ဖေဖော်ဝါရီ ၂၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ဒေါ်ကြည်ပြာအမှုနဲ့ပတ်သက်ပြီး အရေးယူမှုတွေ ဆက်လုပ်ဖို့ရှိတယ်လို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ဝန်ထမ်းတွေရဲ့ တိုင်စာကြောင့် ရာထူးကနေ ရပ်ဆိုင်းခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအမှုနဲ့ ပတ်သက်ပြီး အရေးယူမှုစာတွေ ဆက်ထုတ်ဖို့ရှိတယ်လို့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားမှုနဲ့ပတ်သက်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောလိုက်တာပါ။
"ဝန်ကြီးချုပ်ရုံးအနေနဲ့ တဆင့်ပြီးတဆင့် စာတစ်စောင်ပြီးတစ်စောင် ဆက်ထွက်သွားဖို့ရှိတယ်၊ အခုလည်းဆက်ထွက်နေပါတယ်" လို့ သူက ပြောပါတယ်။
NUG အနေနဲ့ ဆုံးဖြတ်ချက်ကို တိုင်ကြားသူတွေဆီပေးပို့တဲ့ စာထဲမှာ ဒေါ်ကြည့်ပြာရဲ့ရာထူးကို အမြဲတမ်းအတွင်းဝန်လို့ တပ်ပြီးသုံးနှုန်းထားတဲ့အပေါ်မှာလည်း သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက ဒေါ်ကြည်ပြာကို ရာထူးကနေ ရပ်ဆိုင်းထားမှုရှိ၊ မရှိ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒေါက်တာဇော်ဝေစိုးက ဒေါ်ကြည်ပြာကို လက်ရှိအချိန်အထိ ရာထူးကနေ ရပ်နားထားဆဲဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။
ဒေါ်ကြည်ပြာအနေနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းအပါအဝင် ဆွေမျိုးသားချင်းတချို့ကို တစ်ရုံးထဲမှာ ရာထူးတာဝန် ပေးအပ်တာနဲ့ ပတ်သက်လို့ NUG ရဲ့ စုံခုံအဖွဲ့က လက်ရှိ တော်လှန်ရေးမှာ လုံခြုံရေး ကျိုးပေါက်မှုအန္တရာယ်တွေအပြင် သစ္စာရှိမှုနဲ့ ပုဂ္ဂိုလ်ရေးအရ ယုံကြည်စိတ်ချရမှုတို့ကို ဦးစားပေးပြီး ဒီလိုဆောင်ရွက်စေခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ NUG ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ ဒီလိုခန့်အပ်တာဟာ နိုင်ငံတကာက ကျင့်သုံးတဲ့ အကျိုးစီးပွားပဋိပက္ခနှင့် ဆွေမျိုးကောင်းစားရေးသဘော တရားများ၊ မူဝါဒတွေနဲ့ ငြိစွန်းမှုရှိတယ်လို့ ပြောပေမဲ့ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဘယ်လိုအရေးယူမှုလုပ်မယ်ဆိုတာကိုတော့ တိတိကျကျ ပြောသွားတာမရှိပါဘူး။
အလားတူ ဒေါ်ကြည်ပြာရဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းကိုလည်း လိင်အမြတ်ထုတ်မှုနှင့်ပတ်သက်ပြီး တိုင်ကြားသူတွေဘက်က ထပ်တိုးအမှုတစ်ခုနဲ့ ထပ်မံတိုင်ကြားခဲ့ကြပါတယ်။
ဒီအချက်နဲ့ပတ်သက်လို့ ဦးညီညီမင်းသည် ကိုယ်ထိ လက်ရောက် ကျူးလွန်မှု မဟုတ်သော်လည်း အချို့စွပ်စွဲချက်များသည် အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ PSHEA ပေါ်လစီ(လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ အမြတ်ထုတ်မှု၊ အလွဲသုံးစားမှုတားဆီးကာကွယ်ရေးဆိုင်ရာမူဝါဒ)အရ ငြိစွန်းဖောက်ဖျက်မှု ရှိကြောင်း စစ်ဆေး တွေ့ရှိရတယ်လို့ NUG ကပြောပါတယ်။
