ရေနံစိမ်းစျေးနှုန်းမြင့်တက် - ဧပြီလ ၃ရက် ညနေခင်း ထိပ်တန်း နိုင်ငံတကာသတင်းများ

ရေနံစိမ်း စျေးနှုန်းမြင့်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်ရေးအဖွဲ့က ရေနံစိမ်း ထုတ်လုပ်မှုတွေကို လျှော့ချမယ်လို့ ကြေညာခဲ့ပြီးနောက်မှာ ရေနံစိမ်း စျေးနှုန်းတွေက တက်သွားခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ရေနံစိမ်း တစ်စည်ရဲ့ စျေးနှုန်းဟာ ငါးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တစ်စည်ကို ၈၅ ဒေါ်လာနဲ့ အထက်မှာ ရှိနေခဲ့ပါတယ်။

အိုပက် နဲ့ ပင်လယ်ကွေ့နိုင်ငံများ အဖွဲ့က တစ်နေ့ကို ထုတ်လုပ်မှု ရေနံစိမ်း စည်ပေါင်း တစ်သန်းကျော် လျော့ချမယ်လို့ ကြေညာခဲ့ပြီးနောက်မှာ အခုလို ရေနံစျေးတွေ တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် ရေနံစိမ်း စျေးနှုန်းတွေ တက်သွားခဲ့ဖူးပါတယ်။ အခုလောလောဆယ်မှာ စစ်ပွဲ မတိုင်ခင်က စျေးနှုန်းကို ပြန်ရောက်ခဲ့ပြီ ဖြစ်ပေမဲ့လို့ ထုတ်လုပ်မှု လျှော့ချမယ်ဆိုတဲ့ အိုပက် အဖွဲ့ရဲ့ ကြေညာချက်ကြောင့် စျေးတွေ ပြန်တက်နေပါတယ်။

ရုရှား ဘလော့ဂါကို ဗုံးခွဲသတ်ဖြတ်သူကို ဖမ်းမိ

ရုရှား ဘလောက်ဂါကို ဗုံးခွဲသတ်ဖြတ်သူကို ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှား ဘလောက်ဂါ ဗလာဒန် တာတာစကီး

ရုရှား စစ်ပွဲကို ထောက်ခံတဲ့ ဘလော့ဂါ ဗလာဒန် တာတာစကီးကို သတ်ဖြတ်မှုနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ဒါရာ ထရီပိုဗာ ကို ရုရှား ထောက်လှမ်းရေး တွေက ဖမ်းဆီးလိုက်ပါတယ်။

ရုရှား ဘလော့ဂါ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စိန့်ပီတာစဘဂ်မြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ရုရှား သတင်းမီဒီယာတွေမှာတော့ အခု ဖမ်းဆီးရမိတဲ့ အမျိုးသမီးဟာ ကော်ဖီဆိုင်တစ်ခုမှာ ရုပ်တု တစ်ခု ပေးပြီးနောက် ဗုံးပေါက်ကွဲသွားတာ ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။

ဒီဗုံးခွဲမှုကို ရုရှား အတိုက်အခံ အလက်ဇီ နာဗယ်နီ နဲ့ ယူကရိန်း ထောက်လှမ်းရေးတွေက ပူးပေါင်း လုပ်ဆောင်တာ ဖြစ်ကြောင်း ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီက စွပ်စွဲ ပြောဆိုပါတယ်။

ဒါပေမဲ့ ဒီစွပ်စွဲမှုတွေကိုတော့ ယူကရိန်း တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။

ယူကရိန်း အရှေ့ပိုင်းမြို့ကို ထိန်းချုပ်နိုင်ပြီလို့ ရုရှားပြော

ရှေ့တန်းစစ်မြေပြင်က ယူကရိန်း စစ်သားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှေ့တန်းစစ်မြေပြင်က ယူကရိန်း စစ်သားများ

ယူကရိန်း အရှေ့ပိုင်းက ဘက်မြု မြို့ကို ရုရှား တွေက ထိန်းချုပ်လိုက်ပြီ ဆိုတဲ့ ပြောဆိုမှုတွေကို ယူကရိန်း စစ်တပ် တာဝန်ရှိသူတွေက ငြင်းဆို ကြပါတယ်။

ဘက်မြုမြို့တော်ခန်းမမှာ ရုရှား အလံလွှင့်ထူခဲ့ပြီးနောက်မှာ ရုရှား ကြေးစား စစ်သားအဖွဲ့ ဝါဂနာ ခေါင်းဆောင်က မြို့ကို ထိန်းချုပ်လိုက်ပြီ ဆိုတဲ့ အကြောင်း ပြောကြားခဲ့တာပါ။

ယူကရိန်း သမ္မတ ဇယ်လန်းစကီးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒါဟာ အင်မတန်မှ ရီစရာကောင်းတဲ့ သတင်းဆိုပြီးတော့ ရုရှားတို့ရဲ့ ပြောဆိုမှုကို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ဘက်မြုမြို့သားတွေအနေနဲ့ စိတ်အေးအေးထားဖို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောဆို ခဲ့ပြီး ရုရှားကို အောင်နိုင်ရေးအတွက် အစီအစဉ်တွေ ဆွဲထားပြီးပြီ ဆိုပြီးတော့လည်း ပြောဆိုကြပါတယ်။

ရုရှားတပ်တွေဟာ ဘက်မြုမြို့ကို သိမ်းယူနိုင်ဖို့ ကြိုးစားနေတာ လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပြီး၊ အဲဒီက တိုက်ပွဲတွေ အတွင်းမှာ ထောင်နဲ့ချီတဲ့လူတွေလည်း ထိခိုက်သေဆုံးခဲ့ရပါတယ်။

