နိုဝင်ဘာ ၉ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ဗိုလ်ချုပ်ကြီးဟောင်း ဦးမြထွန်းဦး တပ်နယ် ပြင်ဦးလွင်မှာ မဲဆွယ်
ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီ (USDP) ကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးမြထွန်းဦးဟာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ကျေးရွာတွေမှာ နိုဝင်ဘာ ပထမအပတ်ထဲမှာပဲ မြေပြင်မဲဆွယ်စည်းရုံးရေးတွေ စလုပ်နေပြီလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဦးမြထွန်းဦးဟာ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စုထဲက ကျေးရွာတွေမှာ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် မဲဆွယ်နေတာလို့လည်း ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီကလည်း အောင်ချမ်းသာကျေးရွာအုပ်စုနဲ့ ကျောက်ဖျာဒိုးကျေးရွာထဲက လူထုနဲ့ ဦးမြထွန်းဦးတို့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေကို နိုဝင်ဘာ ၈ ရက် ညပိုင်းမှာ သူတို့ရဲ့လူမှုကွန်ရက်မှာ တင်ပါတယ်။
နိုဝင်ဘာ ၇ ရက်ကစပြီး "ဝါးဘိုးရေရွာ၊ ကျောက်ဖျာဒိုး၊ အောင်ချမ်းသာရွာတွေက ဒေသခံတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်နေတာ"လို့ မြေပြင်အခြေအနေတွေကိုသိတဲ့ ဒေသခံ ကိုဆာအိုပိုလိုက ပြောပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်းမြထွန်းဦးက လူထုနဲ့တွေ့ဆုံချိန်မှာ တပ်ထဲက အတွေ့အကြုံတွေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့အကြောင်းတချို့ကိုလည်း ရှင်းပြခဲ့တယ်လို့ သူကဆိုပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း မြထွန်းဦး မဲဆွယ်စည်းရုံးခဲ့တဲ့ရွာတွေဟာ စစ်တပ်ရဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး) တပ်ဖွဲ့ဝင်တွေ အားကောင်းတဲ့ရွာတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
မဲဆွယ်စည်းရုံးချိန်မှာလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ၊ ရဲနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက လိုက်ပါစောင့်ကြပ်ပြီး လုံခြုံရေးယူပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်းမြထွန်းဦးဟာ စစ်ကော်မရှင်ရဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး အဖြစ်တာဝန်ယူနေပြီး ပြီးခဲ့တဲ့ဩဂုတ်လကမှ တပ်ကနေ အနားပေးခံလိုက်ရတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း USDP ပါတီရဲ့ စစ်ကိုင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံကလည်း စစ်ကိုင်းမြို့မှာ အောက်တိုဘာလကုန်ပိုင်းကစလို့ မြေပြင်မဲဆွယ်စည်းရုံးရေးဆင်းနေတာကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
ညောင်လေးပင်မှာ ကြံ့ခိုင်ရေးပါတီဝင် ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ အမျိုးသား ပစ်သတ်ခံရပြီး သေဆုံး
ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲက စည်ပင်ကျေးရွာရဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး)ခေါင်ဆောင်တစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးလည်းဖြစ်တဲ့ ကိုမင်းမင်းဟာ မနေ့ နိုဝင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးနဲ့ ဒေသခံတချို့က ပြောပါတယ်။
