အောက်တိုဘာ ၂၆ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - ထိုင်းနဲ့ ကမ္ဘောဒီးယားပဋိပက္ခ ရပ်တန့်မှုကို ထရမ့်ဘာပြောလဲ
ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ ဇူလိုင်လက ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားဖြစ်ခဲ့တဲ့ နယ်စပ်က သွေးထွက်သံယို ပဋိပက္ခတွေကို သူ ရပ်တန့်နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတထရမ့်က ဒီကနေ့ မနက်ပိုင်းက မလေးရှားအာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း သီးခြားပြုလုပ်တဲ့ ကမ္ဘောဒီးယား- ထိုင်း ပဋိပက္ခပြေငြိမ်းရေးသဘောတူညီချက်အခမ်းအနားမှာပြောကြားလိုက်ပါတယ်။
ပဋိပက္ခဖြစ်ပြီးနောက် "ကျွန်တော်တို့ လေးဦးကြား ဖုန်းခေါ်ဆိုမှု အများအပြား" ရှိခဲ့တယ်လို့ ထရမ့်က အာဆီယံဥက္ကဋ္ဌ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ အမေရိကန်တို့အကြားဖုန်းခေါ်ဆိုပြောဆိုမှုတွေကို ရည်ညွှန်းပြောဆိုပါတယ်။
သူ့ကြောင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲက ရက်အတန်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ချက်ချင်းလက်ငင်း ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးနဲ့ အဆုံးသတ်ခဲ့တယ်လို့ ဆိုပါတယ်။
သူ့လုပ်ရပ်က ကုလသမဂ္ဂထက် အဆပေါင်းများစွာ သာလွန်တယ်လို့လည်း အမေရိကန်သမ္မတ ထရမ့်က ပြောပြီး သူက ငြိမ်းချမ်းရေး သဘောတူညီချက်များ ရယူရာတွင် အလွန်ကောင်းမွန်တဲ့သူလို့ သူ့ကိုယ်သူ ဂုဏ်ယူပြောသွားပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား ပူးတွဲကြေငြာချက်ကို ငြိမ်းချမ်းရေးသဘောတူညီချက်လို့ မခေါ်ဆိုဘဲ ထရမ့်က "ကွာလာလမ်ပူ ငြိမ်းချမ်းရေး သဘောတူစာချုပ်" ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အမည်ပေးပြောပါတယ်။
တချိန်တည်းမှာပဲ အခမ်းအနားရဲ့ နောက်ခံဆိုင်းဘုတ်မှာ "Delivering Peace: Cambodia-Thailand Peace Deal" လို့ အမည်ရတဲ့ "ငြိမ်းချမ်းရေးဆောင်ကြဥ်းခြင်း/ ကမ္ဘောဒီးယား-ထိုင်း ငြိမ်းချမ်းရေးသဘောတူညီချက်" ဆိုပြီး ဖော်ပြပါတယ်။
KIO နဲ့ တရုတ် သဘောတူညီမှုရလို့ နယ်စပ်ကုန်သွယ်ဂိတ် ၄ ခု ပြန်ဖွင့်
ဓာတ်ပုံ ရင်းမြစ်, Chinese Embassy in Myyanmar
ကချင်ပြည်နယ်ထဲက ကချင်လွတ်လပ်ရေးတပ်(KIA)ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ဂိတ်တချို့ကို တရုတ်ဘက်က မနေ့ အောက်တိုဘာ ၂၅ ရက်ကစပြီး ပြန်ဖွင့်ပေးလိုက်ပြီလို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။
"ကံပိုင်တည်ရယ်၊ လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ လွယ်ဂျယ်ဂိတ်တွေ ဖွင့်တာဖြစ်ပါတယ်။ တခြားနေရာက ဂိတ်တွေတော့ မဖွင့်သေးပါဘူး" လို့ သူက ဆိုပါတယ်။
မြန်မာက ပြည်သူလူထု အဓိက လိုအပ်တဲ့ စားသုံးကုန်ပစ္စည်းတွေကို တရုတ်ဘက်ကနေ တင်သွင်းဖို့နဲ့ တရုတ်ကိုတော့ သစ်သီးဝလံနဲ့ အသီးအနှံတွေ ပြန်တင်ပို့ရမယ်ဆိုပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO) နဲ့တရုတ်တို့ကြား ညှိနှိုင်းခဲ့တာလို့ သူက ဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း KIA ထိန်းချုပ်ထားပြီး ပိတ်ထားရတဲ့ တရုတ်- မြန်မာနယ်စပ် မြန်မာဘက်ခြမ်း မံစီမြို့နယ်ထဲက မန့်ဝိန်းကြီးဂိတ်နဲ့ ပန်ဝါနယ်စပ်ဂိတ်တွေကတော့ ပိတ်ထားဆဲဖြစ်ပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ ပိတ်ထားရတဲ့ ကျန်တဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့ တရုတ်နဲ့ ဆက်ပြီး ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် မတ်လမှာ KIA က ကချင်ဒေသထဲက စစ်တပ်စခန်းတွေကို ဖိအားပေးတဲ့ ထိုးစစ် စတင်ခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှာ လွယ်ဂျယ်မြို့နဲ့ နယ်စပ်ဂိတ်ကို KIA က ထိန်းချုပ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းကစလို့ မန့်ဝိန်းကြီး၊ ကံပိုင်တည် နဲ့ ပန်ဝါနယ်စပ်ဂိတ်တို့ကို KIA က ဆက်ပြီး သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
KK Park ထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ KNUပတ်သက်တယ်ဆိုတဲ့ စစ်တပ်ရဲ့ စွပ်စွဲချက်တွေကို KNU ငြင်းဆို
ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကရင်အမျိုးသားအစည်းအရုံး(KNU)အနေနဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသမှာရှိတဲ့ KK Park ထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအတွက် မြေငှားရမ်းခ၊ လုံခြုံရေးစောင့်ရှောက်ခ စတဲ့ အကျိုးအမြတ်တွေရနေတယ်ဆိုတဲ့မြန်မာစစ်တပ်ရဲ့ စွပ်စွဲချက်တွေကို KNU က ပြတ်ပြတ်သားသား ငြင်းဆိုတယ်ဆိုပြီး ဒီကနေ့ အောက်တိုဘာ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဧက ၁၀၀ လို့ မြို့ခံတွေကြား သတ်မှတ်ခေါ်ဆိုနေကြတဲ့ နေရာမှာ KNU ရဲ့ မုလအိအလင်းကုမ္ပဏီနဲ့ ထိုင်းကုမ္ပဏီတစ်ခုတို့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း KNU ထပ်မံငြင်းဆိုလိုက်ပါတယ်။
မုလအိအလင်းကုမ္ပဏီအနေနဲ့ ထိုင်းအခြေစိုက် Trans- Asia International Holding ကုမ္ပဏီအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတည်းက ရပ်ဆိုင်းခဲ့တယ်လို့ KNU က ပြောပါတယ်။
KK Park မြို့သစ်စီမံကိန်းကို ငြိမ်းချမ်းရေးကြိုးပမ်းမှုအထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ KNU တို့ ၂၀၁၅ ခုနှစ်မှာ ကနဦးပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ KNU က ဝင်ရောက်သိမ်းပိုက်ခဲ့တာလို့ စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သတင်းထုတ်ပြန်ခဲ့တာပါ။
BGF ရဲ့ တပ်ပိုင်းဆိုင်ရာအရာရှိတွေထဲက အမည်မဖော်လိုသူတစ်ဦးကတော့ KNU က ကျားဖြန့်ကိစ္စတွေမှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ သူသိထားတဲ့အချက်အလက်ကို ဘီဘီစီကို ပြောပါတယ်။
KNU ကတော့ စစ်တပ်က မြန်မာက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအကျိုးအမြတ်ရနေတာကို ဖုံးကွယ်လိုတာကြောင့် သူ့ကို အခုလိုစွပ်စွဲတာလို့ဆိုပြီး အဲဒီလို စွပ်စွဲချက်တွေကို ငြင်းပယ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ကာစီနို(လောင်းကစား)လုပ်ငန်းတွေနဲ့ နာမည်ကျော်တဲ့ KK Park အနီးမှာပဲ ဧက ၁၀၀ နဲ့ AA Park ဝင်းတို့ ရှိပြီး ဒီနေရာတွေထဲမှာလည်း ကျားဖြန့်လုပ်ငန်းတွေ ရာနဲ့ချီစီးဝင်နေတာလို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ နေရာ ၃ ခုလုံးဟာ ကရင်နယ်ခြားစောင့်တပ် (BGF/ KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ရှိနေပါတယ်။
KK Park ကတော့ BGF/ KNA ရဲ့ ဗိုလ်မှူးချုပ် စောတင်ဝင်းက ထိန်းချုပ်ထားတာဖြစ်ပြီး ဧက ၁၀၀ ဝင်းကိုတော့ BGF ရဲ့ ဒုတိယဗိုလ်မှူးကြီး မုတ်သုန်က ထိန်းချုပ်လည်ပတ်နေတာလို့ BGF သတင်းရင်းမြစ်တချို့က အစောပိုင်းက ဖြေဆိုထားကြပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ သမ္မတထရမ့် မလေးရှားရောက်ရှိ
ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတထရမ့်ရဲ့ အဲဖို့စ်ဝမ်းလေယာဥ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ သမ္မတထရမ့်ကို အာဆီယံဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကိုယ်တိုင် ကြိုဆိုခဲ့ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ထရမ့်ရဲ့ ပထမဆုံး အစည်းအဝေးက ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ နောက်ပိုင်း နှစ်နိုင်ငံကြားသဘောတူညီချက်နဲ့ နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေးပြန်ဖြစ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကိုတက်ရောက်မှာဖြစ်ပါတယ်။
ထရမ့်က သူ့ရဲ့ ဒီမနက်အစောပိုင်း Truth Social ပို့စ်မှာ "ကမ္ဘောဒီးယားနဲ့ ထိုင်း နိုင်ငံတို့ ကြားမှာ ကြားဝင်စေ့စပ်ပေးနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ မလေးရှားနိုင်ငံကို ရောက်နေပြီ'' လို့ ရေးသားပါတယ်။
လက်မှတ်ရေးထိုးပွဲကို မူလက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမဲ့ စနေနေ့က ထိုင်းဘုရင့် မယ်တော်၊ မိဖုရားကြီးသီရိခေတ် ကံတော်ကုန်မှုကြောင့် ထိုင်းဝန်ကြီးချုပ် အနုတင်က ဒီမနက်အစောပိုင်းအချိန်ကိုပြောင်းရွှေ့ပေးဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။
မိဖုရားကြီး သီရိခေတ် ကံတော်ကုန်မှုနဲ့ ပတ်သက်ပြီး ''ထိုင်းနိုင်ငံပြည်သူများအတွက်အထူးဝမ်းနည်းကြောင်း'' လည်း သမ္မတထရမ့်က ပြောကြားထားပါတယ်။
တနင်္သာရီ၊ ထားဝယ် မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေသိမ်း
ဓာတ်ပုံ ရင်းမြစ်, ထားဝယ်ခရိုင်တပ်ပေါင်းစု
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက နာမည်ကျော်မောင်းမကန်ကမ်းခြေ နယ်မြေထဲက မောင်းမကန်ရဲစခန်းကို ဒေသအခြေစိုက်တော်လှန်ရေးတပ်တွေက ဒီနေ့ အောက်တိုဘာ ၂၆ ရက်မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ထား၀ယ်ခရိုင်တပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။
"မနက် ၆ နာရီကျော်ကနေ စတိုက်တာ၊ မနက် ၉ ခွဲလောက်မှာ သိမ်းလိုက်နိုင်တယ်" လို့ သူက ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက ပြောပြီး စခန်းသိမ်းတိုက်ပွဲကနေ ဖမ်းမိတဲ့သူရှိ၊ မရှိကိုတော့ဖြေဆိုတာ မရှိပါဘူး။
ရဲစခန်းကို လက်လွှတ်လိုက်ရပြီးနောက် စစ်တပ်က မောင်းမကန်ရဲစခန်းကို စစ်ကူစစ်ကြောင်းတချို့ ထပ်ပို့ခဲ့တယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ပြောသလို လက်ရှိမှာတော့ စစ်တပ်စစ်ကူစစ်ကြောင်းနဲ့"ထိတွေ့မှုမရှိသေးဘူး"လို့ သူက ဆိုပါတယ်။
တနင်္သာရီဒေသတွင်းသတင်းတွေကို ဖော်ပြတဲ့ Dawei Watch သတင်းဌာနမှာတော့ ဒီကနေ့မနက်ပိုင်းက မောင်းမကန်နယ်မြေ ရဲစခန်းအနီးဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲစခန်းအနီးတဝိုက်မှာ မီးလောင်နေတယ်လို့ သတင်းဖော်ပြထားပါတယ်။