NUG ဝန်ကြီး နော်စူစင်နာလှလှစိုးကတော့ ဒီအမှုနဲ့ ပတ်သက်လို့ တိုင်ကြားစာအနေနဲ့ Screenshot(မှတ်တမ်းရယူထားတဲ့ပုံ)တချို့ကို ရရှိထားပြီး အဲဒီပုံထဲမှာ အီမိုဂျီတွေ အပြန်အလှန်ပို့ထားတာကို တွေ့ရတယ်လို့ ထုတ်ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ PSHEA နဲ့ ငြိစွန်းဖောက်ဖျက်မှုရှိတဲ့အပေါ်မှာတော့ ဦးညီညီမင်းအပါအဝင် သူနဲ့ တူတော်စပ်သူ ၂ ဉီးတို့ကို ရာထူးကနေ ရပ်ဆိုင်းသွားမယ်လို့ NUG က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အဂတိလိုက်စားမှုနှင့် ငွေကြေးအလွဲသုံးစားမှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ NUG က တိုင်ကြားတဲ့သူတွေဟာ နှုတ်နဲ့ စွပ်စွဲမှုတွေသာရှိပြီး ခိုင်လုံတဲ့ သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ကားဝယ်တာ၊ ခွေးမွေးတာ၊ လက်ဝတ်ရတနာဝယ်ယူခြင်းတို့ဟာလည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ/ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ငွေတွေကို အလွဲသုံးစားပြုလုပ်ပြီး ဝယ်ယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာမရှိဘူးလို့ NUG က ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ သတင်းထောက်တချို့က ငွေကြေးဆိုင်ရာကိစ္စတွေကို စစ်ဆေးခဲ့တဲ့ ပုံစံအခြေအနေအသေးစိတ်ကို မေးမြန်းခဲ့ကြပေမယ့် တိုင်ကြားစာထဲမှာ ပါဝင်တဲ့ ငွေကြေးဆိုင်ရာဘဏ္ဍာရှင်းတမ်းကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ်ပြန်လည်ဖြေကြားတာမျိုးတော့ မရှိခဲ့ပါဘူး။
တစ်ဖက်မှာလည်း သတင်းစာရှင်းလင်းပွဲအပြီးမှာပဲ ဒေါ်ကြည်ပြာအမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်အစီရင်ခံစာတစ်စောင်ကို NUG က ထုတ်ပြန်ပါတယ်။
စုံစမ်းစစ်ဆေးနေတဲ့ကာလအတွင်း အမှုနှင့် သက်ဆိုင်တဲ့အကြောင်းအရာတွေကို လူမှု သတင်းစာမျက်နှာတွေမှာ မတင်ဖို့ နှုတ်နဲ့အပြင် စာနဲ့ပါ သတိပေး တားမြစ်ခဲ့ပေမယ့် တိုင်ကြားသူတွေဘက်က လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒေါ်ကြည်ပြာအမှုနှင့်ပတ်သက်ပြီး NUG ဆုံးဖြတ်ချက်အပေါ် လူထုဝေဖန်သံတွေထွက်ပေါ်လာပြီး ဒီအမှုအပေါ် ထိရောက်စွာ အရေးယူပေးဖို့နဲ့ NUG ရဲ့ ဝန်ထမ်းတချို့ကလည်း ဒီဆုံးဖြတ်ချက်ကို လက်မခံနိုင်တာကြောင့် လုပ်ငန်းဆောင်ရွက်မှုတွေကို ယာယီရပ်ဆိုင်းမယ်ဆိုတဲ့ကြေညာချက်တွေ ထွက်ပြီးနောက်မှာ NUG က အခုလို သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာဖြစ်ပါတယ်။
KIA ရဲ့ တပ်မဟာနယ်မြေ ၃ ခုကို စစ်တပ်ဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ တပ်မဟာ ၉ ဌာနချုပ်အပါအဝင် တပ်မဟာ နယ်မြေ ၃ ခုကို စစ်တပ်က ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို အတည်ပြုပါတယ်။
