စစ်တပ်နဲ့ အေအေ စစ်သုံ့ပန်းတွေ လဲပေမယ့် ဖမ်းဆီးခံအရပ်သားတွေ ရာချီကျန်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, AA
ရခိုင်မှာ ယာယီအပစ်ရပ်ထားတဲ့ တစ်လကျော်အတွင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား စစ်သုံ့ပန်းတွေ လဲလှယ်တဲ့အထိ နှစ်ဖက်ဆက်ဆံရေး အနည်းငယ် တိုးတက်လာတဲ့အခြေအနေတွေကို တွေ့မြင်လာရပါတယ်။
ဒါပေမဲ့ စစ်ပွဲကာလအတွင်း အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ရခိုင်အရပ်သား ဒေသခံတွေကတော့ လွတ်မြောက်လာခြင်းမရှိ သေးသလို အမှုရင်ဆိုင်နေရဆဲပါ။
စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန် စစ်ပွဲကာလအတွင်း စစ်ကောင်စီက ဖမ်းထားတဲ့သူပေါင်း ၃၂၁ ဦး ထိရှိခဲ့တဲ့အနက် ၈၅ ဦးသာ ပြန်လွတ်လာခဲ့ပြီး ကျန် ၂၀၀ ကျော်က ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် အေအေဘက်က နိုဝင်ဘာ ၂၈ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ဒေသခံတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ သက်ဆိုင်ရာတရားရုံးတွေမှာ အမှုရင်ဆိုင်နေကြရပြီး တချို့ဆို ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခုတော့ နှစ်ဖက်တပ်တွေကြားအပစ်ရပ်ပြီးနောက် ဇန်နဝါရီ လဆန်းပိုင်းတုန်းက ဖမ်းဆီးခံ အရာရှိအဆင့်တွေပါဝင်တဲ့ စစ်သုံ့ပန်းချင်း လဲလှယ်တဲ့အထိ ဆက်ဆံရေးတိုးတက်လာလို့ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးဖို့ မိသားစုတွေက မျှော်လင့်နေပါတယ်။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းက ဖမ်းဆီးခံနေရတဲ့ ဦးဘလှိုင်ရဲ့ ဇနီး ဒေါ်အေးအေးခိုင်က အခုလို ပြောပါတယ်။
“ကျွန်မတို့မှာ ငွေရေးကြေးရေးလည်း အခက်အခဲ ရှိတယ်။ ရုံးချိန်းတိုင်းလည်း ကျွန်မတို့ သွားနေရတယ်။ တစ်လမှာ လေးချိန်လောက် ချိန်းတယ်။ ... အခက်အခဲအများကြီးရှိတယ်။ အဲဒါကြောင့် ကျွန်မ ယောကျာ်းနဲ့အတူ မတရား ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်။”

ဓာတ်ပုံ ရင်းမြစ်, ML
ဖမ်းခံရတဲ့သူတွေထဲမှာ ပရဟိတသမားတွေလည်း ပါဝင်သလို အများစုဟာ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြောက်ဦး၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုဆို ဆက်ဆံရေး ပြန်ကောင်းလာချိန် ဖမ်းဆီးခံပြည်သူတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာဝေဟင်အောင်က ထောက်ပြပါတယ်။
“သုံ့ပန်းတွေတောင်မှ အပြန်အလှန် လဲလှယ်တဲ့ အဆင့်ကို ရောက်လာပြီဆိုတော့ ဒါကို အပြုသဘောဆောင်ပြီး တိုးတက်တယ်လို့ ယေဘုယျအားဖြင့် ပြောလို့ရတယ်။ ဒါပေမဲ့ ဆိုးရွားတာက ဒီဘက်က လူမှုရေးလုပ်နေတဲ့လူတွေ ပါတယ်ဗျာ။ ပရဟိတ လုပ်နေတဲ့လူတွေ၊ လူမှုရေး တက်ကြွလှုပ်ရှားနေတဲ့သူတွေ ပါတယ်ပေါ့။”
“အခုက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပြီဆိုတော့ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံး လွှတ်ပေးဖို့ လိုတယ်လို့ မြင်တယ်ဗျ။”
အပစ်ရပ်ကာလမှာ မတရားဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လွတ်ရေး စစ်ကောင်စီနဲ့ အကောင်းဆုံးညှိနှိုင်းဆောင်ရွက်နေတယ်လို့အေအေဘက်ကတော့ ထုတ်ဖော်ပြောကြားထားပါတယ်။
စစ်ကောင်စီနဲ့ အေအေအကြား အပစ်ရပ်ထားပေမဲ့ ရခိုင် လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ ဖြစ်တဲ့ AA နဲ့ ALP/ALA တို့ အကြားမှာတော့ မပြေလည်မှုတွေ ဒီရက်ပိုင်းမှာပဲ ဖြစ်ပေါ်ခဲ့ပါတယ်။
စစ်တွေမြို့မှာ လွတ်လပ်ရေးနေ့က ရခိုင်ပြည်လွတ်မြောက်ရေးတပ် (Arakan Liberation Army) က စစ်ဦးစီးချုပ်နဲ့ အရာရှိတွေ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စမှာ ALA က AA (Arakan Army) ကို စွပ်စွဲခဲ့ပြီး AA ဘက်ကတော့ သူတို့ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ပြောထားပါတယ်။