နောက်ထပ် ဒေသတွင်းသတင်းဌာန The Tanintharyi Times ကလည်း မောင်းမကန်ရဲစခန်း ကိုတော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ကြောင်းဖော်ပြထားပြီး ဒီစခန်းဟာ ဘန်ကာတွေ၊ ဆက်သွယ်ရေးမြောင်းတွေ အခိုင်အမာဆောက်လုပ် တပ်စွဲထားတဲ့စခန်းဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း ဒရုန်းနဲ့ဗုံးသီးချတာ၊ လာရောက်ပစ်ခတ်တာတွေ မကြာခဏလုပ်ဆောင်ခဲ့ဖူးတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ မောင်မကန်ကျေးရွာနဲ့ အနီးအနားရွာတွေက ဆန္ဒပြသူတွေအပါအဝင် နိုင်ငံရေးအကျဥ်သားတွေကို ဖမ်းဆီးချုပ်နှောင်တဲ့ အချုပ်ခန်းတွေလည်းရှိတဲ့ စခန်းကြီးတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ကတော့ မောင်းမကန်ရဲစခန်းတဝိုက်စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်တာမရှိသေးပါဘူး။
ပဲခူး၊ ပန်းတောင်းက ကပစ ၁၆ အနီးမှာ အေအေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲဆက်ပြင်းထန်
ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ထဲက စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၆)အနီးမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ကြား တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"ကပစ-၁၆ နားနဲ့ မသုံရွာအနီးတဝိုက် တိုက်ပွဲတွေဖြစ်နေတာ" လို့ သူကဆိုပါတယ်။
ကပစ-၁၆ ဟာ မသုံရွာရဲ့ တောင်ဘက်အနီးမှာ ရှိပါတယ်။
အေအေကတော့ ပန်းကန်ကွေ့(ပုဂံကွဲ)ရွာနဲ့ ကပစ-၁၆(ယမ်းချက်စက်ရုံ) အနီးက မြန်မာစစ်တပ်ရဲ့ ပွိုင့် ၆၆၆ ကုန်းကို သိမ်းထားတယ်လို့ အောက်တိုဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီကုန်းကို အေအေရပြီးနောက် နှစ်ဖက်စစ်ရေးပိုတင်းမာလာပြီး ကပစ-၁၆ အနီးက နောက်ထပ်ကာကင်းစခန်းတစ်ခုကိုလည်း အေအေနဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၄ ရက်မှာ ထပ်ပြီးသိမ်းလိုက်တယ်လို့ NUG လက်အောက်ခံ ပြည်ခရိုင်သတင်းပြန်ကြားရေးတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။
စစ်တပ်ကလည်း ၆၆၆ ပွိုင့်ကုန်းနဲ့ ကာကင်းခစန်းလက်လွှတ်လိုက်ရပြီးနောက် ကပစ-၁၆ ကို အကာအကွယ်ပေးနိုင်ဖို့ တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
ဒါ့အပြင် အေအေသိမ်းထားတဲ့ ၆၆၆ ပွိုင့်ကုန်းကို ပြန်ရဖို့အတွက် ကပစ-၁၆ ထဲကို လေကြောင်းကနေ စစ်ကူအင်အား ၁၀၀ ထက်မနည်း ပေးပို့ထားတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က ကပစ-၁၆ အနီးတဝိုက်ကနေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာအပြင် တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်ကတော့ ပန်းတောင်းမြို့နယ်ထဲက စစ်ရေးအခြေအနေတွေကို သတင်းမထုတ်ပြန်သေးပါဘူး။
တီမောကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်တရားဝင်အသိအမှတ်ပြုလိုက်ပြီ
ဓာတ်ပုံ ရင်းမြစ်, Getty Images
တီမောလက်စ်တေ နိုင်ငံကို ၁၁ နိုင်ငံမြာက် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံကြောင်း ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
ဒါဟာ အာဆီယံအနေနဲ့ ၂၆ နှစ်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နောက်ထပ်အဖွဲ့ဝင် တစ်နိုင်ငံကို လက်ခံကြိုဆိုလိုက်တာဖြစ်ပါတယ်။
၂၀၂၅ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်အပါအဝင် အာဆီယံခေါင်းဆောင်တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေက တီမောကို အာဆီယံအဖွဲ့ဝင်ဖြစ်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားအပြီးမှာပဲ တရားဝင်ကြေညာချက်ထွက်လာတာလို့ မလေးရှားမီဒီယာတွေက ဖော်ပြပါတယ်။
