နိုင်ငံတဝန်းပြိုင်မယ့်ပါတီတွေအတွက် ကိုယ်စား လှယ်လောင်းအရေအတွက်လျှော့ပေါ့ပေးမှုကို ဆန်းစစ်ခြင်း

ရွေးကောက်ပွဲကော်မရှင်သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲကော်မရှင်သတင်းစာရှင်းလင်းပွဲ
ဖတ်ရန်အချိန်: မိနစ် ၃

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မယ့်ပါတီတွေအနေနဲ့ မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်ကျော်မှာ ဝင်ပြိုင်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ‌ရေးကောင်စီက ပြင်ဆင်လိုက်ပါတယ်။

ပြင်ဆင်ချက်အရ မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်ကျော် အစား စစ်တပ်ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် လေးပုံတစ်ပုံမှာပဲ ဝင်ပြိုင်နိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်ထွက်မလာခင်ကတည်းက ပါတီတချို့ က ဒီအချက်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို တင်ပြတာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရမယ့် နောက်ဆုံးရက်ရဲ့ တစ်ရက်အလိုမှ သာ ပြင်ဆင်ပေးလိုက်တာဖြစ်ပါတယ်။

စစ်ကော်မရှင်က အခုလို ပြင်ဆင်ပေးလိုက်တာ ဘာကြောင့်ပါလဲ။ ဒီလိုဖြေလျှော့မှုက ပါတီတွေအပေါ် တကယ် အကျိုးသက်ရောက်မှု ရှိနိုင်လား။

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီစည်းရုံးရေးမြင်ကွင်း ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, PPP PARTY

ဓာတ်ပုံ ပုံစာ, ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီစည်းရုံးရေးမြင်ကွင်း ( ပုံဟောင်း)

စစ်ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ဒီပြင်ဆင်ချက်အရ တနိုင်ငံလုံးဝင်ပြိုင်မယ့်ပါတီတွေအနေနဲ့ မဲဆန္ဒနယ်စုစုပေါင်းရဲ့ လေးပုံ တစ်ပုံကို ဝင်ရောက်ယှဉ်ပြိုင်ရုံနဲ့အကျုံးဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကျင့်သုံးခဲ့တဲ့ ဒီဥပဒေပါအချက်အရ မဲဆန္ဒနယ်တွေရဲ့ တဝက်အထိ ဝင်ပြိုင်နိုင်တာမရှိရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိ လို့ ပြဋ္ဌာန်းထားတ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၂ ရက်ဟာ ကိုယ်စားလှယ်လောင်းအမည်စာရင်း နောက်ဆုံးတင်သွင်းရမယ့်ရက် ဖြစ်တာကြောင့် တစ်ရက်အလိုမှာပဲ စစ်ခေါင်းဆောင်လက်မှတ်နဲ့ ထုတ်ပြန်ပေးလိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို လေ့လာစောင့်ကြည့်‌‌‌သူ တစ်ဦးကတော့ စာရင်းတင်သွင်းရမယ့်ရက်နီးမှ ဥပဒေ ပြင်ဆင်ပေးလိုက်တာက အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲအခင်းအကျင်းတရပ်ကို ပြသနိုင်ဖို့ သက်သက်သာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

'' လက်ရှိကာလမှာ ပြည်ခိုင်ဖြိုးပါတီက အင်အားအကောင်းဆုံးဖြစ်နေတာကြောင့် အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲအခင်းအကျင်းတရပ်ကို ပြသနိုင်ဖို့ပါပဲ'' လို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို လေ့လာစောင့်ကြည့်‌‌‌သူ က သုံးသပ်ပါတယ်။

အခုပြင်ဆင်ချက်ကြောင့် တနိုင်လုံးဝင်ပြိုင်မယ့်ပါတီ ၆ ပါတီတွေဟာ တနိုင်ငံလုံးအတွက် မဲဆန္ဒနယ် ၁၇၈ နေရာအတွက်ပဲ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းနိုင်ပါတယ်။

