စက်တင်ဘာ ၂ ရက်ထိပ်တန်းသတင်းများ - မြောင် ထွေအုပ်ရုံး ဒရုန်းနဲ့ ဗုံးကြဲခံရ၊ လေးဦးသေဆုံး

ဗုံးကြဲရာမှာ သုံးခဲ့တဲ့ ဒရုန်းတစ်စင်း

ဓာတ်ပုံ ရင်းမြစ်, CDSOM

ဓာတ်ပုံ ပုံစာ, ဗုံးကြဲရာမှာ သုံးခဲ့တဲ့ ဒရုန်းတစ်စင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို စက်တင်ဘာ ၁ ရက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့တယ် လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ CDSOM က ဘီဘီစီ ကို ပြောပါတယ်။

ထွေ/အုပ်ရုံး မှာ တပ်စွဲထားတဲ့ စစ်ကြောင်းကို ဒရုန်းငါးစင်း အသုံးပြုပြီး ဗုံးဆယ်လုံးကြဲခဲ့မှုမှာ သေဆုံးတဲ့အပြင် ဒဏ်ရာရသူတွေပါ ရှိခဲ့တယ်လို့ CDSOM တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို လုပ်ဖို့ ပြီးခဲ့တဲ့ လကတည်းက စီစဉ်ခဲ့ပေမဲ့ အရပ်သားတွေကို ဖမ်းဆီးထားတာကြောင့် တိုက်ခိုက်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး စက်တင်ဘာ ၁ ရက် မှ လုပ်ဆောင်ခဲ့တာ လို့ CDSOM က ပြောပါတယ်။

‘’အရပ်သားတွေကို ဘယ်နားချုပ်ထားမှန်းမသိဘူး။ သတင်းမကြားရတော့ဘူး။ ပြီးတော့ သူတို့က တပ်ပြောင်းတော့မှာ။ အဲဒါကြောင့် ကျွန်တော်တို့ ဒီတိုက်ခိုက်မှုကို အချိန်မီ စီစဉ်တာ’’ လို့ CDSOM တာဝန်ရှိသူ က ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ် ၁၂ ဖွဲ့အထိ ပူးပေါင်းပါဝင်ခဲ့တယ် လို့ CDSOM ကထုတ်ပြန်ထားပါတယ်။

CDSOM ရဲ့ အပြောအရ ဒီစစ်ကြောင်းဟာ ဘီလူးစစ်ကြောင်းက ဖြစ်ပြီး မနှစ်ကတည်းက မြောင် နဲ့ မြင်းမူ တဝိုက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းလို့သိရပြီး သြဂုတ်လထဲမှာ မြောင် ကို ပြန်ဝင်လာတာ လို့ သိရပါတယ်။

မြောင် ထွေအုပ် ရုံး တိုက်ခိုက်ခံရမှု နဲ့ပတ်သက်လို့ စစ်ကောင်စီ ဘက်က စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းအထိ သတင်း တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ရွှေကူမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းမိတယ်လို့ မြို့လှ PDF ပြော

မြို့လှကာကွယ်ရေးတပ်ဖွဲ့ သိမ်းဆည်းမိတယ်ဆိုတဲ့ လက်နက်ခဲယမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, မြို့လှ PDF

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးရွာမှာတပ်စွဲထားတဲ့အထိုင်တပ်နဲ့ ကျောက်ကြီးရဲစခန်းကို မြို့လှ K-PDF က တိုက်ခိုက်ခဲ့တဲ့နောက်လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံနဲ့တကွထုတ်ပြန်လာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြို့လှကာကွယ်ရေးတပ်ဖွဲ့ဘက်က အပြောအရ စက်တင်ဘာ ၁ ရက်က ကျောက်ကြီးရွာထဲက အထိုင်တပ် နဲ့ ရဲစခန်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းဒဏ်ရာရတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

တိုက်ပွဲချိန် ၃ နာရီ ခန့် ကြာမြင့်ပြီး ရဲစခန်းနဲ့ တပ်အထိုင်စခန်းနေရာတိုက်ခိုက်ခံရတဲ့နောက်စစ်ကောင်စီဘက်က လေကြောင်းသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့လည်းဒေသအခြေအနေ သိရှိသူကပြောပါတယ်။