ဒီပစ်ခတ်မှုကို သူတို့ လုပ်ခဲ့တာလို့ဆိုပြီး ပဲခူးတိုင်းအခြေစိုက် ပြောက်ကျားအဖွဲ့ (9 Stars Underground Force)က ပြောပါတယ်။
ကိုမင်းမင်းမင်းကို ဒိုက်ဦးမြို့ ဒရယ်မီးလမ်းဆုံ မီးပွိုင့်အနီးမှာ ပစ်ခတ်ခဲ့တာလို့ လည်း အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ ကိုမင်းမင်းဟာ စစ်မှုထမ်း အပတ်စဥ် ၂ မှာ ပါဝင်ခဲ့တဲ့သူဖြစ်ပြီး စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်၊ တပ်ရင်း ၂၀၄ မှာ စစ်သင်တန်းတက်ရောက်ခဲ့တဲ့သူဖြစ်တယ်လို့ ညောင်လေးပင်ကို အခြေပြုလှုပ်ရှားတဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
ကိုမင်းမင်းပစ်ခတ်ခံရပြီးနောက် စစ်တပ်က ဒိုက်ဦးမြို့ကို ပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့ပြီး ဒိုက်ဦးမြို့ရဲ့ အရှေ့ဘက်ခြမ်းရွာတွေတွေအထိပါ လိုက်လံစစ်ဆေးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
တောင်ကြီး မီးပုံးပျံပွဲကနေ ပြန်တဲ့ကား ကလောမြို့နယ်ထဲ တိမ်းမှောက်လို့ ၃ ဦးသေဆုံး
ဓာတ်ပုံ ရင်းမြစ်, MFSD
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပြုလုပ်ခဲ့တဲ့ တန်ဆောင်တိုင် မီးပုံပျံပွဲကို လည်ပတ်သူတွေနဲ့ မန္တလေးမှာ အလုပ်ပြန်လုပ်ဖို့ လိုက်ပါလာသူတွေ စီးနင်း လိုက်ပါလာတဲ့ ကားသေးတစ်စီးဟာ ကလောမြို့နယ်ထဲမှာ ချောက်ထဲထိုးကျလို့ ခရီးသည် ၃ ဦးသေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ အဖွဲ့ တစ်ခုက ပြောပါတယ်။
ခရီးသည် ၁၇ ဦး လိုက်ပါလာတဲ့အဲဒီကားဟာ ဒီနေ့ နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းတုန်းက အပြန်လမ်းမှာ ဘရိတ်ပေါက်ပြီး ချောက်ထဲတိမ်းမှောက်ခဲ့တာကြောင့် "၃ ဦးက နေရာမှာတင်ဆုံးသွားတာ"လို့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
နောက်ထပ် ဒဏ်ရာရတဲ့ ခရီးသည် ၁၄ ဦးကိုတော့ လူမှုကူညီရေးအဖွဲ့တွေက ကလောမြို့ ပြည်သူ့ဆေးရံကို ပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။
ဆေးရုံတင်ထားရတဲ့ ဒဏ်ရာရသူတွေထဲက ၃ ဦးထဲဟာ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ ၃ ဦးထဲမှာ အသက် ၅ နှစ်ဝန်းကျင် ကလေးငယ် ၁ ဦးပါဝင်ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အဲဒီ ခရီးသည်တွေဟာ တောင်ကြီးမီးပုံပျံပွဲတော်ကို လည်ပတ်ခဲ့ကြတာဖြစ်ပြီး မန္တလေးဆီ အပြန်လမ်းမှာ အခုလို မတော်တဆမှုနဲ့ ကြုံခဲ့ရတာလို့ သိရပါတယ်။
အဲဒီကားဟာ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာကြား မိုင်တိုင် ၅၆၊ မဂွေလျှပ်စစ်ရုံးအနီးမှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲကို ပြုတ်ကျခဲ့တာလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ယာဥ်ဟာ JINBEI အမျိုးအစားယာဉ်ဖြစ်ပြီး တောင်ကြီးကနေ မန္တလေး၊ မိတ္ထီလာကို ပြန်တဲ့လမ်းမှာ ဘရိတ်ပေါက်တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
ဖားကန့်နဲ့ ဗန်းမော်မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေဆက်ရှိနေ
ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်းနဲ့ နမ့်ယားကျေးရွာတွေဘက်မှာ မနေ့ နိုဝင်ဘာ ၈ ရက်ညပိုင်းကစပြီး ဒီနေ့အထိ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)တို့ကြား တိုက်ပွဲတွေဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
"လုံးခင်းကျေးရွာနဲ့ လုံးခင်း-ကာမိုင်းလမ်းပေါ် နမ့်ယားဘက်မှာ တိုက်နေကြတာ" လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ "စစ်တပ်စစ်ကြောင်းတွေ ဖားကန့်နယ်ထဲဝင်လာလို့ တိုက်ပွဲဖြစ်တယ်။ ကာမိုင်းဘက်ကနေ စစ်ကြောင်း ဝင်လာတာလည်းရှိတယ်" လို့ သူကဖြေဆိုပါတယ်။
နမ့်ယားကျေးရွာဟာ လုံးခင်းကျေးရွာနဲ့ ကာမိုင်းမြို့ကြားမှာ ရှိတဲ့ရွာဖြစ်ပါတယ်။
ဒါ့အပြင် ဗိုလ်မှူးကြီးနော်ဘူက စစ်တပ်က အင်အား ၃၀၀ ဝန်းကျင်နဲ့ ဖားကန့်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတယ်လို့ ဘီဘီစီကို ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် အရပ်သား လူထုရှိတဲ့ ရွာတွေထဲ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲတာတွေရှိတယ်လို့ သူက ဆိုပါတယ်။
KIA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲဖြစ်တာ ၁၁ လကျော်ကြာပြီဖြစ်တဲ့ ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။
"တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေပါတယ်" လို့ သူက ပြောပါတယ်။
KIA လှုပ်ရှားမှုတွေကို သတင်းဖော်ပြတဲ့ လိုင်ဇာရုပ်သံဌာနကတော့ ဗန်းမော်မြို့ထဲက ဗန်းမော်တက္ကသိုလ်၊ နန့်ဖားရပ်ကွက်တွေဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောတဲ့အကြောင်း မနေ့က သတင်းဖော်ပြပါတယ်။
ဒါအပြင် စစ်တပ်က ဗန်းမော်ကို အင်အားတိုး ဖြန့်ကြက်ချနေတယ်လို့လည်း သတင်းက ဆိုပါတယ်။
စစ်ကော်မရှင်ကတော့ ဗန်းမော်နဲ့ ဖားကန့်စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
KIA ထိန်းချုပ် မိုင်ဂျာယန်မှာ တရုတ်ပိုက်ဆံတု သိန်းနဲ့ချီ ဖမ်းမိ
ဓာတ်ပုံ ရင်းမြစ်, T Awng T Awng
တရုတ်-မြန်မာနယ်စပ်က ကချင်လွတ်လပ်ရေးတပ်(KIA) ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့ထဲမှာ တရုတ်ယွမ်ငွေ ငွေသားအတု ၅ သိန်းထက်မနည်း(ကျပ်ငွေ ပြင်ပပေါက်ဈေး သိန်း ၂,၇၀၀ ကျော်) ယူဆောင်လာတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူတချို့ကို ဖမ်းမိထားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ငွေတုသယ်ယူမှုသံသယနဲ့ဖမ်းဆီးခံထားရသူတွေဟာ မန္တလေးမြို့ဘက်ကနေ တက်လာတာဖြစ်ပြီး နိုဝင်ဘာလဆန်းပိုင်းမှာ ဖမ်းမိခဲ့တာလို့ သူက ပြောပါတယ်။
လူဘယ်နှစ်ဦးဆိုတာကို သူက မပြောပေမဲ့ မိုင်ဂျာယန်မှာ တရုတ်ယွမ်ငွေအတုတွေ ပျံ့နှံ့နေတယ်လို့ ဆိုပြီး ငွေလဲလုပ်ကိုင်နေသူတွေနဲ့ စကားပြန်လုပ်သူတွေက KIA ဒေသန္တအာဏာပိုင်တွေကို သတင်းပို့ခဲ့အပြီးမှာ အခုဖမ်းဆီးမှု ထွက်လာတာလို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ "ဒေသတွင်းအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့တွေ၊ ရဲနဲ့ ထောက်လှမ်းရေးတွေပေါင်းပြီး ငွေအတုကွင်းဆက်ကို လိုက်နေကြတယ်" လို့ ဒီအခြေအနေတွေကို သိတဲ့သတင်းရင်းမြစ်က အတည်ပြုပြောပါတယ်။
