အယာတိုလာ ခါမေနီ သေဆုံးမှု - အမေရိကန်စစ်စခန်းတွေကို အီရန် တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးသွားပြီလို့ အမေရိကန်သမ္မတ ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာ စာမျက်နှာကနေ ကြေညာပါတယ်။
"သမိုင်းမှာ အဆိုးယုတ်ဆုံးသူတွေထဲက တစ်ဦးဖြစ်တဲ့ ခါမေနီ သေဆုံးသွားပြီ" လို့ အစချီပြီး သမ္မတထရမ့်က ရေးထားပါတယ်။
"ဒါဟာ အီရန်ပြည်သူတွေအတွက် တရားမျှတမှု ရရှိရုံတင်မက ခါမေနီနဲ့ သူ့ရဲ့ သွေးဆာနေတဲ့ လူမိုက်ဂိုဏ်းလက်ချက်နဲ့ အသတ်ခံရတာ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြတဲ့ ကြီးမြတ်တဲ့ အမေရိကန်အားလုံးအပါအဝင် ကမ္ဘာ့ နိုင်ငံအများအပြားက လူတွေအတွက်ပါ တရားမျှတမှု ရတာ ဖြစ်တယ်" လို့ သူက ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Truth Social
ဒါပေမဲ့ သမ္မတထရမ့်ဟာ ခါမေနီ သေဆုံးတဲ့ အထောက်အထားကိုတော့ မပြသပါဘူး။
အစောပိုင်းတုန်းကလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောရာမှာ အလီ ခါမေနီ သေဆုံးဖို့ ဖြစ်နိုင်ခြေ အတော်များနေပြီလို့ ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲတိုက်ခိုက်မှုအတွင်း အဓိကပစ်မှတ်တွေထဲ အလီ ခါမေနီရဲ့ နေအိမ်ခြံဝင်းလည်း ပါဝင်ခဲ့ပြီး ဂြိုဟ်တုဓာတ်ပုံတွေမှာတော့ အလီ ခါမေနီရဲ့ နေအိမ်ခြံဝင်း ပျက်စီး သွားတာ တွေ့ခဲ့ရပါတယ်။
အီရန်အစိုးရမီဒီယာတွေမှာ အစောပိုင်းက ဖော်ပြရာမှာတော့ အလီ ခါမေနီ သေဆုံးသွားပြီဆိုတဲ့ အစောပိုင်းကသတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။
သီးခြားဖြစ်စဥ်တစ်ခုမှာတော့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် အကြီးအကဲဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က သီးခြားထုတ်ပြန်ခဲ့ပါတယ်။
ခါမေနီ သေဆုံးပြီလို့ အီရန်နိုင်ငံပိုင်ရုပ်သံ အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Airbus DS 2026
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်သမ္မတ ထရမ့်က အလီ အခါမေနီ သေဆုံးပြီလို့ ထုတ်ပြောပြီး နာရီပိုင်းအကြာမှာပဲ ခါမေနီ သေဆုံးပြီဖြစ်တဲ့အကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံကနေ ကြေညာလာပါတယ်။
အလီ ခါမေနီ သေဆုံးမှုအတွက် ဝမ်းနည်းဖွယ် ရက်ပေါင်း ၄၀ သတ်မှတ်ပြီး အများပြည်သူ အားလပ်ရက် ၇ သတ်မှတ်တယ်လို့လည်း နိုင်ငံပိုင်ရုပ်သံ IRINN က ကြေညာပါတယ်။
အစောပိုင်းတုန်းကတော့ နိုင်ငံပိုင်ရုပ်သံက အစီအစဉ် တင်ဆက်သူဟာ အီရန်အမျိုးသားလုံခြုံရေးကောင်စီ (SNSC) ကနေ ကြေညာတဲ့ကြေညာချက်ကို ဖတ်ရင်း အမေရိကန်နဲ့ အစ္စရေးတို့ကြောင့် ခါမေနီ သေဆုံးတာလို့ ပြောသွားပါတယ်။
ခါမေရီရဲ့သူရဲကောင်းဖြစ်မှုဟာ ဖိနှိပ်သူတွေကို ဆန့်ကျင်တွန်းလှန်တိုက်ခိုက်မှုအတွက် နိဒါန်းဖြစ်တယ်လို့လည်း သတင်းကြေညာသူက ဖတ်သွားပါတယ်။
