အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသစ်ကို အသက်သွင်းဖို့ စစ်ကောင်စီ ကြိုးပမ်း

အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသစ်ကို အသက်သွင်းဖို့ စစ်ကောင်စီ ကြိုးပမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသစ်ကို အသက်သွင်းဖို့ စစ်ကောင်စီ ကြိုးပမ်း

အရပ်ဖက်အဖွဲ့အစည်း၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနဲ့ ပြည်တွင်း ပရဟိတအဖွဲ့တွေအပေါ် ပိုမိုတင်းကျပ်ထားတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကို အသက်ဝင်နိုင်ဖို့ စစ်ကောင်စီက ဒီလပိုင်းအတွင်း ပိုမို အားထုတ်လာနေပါတယ်။

တိုင်းဒေသကြီးတချို့မှာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတချို့က ပရဟိတအဖွဲ့အစည်းတချို့ကို ခေါ်ယူသတိပေးတာတွေ ရှိနေတဲ့အချိန်မှာပဲ ပဲခူးတိုင်း၊ တောင်ငူမြို့မှာလည်း စစ်ကောင်စီလက်အောက် ရဲမှူးက ဦးဆောင်ပြီး ပရဟိတအသင်းတွေနဲ့ မတ်လ ၂၄ ရက်တုန်းက တွေ့ဆုံခဲ့ကြပါတယ်။

အသင်းအဖွဲ့တွေအနေနဲ့ လာမယ့် မတ်လ ၃၁ ရက်ကစလို့ မှတ်ပုံ စတင်နိုင်တဲ့အကြောင်း၊ စာရင်းတင်ထားတဲ့ အသင်းအဖွဲ့မှာပါဝင်သူတွေဟာ လက်ရှိနိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်တယ်လို့ စိစစ်တွေ့ရှိရင် မင်နီတားပြီး အဖွဲ့ကို အသိအမှတ်ပြုမှာ မဟုတ်တဲ့အကြောင်းတွေကို အဓိက ပြောသွားတယ်လို့ တွေ့ဆုံပွဲကို တက်ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်က ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ဖျက်သိမ်းပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က အသစ်ပြဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအသစ်မှာ ကန့်သတ်ချက်တွေ အများအပြား ထည့်သွင်းထားပြီး လူ ၅ ယောက်ကျော်တဲ့ အသင်းအဖွဲ့တွေအနေနဲ့ မှတ်ပုံမတင်ရင် ထောင်ဒဏ် ၃ နှစ်၊ ကျပ် ၁၀ သိန်း၊ မှတ်ပုံတင် သက်တမ်းကျော်ရင် ထောင်ဒဏ် ၂ နှစ်၊ ဒဏ်ငွေ ၅သိန်း စသဖြင့် ပြစ်ဒဏ်တွေ သတ်မှတ်ထားတာ တွေ့ရပါတယ်။

၂၀၁၄ ခုနှစ် ဥပဒေမှာတော့ အသင်းအဖွဲ့ဖွဲ့ချင် သူတွေ အနေနဲ့ မိမိတို့ ဆန္ဒအလျှောက် မှတ်ပုံတင်လိုက တင်နိုင်ပြီး မတင်ဘဲနဲ့လည်း ဖွဲ့စည်းလှုပ်ရှားနိုင်သလို၊ နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နိုင်တယ်လို့ တိတိလင်းလင်း ပြောဆို ထားပေမယ့် အခု စစ်ကောင်စီက အသစ်ထုတ်ပြန်လိုက်တဲ့ ဥပဒေမှာတော့ နိုင်ငံရေး လုပ်ငန်းဆိုရင် သီးခြားတည်ဆဲ ဥပဒေတွေအတိုင်း လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်သလို လူမှုရေးလုပ်ငန်းလုပ်တဲ့ အဖွဲ့ဆိုရင်လည်း နိုင်ငံရေး၊ ဘာသာရေး စတာတွေ နဲ့ မပတ်သက်ဖို့ တားမြစ်ထားပါတယ်။

ဒီဥပဒေပြဋ္ဌာန်းပြီးတဲ့နောက် ပြည်တွင်းမှာ တနိုင်တပိုင် လှုပ်ရှားနေတဲ့ ပရဟိတအသင်းအဖွဲ့တချို့ ရပ်နားခဲ့ရတာတွေ ရှိသလို ကူညီလုပ်ဆောင်ရေးတွေမှာလည်း အကန့်အသတ်တွေ ရှိလာတယ်လို့ ပရဟိတလုပ်ငန်းလုပ်ဆောင်သူတချို့က ပြောပါတယ်။

ဒီဥပဒေသစ်အရ အရင်က မှတ်ပုံတင်ထားပြီး သက်တမ်းကုန်ဆုံးနေတဲ့ အသင်းအဖွဲ့တွေလည်း မှတ်ပုံတင်အသစ် ပြန်လည်လျှောက်ထားရမှာပါ။ သတ်မှတ်ချက်အတိုင်း မဆောင်ရွက်ရင်တော့ ထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်သလို အသင်းမှာ ပါဝင်သူတွေကိုလည်း ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပါတယ်။

