ဇူလိုင် ၂၇ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - မတ္တရာက တရုတ်ပိုင် Alpha ဘိလပ်မြေစက်ရုံကို စစ်တပ် ဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, MDY PDF
မန္တလေးတိုင်း၊ မတ္တရာမြို့ကနေအထွက် မိုင်ဆယ်ချီ အကွာအဝေးမှာရှိတဲ့ တရုတ်ပိုင် အယ်လ်ဖာ ဘိလပ်မြေစက်ရုံကို စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) လက်ထဲကနေ ပြန်ထိန်းချုပ်ဖို့ လေကြောင်းနဲ့ မြေပြင်ကပါ တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ သိရပါတယ်။
မနေ့ ဇူလိုင်လ ၂၆ ရက်မှာ အယ်လ်ဖာ ဘိလပ်မြေစက်ရုံကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် စက်ရုံဝင်းထဲက အဆောက်အဦတချို့ ပျက်စီးခဲ့တယ်လို့ မတ္တရာမြို့နယ် မိုးကြိုးစစ်ကြောင်းက စစ်ကြောင်းမှူးက ပြောပါတယ်။
အဲဒီ ဘိလပ်မြေစက်ရုံကို PDF ပူးပေါင်းအဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတုန်းက မန္တလေး PDF (Mdy PDF) နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းခဲ့တာဖြစ်ပြီး စက်ရုံမှာလုပ်ကိုင်တဲ့တရုတ်နိုင်ငံသားတွေ အပါအဝင် ဝန်ထမ်းတွေလည်း အဲဒီအချိန်ကတည်းက စက်ရုံကို စွန့်ခွာသွားတာဖြစ်ပါတယ်။
အခုတော့ ဒီစက်ရုံကို ဦးတည်တဲ့လမ်းပိုင်းမှာ စစ်တပ်က ထိုးစစ်ဆင်နေပြီး ဒီနေ့ မနက်ပိုင်းမှာ မတ္တရာမြို့ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ၂ ကြိမ်ပြုလုပ်ထားတယ်လို့ မိုးကြိုးစစ်ကြောင်းက စစ်ကြောင်းမှူးက ပြောပါတယ်။
စစ်လေယာဉ်နှစ်စီးနဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့တာကြောင့် အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူတွေကို ထိခိုက်တာတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စပြီး သိမ်းပိုက်ချိန်ကနေ အခုချိန်အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တာတွေကြောင့် စက်ရုံရဲ့ ၆၀ ရာခိုင်နှုန်းလောက် ပျက်စီးနေပြီလို့လည်း ပြောပြပါတယ်။
စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မတ္တရာ နဲ့ ပုသိမ်ကြီးမြို့နယ် အစပ်က အယ်လ်ဖာဘိလပ်မြေစက်ရုံ နေ့လယ် ၁၂ နာရီ ၁၉ မိနစ်ကစပြီး လေကြောင်းတိုက်ခိုက်ခဲ့တာကို ရေးသားကြပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ထားတဲ့ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက ကင်း၊ မြကန်သာ၊ မြောင်သစ်၊ သရက်ကိုင်း၊ ကျောက်တံတား စတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က ပြန်သိမ်းပိုက်နိုင်သလို အယ်လ်ဖာ ဘိလပ်မြေစက်ရုံကို ထိုးစစ်ဆင်တာ ၈၀ ရာခိုင်နှုန်း အောင်မြင်ပြီလို့လည်း ဆိုပါတယ်။
ဒီရွာတွေဟာ မန္တလေး - မြစ်ကြီးနား လမ်းမပေါ်နဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံရှိရာကို သွားတဲ့လမ်းခွဲပေါ်မှာရှိတဲ့ နေရာတွေဖြစ်ပါတယ်။
မိုးကြိုးစစ်ကြောင်းက စစ်ကြောင်းမှူးကတော့ "ကျန်တာတွေတော့ သူတို့ရသွားတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျောက်တံတားတော့ ကျန်သေးတယ်" လို့ ပြောပါတယ်။
