ကချင်က လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက်ဆုံးရှုံးမှုတွေအတွက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး အလွန်အမင်းစိုးရိမ်-အောက်တိုဘာ ၂၈ ရက်ထိပ်တန်းသတင်းများ
စစ်ကိုင်း၊ မူးမြစ်အနီးက ကျေးရွာတွေထဲ လက်နက်ကြီးကျလို့ ဒေသခံတချို့ သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း မူးမြစ်အနီးကျေးရွာတွေကို စစ်ကောင်စီဘက် လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်လို့ ဒေသခံ ရွာသူသားတွေ သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ကျေးရွာတွေကို မပြန်နိုင်လို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်နက်ကြီးကျလို့ ဒီနှစ်ရက်အတွင်း ထွက်ပြေးရတဲ့ မူးမြစ်တစ်လျှောက်ကျေးရွာတွေ အနည်းဆုံး သုံးရွာရှိပြီး အောက်တိုဘာ ၂၇ရက်နေ့မှာ ဒီပဲယင်းကွဲနဲ့ ကြွယ်ပုံနားကရွာတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာတွေမှာ လက်ရှိတွေ့ကြုံနေရတာက ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာဖြစ်ပြီး ဆေးဝါးလိုအပ်ချက်လည်း များတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူတွေက ပြောပါတယ်။
မူးမြစ်ကမ်းအနီး ကျေးရွာတွေမှာ ဒေသခံတွေ လက်နက်ကြီးထိမှန်လို့ သေဆုံးထိခိုက်ဒဏ်ရာရတွေ၊ ထွက်ပြေးတိမ်းရှောင်နေရတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၈ ရက်ညနေပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှစ်ပတ်လည်ပွဲ လေကြောင်းတိုက်ခိုက်ခံရမှု UWSA အံ့သြတုန်လှုပ်

ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu/AFP/Getty Images
ဒီဖြစ်စဥ်နောက်ဆက်တွဲဖြစ်ပွားလာမယ့်အခြေအနေတွေကို အထူးဂရုပြုစောင့်ကြည့်နေတယ်လို့ ဆို
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ၊ အနန့်ပါ အရပ်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၆၂ နှစ်ပြည့်အခမ်းအနားကျင်းပနေစဥ် လေကြောင်းတိုက်ခိုက်မှုခံခဲ့ရလို့ လူပေါင်းများစွာ သေကြေဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်ကို များစွာအံ့သြတုန်လှုပ်ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရတဲ့အပြစ်မဲ့ပြည်သူတွေကိုနှမြောကြောင်းနဲ့ KIO နဲ့ထပ်တူ ဝမ်းနည်းရကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ထုတ်ပြန်လာပါတယ်။
ဒီဆိုးရွားတဲ့ ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲပြောင်းလဲ ဖြစ်ပွားလာမယ့် အခြေအနေအရပ်ရပ်ကိုလည်း အထူးဂရုပြုစောင့်ကြည့်နေတယ်လို့ ဆိုပြီး အချက် ၂ ချက်ကိုလည်း တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
လက်နက်ကိုင်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေရှောင်ရှားပြီး ပဋိပက္ခတွေကိုငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အပြစ်မဲ့ပြည်သူတွေအမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ပဋိပက္ခတွေကြားမှာ အတက်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ဖို့ ဆိုတဲ့အချက်နှစ်ချက်ကိုတိုက်တွန်းတောင်းဆိုခဲ့တာပါ။