ဒါပေမယ့်လည်း အသင်းဆက်လက်ရပ်တည်ရေးအတွက် ပြီးခဲ့တဲ့လတွေအတွင်း မှတ်ပုံတင်နိုင်ဖို့ ကြိုးပမ်းတဲ့ ပရဟိတ အဖွဲ့ အစည်း တော်တော်များများကို စစ်ကောင်စီဘက်က မှတ်ပုံတင် ပြန်မချသေးပေးဘူးလို့ ရန်ကုန်မြို့ ပရဟိတအသင်းအဖွဲ့တခုရဲ့ ခေါင်းဆောင်က ပြောပါတယ်။

“တင်ခိုင်းတယ်၊ အကုန်တင်တယ်။ တင်ပြီးတော့ တိုင်းရုံးမှာ လက်ခံထားတယ်။ ဒါပေမဲ့ ဘာမှ မကျလာသေးဘူး။ ဥပမာ တိုင်းမှာ တင်လို့ရှိရင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဥက္ကဋ္ဌကိုး။ ဒါပေမဲ့ အဲဒီမှာ ဘုတ်အဖွဲ့မထိုင်ဖြစ်သေးတဲ့အတွက် မကျလာသေးဘူးလို့ အကြောင်းကြားတယ်” လို့ သူက ဆိုပါတယ်။

အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသစ်ကို အသက်သွင်းဖို့ စစ်ကောင်စီ ကြိုးပမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသစ်ကို အသက်သွင်းဖို့ စစ်ကောင်စီ ကြိုးပမ်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အသင်းအဖွဲ့မှတ်ပုံတင်ခွင့် ရရှိရေးမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ၊ အတားအဆီးတွေ ရှိနေလို့ ဥပဒေအရ အချိန် မရွေး အရေးယူခံရနိုင်တဲ့အရေးကိုလည်း ပရဟိတအသင်းတွေဘက်က စိုးရိမ်နေကြပါတယ်။

တခါ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း နားလည်မှု စာချွန်လွှာအောက်ကနေ သွားနေပေမယ့် ဒီဥပဒေအရ မှတ်ပုံပြန်တင်ရဖို့ ရှိနေပြန်ပြီး မှတ်ပုံတင်ကိစ္စအဝဝကို စတင်ဖို့ စစ်ကောင်စီဘက်က ဆော်သြနေတယ်လို့ ပြည်တွင်း INGO တစ်ခုက အရာရှိ တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက ကျွန်မတို့ကို အခွန်ဆောင်ခိုင်းနေပါတယ်။ မှတ်ပုံတင်ဖို့ ကိစ္စမှာ အခွန်ဆောင်ထား၊ မထားပါ တွဲတင်ရတာ ဖြစ်တော့ အခွန်ဆောင်ရဖို့ ဖြစ်လာပါတယ်။ သက်တမ်းထပ်မတိုးဘူးဆိုရင်လည်း အချိန်မရွေး ပြည်တွင်းကနေ ထွက်ခွာခိုင်းနိုင်တဲ့ အခြေအနေမျိုး ကြုံလာရနိုင်တယ်လေ” လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်တဲ့ အသင်းအဖွဲ့မှတ်ပုံတင် ဥပဒေအသစ်မှာ အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်း၊ လက်နက်ကိုင်ဆန့်ကျင်သူတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် ဆက်သွယ်တာတွေ့ရင် ထောင် ၅ နှစ်၊ ငွေဒဏ် သိန်း ၅၀ ချမှတ်နိုင်တာ၊ ပိုင်ဆိုင်မှုကို နိုင်ငံပိုင်သိမ်းနိုင်တဲ့အထိ ပြဋ္ဌာန်းထားပါတယ်။

ဒီဥပဒေသစ်ကြောင့် ပြည်တွင်းမှာ အသင်းအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်ရှိစစ်ကောင်စီအနေနဲ့ အကျပ်အတည်းမျိုးစုံရှိနေတဲ့အချိန်မှာ အသင်းအဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ ဆန့်ကျင်ဘက်နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်လိုတာကြောင့် အသင်းအဖွဲ့ တွေကိုပါ လိုက်လံထိန်းချုပ်တာလို့ ပြည်တွင်းမှာ ရပ်တည် လုပ်ကိုင်နေတဲ့ အသင်းအဖွဲ့ တချို့က ဝေဖန်ထားပါတယ်။

တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရက သူ့ထိန်းချုပ်နယ်မြေတွေမှာ စီမံကိန်းလုပ်တာ၊ စစ်တမ်းကောက်တာနဲ့ ဖြတ်သန်းသွားလာတဲ့ ပြည်တွင်းနဲ့နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဆက်သွယ် အသိပေးပြီးမှ သွားလာဖို့ ထုတ်ပြန်ထားလို့ ဒီအခြေအနေဟာ အရပ်ဘက်အဖွဲ့အစည်းတွေ အတွက် စစ်ကောင်စီနဲ့ NUG ကြားမှာ လုပ်ရကိုင်ရ အကျပ်တွေ့စေလိမ့်မယ်လို့ ဝေဖန်ပြောဆိုတာတွေလည်းရှိနေပါတယ်။

လူမှုကယ်ဆယ်ရေးလုပ်နေတဲ့ မန္တလေး ပရဟိတအဖွဲ့တဖွဲ့

ဓာတ်ပုံ ရင်းမြစ်, ပရဟိတမင်းခေါင် facebook

ဓာတ်ပုံ ပုံစာ, လူမှုကယ်ဆယ်ရေးလုပ်နေတဲ့ မန္တလေး ပရဟိတအဖွဲ့တဖွဲ့