မြစ်ကြီးနားလေဆိပ်က ခရီးသည်တင်လေယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေလုပ်သွားမယ်လို့ စစ်တပ်ကပြောပြီးတဲ့နောက်
KIA ရဲ့ ထိန်းချုပ်နယ်မြေတွေထဲကို လေကြောင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။
"နေ့လယ် ၁၁ နာရီလောက်မှာ တပ်မဟာ ၉ ဌာနချုပ်ကိုကြဲတာပါ။ တပ်မဟာ ၃ ဘက်ကိုလည်း ကြဲတယ်လို့ ကြားတယ်။ တပ်မဟာ ၈ လည်း ကြဲခံရတယ်လို့ အွန်လိုင်းကနေ သိရတယ်။ အထိအခိုက်တော့ မသိရသေးဘူး" လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ လေကြောင်းဗုံးကျရောက်ပေါက်ကွဲတဲ့နေရာတွေ အတိအကျကိုလည်း မသိရသေးဘူးလို့ သူက ဖြည့်ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းတုန်းကလည်း KIA ရဲ့ ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ပေါ် စစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စင်း ဝဲပြီး ပတ်ပျံသွားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ မနက်ပိုင်းမှာ ဖြေကြားထားပါတယ်။
မနေ့တုန်းက စစ်ကော်မရှင်ဝန်ကြီးနဲ့ အဖွဲ့ မြစ်ကြီးနားမြို့ရောက်နေချိန် မြစ်ကြီးနား လေဆိပ်က ခရီးသည်တင်လေယာဉ် ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကို KIA/ PDF အဖွဲ့တွေကလုပ်တယ်လို့ စစ်ကော်မရှင်က ပြောထားပြီး KIA ကလည်း ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တက်ရောက်တဲ့ အခမ်းအနားတိုက်ခိုက်ခံရမှု စစ်ကော်မရှင် သီးခြားစီထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, MOI
စစ်ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တက်ရောက်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့၊ စုပေါင်းရုံးမှာမနေ့ကကျင်းပခဲ့တဲ့ ချင်းအမျိုးသားနေ့အခမ်းအနား ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီတိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်-ဟားခါး(CDF-Hakha) ကနေ ရုပ်သံဖိုင်နဲ့ သတင်းထုတ်ပြန်ပြီး စစ်ကော်မရှင်ကလည်း တိုက်ခိုက်ခံရတဲ့အကြောင်း
ဖေဖော်ဝါရီ ၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာကနေ ကြေညာခဲ့ပါတယ်။
FPV အသေခံဒရုန်းအမျိုးအစားနဲ့ တိုက်ခိုက်ခဲ့တာလို့ စစ်ကော်မရှင်ကထုတ်ပြန်ပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ ထောက်လှမ်းသိရှိခဲ့ပြီး လက်ဦးမှုရယူဟန့်တားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တက်ရောက်တဲ့ ချင်းအမျိုးသားနေ့အခမ်းအနားအကြောင်းကိုလည်း သီးခြားသတင်းတပုဒ်အနေနဲ့ စစ်ကော်မရှင်က ဖော်ပြပါတယ်။