ခါမေနီနဲ့အတူ သူ့ရဲ့သမီး၊ သားမက်နဲ့ မြေးတို့လည်း တိုက်ခိုက်မှုမှာ ကွယ်လွန်ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ကြေညာပါတယ်။
အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်(IRGC)နဲ့ဆက်နွှယ်တဲ့ ဖားစ် သတင်းဌာန (Fars News Agency) ကြေညာချက်အရ ဒါမေနီရဲ့ ချွေးမလည်း သေဆုံးတယ်လို့ သိရပါတယ်။
နိုင်ငံပိုင်ရုပ်သံကနေကြေညာတဲ့ ခါမေနီသေဆုံးမှု အသေးစိတ်ကျတဲ့အချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာပါတယ်။
ခါမေနီသေဆုံးမှုအကြောင်း ထုတ်ပြန်တဲ့ အီရန်အမျိုးသားလုံခြုံရေးကောင်စီ (SNSC) ရဲ့ ကြေညာချက်မှာ ခါမေနီဟာ ''လုပ်ငန်းဆောင်တာတွေလုပ်နေတုန်း'' မှာပဲ သူ့ရုံးခန်းမှာ စနေနေ့ မနက်အစောပိုင်းတုန်းက သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေကို အခြေခံပြီး BBC Verify အဖွဲ့က လေ့လာကြည့်သလောက်ဆိုရင် တီဟီရန်မြို့က ခါမေနီရဲ့ရုံးခန်းရှိရာ ခေါင်းဆောင်ပိုင်းအိမ်ခြံဝင်းဟာ နေရာအချို့မှာ ပျက်စီးမှု ကြီးကြီးမားမားရှိခဲ့တယ်လို့ ပြသနေပါတယ်။
အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်နဲ့ ဆက်နွှယ်တဲ့ Tasnim သတင်းဌာနကတော့ ခါမေနီတစ်ယောက် ရုံးခန်းမှာ သေဆုံးခဲ့တာဟာ ခါမေနီ တစ်ယောက် ပုန်းအောင်းနေလိမ့်မယ်လို့ ဖော်ပြနေတဲ့ ''ရန်သူရဲ့ စိတ်ဓာတ်စစ်ဆင်ရေး''အတွက် သက်သေပြချက်တစ်ခုလို့ ပြောပါတယ်။
အထွတ်အထိပ်ခေါင်းဆောင်ခန့်ရေးကို သမ္မတနဲ့ နောက် ၂ ဦးကြီးကြပ်မယ်
အီရန်မှာ အထွတ်အထိပ်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးမှုဖြစ်အပြီးမှာ သူ့နေရာ အလွှဲအပြောင်းကို နိုင်ငံ့သမ္မတ၊ တရားရေးအကြီးအကဲနဲ့ ဂါးဒီးယန်း ကောင်စီ(Guardian Council) က ဂျူရီလူကြီးမင်း တစ်ဦးတို့က ကြီးကြပ်လုပ်ဆောင်မယ်လို့ဆိုပြီး အီရန်ဘက်က ကြေညာလာပါတယ်။
ဂါးဒီးယန်း ကောင်စီဆိုတာ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဥပဒေ ပညာရှင် ၁၂ ယောက် ပါတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီကောင်စီဟာ သမ္မတလောင်းရွေးချယ်ရေးလို ကိစ္စရပ်တွေကို ကိုင်တွယ်ပြီး အာဏာလည်းကြီးပါတယ်။
ခါမေနီ နေရာကို ဆက်ခံမယ့်သူ ခေါင်းဆောင်လောင်းကိုတော့ ဘာသာရေးခေါင်းဆောင် အယောက် ၉၀ နီးပါးနဲ့ ဖွဲ့စည်းထားတဲ့ Assembly of Leadership Experts အဖွဲ့က ရွေးချယ် ခန့်အပ်မှာဖြစ်ပါတယ်။ အီရန်ဖွဲ့စည်းပုံအရဆိုရင် ဒီလိုရွေးချယ်ခန့်အပ်တာကို တတ်နိုင်သမျှ မြန်မြန်ပြုလုပ်ရမှာဖြစ်ပါတယ်။
အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခါမေနီဟာ သူ့အရှေ့က ခေါင်းဆောင်ကြီး ရူဟိုလာ အယာတိုလာ ခိုမေနီ ကွယ်လွန်တဲ့နေ့တွင်းချင်းမှာပဲ ခန့်အပ်ခံရတာဖြစ်ပါတယ်။