တီမောဟာ ဆယ်စုနှစ်တွေကြာ ပဋိပက္ခတွေနဲ့ နယ်ချဲ့သိမ်းပိုက်မှုတွေအပြီး ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံကနေ လွတ်လပ်ရေးရရှိခဲ့တာဖြစ်ပါတယ်။
တီမောဟာ ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေး စတင်လျှောက်ထားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာမှာတော့ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက် စတာတွေကို သဘောတူညီမှုရယူကာ အာဆီယံရဲ့ လေ့လာဖက်နိုင်ငံအဖြစ် သတ်မှတ်ပေးအပ်ခဲ့ပါတယ်။
တီမောဝန်ကြီးချုပ် ဆာနာနာ ဂူစ်မာအို ကတော့ "ဒီနေ့ကတော့ သမိုင်းတွင်သွားပါပြီ။ တီမောကို အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလိုက်ပါပြီ၊ ဒါဟာ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ရုံတင်မကဘဲ ခံနိုင်ရည်ရှိမှု၊ စိတ်ပိုင်းဖြတ်မှု၊ မျှော်လင့်ချက်တွေကြောင့်ဖြစ်လာတဲ့ ခိုင်မာတဲ့ ကတိပြုချက်တစ်ခုပါ"လို့ ပြောကြားခဲ့ပါတယ်။
တီမော က အာဆီယံရဲ့ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာ
ဓာတ်ပုံ ရင်းမြစ်, Getty Images
၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဒီကနေ့ အောက်တိုဘာ ၂၆ ရက်မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။
အာဆီယံဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် က အာဆီယံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကြိုဆိုခဲ့တဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
အခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ထူးခြားချက်ကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေး အဖွဲ့ဝင်နိုင်ငံတွေကို နှစ်ပေါင်းများစွာ မဲဆွယ်စည်းရုံးပြီးနောက် တီမောလက်စ်တေနိုင်ငံဟာ ဒီကနေ့မှာ ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုမှုရရှိနိုင်ခြေရှိနေပါတယ်။
၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားထံက လွတ်လပ်ရေးရရှိခဲ့တဲ့ အဲဒီနိုင်ငံငယ်က ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်အဖြစ် ပထမဆုံး စတင်လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံ ကတိကဝတ်တွေနဲ့ ပံ့ပိုးကူညီမှုအဆင့်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်မှုအပေါ် စိုးရိမ်မှုတွေကြောင့် စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။
အာဆီယံအတွင်းမှာ နောက်ထပ် နိုင်ငံတစ်ခုကို အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရေး ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ရမှာလည်းဖြစ်ပါတယ်။
၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းတက်ရောက်မယ်လို့ ပြီးခဲ့တဲ့ရက်က မလေးရှားကလာတဲ့သတင်းတွေမှာဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကြောင့် ပြည်တွင်းစစ်ကြာရှည်သွားနိုင်တယ် - KIO/KIA ဗိုလ်ချုပ်ကြီး အင်ဘန်လ
ဓာတ်ပုံ ရင်းမြစ်, Screen Grab
ဒီဇင်ဘာမှာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲက ပြည်တွင်းစစ်ကို ပိုကြာစေနိုင်တာကြောင့် အထူးစိုးရိမ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်(KIO/ KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကက ပြောပါတယ်။