ဒါပေမဲ့ ဘီဘီစီရဲ့ မေးမြန်းကြည့်ချက်အရ စက်တင်ဘာ ၂၂ ရက်ဟာ ကိုယ်စားလှယ်လောင်းစာရင်း နောက်ဆုံးတင်ရမယ့် ရက်ဖြစ်တာကြောင့် တစ်နိုင်ငံလုံး ပြိုင်မယ့်ပါတီတွေနဲ့ တိုင်းနဲ့ ပြည်နယ်ကိုယ်စားပြုဝင်‌‌‌ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေအားလုံးက ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားပြီလို့ စုံစမ်းသိရှိရပါတယ်။

ပါတီကြီးအချို့ဟာ လက်ရှိအထိ ဝင်ပြိုင်မယ့်သူတွေရဲ့ လုံခြုံရေးစိုးရိမ်ချက်ကြောင့် ကိုယ်စားလှယ်လောင်း အရေအတွက် ပြည့်မီအောင်ရှာဖွေရမှာ အခက်အခဲတွေရှိနေခဲ့တာပါ။

အဲဒီအထဲ ပြည့်ရှေ့ဆောင်(PPP) ပါတီ၊ ပြည်သူပါတီနဲ့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)တို့ကတော့ သတ်မှတ်အရေအတွက်ပြည့်မီအောင် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထားပြီလို့ ဘီဘီစီကို ပြောပါတယ်။

'' ကိုယ်စားလှယ်လောင်းရှာရခက်တဲ့ ကာလဖြစ်လို့ ပါတီတွေအတွက်လည်း ကောင်းတယ် ကမကထလုပ်ပေးတဲ့ အစိုးရအတွက်လည်း ကောင်းတယ်။'' လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် က မှတ်ချက်ပြုပါတယ်။

ပြည်သူရှေ့ဆောင်ပါတီက မဲဆန္ဒနယ် ၄၈၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ၆၇၈ ဦး တင်ထားတယ်လို့ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။

'' ကာ/လုံရဲ့ ပြင်ဆင်ချက်က ပါတီကြီး ၆ ပါတီ လုံး ပါဝင်သွားနိုင်မှာဖြစ်သလို နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်မယ့် ပါတီတွေအတွက်လည်း အခွင့်အရေးရသွားတယ်'' လို့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဒု ဥက္ကဋ္ဌ ဦးစောသန်းမြင့် ဘီဘီစီကို‌ပြောပါတယ်။

ပြည့်သူပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ ဒီကာလမှာ ပြည်ထောင်စုတဝန်းပြိုင်မယ့်ပါတီတွေ ထပ်ဖျက်သိမ်းခံရရင် နိုင်ငံရေးပုံရိပ်မကောင်းဘူးဆိုတာမျိုး စဉ်းစားပြီး ဥပဒေပြင်ဆင်လိုက်တာဖြစ်နိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

တဖက်မှာလည်း စစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးအပါအဝင် ဗိုလ်ချုပ် ၁၀ ဦးနဲ့ အရာရှိပိုင်းတွေကို အနားပေးထားပြီး လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီကနေ ဝင်ရောက်ယှဥ် ပြိုင်ဖို့ လုပ်ဆောင်နေပါတယ်။

ဒါကြောင့်ပဲ ကိုယ်စားလှယ်လောင်းစာရင်းတွေနောက်ဆုံးထားတင်ရမယ့်ရက်ကို စက်တင်ဘာ ၂၂ အထိ ရက်တိုးပေးလိုက်တာလို့ ပြောဆိုထားကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကစလို့ စစ်ဗိုလ်ချုပ်တွေ တပ်ကနေအငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီ ကတဆင့် အစဥ်အဆက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ အားပြိုင်မှုကြောင့် တပ်ကလွှတ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီဘက်က လက်မခံခဲ့တာရှိခဲ့ပါတယ်။