CDF-Hakha ကတော့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဒုဗိုလ်ချုပ်ကြီးရာပြည့် အခမ်းအနားကနေ ချက်ချင်းတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်တစ်ရက်တည်းမှာပဲ မြစ်ဆုံစီမံကိန်းအတွက်ဆိုပြီး စစ်ကော်မရှင်ဝန်ကြီးနဲ့ အဖွဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကိုရောက်နေချိန်မှာပဲ မြစ်ကြီးနားလေဆိပ်က ခရီးသည်တင်လေယာဉ်တစ်စင်း တိုက်ခိုက်ခံရမှုလည်း ရှိခဲ့ပါတယ်။
ဒေါ်သက်သက်ခိုင် ပါတီဥက္ကဋ္ဌ အဖြစ်မှ အနားယူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရာထူးကနေ အနားယူလိုက်တယ်လို့
ဥက္ကဋ္ဌသစ်ဖြစ်လာသူ ဦးစောဟန်အေးက ဘီဘီစီကိုပြောပါတယ်။
ဘာကြောင့်အနားယူရသလဲဆိုတာကိုတော့ "ပြောင်းလဲချိန်ရောက်လို့ ပြောင်းလဲတယ်လို့ပဲ ဖြေချင်ပါတယ်" လို့ သူကပြောပါတယ်။
ဒေါ်သက်သက်ခိုင်ကို နေအိမ်အကျယ်ချုပ်ချထားတယ်ဆိုတဲ့ သတင်းတွေကိုတော့ ပါတီဥက္ကဋ္ဌသစ်က ငြင်းဆိုပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ ပါတီဂုဏ်ထူးဆောင်နာယကအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်(CEC) နဲ့ ပါတီလုပ်ငန်းတွေမှာတော့ ပါဝင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
ပါတီရဲ့ လူ့စွမ်းအားအရင်းအမြစ်လုပ်ငန်းတွေမှာပဲ ဆက်လက်အားဖြည့်မယ်လို့လည်းဆိုပါတယ်။
ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး CEC အသစ် ကိုးဦး ထပ်ခန့်လိုက်ပါတယ်။
လူသိများတဲ့ နိုင်ငံရေးသမားဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၅ ရွေးကောက်ပွဲကို သူပိုင်စီးပွားရေးလုပ်ငန်းရဲ့ ငွေကြေးကိစ္စ အကြောင်းပြုပြီး ဝင်ရောက်ယှဥ်ပြိုင်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။
ဒါ့အပြင် ခွင့်ပြုချက်မရဘဲသံရုံးတစ်ခုနဲ့တွေ့ဆုံခဲ့လို့ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးမှုကိုခံထားရသူတစ်ဦးလည်းဖြစ်သလို သူ့ကို ဥပဒေအရအရေးယူမယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
တော်ဝင်မင်းသားဟောင်းအင်ဒရူးကို ထီးနန်းဆက်ခံမယ့်စာရင်းကနေ ဖယ်ရှားနိုင်ဖို့ ဗြိတိန်အစိုးရ စီစဉ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗြိတိန်အစိုးရဟာ တော်ဝင်မင်းသားဟောင်း အင်ဒရူးကို ထီးနန်းဆက်ခံခွင့်ရှိသူစာရင်းကနေ ဖယ်ရှားနိုင်ရေး ဥပဒေပြုဖို့ စီစဉ်နေပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ် ဘယ်လိုပဲရှိလာဖြစ်လာပါစေ အင်ဒရူးကို ဘုရင်ထီးနန်းအရိုက်အရာဆက်ခံမှုဖြစ်လာနိုင်ခြေကို တားဆီး ဥပဒေအတည်ပြုရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး လီယိုပေါလာဒ့်က ဘီဘီစီကိုပြောပါတယ်။
တတိယမြောက်ချားစ်လ် ဘုရင်ရဲ့ ညီတော်ဖြစ်တဲ့ မင်းသားဟောင်း အင်ဒရူးဟာ အမျိူးသမီးငယ်တွေနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့ အကျဉ်းချခံခဲ့ရတဲ့ ဂျက်ဖရီအက်ပ်စတိန်းနဲ့ ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားတွေကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ကြုံတွေ့နေရပါတယ်။