မနေ့ အောက်တိုဘာ ၂၅ ရက်မှာ ကျရောက်ခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ၆၅ နှစ်ပြည့် KIO အထိမ်းအမှတ်နေ့မှာ ကချင်သတင်းတွေကို တင်ဆက်ပေးနေတဲ့ ALIEN YANG TV ကနေ အခုလို ပြောလိုက်တာဖြစ်ပါတယ်။
ရွေးကောက်ပွဲကို ထောက်ခံတဲ့သူနဲ့ မထောက်ခံတဲ့သူ အဖွဲ့ ၂ ဖွဲ့ကွဲပြီး ညှိနှိုင်းပြောဆိုဖို့ ဒီထက်ပိုပြီး ခဲယဉ်းလာနိုင်တယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
"ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာမြင်ရတဲ့အတွက် အထူးစိုးရိမ်မိပါတယ်။ ရွေးကောက်ပွဲကို ထောက်ခံတဲ့ အဖွဲ့၊ မထောက်ခံတဲ့အဖွဲ့ အဖွဲ့ ၂ ဖွဲ့ပေါ်လာမှာဖြစ်ပါတယ်။ ဒီအဖွဲ့ ၂ ဖွဲ့က ညှိနှိုင်းရတာခက်ခဲသွားမယ်။ ပြည်တွင်းစစ်လည်း ဒီထက်ပိုကြာသွားနိုင်တယ်" လို့ သူက ဆက်ပြောပါတယ်။
အလားတူ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို လူထုတွေအနေနဲ့ လက်ခံတာဖြစ်ဖြစ်၊ လက်မခံတာဖြစ်ဖြစ် နိုင်ငံအတွင်းမှာ ယှဉ်တွဲနေထိုင်နေကြရတာကြောင့် သတိထားနေထိုင်ကြဖို့ကိုလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက အသိပေးထားပါတယ်။
KIO အနေနဲ့လည်း နိုင်ငံရေးအပြောင်းအလဲတွေအတွင်း တစ်နိုင်ငံလုံးနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံး ငြိမ်းချမ်းမှုရဖို့ အဖြေရှာနေတယ်လို့လည်း သူက ထည့်ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာနေထိုင်နေရတဲ့ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ မဖြစ်မနေ ပါဝင်ရတော့မှာဖြစ်ပြီး တစ်ဦးချင်းစီ ပါဝင်ရမှာဖြစ်လို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းကြဖို့ဆိုပြီး ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းထားပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်ထဲက ဖားကန့်၊ ခေါင်လန်ဖူးနဲ့ ဗန်းမော်မြို့နယ်တွေထဲက နေရာတချို့မှာ KIA/ PDF ပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်ပါတယ်။
စစ်တပ်စီးနင်းခဲ့တဲ့ မြဝတီ KK Park မှာ ပေါက်ကွဲမှုထပ်ဖြစ်
ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကရင်နယ်ခြားစောင့်တပ်(BGF/ KNA) ထိန်းချုပ်ထားတဲ့ မြဝတီ ကေကေပါ့ခ်(KK Park) ဝင်းထဲမှာ မနေ့ အောက်တိုဘာ ၂၅ ရက်ညပိုင်းက ပေါက်ကွဲမှုတချို့ ထပ်ဖြစ်ပြီး ပေါက်ကွဲသံတချို့ ကြားရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးနဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
နယ်စပ်မှာ တရားမဝင်လုပ်ငန်းတွေမရှိဖို့ဆိုပြီး စစ်တပ်က KK Park ဝင်းထဲကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အောက်တိုဘာ ၂၃ ရက်ကစပြီး ပေါက်ကွဲသံတွေ ကြားလာရတာလို့ မြဝတီမြို့ခံ တချို့က ပြောပါတယ်။
မနေ့ညက ဖြစ်တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး "KK Park ဝင်းထဲမှာ ကျားဖြန့်လုပ်ငန်းတွေရှိတာကြောင့် လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အရေးကြီးစာရွက်စာတမ်းတွေ၊ အချက်အလက်တွေကို ဖျောက်ဖျက်ချင်လို့ ဗုံးခွဲတာဖြစ်နိုင်တယ်" လို့ မြေပြင်အခြေအနေသိတဲ့ ဘီဘီစီသတင်းရင်းမြစ်က မြေပြင်မှာထွက်ပေါ်နေတဲ့ သတင်းအချက်အလက်တချို့ကို အခြေခံပြီး ပြောပါတယ်။
KK Park ဝင်းထဲက ဖောက်ခွဲမှုနဲ့ပတ်သက်လို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်ကတော့ "အရင်ကတည်းက တရားဝင်ခွင့်ပြုမြေမဟုတ်ဘူး။ တရားဝင်ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဆောက်လုပ်ထားတာကြောင့် အဆောက်အဦတွေ အကုန်ဖျက်ဆီးပစ်ဖို့ စစ်တပ်ရဲ့ ညွှန်ကြားချက်က ရှိပြီးသား"လို့ အောက်တိုဘာ ၂၄ ရက်က ဘီဘီစီကိုဖြေဆိုထားပါတယ်။