ဒီနေ့မှာတော့ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်တာတွေ မရှိပေမဲ့ မတ္တရာမြို့ ဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက မတ္တရာမြို့နယ်ထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာ ရှိနေတယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ဆိပ်ကမ်းကို မဖွင့်ဖို့ ဝက်လက်ဒေသခံတွေ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က ရေလည်မော်ရွာမှာ စစ်တပ် အကြိမ်ကြိမ်ဗုံးကြဲတာခံထားရတဲ့ ကျေးရွာဆိပ်ကမ်းကို ပြန်ဖွင့်ဖို့ ကြိုးစားတဲ့ ဒေသန္တရအာဏာပိုင်တွေကို ဒေသခံတွေက ဇူလိုင် ၂၇ ရက် မနက်ကစပြီး ဆန္ဒပြနေတယ်လို့ ရွာခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရေလည်မော် ဆိပ်ကမ်းရှိတဲ့ နေရာကို ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်၊ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် တစ်ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဒီဆိပ်ကမ်းကို ဇူလိုင် ၁၁ ရက်ကတည်းက ပိတ်ထားတာဖြစ်ပြီး ဒီနေ့မှာ ရွှေဘိုခရိုင်တပ်ရင်း ၂ နဲ့ ရေလည်မော် ရပ်ကျေး ပ.က.ဖ တို့က ပြန်ဖွင့်ဖို့ စီစဉ်တာကြောင့် ဆန္ဒပြကြတာလို့ ပြောပါတယ်။
"ဒီဆိပ်ကမ်းပိတ်ထားတော့ ဒေသခံတွေလည်း ကုန်ပစ္စည်းသယ်ရတာတွေ ခက်ခဲတယ်။ ဒါပေမဲ့ လေယာဉ်နဲ့ ဗုံးကြဲမှာကို ပိုကြောက်တော့ ဆိပ်ကမ်းဖွင့်ရင် ဗုံးလာကြဲမှာဆိုပြီး ကန့်ကွက်ကြတာ။ ရွှေဘိုခရိုင် တပ်ရင်းတို့ ပကဖ တို့ကတော့ ဆန္ဒပြတာကို တစ်စုံတရာ မတုံ့ပြန်သေးပါဘူး'' "လို့ ရေလည်မော် ရွာခံက ဘီဘီစီကို ပြောပါတယ်။
ဒီဆိပ်ကမ်းဟာ မန္တလေး - မတ္တရာ လမ်းမှာ တိုက်ပွဲတွေကြောင့် ခရီးသွားလာ၊ ကုန်ပစ္စည်းပို့ဆောင်ရတာတွေ လုပ်လို့မရတဲ့အတွက် ဧရာဝတီမြစ်အတိုင်း ရေလမ်းခရီးသုံးပြီး သွားလာဖို့ အရေးပါတဲ့ဆိပ်ကမ်းလည်းဖြစ်နေပါတယ်။
ဒေသခံတွေဟာ လူစုလူဝေးလုပ်ပြီးတော့လည်း ဆန္ဒပြတာတွေ ရှိနေသလို ရေလည်မော်ရွာထဲကနေ ဆိပ်ကမ်းကို ဆင်းလာနိုင်တဲ့လမ်းတွေကို သစ်ပင်တွေလှဲပြီး ပိတ်ဆို့ထားတာတွေလည်း ရှိပါတယ်။
စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေး၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးတို့ ထိန်းချုပ်ထားတဲ့မြို့နယ်ဖြစ်ပါတယ်။
စစ်ကောင်စီ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေသူ ၈ သောင်းတိုးပေမဲ့ မနှစ်ကထက် ကျရှုံးသူများ

ဓာတ်ပုံ ရင်းမြစ်, PRT
စစ်ကောင်စီက မတ်လ ၂၈ ရက် ငလျင်ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲကို နောက်တစ်ကျော့ ကျင်းပခဲ့ပေမဲ့ အောင်မြင်သူ ရာခိုင်မှုန်းဟာ မနှစ်က အောင်ချက်ထက် ကျဆင်းခဲ့တာကို တွေ့ရပါတယ်။
အခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူဟာ မနှစ်ကထက် ပိုများပေမဲ့ အောင်ချက် ရာခိုင်နှုန်းကတော့ ၁၀ ရာခိုင်နှုန်း နီးပါး ကျဆင်းခဲ့တာကို စစ်ကောင်စီ ပညာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ မတ်လ ၂၈ ရက် ငလျင်ကြောင့် အဖြေလွှာတွေ မီးလောင်ခဲ့လို့ နောက်တစ်ကျော့ စာမေးပွဲ ကျင်းပခဲ့တာပါ။
ဒါပေမဲ့ အခုနှစ် စာမေးပွဲမှာ ပါဝင်ဖြေဆိုသူ ၈ သောင်းကျော်အထိ ရှိခဲ့ပေမဲ့ အောင်ချက်ရာခိုင်နှုန်းဟာ မနှစ်ကထက်စာရင် ၁၀ ရာခိုင်နှုန်း နီးပါး ကျဆင်းခဲ့တာကို ဒီနေ့ ထုတ်ပြန်တဲ့ စစ်ကောင်စီ အချက်အလက်တွေအရ သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ ဖြေဆိုသူ ၁ သိန်း ၂ သောင်း ၈ ထောင်ကျော် ရှိပြီး အောင်မြင်သူက ၇ သောင်း ၄ ထောင်ကျော်ရှိနဲ့ အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရှိပါတယ်။