ကိုဆိုဗို သမ္မတဟောင်းကို စစ်ရာဇဝတ်မှုနဲ့ အိုင်စီစီမှာ စစ်ဆေး

ကိုဆိုဗို သမ္မတဟောင်း ဟာဆင် သာချီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုဆိုဗို သမ္မတဟောင်း ဟာဆင် သာချီ

နိုင်ငံတကာ ရာဇဝတ်ခုံရုံး အိုင်စီစီမှာ စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲခံထားရတဲ့ ကိုဆိုဗို သမ္မတဟောင်း ဟာရှင်း သာချီ ကို စစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့ရာမှာ သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆို သွားခဲ့ပါတယ်။

၁၉၉၀ ခုနှစ်တွေအတွင်း ဆားဗီးယား ထံကနေ လွတ်လပ်ရေး တောင်းယူစဉ်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ အတွင်း လူအမြောက်အများ သေဆုံးခဲ့မှု၊ ညှဥ်းပန်း နှိပ်စက်မှုတွေ အပြင် လူအမြောက်အများကို အဓမ္မ ပြောင်းရွှေ့စေခဲ့ရမှုတွေ အတွက် ကိုဆိုဗို သမ္မတဟောင်းနဲ့ အတူ နောက်ထပ် လူ ၃ ယောက်လည်း စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲ ခံထားရတာ ဖြစ်ပါတယ်။

တရားစွဲခံရသူ အားလုံးက သူတို့မှာ အပြစ်မရှိကြောင်း အိုင်စီစီ တရားရုံးမှာ ထွက်ဆို သွားခဲ့ကြပါတယ်။

မစ္စတာ တာချီဟာ ကိုဆိုဗို လွတ်မြောက်ရေး တပ်မတော်ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး စစ်တပ်ခေါင်းဆောင် အဖြစ်နဲ့ ၂၀၀၈ ခုနှစ်မှာ လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ သူ့ကို စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံစဉ်မှာ သမ္မတ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ကိုဆိုဗို လူအများစုကတော့ သူ့ကို စစ်ပွဲ သူရဲကောင်းအဖြစ် ရှုမြင်ကြပါတယ်။

တောင်တရုတ်ပင်လယ်အရေး မလေးရှား တရုတ်နဲ့ဆွေးနွေးမယ်

မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်

တောင်တရုတ် ပင်လယ်က ရေနံတူးဖော်မှုနဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်က ပြောကြားလိုက်ပါတယ်။

တောင်တရုတ် ပင်လယ် အရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ တစ်ပတ်က တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာ သမ္မတ ရှီကျင့်ဖျင် နဲ့လည်း ဆွေးနွေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

တောင်တရုတ်ပင်လယ်က နယ်မြေအတော်များများကို ပိုင်ဆိုင်ကြောင်း တရုတ်က ကြေညာထားတာဖြစ်ပါတယ်။ ဒါကြောင့် မလေးရှား အပါအဝင် အရှေ့တောင်အာရှ နိုင်ငံအတော်များများနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းကလည်း တောင်တရုတ်ပင်လယ်မှာ မလေးရှားနိုင်ငံက စမ်းသပ်ထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်း နေရာကိုလည်း တရုတ်က စစ်သင်္ဘောတွေ စေလွှတ်ခဲ့တဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။

မိုလ်ဘိုင်းဖုန်း တီထွင်မှု ၁၅ နှစ်ပြည့်

မိုလ်ဘိုင်းဖုန်း တီထွင်သူ မာတီ ကူးပါး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိုလ်ဘိုင်းဖုန်း တီထွင်သူ မာတီ ကူးပါး

လွန်ခဲ့တဲ့ ၁၅ နှစ်က ကမ္ဘာ့ပထမဆုံး မိုလ်ဘိုင်းဖုန်း ခေါ်ဆိုမှုကို နယူးယောက်မြို့ကနေ စတင်ခဲ့တာဖြစ်ပါတယ်။

မိုလ်ဘိုင်းဖုန်းကို စတင် ဖန်တီးခဲ့တဲ့ အင်ဂျင်နီယာ မာတင် ကူးပါး က သူ့ရဲ့ စမ်းသပ်မှု အောင်မြင်ကြောင်း အခြားကုမ္ပဏီက ပြိုင်ဘက် တစ်ဦးကို မိုလ်ဘိုင်းဖုန်းကနေ ဆက်သွယ် ပြောကြားခဲ့တာပါ။

အဲဒီအချိန်တုန်းကတော့ မိုလ်ဘိုင်းဖုန်း အရွယ်အစားဟာ အိမ်ဆောက် အုတ်ခဲ တစ်လုံး အရွယ်အစားလောက်ရှိခဲ့ပြီး ဖုန်းဘက်ထရီကို ဆယ်နာရီကြာ အားသွင်းထားမှ နာရီဝက်လောက် ပြောဆိုချိန် ရခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက မိုလ်ဘိုင်းဖုန်း ဟာ လက်ရှိ စမတ်ဖုန်းတွေရဲ့ လေးဆလောက် အလေးချိန်များပြီး စခရင် မျက်နှာပြင် မရှိ၊ ကင်မရာလည်း မပါသလို၊ SMS စာတို ပေးပို့နိုင်ခြင်းမလည်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်က ဖန်တီးခဲ့တဲ့ မိုလ်ဘိုင်းဖုန်းဟာ ဆက်သွယ်ရေး နည်းပညာရဲ့ ခေတ်သစ်တစ်ခုကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။