ဖောက်ခွဲသံတွေကြားနေရပေမယ့် KK Park ဝင်းနဲ့ အနီးတဝိုက်က BGF ရဲ့ လုံခြုံရေးဂိတ်တွေနဲ့ ရထိုက်ကုမ္ပဏီရဲ့ လုံခြုံရေးဂိတ်တွေမှာတော့ လုံခြုံရေးစောင့်ကြပ်သူတွေနဲ့ ပုံမှန်အတိုင်းပဲ ဆက်ရှိနေတယ်လို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
KK Park ဝင်းထဲကို"ပုံမှန်ပို့လေ့ရှိတဲ့ နိုင်ငံခြားက လာတဲ့ အစားအသောက်ရိက္ခာတွေလည်း ဆက်ဝင်နေတယ်။ ဝင်းထဲက မှာလို့ ပစ္စည်းလာပို့တာတွေလည်း ဆက်ရှိနေတယ်" လို့ မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်က KK Park ထဲကို ထပ်မံဝင်ရောက်စီးနင်းမယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာပြီးနောက် KK Park ဝင်းထဲမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတချို့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လက်ရှိ ထိုင်းဘက်ခြမ်း မဲဆောက်မြို့က ရဲစခန်းတချို့နဲ့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းထဲမှာ KK Park ဝင်းထဲကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသား ၁,၀၀၀ ကျော်ရောက်နေပြီး ထိုင်းအာဏာပိုင်တွေက စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
သမ္မတထရမ့် တက်ရောက်မယ့် အာဆီယံအစည်းအဝေးကြောင့် ကွာလာလမ်ပူ မြို့လယ်ခေါင်မှာ လုံခြုံရေးတင်းကျပ်ပိတ်ဆို့
အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေတဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၆ ရက် ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်လို့ မလေးရှားအာဏာပိုင်တွေက ထောင်နဲ့ချီသော ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးချထားတယ်လို့ အဲဒီမှာရောက်နေတဲ့ ဘီဘီစီသတင်းထောက် တက်ဆာဝေါင်း က သတင်းပေးပို့ပါတယ်။
ကွာလာလမ်ပူမြို့ပေါ်နဲ့ အစည်းအဝေးကျင်းပမယ့်နေရာတဝိုက်မှာ လုံခြုံရေးကင်းလှည့်နေတဲ့ ရဲကားတွေ၊ လမ်းထောင့်တိုင်းမှာ လုံခြုံရေးချထားတဲ့ ရဲတပ်ဖွဲ့တွေနဲ့ပြည့်နှက်နေသလို ကောင်းကင်ကနေလည်း ရဟတ်ယာဥ်တွေနဲ့ ကင်းလှည့်နေပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးနဲ့ ဂါဇာ စစ်ပွဲမှာ အစ္စရေး အပေါ် အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ပတ်သက်ပြီး ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အစည်းအဝေးကျင်းပမယ့် အဆောက်အဦနဲ့ နီးကပ်တဲ့ ပန်းခြံမှာ ပြုလုပ်ဖို့ တက်ကြွလှုပ်ရှားသူတွေက စီစဉ်ထားတာလည်းရှိနေပါတယ်။
ဒါပေမဲ့ မလေးရှားအာဏာပိုင်တွေက အဲဒီဆန္ဒပြပွဲတွေကို ခွင့်ပြုဖို့ မရှိတဲ့အခြေအနေ ဒါမှမဟုတ် မူလစီစဥ်ထားတဲ့နေရာကနေ ပိုဝေးတဲ့တစ်နေရာကို ပြောင်းရွှေ့ဖို့ စီစဥ်နေတယ်လို့ ကနဦးသတင်းတွေကဖော်ပြပါတယ်။
ဒါက အာဆီယံဥက္ကဋ္ဌ မလေးရှားက အမေရိကန်သမ္မတရဲ့ ခရီးစဥ်အပေါ် ထိခိုက်စေမယ့် အကြောင်း အချက်တွေ ကို မထိခိုက်စေလိုတဲ့ သဘောကိုလည်းမြင်တွေ့ရပါတယ်။
သမ္မတထရမ့်ဟာ ဒီကနေ့မှာ အာဆီယံ- အမေရိကန်အစည်းအဝေးနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေပါဝင်တဲ့ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ရှိနေပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။