ဘာသာရေးခေါင်းဆောင် ၈၈ ယောက်ပါဝင်တဲ့ Assembly of Leadership Experts ကို လူထုက ၈ နှစ်မှာ တစ်ကြိမ် မဲပေးရွေးရမယ်လို့ စာပေထက် ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ အစ္စလာမ္မစ်သမ္မတနိုင်ငံတော်ကို သစ္စာခံသူတွေပဲ ဒီအဖွဲ့မှာ ပါဝင်ဖို့ ခွင့်ပြုပါတယ်။ ဒါကြောင့်လည်း လက်ရှိဒီအဖွဲ့ဝင် ဘာသာရေးခေါင်းဆောင် အများစုဟာ အယာတိုလာ ခါမေနီလိုပဲ သဘာထားတင်းမာသူတွေဖြစ်ကြတယ်လို့ ဘီဘီစီ ပါရှန်းဘာသာ သတင်းထောက်က ရေးပါတယ်။
ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့တိုက်ခိုက်မှုရှိနေတာကြောင့် ဒီအဖွဲ့မှာပါဝင်တဲ့သူတွေ အားလုံးဟာ မျက်နှာစုံညီ မြန်မြန်စုဝေးဖို့ လုံခြုံရေးအရ ခက်ခဲနိုင်ခြေရှိပါတယ်။
ဒီအတောအတွင်းမှာ သမ္မတ၊ တရားရေးအကြီးအကဲနဲ့ ဂါးဒီယန်းကောင်စီအဖွဲ့ဝင် တစ်ဦးတို့ဟာ အယာတိုလာ ခါမေနီရဲ့တာဝန်တွေကို လွှဲပြောင်းယူထားမယ်လို့ နားလည်နိုင်ပါတယ်။
မြို့တော် တီဟီရန်မှာတော့ ဒေသစံတောချိန်အရ အမေရိကန်နဲ့ အစ္စရေး တိုက်ခိုက်မှု ၂၄ နာရီအလွန် နေ့သစ်တစ်ရက် ဖြစ်တဲ့ မတ်လ ၁ ရက် နေပွင့်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နာရီပိုင်း တောက်လျှောက်မှာ မြို့တလွှား ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။

အရှေ့အလယ်ပိုင်းက အမေရိကန်စခန်းတွေကို အီရန်တိုက်လေယာဉ်တွေ ဗုံးကြဲ
အီရတ်နိုင်ငံ၊ ကာ့ဒ်ဒစ္စတန်ဒေသနဲ့ ပင်လယ်ကွေ့နိုင်ငံတွေက အမေရိကန်ရဲ့ စစ်ခြေစိုက်စခန်းတွေကို အီရန်လေတပ် တိုက်လေယာဉ်မှူးတွေက အောင်အောင်မြင်မြင်ဗုံးကြဲဲခဲ့တယ်လို့ဆိုပြီး အီရန်နိုင်ငံပိုင် IRNA သတင်းဌာနက သတင်းဖော်ပြပါတယ်။
လေယာဉ်မှူးတွေဟာ အီရန်လေတပ် တိုက်လေယာဉ်တွေ ပျံသန်း တိုက်ခိုက်နိုင်တဲ့အကွာအဝေးအတွင်းရှိတဲ့ ဒေသတွင်းက ''ရန်သူ့ စစ်တပ်စင်တာတွေ'' အားလုံးကို အဆင့်ဆင့် တိုက်ခိုက်ခဲ့တယ်လို့လည်း အဲဒီသတင်းမှာ ကြေညာပါတယ်။
ဘယ်နေရာတွေကို တိုက်ခိုက်ခဲ့လဲဆိုတာကိုတော့ သတင်းမှာ မပြောပါဘူး။ ဒါပေမဲ့ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက် အူရှာကတော့ ပင်လယ်ကွေ့မှာ အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်နေချိန်မှာပဲ ဒိုဟာမြို့ထဲ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
ကာတာပြည်ထဲရေးဝန်ကြီးဌာနကတော့ ကြားဖြတ်ပစ်ချလိုက်တဲ့ ဒုံးကျည်တစ်စင်းကနေ ထွက်တဲ့အပျက်အစီးတွေကြောင့် နိုင်ငံ့စက်မှုဇုန်ထဲ လောင်တဲ့မီးကို ငြှိမ်းသတ်နိုင်ဖို့ လုပ်နေပြီလို့ ပြောပါတယ်။
ဒီနေ့ မတ်လ ၁ ရက် မနက်ပိုင်းမှာ ဒူဘိုင်းနဲ့ မာနာမာတို့မှာ ပေါက်ကွဲသံတွေကြားရပြီး အိုမန်နိုင်ငံပိုင် ရုပ်သံကလည်း နိုင်ငံ့ကုန်တင်ဆိပ်ကမ်းကို ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ သတင်းဖော်ပြပါတယ်။ အိုမန်ဟာ အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးပွဲတွေမှာ အဓိက ညှိနှိုင်းသူအဖြစ်ပါဝင်နေတာ နှစ်နဲ့ချီကြာနေပြီဖြစ်ပါတယ်။