သူဟာ အဲဒီပြဿနာတွေကြောင့် တော်ဝင်ရာထူး၊ တာဝန်နဲ့ ဂုဏ်ထူးဆောင်ရာထူးအချို့ကို ရုတ်သိမ်းခံခဲ့ရပေမယ့် ထီးနန်းဆက်ခံသူစာရင်းမှာ ဆက်လက် ပါဝင်နေဆဲဖြစ်ပါတယ်။
ပြည်သူ့ဝန်ထမ်းတာဝန်ယူချိန်တုန်းက ဂျက်ဖရီအက်ပ်စတိန်းနဲ့ ဆက်သွယ်ကာ
မလျော်မကန် လုပ်ဆောင်မှုများရှိခဲ့နိုင်တယ်ဆိုတဲ့စွပ်စွဲချက်တွေကြောင့် အင်ဒရူးဟာ ရဲစခန်းမှာ ၁၁ နာရီကြာ စုံစမ်းစစ်ဆေးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေဆက်ရှိနေမှာဖြစ်ပါတယ်။
သူကတော့ ဘယ်လိုပြစ်မှုမှကျူးလွန်ထားခြင်းမရှိကြောင်း တောက်လျှောက်ငြင်းဆိုထားပါတယ်။
မင်းသားဟောင်းကို ထီးမွေနန်းမွေကနေ ဝေးသွားအောင် လုပ်ဆောင်မယ့်အစီအစဉ်နဲ့ပတ်သက်လို့ဘာကင်ဟမ်နန်းတော်နဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ပေါလာ့ဒ် က ဘီဘီစီကိုပြောပါတယ်။
"ဒီကိစ္စကို ပါတီတွေက ထောက်ခံလိမ့်မယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတာအဆုံးသတ်သွားရင်လည်း အဲဒီကိစ္စကို မဖြစ်မနေဆက်လုပ်မှာပါ"လို့ သူကပြောပါတယ်။
မင်းသားဟောင်း အင်ဒရူး နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ အခန်း ၃၀ ပါဝင်တဲ့ ဝင်ဆာရဲတိုက်၊ ရွိုင်ရယ်လော့ဂျ်ထဲကို သောကြာနေ့မှာ ရဲတံဆိပ်အမှတ်အသား မတပ်ထားတဲ့ရဲကားတွေ၊ ဗင်ကားတွေ ဝင်လိုက်ထွက်လိုက်လုပ်နေခဲ့ပါတယ်။
အဆောက်အဦခြံဝင်းထဲမှာမော်တော်ယာဉ်အစီး ၂၀ ခန့်ရပ်ထားတာကို တွေ့ရပါတယ်။ အင်ဒရူးကို ဖမ်းဆီးခဲ့တဲ့
သိမ်းဗဲလီးရဲတပ်ဖွဲ့ဟာ ရွိုင်ရယ်လော့ဂျ်ကို တနင်္လာနေ့အထိ ရှာဖွေမှုတွေ လုပ်ဆောင်ဦးမှာဖြစ်တယ်လို့ ဘီဘီစီက သိရှိထားပါတယ်။
ဒီလိုဥပဒေကို ထောက်ခံကြောင်း လစ်ဘရယ် ဒီမိုကရက်တွေနဲ့ စကော့တလန်အမျိုးသားရေးပါတီက အမတ်တွေအပါအဝင် အမတ်များစွာက အချက်ပြပြီးနောက် အစိုးရက အခုလို အဆိုပြုလာတာဖြစ်ပါတယ်။
ယော့ခ်မြို့စားဟောင်း အင်ဒရူးဟာ ဘုရင်ဖြစ်လို့ လုံးဝမဖြစ်နိုင်တာကြောင့်
ဒီလိုဥပဒေအတည်ပြုဖို့တောင် မလိုအပ်ဘူးလို့ ဘုရင်စနစ်ကို သိပ်သဘောမကျတဲ့ လေဘာအမတ်တချို့က ပြောထားပါတယ်။
ထီးနန်းဆက်ခံမှုအစဉ်အဆက်ကို ပြောင်းလဲဖို့ ဥပဒေတစ်ခုအတည်ပြုရေးလိုအပ်မယ်မထင်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြီးခဲ့တဲ့အောက်တိုဘာမှာ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ဥပဒေကြမ်းကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေက ထောက်ခံရမှာဖြစ်ပြီး ဘုရင်က တော်ဝင်ခွင့်ပြုမိန့်ပြုရမှာဖြစ်ပါတယ်။
အဲဒီနောက်မှာ လက်ရှိ တတိယမြောက်ချားလ်စ်ဘုရင်က နိုင်ငံဥသျှောင်နေဖြစ်တဲ့ ကနေဒါ၊ ဩစတြေးလျ၊ ဂျမေကာ၊ နယူးဇီလန်တို့အပါအဝင် ဓနသဟာယနိုင်ငံ ၁၄ နိုင်ငံက ထောက်ခံပေးရဦးမှာဖြစ်ပါတယ်။
