ဇန်နဝါရီ ၄ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ်-ရွေးကောက်ပွဲကထွက်ပေါ်လာမယ့် အစိုးရကို အာဏာလွှဲပေးမယ်လို့ စစ်ခေါင်းဆောင်ကတိပြု

ဓာတ်ပုံ ရင်းမြစ်, cincds
ရွေးကောက်ပွဲကနေထွက်ပေါ်လာမယ့်အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ် လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ကတိပြုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ ရွေးကောက်ပွဲကထွက်ပေါ်လာမယ့် အစိုးရကို အာဏာလွှဲပေးမယ်လို့ ပါဝင်ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ထပ်လောင်း ကတိပြုတာဖြစ်ပါတယ်။
အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြဖို့ သူက တိုက်တွန်းပါတယ်။
၂၀၂၄ သန်းခေါင်းစာရင်းကရရှိတဲ့ အတည်ပြုလူဦးရေစာရင်းကို မဲစာရင်းပြုစုနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပေးပို့သွားဖို့ ဆောင်ရွက်နေတယ် လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကမ်းလှမ်းဖိတ်ခေါ်နေတယ် လို့ ထပ်ပြောပါတယ်။
''လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူး'' လို့လည်း သူက ပြောပါတယ်။
ပုဒ်မ ၅၀၅ ဖမ်းထားသူ ၆၀၀ ခန့် လွတ်ငြိမ်းမှာပါတယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, EPA
စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဉ်းသား၊အကျဉ်းသူ ၅၈၆၄ ဦးမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးထောင်ချခံရသူ နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ပါတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒါက ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ ပြစ်ဒဏ်လွတ်ငြိမ်းပေးတဲ့သူရဲ့ ၁၀ရာခိုင်နှုန်းဝန်းကျင်သာရှိတာပါ။ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင်လည်း လွတ်ငြိမ်းထဲမှာပါဝင်လာတယ် လို့ သူက ပြောပါတယ်။
ဒီနေ့ လွတ်ငြိမ်းထဲမှာ ဖမ်းဆီးခံ နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တွေမပါပါဘူး။
ပြစ်ဒဏ် ၆ ပုံ ၁ ပုံ သက်သာခွင့်ထဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ စွဲဆိုခံရတဲ့ ဥပဒေပုဒ်မတွေကို ချန်လှပ်ထားပါတယ်။
ပေါက်ကွဲစေတတ်သော ပစ္စည်းအက်ဥပဒေ၊မတရားအသင်းအက်ဥပဒေ၊ လက်နက်ဥပဒေတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ၊အကြမ်းဖက်ဥပဒေ နဲ့ အဂတိဥပဒေပုဒ်မတို့လို ပြစ်ဒဏ်တွေကို လွတ်ငြိမ်းသက်သာခွင့်မပေးတာ ဖြစ်ပါတယ်။
"ဖေဖေမပါပါဘူး။ တစ်လတစ်ခါထောင်ဝင်စာတွေ့ဖြစ်ပေမဲ့ ဒီနေ့တော့မသွားဖြစ်ဘူး"လို့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNMက ကနဦးထုတ်ပြန်လာတဲ့ စာရင်းမှာတော့ လွတ်ငြိမ်းခွင့်ရစာရင်းမှာ ထောင် ၅ ခုက နိုင်ငံရေးအကျဉ်းသား ၈၉ ဦးသာ ရှိပါသေးတယ်။
ရခိုင်မှာ မိုင်းနင်းသေဆုံးတဲ့ တပ်မမှူး ကို သူရဲကောင်းမှတ်တမ်းသွင်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာရက္ခတပ်တော် (အေအေ) က ရခိုင်ပြည်နယ်၊မောင်တောမြို့အခြေစိုက် အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (နခခ ၅ )ကို ထိုးစစ်ဆင်တဲ့ တိုက်ပွဲကာလအတွင်း မိုင်းနင်းသေဆုံးခဲ့သူ ဗိုလ်မှူးကြီးအောင်နေမျိုးကို စစ်ကောင်စီက ဗိုလ်ချုပ်အဆင့်တိုးမြှင့်ပြီး သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ပေးအပ်ခဲ့ပါတယ်။
နှစ်စဉ် လွတ်လပ်ရေးနေ့မှာ ပေးအပ်လေ့ရှိတဲ့ ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ် စာရင်းမှာ ထည့်သွင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးတဲ့ တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို ရွှေထည်၊ငွေသားသိန်း ၈၀၀ ဝန်းကျင် နဲ့ အတူ မောင်တောမြို့နယ်၊ရွှေဇားကပ္ပကောင်းချောင်းနားက ပုစွန်ကန်တဲမှာ အသေဖမ်းဆီးရမိတယ် လို့ ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်မှာ အေအေကထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်ဘက်ကသတင်းအရင်းအမြစ်တစ်ဦးကတော့ တပ်မ(၂၂) တပ်မမှူးဟာ အေအေလက်ထဲမှာ ကျဆုံးခဲ့တာမဟုတ်ဘူး လို့ ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အေအေရဲ့ထိုးစစ်ဆင်မှုအတွင်း သေဆုံးခဲ့တဲ့ နောက်ထပ် စစ်ဘက်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးထွန်းထွန်းဝင်းကိုလည်း ဗိုလ်မှူးချုပ်အဖြစ်ရာထူး တစ်ဆင့် ထပ်တိုးပေးခဲ့ပါတယ်။
ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက အမ်းမြို့နယ်၊အမှတ် ၂ တပ်ဆေးရုံက ဆေးတပ်မှူးဖြစ်ပြီး တိုက်ပွဲအတွင်း ဒရုန်းနဲ့ ဗုံးကြဲခံခဲ့ရပြီး သေဆုံးခဲ့တာဖြစ်တယ် လို့ နပခ နဲ့ နီးစပ်တဲ့ စစ်ဘက်ရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက တိုင်းမှူးတွေအပါအဝင် ဗိုလ်ချုပ် ၁၇ ဦးကိုလည်း ဇေယျကျော်ထင်ဘွဲ့ ပေးအပ်ခဲ့ပါတယ်။
သရုပ်ဆောင်သင်ဇာဝင့်ကျော် ပြန်လွတ်ပြီ