မိုင်ဂျာယန်အပြင် KIA ထိန်းချုပ်နယ်မြေတွေထဲက ကျပ်ငွေနဲ့ ယွမ်ငွေ ငွေလွှဲလုပ်ကိုင်သူတချို့ကလည်း ပြီးခဲ့တဲ့လတွေအတွင်း ငွေအတုပျံ့နှံ့နေတာတွေနဲ့ပတ်သက်ပြီး သတင်းပေးတိုင်ကြားခဲ့တာတွေ ရှိတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ "ယွမ်ငွေအတုကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုနိုင်တာမရှိသေးပါဘူး။ မကြားမိသေးဘူး" လို့ ဘီဘီစီကို တုံ့ပြန်ထားပါတယ်။
မိုင်ဂျာယန်ဟာ တရုတ်နယ်စပ်အနီးမှာရှိတာဖြစ်လို့ နှစ်ဖက် ကုန်သွယ်မှုမှာ တရုတ်ငွေကို အသုံးများတယ်လို့ မြို့ခံ ကုန်သည်တစ်ဦးက ပြောပါတယ်။
KK Park က ကျားဖြန့်အဆောက်အဦ ၁၀၀ ကျော်ကိုဖျက်ဆီးလိုက်ပြီလို့ စစ်ကော်မရှင်ပြော
ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြု့နယ်ထဲက အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းတွေလုပ်ကိုင်တဲ့အပြင် အွန်လိုင်းလောင်းကစားတွေ၊ ဒုစရိုက်ကျူးလွန်မှုတွေဖြစ်နေတဲ့ KK Park ထဲက အဆောက်အအုံ ၁၀၁ လုံးကို ဖြိုချဖျက်စီးခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၉ ရက် နိုင်ငံပိုင်သတင်းစာကနေ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
ဒါဟာ KK Park ကို စစ်ကော်မရှင်တပ်တွေ ဝင်စီးပြီးတဲ့နောက်ပိုင်း KK Park ဝင်းထဲက ဖောက်ခွဲမှုဖြစ်ခဲ့တာတွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်က ပထမဆုံးအကြိမ် သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်မတိုင်ခင် KK Park ထဲက အဆောက်အအုံတချို့မှာ အောက်တိုဘာ တတိယအပတ်ကစလို့ ဖောက်ခွဲမှု ၉ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး မီးခိုးလုံးတွေ လွင့်တက်နေတာကို ထိုင်းဘက်ခြမ်းကနေပါ မြင်တွေ့ခဲ့ရပါတယ်။
ဓာတ်ပုံ ရင်းမြစ်, MOI
KK Park ဝင်းထဲမှာ ၁ ထပ်၊ ၂ ထပ်၊ ၃ ထပ်၊ ၄ ထပ် လူနေအိမ်အဆောက်အအုံတွေ၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဂိုဒေါင်တွေ၊ ၆ ထပ်ဟိုတယ်နဲ့ ၊ GYM အားကစားခန်းမတစ်ခု၊ နှစ်ထပ် KTV အဆောက်အအုံ တစ်လုံး၊ နှစ်ထပ် အနှိပ်ခန်း(SPA) အဆောက် အအုံတစ်လုံးနဲ့ လူနေလိုင်းခန်းအဆောက်အအုံ စုစုပေါင်း ၁၄၈ လုံးရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
အဲဒီထဲက အဆောက်အအုံ ၁၀၁ လုံးဖျက်ဆီးထားပြီး နောက်ထပ်ကျန်နေတဲ့ အဆောက်အအုံ ၄၇ လုံးကိုလည်း ဆက်ပြီးဖြိုချဖျက်ဆီးသွားမယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။
KK Park ထဲမှာ ဖောက်ခွဲမှုတွေစတင်တဲ့နောက်ပိုင်းကစပြီး KK Park ထဲက နိုင်ငံခြားသားရာနဲ့ချီဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးခဲ့ကြပြီး နိုဝင်ဘာ ပထမအပတ်အထိ ထွက်ပြေးလာတဲ့သူတွေရှိနေဆဲပဲလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ကတော့ မြဝတီဒေသထဲကို နယ်စပ်လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာပြီး ဒုစရိုက်မှု ကျူးလွန်နေကြတဲ့နိုင်ငံခြားသား ၉၀ ရာခိုင်နှုန်းကျော်ဟာ ထိုင်းကနေ တဆင့်ခံပြီး မြန်မာထဲ ဝင်ရောက်ခဲ့ကြတာလို့ စစ်ကော်မရှင်က စွပ်စွဲပြောဆိုပါတယ်။
လက်ရှိမှာတော့ စစ်တပ်က မြဝတီဒေသထဲက နိုင်ငံခြားသားတွေကို ဖော်ထုတ်စစ်ဆေးပြီး သက်ဆိုင်ရာနိုင်ငံအလိုက် ထိုင်းဘက်ကနေ တဆင့် နေရပ်ပြန်ပို့တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, MOI