ထီးနန်းဆက်ခံမှုနဲ့ပတ်သက်လို့ ပြောင်းလဲတဲ့ ဥပဒေကို ၂၀၁၃ ခုနှစ်မှာ လွှတ်တော်က အတည်ပြုပေးခဲ့ပြီး ကက်သလစ်ဘာသာဝင်ကို လက်ထပ်ခဲ့လို့ ထီးနန်းဆက်ခံခွင့်ရုတ်သိမ်းခံရသူတွေဟာ ထီးနန်းဆက်ခံခွင့်စာရင်းမှာ ပြန်လည်ပါဝင်ခွင့်ရလာခဲ့ပါတယ်။
အဌမမြောက် အက်ဒွပ်ဘုရင် နန်းစွန့်ပြီးနောက် သူနဲ့ သူ့သားမြေးတွေကို ထီးနန်းဆက်ခံခွင့်ကနေဖယ်ရှားတဲ့ ဥပဒေကို ၁၉၃၆ ခုနှစ်မှာ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
NUG ရဲ့မြေအောက်ဆေးရုံ မိုင်းခွဲဖျက်ဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, Aung N Htwe
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲမှာ လျှို့ဝှက်ဆောက်လုပ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြေအောက်ဆေးရုံ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက မြေအောက်ဆေးရုံအတွင်းပိုင်းထဲအထိဝင်ပြီး မိုင်းတွေတပ်ဆင် ဖောက်ခွဲဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်တွေကို ဖြန့်ဝေနေကြပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲနဲ့ "ဖျက်ဆီးမှုမှတ်တမ်း"လို့ ဖော်ပြထားပေမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တာလို့ နွားထိုးကြီးပကဖရဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ပြောပါတယ်။
စစ်ကော်မရှင်က ဒီမြေအောက်ဆေးရုံရဲ့ တည်နေရာကို ထောက်လှမ်းရေးဒရုန်းတွေကတဆင့် တွေ့သွားတာဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
စစ်တပ်က "၂၀၂၅ နှောင်းပိုင်းလောက်မှာ လေကြောင်းနဲ့ လာကြဲတယ်။ အဲဒီကတည်းက ဒီဆေးရုံနေရာကို ခန့်မှန်းနိုင်နေပြီ။ အဲဒီနောက် အင်အားရာချီသုံးပြီး စစ်ကြောင်းဖြန့်ရှာတာတွေလုပ်ခဲ့တယ်" လို့ သူက ဆက်ပြောပါတယ်။
အဲဒီဆေးရုံဟာ ပဲကြီးခင်းကျေးရွာအနီးမှာ ရှိပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကမှ ကုသရေးလုပ်ငန်းတွေ စပြီးလည်ပတ်ခဲ့တာလို့ သူက ဆိုပါတယ်။
" ဒီဆေးရုံကိုဆောက်တုန်းက ကျပ်သိန်း ၁,၂၀၀ ကျော်လောက်ကုန်ခဲ့တယ်။ ခုတင် ၁၀၀ လောက်ဆံ့ပါတယ်" လို့ သူကဆက်ပြောပါတယ်။
စစ်ကော်မရှင်တပ်တွေ ဆေးရုံကို ဖျက်ဆီးမှုမလုပ်ခင် ၁၀ ရက်လောက်အလို ဖေဖော်ဝါရီ ဒုတိယအပတ်လောက်ကတည်းက ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေကို တခြားတစ်နေရာကို ပြောင်းရွှေ့ခဲ့တာကြောင့် လူထိခိုက်တာတော့ မရှိဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာလည်း စစ်တပ်က နွားထိုးကြီး မြောက်ဘက်ခြမ်း ပြင်စည်-နွားထိုးကြီး-မြင်းခြံလမ်းပိုင်းမြောက်ခြမ်းက ရွာတွေကို အင်အားရာချီနဲ့ စစ်ကြောင်းတွေဖြန့်ထိုးပြီး ရွာတွေကို မီးရှို့နေတယ်လို့ မြေပြင်အခြေအနေသိသူတွေက ပြောပါတယ်။