၂၀၂၅ ရွေးကောက်ပွဲမှာတော့ စစ်ခေါင်းဆောင် စီစဥ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီဘက်က လက်ခံနေရပြီး စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီကြားမှာ မဟာမိတ်ဆက်ဆံရေးဆက်ရှိနေတယ်လို့ ပါတီဘက်က ပြောနေပေမဲ့ ပါတီတွင်းသဘောထားကွဲလွဲမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ပါတီအစည်းအဝေးမြင်ကွင်း ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, USDP

ဓာတ်ပုံ ပုံစာ, ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ပါတီအစည်းအဝေးမြင်ကွင်း ( ပုံဟောင်း)

ပါတီအသီးသီးက တင်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တွေကို စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၄ ရက်အတွင်း ရွေးကောက်ပွဲကော်မရှင်က စိစစ်မှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းခြင်း၊ရုတ်သိမ်းခြင်းနဲ့ စိစစ်ခြင်းဥပဒေနဲ့ ပတ်သက်ပြီး အချက် ၂ ချက်က သတိထားစရာရှိနေတယ်လို့ ပြည်တွင်းနေ အမည်မသုံးလိုတဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောပါတယ်။

ပထမအချက်က အရင်က သက်ဆိုင်ရာ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရမယ်လို့သာ ပါရှိပေမဲ့ ၂၀၂၅ မှာ ပြင်ဆင်ချက်အရ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)မှာ ပါရှိရမယ်လို့ ထပ်မံဖြည့်စွက်ထားပါတယ်။

''သဘောက သက်ဆိုင်ရာမဲစာရင်းမှာ မပါဝင်ရင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမတင် သွင်းမီ လုပ်ထုံးလုပ်နည်းနဲ့ အညီ သက်ဆိုင်ရာမဲဆန္ဒနယ်ရဲ့ မဲစာရင်းမှာ ပါအောင် လုပ်ထားရမယ်'' လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ က ရှင်းပြပါတယ်။

ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ရာမှာလည်း အခြေခံပညာအထက်တန်းအဆင့်ဆိုပြီး သတ်မှတ်ချက်ပါရှိတာကြောင့် ကိုယ်စားလှယ်လောင်းများအနေနဲ့ အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ကြောင်း ကျောင်းဌာနရဲ့ ထောက်ခံချက် (သို့) သင်ယူပြီးမြောက်ထားကြောင်းလက်မှတ်ပါရှိဖို့ ရွေးကောက်ပွဲ ကော်မရှင်ဘက် က တောင်းဆိုထားပါတယ်။

'' အဲဒီ ၂ ချက်ကို သေချာတင်ပြခဲ့ရင်တော့ ကိုယ်စားလှယ်လောင်းတွေ ပါတီတွေ အတွက် ကိုယ်စားလှယ် ကျန်မယ်။ သူတို့တောင်းတဲ့ လိုအပ်ချက်တွေရှိရင်တော့ ကိုယ်စားလှယ်လောင်း ပြုတ်တာဖြစ်နိုင်တာပေါ့။ အဓိက PR မဲဆန္ဒနယ် အတွက် ခက်ခဲကြတယ်'' သူက ဆိုပါတယ်။

ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ရာမှာ အရင်ဥပဒေ မှာ မပါဝင်တဲ့ ပညာအရည်အချင်း သတ်မှတ်ချက်အနေနဲ့ အခြေခံပညာအထက်တန်းအဆင့်သင်ယူပြီးမြောက်သူလို့ ပါရှိတာအပြင် "နိုင်ငံတော်နှင့် ပုဂ္ဂလိက (သို့) မသင့်လျော် သည့်ပေးရန်တာဝန်များ ကင်းရှင်းသူ" ဖြစ်ရမယ်လို့ဆိုပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ်ငါးသိန်း၊ ၂ဝ၁၅ နဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေ ကျပ်သုံးသိန်း လို့ သတ်မှတ်ခဲ့ပါတယ်။ အခု စစ်တပ်ရဲ့ ၂ဝ၂၅ ရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲဝင်ခွင့်အတွက် ပေးသွင်းငွေ ကျပ်ငါးသိန်းကို ပြန်လည် တိုးမြှင့်သတ်မှတ်ထားပါတယ်။