ဒီနှစ်ပိုင်းကနေ နိုဝင်ဘာ ၅ ရက်အထိ ၁ နှစ်နီးပါးအတွင်း မြဝတီ၊ မဲထော်သလေးဒေသထဲကို တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၁၀,၇၆၁ ဦးကို စစ်ဆေးဖော်ထုတ်ခဲ့ပြီး အဲဒီထဲက ၉,၄၀၄ ဦးကိုတော့ နေရပ်ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
ကျန်တဲ့ နိုင်ငံခြားသား ၁,၃၅၉ ဦးကိုလည်း လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။
စစ်ကော်မရှင်က တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို လွှဲပြောင်းတာ၊ KK Park ထဲက အဆောက်အအုံတွေကို ဖြိုချဖျက်စီးတာတွေ လုပ်နေပေမယ့် တစ်ဖက်မှာလည်း မဲထော်သလေးဒေသထဲမှာ ကျားဖြန့်လုပ်ငန်းခွင်တွေ ဆက်ရှိနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
စစ်တပ် ဖြိုချမှုတွေလုပ်ခဲ့တဲ့ KK Park ဝင်းအနီးမှာလည်း "ကေကေပါ့ခ် ( KK Park) ဆိုက်သေး၊ အေအေပါ့ခ် (AA Park) နဲ့ ဧက ၁၀၀ ဝန်းကျင် နောက်ထပ်ကျားဖြန့်လုပ်ငန်း ဆိုက် ၃ ဆိုက်က ပုံမှန်လည်ပတ်နေတယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဧက ၁၀၀ ဝင်းထဲမှာတော့ ဆောက်လက်စ အဆောက်အအုံတွေလည်း ရှိပြီး ဆောက်လုပ်ရေးတွေ ဆက်လည်ပတ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ရန်ကုန်က ဖျော်ဖြေပွဲမှာ ညစ်ညမ်းစကားတွေပြောဆိုခဲ့တဲ့ အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေအပါ ၁၆ ဦး ပုဒ်မ ၃ ခုနဲ့ဖမ်းဆီးခံရ
ဓာတ်ပုံ ရင်းမြစ်, CINCDS
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် Eastern Yangon Eventpark မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက် ညပိုင်းကလုပ်ခဲ့တဲ့ Overflow Music Festival ဖျော်ဖြေပွဲအတွင်း စင်ပေါ်မှာ ညစ်ညမ်းစကားတွေပြောဆိုခဲ့တဲ့ အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေအပြင် ရိုက်ကူးရေးအဖွဲ့သား စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
ဖမ်းခံရတဲ့ သူတွေကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၂၉၄ (နှုတ်ဖြင့်ကျူးလွန်သောပြစ်မှု) နဲ့ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင်အားပေးကူညီသူ) စတဲ့ ပြစ်မှုတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကော်မရှင်က ဖော်ပြပါတယ်။
ညစ်ညမ်းစကားတွေပြောပြီး ကွန်ဒုံးတွေ စင်ပေါ်ကနေ ကြဲချခဲ့တဲ့ အဆိုတော် Wink (ခ) ရဲဝင့်အောင်ရဲ့ ရုပ်သံဖိုင်အတို လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အဲဒါကို အရေးယူပေးဖို့ အွန်လိုင်းကြည့်ရှုသူတွေက ဝေဖန်တောင်းဆိုခဲ့ကြပါတယ်။
ဖမ်းဆီးခံရတဲ့ ၁၆ ဦးထဲ ပွဲစီစဉ်ခဲ့သူ ၃ ဦးပါဝင်ပြီး အဆိုတော် Wink (ခ) ရဲဝင့်အောင်နဲ့အတူ စင်ပေါ်တက် ကခုန်သီဆိုခဲ့ကြတဲ့ တခြားအဆိုတော်တွေနဲ့ စင်ပေါ်မှာ ရုပ်သံရိုက်ကူးသူတွေပါ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။
အဲဒီလူတွေကို အရေးယူဖို့ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက် ၂ ရက်အတွင်းမှာပဲ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေကနေ ချိတ်ဆက်ခေါ်ယူတာ၊ နေအိမ်အထိ သွားရောက်ခေါ်ဆောင်ပြီး ဖမ်းဆီးထိန်းသိမ်းထားတွေ လုပ်ခဲ့တယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။