ဓာတ်ပုံ ရင်းမြစ်, Han Myat Thaw
ဖမ်းဆီးထိန်းသိမ်းခံထားရတာ ၂ နှစ်ခွဲကျော်ရှိလာပြီဖြစ်တဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ဒီကနေ့ လွတ်လပ်ရေးနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဘီဘီစီသတင်းအရင်းအမြစ်ကပြောပါတယ်။
၂၀၂၂ သြဂုတ်လတုန်းက သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ကိုကာယိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေး ငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ရန်ကုန်အင်းစိန်ထောင်တွင်းတရားရုံး၊ မရမ်းကုန်းမြို့နယ်တရားခွင်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ထောင်ဒဏ် ၂ နှစ်ခွဲ လျော့ပေါ့ပြီး ပြန်လည်လွတ်မြောက်လာတယ်လို့နားလည်ရပါတယ်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ အတူတစ်ရက်တည်း ဖမ်းဆီးခံလိုက်ရတဲ့ မော်ဒယ်နန်းမွေစံကတော့ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်အတွင်းမှာဖမ်းဆီးခံလိုက်ရပြီးစစ်ခုံရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်ထားတာပါ။
ဒါပေမဲ့ ဒီကနေ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်မှာ နန်းမွေစံပါဝင်လာတာတွေ့ မတွေ့ရပါဘူး။
ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင် ပြန်လွတ်လာ