အဲဒီလမ်းပိုင်းတလျှောက်က ရွာတွေမှာနေထိုင်တဲ့ ဒေသခံ ထောင်နဲ့ချီလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်ကတော့ နွားထိုးကြီးနယ်ထဲက မြေအောက်ဆေးရုံကို ဖျက်ဆီးတာအပြင် စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
မြစ်ဆုံစီမံကိန်းကို စစ်ကော်မရှင်အရှိန်မြှင့်

ဓာတ်ပုံ ရင်းမြစ်, MOI
အငြိမ်းစားဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်တဲ့ စစ်ကော်မရှင်ဝန်ကြီးနဲ့အဖွဲ့ဟာ မနေ့က မြစ်ကြီးနားမြို့ကို သွားရောက်ပြီး မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံလူထုကို ကွင်းဆင်းစည်းရုံးခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်းကနေ ထုတ်လုပ်ရရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြည်တွင်းသုံးစွဲမှု ဖူလုံဖို့အတွက်ဦးစားပေးမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဝန်ကြီးဦးတင်အောင်စန်းက ပြောပါတယ်။
လူထုတွေ့ဆုံမှုအပြင် ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီဝင်တွေနဲ့ပါ ဝန်ကြီးအဖွဲ့က မနေ့ကတွေ့ဆုံပါတယ်။
တွေ့ဆုံမှုမှာ ကော်မတီဝင်တွေရဲ့ မြေပြင်ကွင်းဆင်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေကို ဝန်ကြီးအဖွဲ့နဲ့ဆွေးနွေးခဲ့ကြတဲ့အတွက် စီမံကိန်းကိုစတင်အကောင်အထည်ဖော်နေပြီလို့ နားလည်ရပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကော်မရှင်အဖွဲ့ထဲမှာ ပါလာတဲ့ ရေအရင်းအမြစ်စီမံခန့်ခွဲမှု ပညာရှင်တွေ၊ ငလျင်နဲ့ အင်ဂျင်နီယာဘူမိဗေဒပညာရှင်တွေကလည်း ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး လူထုကို ရှင်းပြချက်တွေ လုပ်ခဲ့တဲ့အကြောင်း နိုင်ငံပိုင်သတင်းစာထဲမှာ ဖော်ပြပါတယ်။
ဒါ့အပြင် စီမံကိန်းဧရိယာမှာ ပါဝင်မယ့် ဒေသခံလူထုတွေအတွက် နစ်နာကြေးနဲ့ လျော်ကြေးအပြင် ပြောင်းရွေ့နေရာချထားပေးမယ့်ကိစ္စရပ်တွေကိုလည်း ဆောင်ရွက်နေတယ်လို့ လူထုနဲ့တွေ့ဆုံချိန်မှာ စစ်ကော်မရှင်အဖွဲ့က ထုတ်ပြောခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း မြစ်ကြီးနားမြို့ ဒေသခံတွေကတော့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်နားထားတဲ့ ဒီစီမံကိန်းပြန်မစဖို့ ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း မြစ်ဆုံစီမံကိန်းရဲ့ အကျိုးအမြတ်ကို တရုတ်အစိုးရကသာ ခံစားရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ဘေးထွက်ဆိုးကျိုးတွေက မြန်မာကိုသာ သက်ရောက်လာမှာဖြစ်တာကြောင့် လူထုနဲ့ရပ်တည်ပြီး တားဆီးမယ်လို့ ဇန်နဝါရီလထဲမှာ ထုတ်ပြန်ပါတယ်။
