စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံခြား‌ရောက် မြန်မာနိုင်ငံသားတွေ ပတ်စ်ပို့ သက်တမ်းတိုးရေး အခက်အခဲ ကြုံနေရ

Thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၂ သြဂုတ်လ ၈ ရက်နေ့က ချင်းမိုင်မြို့က ထဖယ် မြို့ရိုးဂိတ်မှာ စစ်‌ကောင်စီကို ဆန့်ကျင်တဲ့ ထိုင်းနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေ စုဝေးခဲ့ကြ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာ အာဏာသိမ်းစစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေက ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကူး လက်မှတ် - ပတ်စ်ပို့ သက်တမ်းတိုးရင် လိုအပ်တဲ့ သတ်မှတ်ချက်အသစ်တွေကို ထည့်သွင်းခဲ့ပြီး အဲဒီ အချက်တွေက ဥပဒေနဲ့ မညီတာတွေဖြစ်နေသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်ပ‌ရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံရပ်ခြားမှာ ပြည်ဝင်ခွင့်၊ တရားဝင် နေထိုင်နိုင်ခွင့် စတာတွေနဲ့ ပတ်သက်ပြီး အခက်အခဲ အကြီးအမားကြုံရအောင် စစ်ကောင်စီက ရည်ရွယ် လုပ်ဆောင်လာတာလို့ ဆိုကြပါတယ်။

ပြည်ပနေသူတွေကိုသာမက မြန်မာပြည်တွင်းက မိဘ ဆွေမျိုးတွေကိုပါ ပစ်မှတ်ထားနေတာလို့လည်း ဆိုကြပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ နိုင်ငံအတွင်း ကိုယ်နေထိုင်ခဲ့တဲ့ ဒေသက ရပ်ကွက်ရုံးနဲ့ ရဲစခန်း‌ ထောက်ခံစာတွေကိုပါ စစ်ကောင်စီ သံရုံးက ပြီးခဲ့တဲ့ ရက်ပိုင်း ဧပြီလ ၁၇ရက်နေ့ကစလို့ ထည့်သွင်း တောင်းခံထားပါ တယ်။

အဲဒါတွေ အပြင် ပတ်စ်ပို့ သက်တမ်းတိုး လျှောက်လွှာမှာ မြန်မာနိုင်ငံက ပြန်တမ်း ဝင်အရာရှိ တယောက်ရဲ့ ထောက်ခံစာကို သူ့ရဲ့ ဝန်ထမ်းကဒ်နဲ့ အတူ ပူးတွဲ တင်ပြ ရမယ် ဆိုတာပါ ပါဝင်ပါတယ်။

ဒါတွေက မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာ့အရေး လှုပ်ရှားနေသူတွေ “စစ်‌ကောင်စီ ဝန်ထမ်းတွေကို ခယသွားအောင်၊ ရိုကျိုး သွားအောင် လုပ်လိုက်တာ” လို့ ထိုင်းနိုင်ငံရောက် လှုပ်ရှားတက်ကြွသူ တယောက်က ပြောပါတယ်။

“ပတ်စ်ပို့ သက်တမ်းသွားတိုးရင် မြန်မာသံရုံးဝန်ထမ်းတွေက (ထိုင်းနိုင်ငံမှာ လုပ်တဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး) ဆန္ဒပြပွဲတွေမှာ ပါသလား။ ဆန္ဒပြပွဲ ဓာတ်ပုံတချို့ကို ထုတ်ပြပြီး (ပါဝင်တဲ့) ဒီလူ၊ ဟိုလူ ကို သိလား” စသဖြင့် မေးပြီး ဖိအားတွေပေးတတ် တယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ပြည်ပမှာ နေထိုင်စဉ် မိမိရဲ့ ဆောင်ရွက်ချက်များနဲ့ မိဘ ၂ ပါးရဲ့ ထောက်ခံ ချက်ကိုလည်း ပတ်စ်ပို့ သက်တမ်းတိုးတဲ့နေရာမှာ လိုအပ်ချက် အနေနဲ့ ထည့်ထားပါတယ်။

Online

ဓာတ်ပုံ ရင်းမြစ်, shannewsburmese_Facebook

ဒါဟာ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေလုပ်ရင် မိဘတွေကို ဖမ်းဆီးတာမျိုး အထိ လုပ်လာနိုင်တဲ့ ခြေလှမ်းမျိုးလို့ သူက သုံးသပ်ပါတယ်။

“ဒီလူက နိုင်ငံရေးနဲ့ ပတ်သက်ခဲ့တယ်၊ ပတ်သက်မှု ရှိတယ် ဆိုရင် အခုအချိန်မှာ မိဘက ဘယ်မှာနေတာလဲ၊ မိဘက ဘာလုပ်လဲ။ ဒီလူက နိုင်ငံရေးမလုပ်ပါဘူး ဆိုတဲ့ ခံဝန်ကို မိဘဆီက ယူထားတဲ့ သဘောဖြစ်နေတယ်။ တကယ်လို့ ပတ်စ်ပို့စ် သက်တမ်းတိုးတဲ့သူက နိုင်ငံရေးနဲ့ ပတ်သက်တယ်ဆိုရင် ထောက်ခံချက်ပေးထားတဲ့ မိဘကို ဖမ်းလို့ရတယ် ဆိုတဲ့ သဘောမျိုးလို့ မြင်တယ်။”

မလေးရှားမှာလည်း ပတ်စ်ပို့ အကြောင်းပြ နှိပ်ကွပ်မှုတွေရှိ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မလေးရှားမှာ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့ စစ်ကိုင်း ဒေသခံတွေကို တစ်နှစ်ကျော်ကြာတဲ့အထိ ရက်ချိန်းစောင့် ခိုင်းတာမျိုးတွေ ဖြစ်နေတဲ့အပြင်၊ ပြည်တွင်းက လိပ်စာတွေကို တောင်းယူပြီး နိုင်ငံတွင်းက မိသားစုဝင်တွေကို ဖိအားတွေ‌ ပေးတာ၊ ဖမ်းဆီးတာအထိ လုပ်နေတယ်လို့ ရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (မလေးရှား) ဥက္ကဋ္ဌ ဒေါ်သူဇာမောင် က ပတ်စ်ပို့စ် သက်တမ်းတိုး လိုသူဆီက အချက်အလက်တွေကို ‌တောင်းပြီး ပြည်တွင်းမှာနေတဲ့ မိသားစုဝင်ရဲ့ အိမ်ကို စစ်ကောင်စီ ဝန်ထမ်းတွေက သွားကာ “အိမ်ကလူ မလေးရှားရောက်နေလား၊ စိစစ် မလို့ပါလို့ ဆိုကာ၊ (မလေးရှား ရောက်နေ သူကို) ဗီဒီယို ကော နဲ့ ဆက်သွယ်ခိုင်းတာ၊ (ပတ်စ်ပို့ သက်တမ်းတိုးလိုတဲ့) ဒီလူကို သိလား ဆိုပြီး ထောက်ခံချက်ယူတာ” စတာတွေကို လုပ်ဆောင်တဲ့ အပြင် “(မလေးရှားရောက်နေ) သူက နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ အရေး အသားတွေကို လူမှုမီဒီယာတွေမှာ ရှယ်တာကို ပြပြီး ပြည်တွင်းက သူ့ရဲ့ မိသားစု ဝင်ကို ဖမ်းဆီးတာတွေ လုပ်နေတဲ့အထိ ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။

အဲဒီကာယကံရှင်ရဲ့ လုံခြုံရေးအရ ဒီဖြစ်ရပ် ဖြစ်သွားတဲ့ မြို့နယ်အမည်ကို ထည့်သွင်း ပြောပြဖို့ကိုတော့ သူက ငြင်းဆိုပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာတွေ ပတ်စ်ပို့စ် သက်တမ်းတိုးရာမှာ တိုးမြှင့်လာတဲ့ ကန့်သတ်ချက်တွေ၊ မလေးရှားက မြန်မာတွေအပေါ် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာသံရုံးတွေကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီရဲ့ အခုလို ဥပဒေမဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ သိရှိနားလည်ပြီး ပြည်ပရောက် မြန်မာတွေအနေနဲ့ ရောက်ရှိရာ နိုင်ငံတွေမှာတရားဝင် နေထိုင်နိုင်ခွင့်ကို စဉ်းစား ကူညီပေးဖို့ လိုအပ်နေပြီလို့လည်း ပြည်ပရောက် မြန်မာ နိုင်ငံသားတွေက ဆန္ဒပြုကြပါတယ်။