ကာတာနဲ့ တခြားအာရပ်အစိုးရတွေကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို ရှုတ်ချထားပြီး ပြန်လည်တုံ့ပြန်ခွင့်ရှိတယ်လို့ ပြောနေပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေဟာ အီရန်နဲ့ဖြစ်တဲ့တင်းမာမှုတွေကို လျှော့ချနိုင်ရေး ပြီးခဲ့တဲ့နှစ်တွေအတွင်း ကြိုးပမ်းနေပြီး ဒီအကျပ်အတည်းကို သံခင်းတမန်ခင်းနည်းနဲ့ဖြေရှင်းဖို့လုပ်နေသလို အမေရိကန်ကိုလည်း သူတို့နိုင်ငံတွေထဲမှာ ဖြန့်ကြက်ထားတဲ့အခြေစိုက်စခန်းတွေကိုသုံးပြီး အီရန်ကို လေကြောင်းတိုက်တာမျိုးကို ငြင်းဆိုထားပါတယ်။
ဒါပေမဲ့လည်း အခုတော့ သူတို့ပိုင်နက်ထဲကို တိုက်ရိုက်လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ ကာကွယ်ဖို့ရာ မလုပ်နိုင်သေးပါဘူး။ အခုတော့ အီရန်နိုင်ငံ့အထွတ်အထိပ်ခေါင်းဆောင်လည်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့တိုက်ခိုက်မှုမှာ သေဆုံးခဲ့ပြီဖြစ်လို့ အီရန်ရဲ့အနာဂတ်သာမက ဒေသတွင်း တစ်ခုလုံးရဲ့အနာဂတ်လည်းမရေရာဖြစ်နေပါတယ်။
ဒီအတောအတွင်း မြို့တော် တီဟီရန်မှာတော့ ပေါက်ကွဲသံတွေနဲ့ မီးလုံးတွေ ကောင်းကင်ပေါ်ကို ထိုးတက်လာတာကို မြင်တွေ့ရပါတယ်။
ကရာချိက အမေရိကန်ကောင်စစ်ဝန်ရုံးအနီး ဆန္ဒပြမှု ၉ ဦးထက်မနည်းသေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးမှာ အီရန်လိုလားသူတွေရဲ့ ဆန္ဒပြပွဲအတွင်း လူ ၉ ဦးထက်မနည်းသေဆုံးတယ်လို့ ကရာချိမြို့အရပ်ဘက်ဆေးရုံက ဆရာဝန်က ဘီဘီစီသတင်းဌာနကို အတည်ပြုပါတယ်။
ကရာချိမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးအနီးမှာဖြစ်ပွားတဲ့ ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့မှုအတွင်း ရုပ်အလောင်း ၉ လောင်းနဲ့ ဒဏ်ရာရသူ ၃၀ ကျော် ဆေးရုံကို ရောက်လာတယ်လို့လည်း ဆေးရုံက အကြီးတန်း ဆရာဝန်တစ်ဦးက ပြောပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှုဖြစ်အပြီးမှာ အီရန်ကို ထောက်ခံသူတွေက လာဟိုး၊ ကရာချိနဲ့ အစ္စလာမာဘတ်မြို့တွေမှာ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ကောင်စစ်ဝန်ရုံးထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းသူတွေကို ရဲက ဟန့်တားရာကနေ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့တာဖြစ်ပြီး ရဲဘက်ကတော့ တရားဝင် ကြေညာချက် ထုတ်တာ မရှိသေးပါဘူး။
ပါကစ္စတန် အုပ်ချုပ်တဲ့ Gilgit-Baltistan က ဂေးလ်ဂျစ်မြို့မှာ ကုလသမဂ္ဂရုံးတစ်ရုံး မီးရှို့ခံရတယ်လို့လည်း ကုလအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဆန္ဒပြသူတွေ လမ်းပေါ် တက်လာလို့ အဲဒီအရပ်မှာ ညမထွက်ရ အမိန့် ထုတ်ထားလိုက်ပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အစ္စလာမာဘတ်အပါအဝင် မြို့ကြီးတွေမှာ လူစုဝေးဆန္ဒပြကြဖို့ ရှီအာ အဖွဲ့အစည်းတွေက ကြေညာထားပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေး ပူးပေါင်း စစ်ဆင်မှု နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ ဖြည့်စွက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။