တစ်နိုင်ငံလုံးပြိုင်မယ့် ပါတီအနေနဲ့ ပါတီဝင် ၅ သောင်းမပြည့်လို့ ဖျက်သိမ်းခံရတဲ့ ပါတီတွေရှိခဲ့ပေမဲ့ တဖက်မှာတော့ တစ်နိုင်ငံလုံးပြိုင်မယ့်ပါတီက လွှတ်တော် ၃ ရပ်လုံးအတွက် မဲဆန္ဒနယ်တွေရဲ့ တဝက်အထိ ဝင်ပြိုင်ရမယ်လို့ သတ်မှတ်ချက်ကိုဖျက်ပြီး လေးပုံ တစ်ပုံ ယှဉ်ပြိုင်ရင် အကျုံးဝင်တယ်လို့ ပြင်ဆင်သတ်မှတ်ပေးတဲ့ အပေါ် ဝေဖန်ချက်တချို့ ရှိပါတယ်။

'' လွှတ်တော်ထဲ တကယ်ရောက်မယ့် ကိုယ်စားလှယ်အရေအတွက်ကျတော့ ကန့်သတ်ချက်မထားတာမျိုးဖြစ်နေတယ်။ ဒီတိုင်းဆိုတော့ ရွေးကောက်ပွဲမှာ ပါတီကြီးတွေ အပြိုင်အဆိုင်နည်းသွားသလို လွှတ်တော်ထဲလည်း ကိုယ်စားလှယ် လျော့သွားနိုင်မယ်'' လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ပါတီရုံးဖွင့်ပွဲမြင်ကွင်း ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ

ဓာတ်ပုံ ပုံစာ, ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ပါတီရုံးဖွင့်ပွဲမြင်ကွင်း ( ပုံဟောင်း)

စစ်ကော်မရှင်ခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်းမြို့နယ် ၃၃၀ ထဲက ၅၆ မြို့နယ် မှာ ရွေးကောက်ပွဲကျင်းပခြင်းမရှိတာကြောင့် ၂၇၄ မြို့ မှာ ပြည်သူ့ လွှတ်တော် အတွက် နိုင်သူအကုန်ယူ FTPT စနစ်နဲ့ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။

အမျိုးသား လွှတ်တော်အတွက် ရွေးကောက်ပွဲ စနစ် ၂ မျိုးကို ရောနှောပြီးကျင်းပမှာဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အရ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၉ နေရာကျင်းပဖို့မရှိပါဘူး။ ဒါကြောင့် အမျိုးသားလွှတ်တော်အတွက် FPTP (နိုင်သူအကုန်ယူစနစ်) နဲ့ ကျင်းပမယ့် မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျကိုယ်စားပြုစနစ် ( PR )နဲ့ ၂၆ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၀၁ နယ် ရှိမှာဖြစ်ပါတယ်။

အမျိုးသားလွှတ်‌တော်တစ်ခုတည်းအတွက် ရွေးကောက်ပွဲစနစ် ၂ မျိုးကို ရောနှောပြီးကျင်းပသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက်လည်း အလားတူ ရောနှောကျင်းပမှာဖြစ်ပါတယ်။ FTPT စနစ်နဲ့ ၃၂၂ နယ်ရှိပြီး အချိုးကျကိုယ်စားပြုစနစ် ( PR ) အတွက် ၄၂ နယ်ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မဲဆန္ဒနယ် ၂၉ ခုဖြစ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် စုစုပေါင်း ၃၉၃ နယ် ရှိပါတယ်။