ဗာဂနာခေါင်းဆောင် သူ့နိုင်ငံထဲမရှိဘူးလို့ ဘယ်လာရုစ်ခေါင်းဆောင်ပြော - ဇူလိုင် ၆ ရက် ကြာသပတေး နိုင်ငံတကာသတင်းများ

ဘဲလားရုစ်ဟာ ပရီဂိုဂျင်နဲ့ ပတ်သက်မှု မရှိဘူးလို့ ဆိုပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားစစ်တပ်ကို အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဂျင် ဘယ်ရောက်နေလဲ

ရုရှား ကြေးစားလက်နက်ကိုင် ဗာဂနာအဖွဲ့ခေါင်းဆောင် ယက်ဂေးနီ ပရီဂေါ့ဂျင် ဘယ်လာရုစ်မှာ မရှိသလို သူ့တို့ရဲ့ တိုက်ခိုက်ရေးသမားလည်း မဟုတ်ဘူးလို့ ဘယ်လားရုစ် ခေါင်းဆောင်က ပြောပါတယ်။

သူဟာ သူ့နေရပ် စိန့်ပီတာစဘတ်မှာ ပြန်ရောက်ကောင်း ရောက်နေနိုင်တယ်လို့ အလက်ဇန်းဒါး လူခါရှန်ကိုက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ မေးတာကို ရုရှားက သူ့ကို ခြေရာခံမနေဘူးလို့ ပြောပါတယ်ဈ

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဗာဂနာအဖွဲ့က မော်စကိုကို ချီတက်ပြီးအာဏာသိမ်းဖို့ ကြိုးပမ်းမှု အဆုံးသတ် ခဲ့ပြီးနောက် ဗာဂနာခေါင်းဆောင် ပရီဂေါ့ဂျင် ဘယ်လာရုစ်မှာ ခိုလှုံနေတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

သူ့ရဲ့ ဇိမ်ခံအိမ်ကို ရဲက ဝင်ရှာတဲ့အခါ ဒေါ်လာ အထုပ်လိုက် ၊ ရွှေချောင်းတွေ ၊ လက်နက်တွေနဲ့ ဆံပင်တုတွေကို တွေ့ရှိခဲ့ကြောင်း မနေ့ညတုန်းက ရုရှား ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။

တရုတ်နဲ့ သဘောကွဲမှု ဖြေလျှော့ဖို့ အမေရိကန် ကြိုးစား

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး စစ်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်၀န်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်ဟောင်းတွေနဲ့ မစ္စယဲလန် တွေ့ဆုံဖို့ ရှိ

အမေရိကန် ဘဏ္ဏာရေးဝန်ကြီး ဂျက်နက်ယဲလန် တရုတ်ပြည်ကို ၄ ရက်ခရီးရောက်ရှိနေပြီး ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှု လျော့ပါးအောင် လုပ်ဆောင်ဖို့ ရည်ရွယ် ရောက်ရှိနေပါတယ်။

မနက်ဖြန်သောကြာနေ့မှာ မစ္စယဲလန်ဟာ တရုတ်ဝန်ကြီးချုပ် လီချင်း နဲ့ တွေ့ဆုံဖို့ ရှိပြီး အရင်က အလုပ်သဘောဆက်ဆံမှု ရှိခဲ့ဖူးတဲ့ ဒုဝန်ကြီးချုပ်ဟောင်း လျူဟော် နဲ့လည်း တွေ့ဆုံသွားမှာပါ။

အမေရိကန် ကုမ္ပဏီတွေ အပေါ် တရုတ်အစိုးရရဲ့ မမျှတတဲ့ စည်းမျဉ်း တားမြစ်ချက်တွေနဲ့ ပတ်သက်လို့ မစ္စယဲလန်က ဆွေးနွေးအဖြေသွားမှာ ဖြစ်ကြောင်း အမေရိကန် အရာရှိ တယောက်က ပြောပါတယ်။

တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး အပါအဝင် အရေးပါတဲ့ ကဏ္ဏတွေမှာ ထိန်းချုပ်ထားမှုကြောင့် ပေါ်ပေါက်လာတဲ့ သဘောထား ကွဲပြားမှုတွေနဲ့ ပတ်သက်လို့ တရုတ်ထိပ်တန်း အရာရှိတွေနဲ့လည်း မစ္စယဲလန် တွေ့ဆုံသွားဖို့ ရှိပါတယ်။

