"ကျွန်တော့်ညီလေးတောင်းတဲ့မုန့်ဖိုးတောင် နောက်ဆုံးအနေနဲ့မပေးလိုက်ရဘူး" မိုးစွေရွာမှာ လက်နက်ကြီးထိလို့ ပွဲချင်းပြီးသေဆုံးခဲ့ရသူ ကလေးငယ်ရဲ့အစ်ကို

ဓာတ်ပုံ ရင်းမြစ်, Myo Hla PDF
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် မိုးစစ်ရွာမှာ စစ်ကောင်စီနဲ့ PDF တို့ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့စဥ် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတာရှိခဲ့သလို အသက် ၁၁ နှစ်အရွယ် တတိယတန်းကျောင်းသား မောင်ဇွဲနိုင်မိုး သေဆုံးခဲ့ပါတယ်။
အဲဒီမိုးစစ်ကျေးရွာကို ဧရာဝတီမြစ်ရဲ့ တဖက်ကမ်းက ရွှေပေါ်ကျွန်း (ကျွန်းတော်) ကနေ စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့ မရပ်မနားပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီလိုပစ်ခတ်မှုကြောင့် မောင်ဇွဲနိုင်မိုး သေဆုံးခဲ့ရသလို အရပ်သား ၈ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myo Hla PDF
ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာတော့ စစ်ကောင်စီ သင်္ဘောတွေ တိုက်ခိုက်ခံရတာ မကြာခဏဆိုသလိုဖြစ်တဲ့အပြင် မြစ်ကြောင်းတစ်လျှောက်မှာ အားကောင်းတဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့လည်း အပြန်အလှန်ပစ်ခဲ့မှုတွေရှိခဲ့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ လ ၂၂ ရက်နေ့က တိုက်ပွဲကတော့ ဒီဒေသမှာ ငါးကြိမ်ထက်မနည်းဖြစ်ပွားတာဖြစ်ပြီး အဲဒီလို မကြာခဏ တိုက်ပွဲတွေဖြစ်ပွားပေမဲ့ အခု တစ်ကြိမ်မှာတော့ အရပ်သား သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာအများဆုံးဖြစ်တယ်လို့ မြေပြင် ဒေသခံတွေကပြောပါတယ်။
မိုးစစ်ရွာထဲ အဲဒီနေ့က စစ်ကောင်စီတပ်တွေပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ကျရောက်ချိန်မှာ ရွာအတွင်းပစ်ခတ်သံတွေကြောင့် တတိယတန်းကျောင်းသားမောင်ဇွဲနိူင်မိုးဟာ နေအိမ်အနောက်ဘက်မှာ လွှတ်ကျောင်းထားတဲ့နွားကို သွားရောက်သိမ်းဆည်းနေချိန်ပါ။
အဲဒီလို သိမ်းဆည်းနေချိန်မှာပဲ စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲထိမှန်လို့ ပွဲချင်းပြီးသေဆုံးသွားတာလို့ သေဆုံးသူရဲ့အစ်ကိုဖြစ်သူက ဘီဘီစီကိုပြောပါတယ်။
အကိုဖြစ်သူကတော့ သူ့ညီလေး မကွယ်လွန်ခင်မှာ မုန့်ဖိုးတောင်းတာကို မပေးလိုက်ရဘူးလို့ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myo Hla PDF
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“သူ့ကို ကျွန်တော် တွေ့လိုက်ရတဲ့အချိန်က ကျွန်တော် အလုပ်လုပ်ပြီး ထမင်းစားနေတဲ့အချိန်။ ကျွန်တေ့ာ်ဆီမှာ မုန့်ဖိုးလာတောင်းတယ်။ အကို ပိုက်ဆံပေးပါဦးပေါ့နော်။ အေးနေဦး။ ညနေမှမုန့်ဖိုးတစ်ထောင်ပေးမယ် ဆိုပြီးမှကျွန်တော့်ညီလေးကို မုန့်ဖိုးတောင် မပေးလိုက်ရဘူးဗျ။ ကျွန်တော်က အလုပ်လုပ်လို့မောနေတဲ့အချိန်ဆိုတော့ သူ့မျက်နှာတောင် သေချာမော့မကြည့်မိဘူး။ ဒီတိုင်း ငုံ့နေရင်းနဲ့ မှ ပြောလိုက်တာ။ အစ်ကို ညနေမှ ပေးမယ်လို့ပြောလိုက်တော့ အင်းဟုတ်ပြီ ကိုကြီးဆိုပြီးလှည့်ပြန်သွားတယ်။ သူပြန်ပြီးဘယ်လောက်မှ မကြာဘူးဖြစ်တော့တာပဲ" လို့ အစ်ကိုဖြစ်သူက ဘီဘီစီကိုပြောပါတယ်။
ပစ်ခတ်မှုကြောင့် အခုလိုကလေးငယ်တစ်ဦးသေဆုံးတဲ့အပြင် ရွာသား ၈ ဦးထက်မနည်းဟာလည်း ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံနေရသလို နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးစစ်နဲ့ ရေလဲကျေးရွာအတွင်းမှာ အခုလို ပစ်ခတ်မှုဖြစ်တာ အခုတစ်ကြိမ်နဲ့ဆိုရင် ၅ကြိမ်မြောက်ရှိပြီဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ ရွာသားတွေသေဆုံးထိခိုက်မှုဖြစ်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်လို့တော့ မြို့လှ KPDF တပ်ရင်းနယ်မြေအတွင်း ရေကြောင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က စက်လှေ ၃ စီးနစ်မြုပ်ခဲ့သလို ၂၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က ကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးတာနဲ့ အရပ်သားထိခိုက်တာတွေကိုလည်း မြို့လှ KPDF က ဆက်ပြီးသတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ မနေ့က ရွှေကူမြို့နယ်အတွင်းကအခြေအနေတွေကို သတင်းထုတ်ပြန်လာတာမရှိပါဘူး။
မြေပြင်အခြေအနေနဲ့ပတ်သက်လို့တော့ မြို့လှပီဒီအက်ဖ်တပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။
"သူတို့(စစ်ကောင်စီတပ်တွေ) က ရွှေပေါ်ကျွန်း ကျွန်းတော်လို့ ခေါ်တာပေါ့။ သူတို့က အဲဒီကနေ အုပ်စုလိုက်ညောင်ပင်အောက်မှာထိုင်နေပြီး သူတို့လူတွေကို ၇ယောက်တစ်သုတ် ၈ယောက်တစ်သုတ် လွတ်တယ်။ ပြီးတော့စက်ေလှေသုံးစီးနဲ့ ဒီဘက်ကမ်းကိုကူးလာတယ်။ ကူးလာတဲ့အချိန်မှာ PDF တွေနဲ့ တွေ့ပြီးတော့ တိုက်ပွဲစဖြစ်တာပါ” လို့ ပြောပြပါတယ်။
ခုတော့ သေဆုံးခဲ့တဲ့ မောင်ဇွဲနိုင်မိုးကို စက်တင်ဘာ ၂၃ ရက်နေ့မှာ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီလို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေကပြောပါတယ်။











