လစ်ဇ် ထရပ်စ် ဗြိတိသျှဝန်ကြီးချုပ် ဖြစ်ပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗြိတိသျှဝန်ကြီးချုပ်သစ်အဖြစ် လစ်ဇ် ထရပ်စ်ကို အာဏာရ ကွန်ဆာဗေးတစ်ပါတီက ရွေးချယ်လိုက်ပါပြီ။
ရွေးကောက်ပွဲကနေ တက်လာတဲ့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နေရာမှာ ဆက်ခံဖို့ အာဏာရ ကွန်ဆာဗေးတစ်ပါတီအတွင်း အဆင့်ဆင့် ရွေးချယ်ခဲ့ပြီးနောက် နောက်ဆုံးအဆင့်မှာ မစ္စ ထရပ်စ်ဟာ ပါတီခေါင်းဆောင်လည်း ဖြစ်လာသလို ဝန်ကြီးချုပ်လည်း ဖြစ်လာပါတယ်။
ဘောရစ် ဂျွန်ဆင်ရဲ့ အငြင်းပွားဖွယ် လုပ်ရပ်တချို့နဲ့ ဆုံးဖြတ်ချက်တချို့ကြောင့် သူ့အစိုးရအတွင်းမှာ သဘောထား ကွဲပြားမှုတွေ ဖြစ်ပြီးနောက် သုံးနှစ်တာ တာဝန်ယူခဲ့တဲ့ မစ္စတာ ဂျွန်ဆင်ဟာ သူနုတ်ထွက်ပေးမယ်လို့ ဇူလိုင်လတုန်းက ကြေညာခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် ပါတီခေါင်းဆောင် ရွေးချယ်ပွဲကို သီတင်း ၇ ပတ်ကြာ အဆင့်ဆင့် ကျင်းပခဲ့ပါတယ်။
မစ္စ ထရပ်စ်ဟာ ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီ ဆူနက်ခ်နဲ့ နောက်ဆုံးအဆင့်မှာ ပြိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အစောပိုင်းအဆင့်တွေမှာ ရီရှီ ဆူနက်ခ်က အနိုင်ရဖို့ ရှေ့ပြေးနေပေမယ့် နောက်ပိုင်းမှာတော့ မစ္စ ထရပ်စ် အနိုင်ရဖို့ ရေပမ်းစားခဲ့ပါတယ်။
အခုတော့ ပါတီက မစ္စ ထရပ်စ်ကို ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ပေးလိုက်တာ ဖြစ်ပါတယ်။ အသက် ၄၇ နှစ်အရွယ် လစ်ဇ် ထရပ်စ်ဟာ ဗြိတိသျှသမိုင်းမှာ တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာပါမယ်။
မစ္စထရပ်စ်ကို ဝန်ကြီးချုပ်အဖြစ် ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးက ခန့်အပ်ပေးရမှာ ဖြစ်ပါတယ်။ အရင်အကြိမ်တွေတုန်းကတော့ လန်ဒန်က ဘာကင်ဟမ် နန်းတော်မှာ ခန့်အပ်ပေးမယ့် ဒီတစ်ကြိမ်မှာတော့ မစ္စထရပ်စ်ဟာ ဘုရင်မကြီး ခေတ္တရောက်ရှိနေတဲ့ စကော့တလန်က ဘာမိုရယ်လ်ရဲတိုက်ကို သွားရောက်ပြီး ခန့်အပ်ခံရဖို့ ရှိနေပါတယ်။
အဲဒီနောက် မစ္စ ထရပ်စ်ဟာ ဝန်ကြီးချုပ်အဖြစ် စက်တင်ဘာ ၆ ရက်ကစလို့ တာဝန် စယူရတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝန်ကြီးချုပ်သစ် ဘာတွေ ရင်ဆိုင်ရမလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မစ္စ ထရပ်စ်ဟာ ဗြိတိန်တွင်းမှာ ငွေကြေးဖောင်းပွမှုကြောင့် အခက်အခဲ ဖြစ်လာတဲ့ စီးပွားရေးကို ကိုင်တွယ်ရဖို့ ရှိနေပါတယ်။ ဗြိတိန်မှာ အနှစ် ၄၀ အတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံးရောက်နေပြီး ၁၀ ရာခိုင်နှုန်းကျော်အထိ ရှိလာပါတယ်။ လူနေမှုစရိတ်တွေ မြင့်တက်လာနေပါတယ်။
မစ္စ ထရပ်စ်ကတော့ သူဟာ ကြီးမြင့်လာတဲ့ စွမ်းအင်စျေးတွေနဲ့ပတ်သက်ပြီး ချက်ချင်း ကိုင်တွယ် ဆောင်ရွက်မယ်လို့ ကတိပေးထားပါတယ်။
ဒါကြောင့် သူဝန်ကြီးချုပ် ဖြစ်ဖြစ်ချင်းမှာပဲ စီးပွားရေးနဲ့ပတ်သက်ပြီး ဘယ်လို ကိုင်တွယ် ဖြေရှင်းမယ်၊ ပြည်သူတွေကို ဘယ်လို အကူအညီအထောက်အပံ့တွေ ပေးမယ်ဆိုတာ ကြေညာဖို့က သူ့ရဲ့ ပထမဆုံးတာဝန်တွေထဲက တစ်ခု ဖြစ်လာပါမယ်။ ဒီအစီအစဥ်ကို အခု သတင်းပတ်အတွင်း ကြေညာမယ်လို့ ယူဆရပါတယ်။ အဲဒီအစီအစဥ်အတွက် သူဟာ ဝန်ကြီးချုပ်မဖြစ်ခင် သီတင်းပတ်တွေကတည်းက ရေနံနဲ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်သူတွေနဲ့ တွေ့ဆုံပြီး ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ဘီဘီစီ နိုင်ငံရေးအယ်ဒီတာ ခရစ္စ မေဆင်က ပြောပါတယ်။
နောက်တစ်ခုကတော့ သူဟာ စတာလင်ပေါင် ဘီလျံ ၃၀ တန်ဖိုးရှိတဲ့ အခွန်ကောက်ခံမှု လျှော့ချပေးတဲ့ အစီအစဥ်ကိုလည်း အရေးပေါ် ဘတ်ဂျတ်အဖြစ် ဒီလကုန်မှာ ကြေညာဖွယ်ရှိပါတယ်။ ဒီကတစ်ဆင့် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးလာဖို့ ရည်ရွယ်နေပါတယ်။
ဒါ့အပြင် မစ္စထရပ်စ်ဟာ ပါတီတွင်း ညီညွတ်ရေးကိုလည်း ဆောင်ရွက်ရဖို့ ရှိပါတယ်။ အခုရွေးချယ်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီ အမတ်အများစုက သူ့ပြိုင်ဘက်က ရီရှီ ဆူနက်ခ်ကို ထောက်ခံခဲ့ပြီး မစ္စထရပ်စ်ကိုတော့ ပါတီဝင်အများစုက မဲပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီတွင်း ညီညွတ်ရေးရဖို့ကလည်း သူ့ရဲ့ တာဝန်တစ်ရပ် ဖြစ်ပါတယ်။