စစ်ကောင်စီဘက်ကလေယာဥ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေထိခိုက်မှုကို အတိအကျသိရတာမရှိသေး‌သလို ကျောက်ကြီးရွာအနီးက ပေါက်ကုန်းရွာမှာတော့ သာသနိကအဆောက်အဦးတချို့ပျက်စီးပြီး ကျောက်ကြီးရွာနဲ့ တဝိုက်ကဒေသခံတွေဟာ တိုက်ပွဲနဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

ရွှေကူမြို့နယ် ကျောက်ကြီးရွာ ရဲစခန်းကို ၂၀၂၁ ခုနှစ် မတ်လနောက်ဆုံးပတ်ကလည်း KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့သလို မေလကလည်း ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ ကျောက်ကြီးရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

အခု စခန်းနေရာမှာ စစ်ကောင်စီဘက်ကပြန်လည်နေရာယူထားချိန်မှာ ပြန်လည်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ကျောက်ကြီးရွာဟာ ရွှေကူမြို့နဲ့ ၁၅ မိုင်လောက် အကွာမှာ တည်ရှိတာဖြစ်ပြီး မြစ်ရဲ့ တစ်ဖက်ကမ်းမှာရှိပါတယ်။

စစ်ရေးတင်းမာနေတဲ့ ပြည်နယ်တွေမှာ နယ်/လုံဝန်ကြီး တွေ အပြောင်းအလဲလုပ်

ကယားပြည်နယ်က တိုက်ပွဲတစ်ခုမှာ သိမ်းဆည်းခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, ကယားပြည်နယ်က တိုက်ပွဲတစ်ခုမှာ သိမ်းဆည်းခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့

ကချင်၊ကယား၊ကရင်၊ချင်း နဲ့ မန္တလေးတိုင်း တွေက လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ငါးဦးကို စစ်ကောင်စီက အပြောင်းအလဲ လုပ်လိုက်ပါတယ်။

ကချင်ပြည်နယ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးနေရာကို ဗိုလ်မှူးကြီးကျော်သူရ ရောက်လာပြီး ရခိုင်ပြည်နယ်က နယ်/လုံ ဝန်ကြီးဟောင်း ဖြစ်ပါတယ်။

ကယားပြည်နယ် နယ်/လုံ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး သန်းစိုးအောင်၊ ကရင်ပြည်နယ် နယ်/လုံ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမင်းသူကျော်၊ ချင်းပြည်နယ် နယ်/လုံ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးသိန်းထွန်းအောင် တို့ကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးနေလင်းစိုး ခန့်အပ်ခံရပါတယ်။

စစ်‌ရေးတင်းမာနေတဲ့ ပြည်နယ်တွေ နဲ့ မန္တလေးလို အရေးကြီးတဲ့ နေရာမှာ အပြောင်းအလဲတွေ လုပ်ခဲ့တဲ့အတွက် အသစ်ရောက်လာတဲ့ ဝန်ကြီးတွေ အတွက် ခက်ခဲလိမ့်မယ် လို့ လုံခြုံရေးဆိုင်ရာလေ့လာသုံးသပ်သူတွေကတော့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း လည်း ဖယ်ရှားခံရပြီး ဗိုလ်မှူးကြီး မင်းမင်းလတ် က ဝန်ကြီးအသစ် ဖြစ်လာခဲ့ပါတယ်။

စစ်တပ်ရဲ့ အရေးပါတဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး နှစ်နေရာ နဲ့ တိုင်းမှူး လေး နေရာအထိ သြဂုတ်လထဲမှာ ပြောင်းခဲ့ပြီးတဲ့နောက် နယ်/လုံ ဝန်ကြီး အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်လာတာလည်း ဖြစ်ပါတယ်။

နေပြည်တော်လုံခြုံရေးကို အဓိကကိုင်တွယ်ရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး နေရာ နဲ့ ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး နဲ့ ချင်းပြည်နယ်တွေကို တာဝန်ယူရတဲ့ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး နေရာတွေ သြဂုတ်မှာ အပြောင်းအလဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အထူးအယူခံလျှောက်ထားတဲ့ အဂတိ ၅ မှုကို ကြားနာဖို့ရှိ

၂၀၁၆ ခုနှစ်က လာအိုအာဆီယံအစည်းအဝေးတက်တဲ့ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်က လာအိုအာဆီယံအစည်းအဝေးတက်တဲ့ဒေါ်အောင်ဆန်းစုကြည်

လာမယ့်စက်တင်ဘာ ၅ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အထူးအယူခံတင်ထားတဲ့အမှုတွေထဲက အဂတိအမှု ၅ မှုကို လက်ခံဖို့သင့် ၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာကြားနာဖို့ရှိတယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။

ကြားနာဖို့ရှိတဲ့ အဲဒီ အဂတိ ၅ မှုက ဒေါ်ခင်ကြည်‌ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်ဆီကအလှူငွေတွေ လက်ခံတယ်ဆိုတဲ့စွပ်စွဲချက်၊ နေပြည်တော်လရောင်တောမြေနေရာကိုဖောင်ဒေးရှင်းအတွက်အသုံးပြုမှုမှာ အဂတိလိုက်စားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမှုတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်ကတော့ ကိုဗစ်ကာလ လူစုလူဝေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရတဲ့ သဘာဝဘေးစီမံ ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့ အမှု ၂ မှု၊ နေအိမ်ထဲမှာ စကားပြောစက်တွေတွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုခံရတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ နဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၊ ဖမ်းဆီးခံထားရချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကထုတ်ပြန်တဲ့ ကြေညာချက်ကြောင့် တရားစွဲခံရတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု- ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) အပါ ၅ မှု အတွက် အထူးအယူခံတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပယ်ချခဲ့ပါတယ်။

အဲဒီအထူးအယူခံပယ်ချခံရတဲ့ ၅ မှုဟာ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက် စစ်ကောင်စီပြစ်ဒဏ် လျှော့‌ပေါ့ပေးခဲ့တဲ့အမှုတွေဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပေမဲ့ တရားစီရင်ရေးအရ စွပ်စွဲခံရသူကသူ့မှာ အပြစ်မရှိတဲ့အတွက် အထူးအယူခံကိုဆက်လျှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

'' ပြစ်ဒဏ်လျှော့ပေါ့တာ တွေ ပြစ်ဒဏ်ချခံစရာမလိုတော့တာတွေက စစ်ကောင်စီအပိုင်းပါ။ဒေါ်အောင်ဆန်းစုကြည်ကတော့စကတည်းက ဒီအမှု ၅ မှုအပါ သူစွဲဆိုခံရတဲ့အမှုတွေအတွက် သူ့မှာလုံးဝအပြစ်မရှိဘူးဆိုတာကိုဥပဒေအရရပိုင်ခွင့်သုံးပြီးတောင်းဆိုတာလို့ သိရတယ်'' လို့ ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

အထူးအယူခံပယ်ချခံရတဲ့အမှုတွေအတွက် ဥပဒေအရ ဆိုရင် တရားသူကြီးချုပ်ကိုတိုက်ရိုက်လျှောက်ထားခွင့်ရှိသေးတဲ့အတွက် စွပ်စွဲခံရသူရဲ့ဆန္ဒ အရဆက်လက်လုပ်ဆောင်နိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူက ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာသူတို့ နှစ်ဦး ပူးတွဲစွပ်စွဲခံခဲ့ရတဲ့ ရဟတ်ယာဥ် ငှားရမ်း၊ဝယ်ယူ ၊ ပြင်ဆင်မှုဆိုင်ရာ အမှု ၅ မှု နဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ (က) အမှုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတေးလျနိုင်ငံသား ‌စီးပွားရေးပညာရှင်မစ္စတာရှောင်တာနယ်တို့ တရားစွဲခံခဲ့ရတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ပုဒ်မ အတွက်ထောင်ဒဏ်ချမှတ်ခံရတဲ့ အမှုတွေကိုလည်း ဆက်လက်ပြီး အယူခံတင်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ထောင်ဝင်စာရိက္ခာပေးပို့မှုအရ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်တယ်လို့သာသိရတယ်လို့ ထောင်ရိက္ခာပို့ဆောင်သူတွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။