အနန့်ပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ KIO အရာထမ်းအမှုထမ်းတွေ၊ ကချင်အနုပညာရှင်တွေနဲ့ အရပ်သားပြည်သူတွေ စုစုပေါင်း ၆၀ ကျော်သေဆုံးပြီးဒဏ်ရာရသူ ၆၀ ကျော် ရှိခဲ့တယ်လို့ KIO က ပြောပြီး စစ်ကောင်စီကတော့အနန့်ပါစစ်ဆင်ရေးအတွင်း KIA အရာရှိနဲ့ PDF တွေ သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် စျာပနကို အောက်တိုဘာ ၃၁ ရက်မှာ ပြုလုပ်မယ်

ဓာတ်ပုံ ရင်းမြစ်, CJ
နောင်တစ်ချိန်မှာ အရိုးပြာကိုမြန်မာနိုင်ငံကိုပြန်လည်ပင့်ဆောင်မယ်လို့ ဆို
စစ်အာဏာသိမ်းမှုဆန့်ကျင့်ရေးလှုပ်ရှားမှုမှာ ဦးဆောင်အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ မန္တလေးမြို့က မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင် ဘဒ္ဒန္တ အရိယာဝံသဟာ မနေ့အောက်တိုဘာ ၂၇ ရက် ည ထိုင်းစံတော်ချိန် ၁၁ နာရီဝန်းကျင်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ကြီးရဲ့ စျာပနကို အောက်တိုဘာ ၃၁ ရက်မှာ ပြုလုပ်မယ်လို့ ဆရာတော်ရဲ့တပည့် ရဟန်း ဖြစ်တဲ့ ဆရာတော် မင်းသုညက ဘီဘီစီကိုမိန့်ပါတယ်။
ဆရာတော်ကြီးဟာ သက်တော် ၇၂ နှစ်၊ ဝါတော် ၅၂ ဝါမှာ နှလုံးသွေးကြောပိတ်တဲ့ ဝေဒနာနဲ့ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ မဲဆောက် ဆေးရုံကြီးမှာ ရုပ်ကလာပ်တော်ကို ထားရှိထားပြီး အဲဒီနောက် မဲဆောက်မြို့ပိုင်နက်ထဲမှာရှိတဲ့ သီတင်းသုံးရာ မြန်မာ ဘုန်းတော်ကြီးကျောင်းကို ပြန်လည် ပင့်ဆောင်ဖို့ရှိတယ်လို့ ဆရာတော်မင်းသုညကမိန့်ကြားပါတယ်။
“ဆရာတော်က ဝေဒနာ ခံစားနေရတာကိုမပြောဘူး။ ကောင်းတယ်ပဲ ပြောတာ။ ဗြုန်းစားကြီးထဖြစ်တာ။ ဖြစ်တာတော့ မနေ့ မနက်ပိုင်းက စဖြစ်တာ။ ဆေးရုံကိုရောက်တော့နှလုံးသွေးကြောပိတ်တာလို့သိရတယ်။ အိုင်စီယူထဲရောက်တယ်။ ညပိုင်း ၁၁ နာရီလောက်မှာတော့ ပျံလွန်မူသွားတာပါ။ ရုပ်ကလပ်တော်ကို ငါးရက် ထားမယ်။ စျာပနာအစီအစဥ်ကိုတော့ အောက်တိုဘာ ၃၁ မှာ ပြုလုပ်ပါမယ်။ အရိုးကောက်ဖို့အရိုးပြာတို့ကိုတော့ တော်လှန်ရေးအောင်မြင်သွားတဲ့တစ်နေ့ မြန်မာပြည်ကိုပြန်ပင့်ဆောင်ပါမယ်” လို့ ဆိုပါတယ်။
မြဝတီမင်းကြီးဆရာတော်ဟာ စစ်အာဏာမသိမ်းခင်တည်းက စစ်တပ်က အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်ခဲ့ရတာပါ။အာဏာသိမ်းပြီးပြီးချင်းနေ့မှာပင် ဆရာတော်ကို စစ်တပ်က ဖမ်းဆီးပြီး ထောင် ခြောက်လချခဲ့တဲ့နောက် ပြီးခဲ့တဲ့ နှစ် သြဂုတ်လမှာ အိုးဘိုအကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
အကျဥ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့နောက် ပြည်တွင်းကလွတ်မြောက်နယ်မြေမှာ ကာလအတန်ကြာ သီတင်းသုံးခဲ့ပြီး ဒီနှစ် မတ်လမှာ ထိုင်းနိုင်ငံမဲဆောက်ကို ကြွရောက်သီတင်းသုံးခဲ့တာဖြစ်ပါတယ်။“တောထဲမှာတော့ ဒုက္ခရောက်တာပေ့ါဗျာ။ သူတို့လေယာဥ်နဲ့ဗုံးကြဲရင် ရှောင်ရရွှေ့ရနဲ့ တောထဲမှာပဲ ဖြစ်သလို သီတင်းသုံးခဲ့ရတာ။ တောထဲ ဒုက္ခရောက်ခဲ့ရတာပေ့ါ” လို့ ဆရာတော် မင်းသုညက မိန့်ပါတယ်။
မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ဟာ ၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု၊ ၁၉၉၀ သံဃာ့သပိတ်မှောက်မှု၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ လက်ပတောင်းတောင် စတဲ့ လှုပ်ရှားမှုတွေမှာ တစ်စိုက်မတ်မတ် ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်ဖြစ်သလို ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုကိုလည်း ဦးဆောင်ဆန့်ကျင်ခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပြီး အပတ်စဥ်သောကြာနေ့နဲ့ တနင်္ဂနွေနေ့တိုင်း သာသနာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဟောပြောချက်တွေကို ပျံလွန်တော်မမူခင်အချိန်ထိ ဟောပြောခဲ့ပါတယ်။
သူရဦးရွှေမန်းပါတီကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, MOI
သူရဦးရွှေမန်းရဲ့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ကို ဖျက်သိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်နေ့စွဲနဲ့ထုတ်ပြန်လာပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်မှာ ပါတီဖျက်သိမ်းဖို့ တင်ပြခဲ့တယ်လို့ဆိုပါတယ်။
ဒါကြောင့် ကော်မရှင်က အောက်တိုဘာ ၂၅ ရက်နေ့မှာ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ပြီး ပါတီကိုဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးလက်မှတ်နဲ့ထုတ်ပြန်လာတာတွေ့ရပါတယ်။
သူရဦးရွှေမန်းက နိုင်ငံရေးမှာ ဆက်လက်ပါဝင်လိုတဲ့ဆန္ဒမရှိတော့တာကြောင့် ပါတီကိုဖျက်သိမ်းတာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ၂၀၁၉ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အများဆုံးဝင်ပြိုင်တဲ့ ပါတီ ၃ ခုထဲ တစ်ခုအပါအဝင်ဖြစ်ပေမယ့် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပါတီလှုပ်ရှားမှုတွေရပ်နားထားရာကနေ အခုလို ဖျက်သိမ်းဖို့အထိ စီစဥ်နေတာဖြစ်ပါတယ်။
အိုင်စီဂျေမှာ စစ်တပ်ရဲ့ကန့်ကွက်ချက်တွေကို ကြားနာဖို့ပင် မလိုအပ်ဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလညီလာခံမှာ တင်ပြ

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to UN
ICJ နဲ့ ICC တို့အနေနဲ့ မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ပေးစေလိုကြောင်း တောင်းဆို အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကြိုဆိုကြောင်းနဲ့ တရားရုံးမှာ အမှန်တကယ်အားဖြင့် စစ်တပ်ရဲ့ ကန့်ကွက်ချက်တွေကိုတောင်ကြားနာဖို့ မလိုအပ်ကြောင်း ကုလအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက်မှာကျင်းပနေတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာတရားရုံး အစီရင်ခံစာ နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းထုတ်ပြန်လာပါတယ်။
တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တို့မှာ စစ်ဆင်ရေးတွေ ပြုလုပ်နေစဉ် ရိုဟင်ဂျာတွေကို ဦးတည်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် ခိုင်မာတဲ့ ကြားနာ စစ်ဆေးမှုတွေ ဆောင်ရွက်နိုင်ဖို့ လမ်းရှင်းပေးလိုက်တာဖြစ်ကြောင်းနဲ့ စစ်တပ်ရဲ့ကန့်ကွက်ချက်တွေကို ကြားနားရန်ပင် မလိုအပ်ကြောင်း သူက ဆွေးနွေးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကနဦးကန့်ကွက်ချက်တွေအားလုံးကို ရုပ်သိမ်းကြောင်းနဲ့ တရားရုံးစီရင်ဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ICJ သို့ တရားဝင်အကြောင်းကြား ခဲ့ကြောင်းနဲ့ အမှုနဲ့ ပတ်သက်ပြီး ICJ နဲ့ အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်တယ်လို့လည်း သံအမတ်ကြီးကပြောခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ရောမစာချုပ်အရ ICC ၏ တရားစီရင်ပိုင်ခွင့် အာဏာကိုလည်း လက်ခံကြောင်း ခုံရုံးကို အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။