၂၀၂၅ ခုနှစ်မှာတော့ ဖြေဆိုသူက နှစ်သိန်းကျော်ရှိပေမဲ့ အောင်မြင်သူက ၉ သောင်း ၉ ထောင်ကျော်ရှိကာ အောင်ချက်ရာခိုင်နှုန်းက ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ် မီးလောင်မှုဖြစ်ခဲ့ပြီး စစ်ကိုင်း၊ မန္တလေး၊ ကချင် စတဲ့ တိုင်းနဲ့ပြည်နယ်က ကျောင်းသား ၆ သောင်း ၂ ထောင်ကျော်ရဲ့ အဖြေလွှာတွေလည်း မီးထဲပါသွားခဲ့ပါတယ်။
အဖြေလွှာမီးလောင်တဲ့အထဲ ပါသွားတဲ့ ကျောင်းသားတွေက စာမေးပွဲပြန်ဖြေခဲ့ကြရတာပါ။
အခု အောင်စာရင်းကလည်း ၂၀၂၅ ခုနှစ် မတ်မှာ ကျင်းပခဲ့တဲ့ စာမေးပွဲဖြေဆိုသူနဲ့ ငလျင်အပြီး ဇွန် မှာ ပြန်ဖြေဆိုသူတွေရဲ့ အောင်စာရင်းတွေကို တစ်ပေါင်းတည်း ထုတ်ပြန်တာဖြစ်ပါတယ်။
သံလွင်မြစ်ရေကြီးလို့ ဘားအံမြို့ မြေနိမ့်ပိုင်းရပ်ကွက်က ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းရ

ဓာတ်ပုံ ရင်းမြစ်, C Phaung (Hpa-an)
ကရင်ပြည်နယ်မြို့တော်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၄ ပေကျော် အထိရောက်နေပြီး မြို့ထဲ ရေဝင်လာတာကြောင့် မြို့ မြေနိမ့်ပိုင်းရပ်ကွက်က ဒေသခံတွေ ရေဘေးလွတ်ရာ ပြောင်းနေကြရပြီလို့ ဒေသခံတွေက ပြောပါတယ်။
မြို့ထဲက တိုင်းရင်းဆေးရုံ၊ ရွှေကြက်ဖလမ်းဆုံ၊ ၁၀ အိမ်စု၊ ရွှေဖားစည်အိမ်ရာ၊ ရေပေါ်ဈေး စတဲ့ နေရာတွေမှာ ရေဝင်နေတယ်လို့လည်း ရေဘေးကူညီနေကြတဲ့ ဘားအံမြို့ခံတွေက ပြောပါတယ်။
ဘားအံမြို့ အင်းလေးလမ်းမှာဆိုရင် လှေနဲ့သွားရတဲ့အထိ လမ်းတွေမှာ ရေတွေပြည့်နေသလို ချစ်သူလမ်းကြား၊ ကြားအင်း- ဆေးရုံလမ်းတွေလည်း ရေကျော်နေတဲ့အတွက် ကားတွေ ဖြတ်သန်းလို့ မလွယ်တော့ဘူးလို့လည်း သိရပါတယ်။
"မိုးသည်းတာကလည်း ၂ ရက် ၃ ရက်ရှိနေပြီ။ ရေသိသိသာသာ ဝင်တာက ဒီနေ့မနက်မှာ သိသာတယ်။ နေအိမ်တွေ အကုန်မြုပ်တဲ့အထိတော့ မဖြစ်သေးပါဘူး"လို့ ဘားအံမြို့ခံတစ်ယောက်က ပြောပါတယ်။
ဘားအံမြို့ မြေနိမ့်ရပ်ကွက်တွေမှာ ရေဝင်လာတာကြောင့် ဇူလိုင် ၂၆ ရက်ကစပြီး လူမှုကူညီရေးအဖွဲ့တွေက မြေနိမ့်ပိုင်းရပ်ကွက်က ပြည်သူတွေကို ရေလွတ်တဲ့နေရာဆီ ကူညီရွှေ့ပြောင်းပေးကြပါတယ်။
ဘားအံမြို့ထဲက အထက်တန်းကျောင်း၊ မိုးလုံလေလုံ အားကစားရုံတွေမှာ ရေဘေးကူညီရေးစခန်းတွေ ဖွင့်လှစ်ပြီး နေရာချထားပေးကြတာကို လူမှုကူညီရေးအဖွဲ့တွေက ထုတ်ပြန်ထားကြပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲကို ရောက်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေခန့် ထပ်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်မှာ ဆက်ရှိနေမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တောင်းမြစ်ရေက မဒေါက်မြို့၊ ရွှေကျင်မြစ်ရေက ရွှေကျင်မြို့တွေမှာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်ရောက်ရှိနေကြပါတယ်။
ပဲခူးမြစ်ရေက ပဲခူးမြို့၊ စစ်တောင်းမြစ်ရေက တောင်ငူမြို့၊ သောင်ရင်းမြစ်ရေက မြဝတီမြို့၊ နန့်ယင်းချောင်းရေက မိုးညှင်းမြို့တွေမှာ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်မှာ ရောက်နေပြီး နောက်တစ်ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်လို့ မိုးဇလက ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။
စိုးရိမ်ရေမှတ် ရောက်ရှိနေတဲ့ မြို့တွေနဲ့ စိုးရိမ်ရေမှတ်နား ရောက်လာနိုင်တဲ့ မြို့တွေရဲ့ မြေနိမ့်ပိုင်းက ပြည်သူတွေအနေနဲ့ ရေလွတ်ရာကို ကြိုတင်ရှောင်ရှားဖို့ကိုလည်း သတိပေးထားကြပါတယ်။