အမေရိကန် အဆင့်မြင့် အရာရှိ ရောက်မလာမီ ရက်ပိုင်းအလိုမှာ တရုတ်ဟာ မိုက်ခရိုချစ်ပ် ထုတ်တဲ့အခါ ရှားပါးသံသတ္တု အသုံးပြုမှု လျှော့ချဖို့ ကြေညာခဲ့တာပါ။

တချိန်တည်းမှာ အမေရိကန်ကလည်း သူတို့ကုမ္ပဏီတွေကနေ တပိုင်းလျှပ်ကူးပစ္စည်းနည်းပညာတွေ မပေးဝေဖို့ တားမြစ်ထားတဲ့ ကိစ္စကို တရုတ်က စိုးရိမ်နေ ရှိပါတယ်။

ပီအက်စ်ဂျီ အသင်းဥက္ကဋ္ဌ အိမ်ကို ပြင်သစ်ရဲ ဝင်စီး

ပီအက်စဂျီ ဘောလုံးကလပ်အသင်း ဥက္ကဌ Nasser al-Khelaifi အိမ် ၀င်ရောက်စီးနင်းခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပီအက်စဂျီ ဘောလုံးကလပ်အသင်း ဥက္ကဋ္ဌ Nasser al-Khelaifi

ပြင်သစ်မှာ ပီအက်စဂျီ ဘောလုံးကလပ်အသင်း ဥက္ကဋ္ဌ Nasser al-Khelaifi ရဲ့အိမ်ကို ရဲက ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ကာတာမှာ Tayeb Benbderrahmane ဆိုသူ ဖမ်းဆီးနှိပ်စက်ခံရတာ ရှိခဲ့တယ်ဆိုတဲ့ တိုင်ကြားမှုအပေါ် စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့ သူ့အိမ်ကို ရဲက ဝင်ရှာတာပါ။

မစ္စတာ ဘန်ဒရာမန်းန်ဟာ ကာတာမှာ ၆လဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ကာတာနိုင်ငံသား မစ္စတာ အယ်ခ် ခလီဖာနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ လက်ဝယ်ထားရှိတယ်ဆိုပြီး ရဲက မေးမြန်းတာခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

မစ္စတာ အယ်ခ် ခလီဖာကို ခြိမ်းခြောက် အကျပ်ကိုင် ငွေညှစ်မှုနဲ့ မစ္စတာ ဘန်ဒရာမန်းန် ကိုယ်တိုင်လည်း သီးခြား စုံစမ်းစစ်ဆေး ခံနေရတယ်လို့ သူ့ရှေ့နေတွေက ပြောပြီး သူ့အပေါ် အသရေဖျက်မှုနဲ့ ပြန်တရားစွဲဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ပါကစ္စတန် ရေကြီးမှု အဆိုးရွားဆုံးဖြစ်

ပန်ဂျပ်မှာ အဆိုးဆုံးရေကြီးနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဆိုးရွားဆုံး မိုးသည်းထန် ရေကြီးမှုဒဏ် ပါကစ္စတန် ရင်ဆိုင်ရပြန်ပြီ

ပါကစ္စတန်က ပန်ဂျပ်နဲ့ ခိုင်ဘာ ပါ့ခ်တွန်ခဝါ ပြည်နယ်တို့မှာ မိုးသည်းထန် ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၁ဝ ယောက် သေဆုံးခဲ့ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့ကတော့ နိုင်ငံအနောက်ပိုင်း လာဟိုးမြို့ နေရာတော်တော်များများမှာ မိုးကြီးမှုကြောင့် ဆက်သွယ်ရေးပြတ်တောက်လျက် ရှိတယ်လို့ မျက်မြင်ကြုံရသူတွေက ပြောပါတယ်။

နောက်ထပ်မိုးများလာနိုင်တယ်လို့ ပါကစ္စတန်မိုးဇလက ခန့်မှန်းထားသလို အစ္စလာမ္မဘတ်နဲ့ တခြားမြို့ကြီးတွေက အနိမ့်ပိုင်း ဒေသတွေမှာလည်း ရေကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။

ပါကစ္စတန်မှာ နွေရာသီအကုန်ပိုင်း မိုးကြီးရေလျှံမှုတွေဟာ အခုတကြိမ်မှာ အဆိုးရွားဆုံး ကြုံရတာ ဖြစ်ပါတယ်။