သံအမတ်ကြီးက မြန်မာမှာ စစ်တပ်ရဲ့ လူထုအပေါ် ကျူးလွန်မှုတွေ လျော့နည်းလာခြင်းမရှိဘဲမြန်မာနိုင်ငံတဝန်း ဆက်လက်ကျူးလွန်မှုတွေရှိခဲ့တယ်ဆိုပြီး မကြာသေးခင်က လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ခဲ့လို့ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြရတဲ့ ကချင်ပြည်နယ်က လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဒီပဲယင်းလက်ယက်ကုန်းရွာက စာသင်ကျောင်းတိုက်ခိုက်ခံရမှုတွေကိုတင်ပြခဲ့ပါတယ်။
ကမ္ဘာတဝန်း ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်ဖို့နဲ့ အလားတူဖြစ်ရပ်တွေ အနာဂတ်မှာ ထပ်မံမပေါ်ပေါက်လာစေဖို့ နိုင်ငံတကာတရားရေးစနစ်ဟာ အလွန်အရေးပါကြောင်းနဲ့ ICJ နဲ့ ICC အနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပေးစေလိုကြောင်းနဲ့ နစ်နာခဲ့သူများအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးရန် တောင်းဆိုတယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးအိုင်စီဂျေမှာ မြန်မာကို ဂမ်ဘီယာက လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ အမှုကို တရားရုံးက လက်ခံသင့် မသင့် ကိစ္စကို မြန်မာဘက်က ကနဦးကန့်ကွက်ချက် လေးချက်တင်ထားကို လေးချက်စလုံးကို တရားရုံးက ပယ်ချခဲ့ကြောင်း ပြီးခဲ့တဲ့ဇူလိုင် ၂၂ ရက်က ဆုံးဖြတ်ခဲ့တာပါ။
ဒီရုံးချိန်းကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အိုင်စီဂျေတရားရုံးကိုသွားရောက်ရင်ဆိုင်ခဲ့ပါတယ်။ တရားရုံးက မြန်မာရဲ့ ကန့်ကွက်လွှာကို ပယ်ချလိုက်ရင်တော့ မြန်မာဘက်ကနေ ချေလွှာလို့ခေါ်တဲ့ Counter-Memorial ကို တရားရုံးကို တင်သွင်းရတော့မှာ ဖြစ်ပါတယ်။ ဂမ်ဘီယာဘက်က အဆိုလွှာ လို့ခေါ်တဲ့ Memorial ကို ၂၀၂၀ နှစ်ကုန်ပိုင်းကတည်းက တင်သွင်းထားပြီး ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အမှုကြီးအတွက် ကြားနာမှုတွေ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။
ဒီအမှုကြီးတွေရဲ့ သဘောသဘာဝအရ နှစ်နဲ့ချီ ကြာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း တစ်ခုထက်ပိုပြီးကိုင်ဆောင်သူတွေ လာရောက်အပ်နှံရမယ့်ရက်ကို နိုဝင်ဘာ ၁၅ ရက်ထိ တိုးမြှင့်လိုက်တယ်လို့ စစ်ကောင်စီကြေညာ

ဓာတ်ပုံ ရင်းမြစ်, CJ
ပြည်သူတစ်ဦးအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ တစ်ခုထက်ပိုပြီး လက်ဝယ်ကိုင်ဆောင်ခြင်းမပြုဖို့၊ တစ်ကတ်ထက်ပိုပြီး ကိုင်ဆောင်ထားရင် သက်ဆိုင်ရာ မြိုန့ယ်လဝကရုံးတွေမှာ အမြန်သွားရောက်အပ်နှံကြဖို့နဲ့ နိုဝင်ဘာလ ၁ ရက်နေ့အထိ ပြန်လည်အပ်နှံခြင်းမရှိရင် နောက်ဆုံးထုတ်ယူထားတဲ့ ကတ်နဲ့ ပုံစံ ၆၆/၆ တို့ကိုသာအတည်ပြုပြီး အရင်ကတ်အပိုတွေကို ပယ်ဖျက်စာရင်းသွင်းမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့လဝကဝန်ကြီးဌာနဟာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနဲ့ တခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ ၅၂ သန်းကျော်ကို အီလက်ထရောနစ်စနစ်သုံး မှတ်ပုံတင်စာရင်းသွင်းဆော့ဖ်ဝဲနဲ့ စာရင်းသွင်းပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒါကြောင့် သတ်မှတ်ကာလအတွင်း စိစစ်ရေးကတ်အပိုတွေနဲ့ ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်းပါလူဦးရေကွဲလွဲတာ၊ အပိုကိုင်ဆောင်တာတွေကိုနီးစပ်ရာလ၀ကရုံးတွေမှာ သွားရောက်ဖြေရှင်းဖို့နဲ့ သတ်မှတ်ကာလကျော်လွန်ရင် ဥပဒေနဲ့အညီဆောင်ရွက်မယ်လို့ဆိုပါတယ်။
မူလက နိုဝင်ဘာ ၁ ရက်နောက်ဆုံးထားပယ်ဖျက်မယ်လို့ကြေညာခဲ့ပေမဲ့ ပြည်သူတွေရဲ့ ပညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်တွေ၊ ဘဏ်ငွေစာရင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အိမ်ခြံမြေပိုင်ဆိုင်မှုတွေ၊ တယ်လီဖုန်း စတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့လည်းသက်ဆိုင်နေလို့ နိုဝင်ဘာ ၁၅ ရက်နေ့အထိ နှစ်ပတ်သက်တမ်းထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ်အတွင်း အချိုးကျကိုယ်စားပြုစနစ် PR အသုံးပြုမယ့် ရွေးကောက်ပွဲတစ်ခုကို ကျင်းပဖို့ပြင်ဆင်နေပြီး အဲဒီအတွက် မဲစာရင်းပြုစုတာ လူဦးရေစာရင်းပြုစုတာတွေ မဲရုံစာရင်း ပြုစုတာတွေကို စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ဆက်တိုက်ပြုလုပ်မှုတွေရှိနေပါတယ်။
ကချင်ပြည်နယ်က လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာနိုင်ငံအခြေအနေကို အလွန်အမင်းစိုးရိမ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

ဓာတ်ပုံ ရင်းမြစ်, Roger Teo/MFA
မကြာသေးမီက ကချင်ပြည်နယ်အတွင်းက လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အသက်ဆုံးရှုံးခဲ့ရမှုတွေရှိနေတဲ့ မြန်မာနိုင်ငံက စိုးရိမ်စရာအခြေအနေတွေအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှနန်က ပြောပါတယ်။
မနေ့ အောက်တိုဘာ ၂၇ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးမှာ ဒီအချက်ကို ပြောကြားခဲ့တယ်လို့ သူက လူမှုကွန်ရက်မှာရေးခဲ့ပါတယ်။ မြန်မာစစ်တပ်အာဏာပိုင်တွေအနေနဲ့ အာဆီယံဘုံသဘောထားငါးရပ် လျင်လျင်မြန်မြန်နဲ့ အပြည့်အဝအကောင်အထည်ဖော်ရမှာဖြစ်ပြီး မြန်မာ့အရေး လမ်းညွှန်မှု ပြုနိုင်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်အချို့ကိုအာဆီယံအနေနဲ့ ချမှတ်ဖို့အချိန်လည်းရောက်နေပြီလို့ သူကဆိုပါတယ်။
မနေ့ကအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးတွေက လာမယ့် နိုဝင်ဘာမှာ ဖနွမ်းပင်မှာပြုလုပ်မယ့်အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေ ထည့်သွင်းစဥ်းစားရမယ့်အချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
မြန်မာစစ်ကောင်စီကတော့ မနေ့ကအစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ အာဆီယံဥက္ကဋ္ဌ က ဖိတ်ကြားခဲ့တာဟာအဖွဲ့ဝင်နိုင်ငံတွေရဲ့ကိုယ်စားပြုရေးမူကို သွေဖယ်ပြီး ခွဲခြားဆက်ဆံတဲ့လုပ်ရပ်ဖြစ်လို့ လက်မခံနိုင်ကြောင်းနဲ့ မြန်မာမပါဝင်တဲ့ အစည်းအဝေးသဘောတူညီချက်တွေကိုလည်းလိုက်ပါဆောင်ရွက်ဖို့မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။








