန်း ၆ သောင်းဟာ နေအိမ်တွေကိုစွန့်ခွာထွက်ပြေးနေကြရတယ်လို့ ထည့်ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားချက်တွေကို လျစ်လျူရှုတာဟာ နိုင်ငံ့အကျပ်အတည်းကို ဆက်ပြီးရှည်လျားစေလိမ့်မယ်လို့ ပြောထားပါတယ်။ အမေရိကန်အနေနဲ့တော့ ပြည်တွင်းကအကြမ်းဖက်မှုတွေ ရပ်တည်အောင် ကူညီဆောင်ရွက်တာအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး၊ မြန်မာမှာ ဒီမိုက‌ရေစီ ပြန်ရရှိရေးတို့ကို ဆက်ပြီး ‌ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့မယ့် Burma Act ကိုလည်း အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) မှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ပြီး စစ်လက်နက်မဟုတ်တဲ့ ပစ္စည်းတွေထောက်ပံ့မယ်ဆိုတာအပါအဝင် လူသားချင်းစာနာမှုကူညီမယ့်အချက်အလက်တွေပါ ပါဝင်ပါတယ်။

တဖက် စစ်ကောင်စီကတော့ အဲဒီလို Burma Act ကို အမေရိကန်သမ္မတက အတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့လုပ်ရပ်ဟာ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ပြီး အကြမ်းဖက်မှုအားပေးနေတာလို့ တန်ပြန်စွပ်စွဲထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလည်း မူမပြောင်း လဲဘူးလို့ NUG ပြော

အရပ်သားအစိုးရလက်ထက် ထိပ်ပိုင်းခေါင်းဆောင်အချို့ကို လွှတ်တော်မှာတစုတစည်းတည်းတွေ့မြင်ရစဉ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အရပ်သားအစိုးရလက်ထက် ထိပ်ပိုင်းခေါင်းဆောင်အချို့ကို လွှတ်တော်မှာတစုတစည်းတည်းတွေ့မြင်ရစဉ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့လို့ လွတ်မြောက်လာခဲ့ရင်တောင် NUG အနေနဲ့ မပြောင်းလဲဘဲ မူလလမ်းကြောင်းအတိုင်း ဆက်သွားမယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ်ပြောပါတယ်။

"ကျွန်တော်တို့ လုံးဝမပြောင်းလဲပါဘူး။ ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်" လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အထူးအစည်းအဝေးမှာ အခုလိုပြောခဲ့ပါတယ်။

အစည်းအဝေးမှာ NUCC ၊ NUG တို့ ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းကြောင်းအတိုင်း ဆက်သွားမယ့်အကြောင်းနဲ့ အခက်အခဲ၊ ခြိမ်းခြောက်မှုတွေအပါအဝင် စစ်တပ်ရဲ့ ဝါဒဖြန့်ချိမှုတွေနောက် မလိုက်ဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့ကြတာပါ။

NUG ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဆိုတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ်အတိုင်း ဆက်ရပ်တည်မယ်လို့‌ဖော်ပြထားပြီး ခေါင်း‌ဆောင်၊ အစုအဖွဲ့တွေကြား ညီညီညွတ်ညွတ်ရှေ့ဆက်မယ်လို့ ပြောပါတယ်။

တဖက်မှာလည်း စစ်အာဏာသိမ်းတာ နှစ်နှစ်ခွဲရှိပြီဖြစ်ပြီး စစ်ကောင်စီက ‌အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းထပ်တိုးခဲ့ပြီးဖြစ်ပါတယ်။ ဒီသီတင်းပတ်တွေထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ရွေ့ပြောင်းထားပြီဆိုတဲ့ အချက်အလက်တွေ ထွက်လာတဲ့ အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာတော့မလားဆိုတဲ့ ခန့်မှန်းတွက်ဆချက်အမျိုးမျိုးထွက်ရှိနေတာလည်း ဖြစ်ပါတယ်။