မြစ်ဆုံစီမံကိန်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွေရဲ့စစ်အစိုးရလက်ထက်မှာ တရုတ်နဲ့ လက်မှတ်ထိုးခဲ့တာဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာတော့ လူထုရဲ့ကန့်ကွက်မှုကြောင့် စီမံကိန်း ရပ်ဆိုင်းခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်းကို ရွေးကောက်ပွဲအပြီး ၂၀၂၆ မှာပြန်စဖို့ စစ်ကော်မရှင်နဲ့ တရုတ်အကြား နားလည်မှုစာချွန်လွှာကို ရေးထိုးထားကြတယ်လို့ ဒီအကြောင်းကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်က အစောပိုင်းကတည်းက ပြောထားပါတယ်။
မြစ်ကြီးနားမှာ MNA လေယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု KIA ငြင်းဆို

ဓာတ်ပုံ ရင်းမြစ်, MOI
ပြင်းထန်တဲ့ တုံ့ပြန်မှု လုပ်မယ်လို့ စစ်တပ်ထုတ်ပြန်
မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးမြို့ကိုထွက်ခွာမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)ရဲ့ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်ဟာ မနေ့ညပိုင်းက အသေခံဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က မြစ်ကြီးနားလေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း နောက်ထပ်တိုက်ခိုက်ခံရမှုဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ် ( KIA) အဖွဲ့နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်တယ်လို့ စစ်ကော်မရှင်ကထုတ်ပြန်ပြီး KIA ဘက်က ငြင်းပါတယ်။
စစ်တပ်ကထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲ လေယာဉ်ရဲ့ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနဲ့ နောက်မီးပိုင်းတို့မှာ ဗုံးစထိမှန်ပြီး အနည်းငယ် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မနေ့ည ၈ နာရီကျော်လောက်မှာ အဲဒီဖြစ်စဉ်တွေရှိတယ်လို့ပြောပြီး ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာကိုတော့ တိတိကျကျမသိဘူးလို့ ဘီဘီစီကို ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ တုံ့ပြန်ပြောပါတယ်။
"KIA ကလည်း ပြည်သူလုထုစီးနင်းနေတဲ့ လေကြောင်းတွေကို တိုက်ခိုက်ဖို့ဆိုတာ ပေါ်လစီလည်းမရှိဘူး။ ပစ်စရာအကြောင်းလည်းမရှိဘူး" လို့ ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားပါတယ်။
ခရီးသည်တင်လေယာဉ်တိုက်ခိုက်ခံရပြီးတဲ့နောက် ည ၁၀ နာရီဝန်းကျင်မှာတော့ KIA ရဲ့ ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့မှာ စစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စင်း တော်တော်ကြာ ဝဲပြီး ပတ်ပျံသွားတယ်လို့ သူက ဆက်ပြောပါတယ်။
ခရီးသည်တင်လေယာဉ်တိုက်ခိုက်ခံရတဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ စစ်ကော်မရှင်ရဲ့ ဝန်ကြီးဦးတင်အောင်စန်းနဲ့ အဖွဲ့ဟာ မြစ်ဆုံစီမံကိန်းအတွက် မြစ်ကြီးနားမြို့ကို ရောက်ရှိနေပါတယ်။
လေယာဥ်တိုက်ခိုက်ခံရပြီးတဲ့နောက် နယ်မြေလုံခြုံရေးဆက်လက်ဆောင်ရွက်နေပြီး ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။