ဓာတ်ပုံ ရင်းမြစ်, BNI
စစ်တပ်က အာဏာစသိမ်းကတည်းက ဖမ်းဆီးခံထားရတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ခက်အောင်ကို ဇန်နဝါရီ ၄ ရက်၊လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။
NLD အစိုးရလက်ထက် ဝန်ကြီးချုပ်ဟောင်းဟာ ထောင်ဒဏ် ၁၂ နှစ်ချခံထားရတာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ပုဒ်မ ၊ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေပုဒ်မ တွေနဲ့ ၂၀၂၂ ခုနှစ်က ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရတာပါ။
ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကို ဗန်းမော် - မြစ်ကြီးနား လမ်းပြုလုပ်ချိန် နိုင်ငံတော်ရဲ့ ငွေကြေး ပစ္စည်းနစ်နာဆုံးရှုံးမှု၊ ၂၀၂၀ က ဖမ်းမိတဲ့ သလင်းကျောက်တွေကို လေလံရောင်းချိန်က ပေါက်စျေးထက် လျှော့ပြီးရောင်းချမှုတွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်ခဲ့ပါတယ်။
ဒါအပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် ဧည့်ဂေဟာ ဆောက်လုပ်ရာမှာ စည်း မျဉ်းစည်းကမ်းနဲ့မကိုက်ညီဘဲ ငွေသုံးစွဲမှုနဲ့ မြစ်ကြီးနားမြို့ပေါ်က လမ်းတွေလုပ်ရာမှာ တင်ဒါခေါ်ယူတာ မရှိဘဲ လုပ်ကိုင်ခဲ့တာ စတာတွေ နဲ့စွပ်စွဲပြီး အမှုဖွင့်ခဲ့တာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားကို တွေ့ရပါတယ်။
ဒေါက်တာခက်အောင်ဟာ အဂတိကျူးလွန်တာတွေမရှိဘူးလို့ ၂၀၂၁ ခုနှစ်က တရားစွဲခံရချိန်မှာ မိသားစုဘက်က တုံ့ပြန်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာ ဝန်ကြီးချုပ်အပါအဝင် ကချင်ပြည်နယ်ဝန်ကြီး ၅ ဦးကိုလည်း ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။
ဒီထဲက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ ကချင်ပြည်နယ် စည်ပင်ဝန်ကြီးဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်နဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် တို့ကတော့ လွတ်ရက်စေ့လို့ ၂၀၂၄ ခုနှစ်အတွင်း ပြန်လည်လွတ်မြောက်လာခဲ့ပြီးဖြစ်ပါတယ်။
အကျဉ်းသား၊အကျဉ်းသူ ၆ထောင်ကျော် လွတ်ငြိမ်းခွင့်ပြု

တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်၊အချုပ်ထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရသူ ၅၈၆၄ ဦးကို ဇန်နဝါရီ ၄ ရက်၊ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။
နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်းသူ ၁၈၀ကိုလည်းလွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ဒီလွတ်ငြိမ်းတွေဟာ စည်းကမ်းသတ်မှတ်ချက်နဲ့ဖြစ်ပြီး နောက်တခါပြစ်မှုကျူးလွန်ရင် လက်ကျန်နှစ်တွေနဲ့ ထပ်ပေါင်းပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။
ထောင်ဒဏ်တစ်သက်ကျခံနေရတဲ့ အကျဉ်းသား၊အကျဉ်းသူ ၁၄၄ ဦးကိုတော့ ထောင်ဒဏ်တစ်သက်ကနေ ၁၅နှစ် ကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပါတယ်။
တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ တည်ဆဲဥပဒေတစ်ခုခုကျူးလွန်လို့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊အကျဉ်းသူ အားလုံးကိုတော့ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူတွေ ပြစ်ဒဏ်ချခံရတာများတဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းအက်ဥပဒေ၊မတရားအသင်းအက်ဥပဒေ၊ လက်နက်ဥပဒေတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ၊အကြမ်းဖက်ဥပဒေ နဲ့ အဂတိဥပဒေပုဒ်မတို့လို ပြစ်ဒဏ်တွေကိုတော့ လူသတ်မှု၊မုဒိန်းမှု၊ မူးယစ်ဆေးဝါးအမှုတို့ နဲ့ တစ်တန်းတည်းထားပြီး ပြစ်ဒဏ် ၆ ပုံ ၁ ပုံ သက်သာခွင့်မပေးထားပါဘူး။

တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းမှုတိုးမြှင့်မယ် လို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, NUG
တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်တာကို တိုးမြှင့်ပြီး တစ်နိုင်ငံလုံးအပြည့်အဝလွတ်မြောက်ရေးဆီကို ဆက်လက်လျှောက်လှမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ထည့်ပြောထားတာ ဖြစ်ပါတယ်။
NUGရဲ့ ထုတ်ပြန်ချက်မှာ တချို့ဒေသတွေဟာ စစ်တပ်ကင်းစင်ပြီး လွတ်လပ်ခြင်းအနှစ်သာရကိုအပြည့်အဝခံစား စားနေရပြီလို့ဆိုထားပါတယ်။
လက်ရှိအချိန်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
NUGရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ တရားမျှတ၊ လွတ်လပ်တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ အမြန်ဆုံးထူထောင်နိုင်စေဖို့ ဆုတောင်းထားတာတွေ့ရပါတယ်။
၂၀၂၅ နှစ်သစ်ကူးကာလတုန်းကလည်း NUG ထိန်းချုပ်နယ်မြေအတွင်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ အကျဥ်းသား၊အကျဉ်းသူ ၁၆၉ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG











