၂၀၂၂ ကမ္ဘာ့ဖလား- အီရန်အစိုးရဆန့်ကျင်ရေး ဘောလုံးပရိသတ်တွေရဲ့  'လျှို့ဝှက်ကလပ်'

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

လီနာရှိတ်ခိုနီ၊ ဘီဘီစီ ကမ္ဘာ့အစီအစဥ်

 အီရန်လက်ရွေးစင်အသင်းကို  စိတ်ပျက်နေကြတဲ့  အီရန်ဘောလုံးပရိသတ် အများစု အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ သပိတ်မှောက်ဆန္ဒပြနေကြပါတယ်။

 အီရန်နိုင်ငံတွင်းက လက်တလော ဆန္ဒပြပွဲတွေကို အပြည့်အဝ မထောက်ခံတာ၊ ဆန္ဒပြတဲ့ လူရာနဲ့ ချီကို သတ်ဖြတ်နေတဲ့  အစိုးရကို ဝေဖန်ပြောဆိုမှုတွေ မလုပ်တာကြောင့် အီရန်လက်ရွေးစင်အသင်းကို သပိတ်မှောက်နေကြတာပါ။   

 အခုတော့ အီရန်နိုင်ငံ အပြင်ဘက်မှာ နေထိုင်နေကြတဲ့ အီရန်လက်ရွေးစင်အသင်းရဲ့ ပရိသတ်တစ်စုက ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနေတဲ့ ဒိုဟာမြို့ထိရောက်အောင်သွားပြီး  အီရန် လက်ရွေးစင်အသင်းကို ဆန္ဒပြနေကြပါတယ်။

 "သူတို့မျက်လုံးတွေထဲမှာ အကြောက်တရားတွေကို မြင်နေရလို့ ဒီလိုလုပ်ရတာကို ကျေနပ်မိတယ်"လို့  ဘောလုံးဝါသနာအိုး အီရန်အမျိုးသမီးငယ် တာရာက ပြောပါတယ်။

 အီရန်လက်ရွေးစင်အသင်းကစားတဲ့ ပွဲတွေမှာ အီရန်အစိုးရ ထောက်ခံသူတွေ အများကြီးလာကြည့်ကြတယ်လို့လည်း  သူကပြောပြပါတယ်၊။

 တာရာဆိုတာက သူ့ နာမည် အစစ်တော့ မဟုတ်ပါဘူး။ပြီးတော့ ကျွန်တော်နဲ့ စကားပြောရတဲ့သူတိုင်းကလည်း သူတို့ဘယ်သူ ဘယ်ဝါဆိုတာကို လျှို့ဝှက်ပေး ထားမှ အင်တာဗျူးပေးမယ်လို့ ပြောကြပါတယ်။   

 အာမီရာကတော့  သူ့အတွဲ  ရာနာနဲ့ အတူ ဒိုဟာကို လာခဲ့တာပါ။

" ကျွန်တော်တို့ ဒီကို မလာရင် သူတို့ လူတွေပဲ ကွင်းထဲမှာ ရှိနေမှာ။ အဲ့ဒီအခြေအနေ မျိုးကို အီရန်အစိုးရကလည်း လိုချင်နေတာလို့  " လို့  သူ့ထင်မြင်ချက်ကို ပြောပြ ပါတယ်။

 "ဒါက ကျွန်မတို့ရဲ့ ဟန်းနီးမွန်းခရီးဖြစ်သွားပြီ "လို့ ရာနာကလည်း ဘေးက ဝင်ပြောပါတယ်။

 ဒါပေမဲ့ ဒိုဟာမှာ ဘောလုံးပွဲတွေလာကြည့်တာက ရာနာအတွက် မတူကွဲပြားတဲ့  ခံစားမှုတွေ ရခဲ့ပါတယ်။   

" အီရန်နိုင်ငံထဲက ကျွန်မတို့ ညီအစ်ကို မောင်နှမတွေ သေနေကြတာအတွက် ဝမ်းနည်းကြေကွဲရတယ်။ အဲ့ဒါကြောင့် ဒီမှာဘောလုံးပွဲကြည့်ရလို့  စိတ်လှုပ်ရှား ရပေမယ့် မပျော်နိုင်ဘူး”  ဆိုတဲ့ အကြောင်း  သူက ရှင်းပြပါတယ်။

ကမ္ဘာဖလားပြိုင်ပွဲဝင် အီရန်အသင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာဖလားပြိုင်ပွဲဝင် အီရန်အသင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အီရန်အသင်းနဲ့ ရန်တိုက်ပေးတယ်

 ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားရင်း မာရှာအာမီနီ လို့ ခေါ်တဲ့  အသက်၂၂နှစ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့တာကို အကြောင်းပြုပြီး စက်တင်ဘာလ ကတည်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အီရန်နိုင်ငံမှာ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

 အီရန်ဘောလုံးအသင်းက ဆန္ဒပြသူတွေ ဘက်ကပဲရပ်ရပ် အစိုးရကို ထောက်ခံနေတာပဲဖြစ်ဖြစ် အခု အချိန်ဟာ အီရန်လူထုအတွက်က ကြေကွဲနေရတဲ့ အချိန်ပါ။

 Team Melliလို့  လူတွေက ချစ်စနိုးခေါ်ကြတဲ့ အီရန်လက်ရွေးစင် ဘောလုံးအသင်း ဒိုဟာကို ထွက်မလာခင်က သမ္မတ Ebrahim Raisiနဲ့ တွေ့ဆုံခဲ့ပါတယ်။

 အီရန်သမ္မတနဲ့ အီရန်လက်ရွေးစင်အသင်းတို့တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေ အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့တွေရဲ့ လူမှုကွန်ရက်မီဒီယာတွေကနေတစ်ဆင့် ပျံ့နှံ့သွားပြီး၊ အီရန်အသင်းကို ဝေဖန်ရှုတ်ချ၊ သပိတ် မှောက်ဖို့ အထိပါ ဆော်သြတောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

 "အီရန်လက်ရွေးစင်အသင်း Team Melliက  အီရန် လူထုအတွက်ပါ။ အီရန် အသင်းက အသံမရှိတဲ့လူတွေလိုဖြစ်နေပြီး ၊ ကျွန်မတို့နဲ့အတူရှိရမယ့် သူတွေက ကျွန်မတို့နဲ့ ရန်တိုက်ပေးဖို့ အီရန်အစိုးရရဲ့ အသုံးချခံနေရတယ်" တာရာက သူခံစားနေရတာကို ပြောပြပါတယ်။

 ကမ္ဘာ့ဖလား ပထမပွဲ စစချင်းမှာ လူတိုင်း စိတ်လှုပ်ရှားနေကြပါတယ်။

 “ အီရန်ကို အနိုင်ရစေချင်ပေမယ့် အဲ့ဒီလိုတွေးတာက မမှန်ဘူးလို့ တစ်ဖက်က ခံစားရတယ်” လို့ ရာနာက ဆိုပါတယ်။

 ဒါပေမဲ့ အီရန်နဲ့ အင်္ဂလိပ်လို 'အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု' လို့ ရေးထားတဲ့ တီရှပ်တွေ၊  လက်သည်းဆေးဆိုးထားတဲ့ သူတွေကို ကွင်းထဲ တွေ့လိုက်ရတော့ ဆန္ဒပြသူတွေ အားတက်သွားပါတယ်။

 “ဒါက လျှို့ဝှက်ချက်တစ်ခုဖြစ်ပေမယ့် အရမ်းကြီး လျို့ဝှက်ရမယ့် ကိစ္စမျိုးတော့ မဟုတ်ဘူး” လို့ ရာနာက ပြောပြီး တစ်ယောက်ကိုတစ်ယောက် အားပေးခဲ့ ကြတယ် လို့ ဆိုပါတယ်။

 အီရန်ဘောလုံးအသင်းက  ပထမပွဲစဉ်မှာ  နိုင်ငံတော်သီချင်းသီဆိုဖို့  ငြင်းဆန်ခဲ့ ပါတယ်။ ဒါပေမဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဘောလုံးပရိသတ်တွေက သူတို့ အသံတွေ ကြားအောင် အော်ခဲ့ကြပါတယ်။

 ပွဲစပြီး ရှစ်မိနစ်နဲ့ ၈၈မိနစ်မှာ အီရန်အစိုးရကို အဝေဖန်ဆုံးလူတွေထဲက ဘောလုံး သမားဟောင်း အာလီကာရီမီရဲ့ နာမည်ကို သံပြိုင် ကြွေးကြော် အော်ဟစ် ခဲ့ကြပါတယ်။

“နိုင်ငံတော်သီချင်းဖွင့်တာ ဝိုင်းလှောင်  အော်ဟစ်ကြတဲ့လူတွေရှိသလို ကစားသမားတွေ နာမည် ကြေညာတဲ့အခါမှာလည်း  ဘယ်သူမှ  လက်ခုပ်မတီးကြဘူး။”လို့ ရာနာက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

 တင်းမာတဲ့ ဒုတိယပွဲ

 ဒါပေမဲ့ အီရန် အသင်း ကစားခဲ့တဲ့ ဒုတိယမြောက်ပွဲအခြေအနေကတော့ အရမ်းကွာခြားသွားပါတယ်။

 လုံခြုံရေး တင်းကျပ် စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ကြားက ဆန္ဒပြသူ သုံးဦးက ဆန္ဒပြရင် သုံးတဲ့ သူတို့ ပစ္စည်းတွေနဲ့အတူ ကွင်းထဲကို ရောက်အောင် ဝင်လာနိုင်ခဲ့ပါတယ်။

 “ အခြေအနေက အရမ်းကြောက်စရာကောင်းတယ်။ စိတ်ထဲမှာလည်း ခြိမ်းခြောက်ခံ နေရသလိုမျိုး ခံစားရတယ်။"လို့ တာရာက ပြောပြပါတယ်။

 ပြီးတော့ ရာနာ၊တာရာနဲ့ အာမီရာတို့က ဒီပွဲလာကြည့်တဲ့သူတွေထဲမှာ အီရန် အစိုးရ ထောက်ခံသူတွေ ပိုများနေတယ်လို့ ခံစားမိတဲ့ အကြောင်းပြောပြပါတယ်။ 

 "ကွင်းထဲမှာ သူတို့  စကြွေးကြော်လိုက်တာနဲ့  နောက်အတန်းကလူတွေက လည်း သူတို့ အသံတွေတိတ်သွားအောင်” အီရန်တွေကို  ဂုဏ်ပြုတယ်။ အီရန်နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူတယ်” ဆိုတဲ့ ကြွေးကြော်သံ တစ်ခုထဲကို တောက်လျှောက် လိုက်အော်ခဲ့ကြတယ်လို့ တာရာက ပြောပါတယ်။

 အားကစားကွင်း လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားပြီး၊ ပရိသတ်အချို့ဆီက ဆန္ဒပြရင် သုံးတဲ့ ပစ္စည်းတွေ သိမ်းတာကို တွေ့ခဲ့ရတယ်လို့  သူတို့ က ပြန်ပြောပြပါတယ်။

“အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု” အတွက် ရပ်တည်ပြောဆိုနေတဲ့ လူတိုင်းကို သူတို့ ကြောက်ကြတယ်… ဘာလို့ လဲဆိုတော့ ဒီရွတ်ဆိုသံကို ကြားလိုက်တာနဲ့ သူတို့ အရမ်း စိတ်တိုလာကြတယ်” လို့ တာရာက ပြောပြပါတယ်။

 ဝေးလ်စ်ဘက်ကို အီရန်က ပထမဂိုးသွင်းလိုက်တဲ့ အချိန် သူတို့ ဘယ်လိုခံစားခဲ့ရလဲလို့  မေးကြည့်တော့

 "ကျွန်မတို့ အီရန်အသင်း ဂိုးသွင်းလိုက်ပေမယ့်  ကျွန်မတို့သိပ်မအော်ဖြစ်လိုက်ဘူး။   ကျွန်မတို့ သူငယ်ချင်း သုံးယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ပြီးတော့တောင် ငိုခဲ့ရတယ်" လို့ တာရာ က ဆိုပါတယ်။

 

'မလုံခြုံဘူး'

 

ကာတာဟာ အီရန်နိုင်ငံနဲ့ နှစ်ပေါင်းများစွာ သံတမန်ဆက်ဆံရေး ကောင်းမွန်ခဲ့တဲ့ နိုင်ငံတစ်ခုပါ။  

 ၂၀၁၇ခုနှစ်တုန်းက  ဆော်ဒီအာရေဗျ၊ ယူအေအီး (UAE)နိုင်ငံတို့က ဦးဆောင်ပြီး ကာတာနိုင်ငံကို ပိတ်ဆို့တားဆီးခဲ့တဲ့အချိန်တုန်းကလည်း အီရန်နိုင်ငံက ကာတာကို ရပ်တည်ထောက်ခံခဲ့တဲ့   ကာတာ ဘက်ကရပ်တည် ထောက်ခံခဲ့တဲ့ ဒေသတွင်းနိုင်ငံအနည်းငယ်ထဲမှာ ပါပါတယ်။

 အီရန် အစိုးရကို ဆန့်ကျင်တဲ့ ပရိသတ်တွေက ကာတာနဲ့ အီရန်နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကြောင့်  သူတို့ရဲ့ထင်မြင်ယူဆချက်တွေကိုထုတ်ပြောဖို့ ကာတာကမ္ဘာ့ဖလားပွဲက လုံခြုံတဲ့နေရာ မဟုတ်ဘူးလို့ ပြောကြပါတယ်။  

 "ဒီနေရာကို  လုံခြုံတဲ့နေရာလို့ မခံစားရဘူး" လို့တာရာက ပြောပြီး "အီရန်နိုင်ငံရဲ့ လက်ခွဲ ဌာနတစ်ခုကို  ရောက်နေသလိုမျိုးတောင် ခံစားရတယ်"လို့ ဆိုပါတယ်။

အန္တရာယ်တွေ အခက်အခဲတွေ အများကြီးကြားကပဲ တာဝန်တစ်ခုအနေနဲ့ အီရန်နဲ့ အမေရိကန်ကစားမယ့် အီရန်ရဲ့ အုပ်စုတတိယပွဲကို တာရာ၊ရာနာနဲ့ အမီရာတို့ သုံးယောက် သွားကြည့်ကြဖို့ရှိပါတယ်။  

 “တချို့ သတင်းထောက်တွေ ဒီကိုလာဖို့ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရတယ်လို့  ကြားရတဲ့အတွက် ကျွန်မတို့ တစ်ဦးချင်းတာဝန်က  ပိုအရေးကြီးသွားပြီ။ အခုကျွန်မတို့ သတင်းထောက်တွေဖြစ်သွားပြီလေ”လို့ ရာနာက နောက်ဆုံး ပြောပြပါတယ်၊။