ရေတိုအောင်မြင်မှုဟာ ရေရှည်အနာတရဖြစ်စေမှာလား - ထိုင်းရဲ့ မြန်မာ့အရေး ချည်းကပ်ပုံကို ဆန်းစစ်ခြင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးဟာ ထိုင်းဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြတယ် ဆိုတဲ့ အရိပ်အောက် ကျရောက်သွားပြီး အဲဒီ အကြောင်းအရာကပဲ မြန်မာ့အရေး စောင့်ကြည့်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာတွေပေါ်မှာ လွှမ်းမိုးသွားပါတယ်။
ဒီလို ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်၊ သွားတွေ့မယ် ဆိုတာကို ထိုင်းဘက်က အာဆီယံထဲမှာ ချပြပြောဆိုတာတွေ၊ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့ ဆွေးနွေးတိုင်ပင်တာတွေ မလုပ်ပဲ တစ်နိုင်ငံတည်း သီးသန့် အနေနဲ့ ပြုမူခဲ့တာ ဖြစ်ပါတယ်။
“အဲဒီလို တွေ့ခဲ့တယ် ဆိုပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ထုတ်ပြောတော့ အားလုံး အတော်လေး အံ့အားသင့်သွားကြရတယ်လို့ ကျွန်မ နားလည်ထားပါတယ်။ ဒီတွေ့ဆုံပွဲ အကြောင်း ဘယ်သူမှ ကြိုတင် မသိကြခဲ့ဘူး” လို့ စင်္ကာပူ အခြေစိုက် သုတေသနဌာနဖြစ်တဲ့ ISEAS – Yusof Ishak Institute ရဲ့ အာဆီယံလေ့လာရေးစင်တာက အကြီးတန်းသုတေသီ ရှယ်ရွန်ဆီအာက ဘီဘီစီကို ပြောပါတယ်။
တကယ်တော့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ အိမ်ရှင် ရက်တနို မာဆုဒီက စစ်ကောင်စီ အပါအဝင် မြန်မာ့အရေးမှာ အဓိက သက်ဆိုင်သူ ဘက်အားလုံးနဲ့ကြား သူ ဒီနှစ်ဝက်ကာလ အသံကျယ်ကျယ် မထုတ်ပဲ တိတ်ဆိတ်တဲ့ နည်းနာသုံးပြီး ချည်းကပ် ထိတွေ့နေတာတွေနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေ ဘယ်လို ရှိနေတယ်၊ ဘာတွေ လုပ်ထားတယ် ဆိုတာတွေကို အခု အစည်းအဝေးမှာပဲ အာဆီယံ လုပ်ဖော်ကိုင်ဘက်တွေကို ပြောပြဖို့ စီစဥ်ထားတာပါ။
ဒါပေမယ့်လည်း ထိုင်းရဲ့ တစ်ကိုယ်တော် ဆောင်ရွက်ချက်က အများရဲ့ အာရုံကို သိမ်းကြုံးဖမ်းစား သွားပါတယ်။
ကပ်ရက်နိုင်ငံဖြစ်ရခြင်း အကြောင်းပြချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရက်တနိုမာဆုဒီက အာဆီယံရဲ့ အရေးပါမှုနဲ့ ယုံကြည်ကိုးစားဖွယ်ကောင်းမှုတွေကို မထိခိုက်စေဖို့ ဆိုရင် အဖွဲ့အတွင် းစည်းလုံးညီညွတ်ဖို့ အရေးကြီးတယ် ဆိုပြီး မီးမောင်းထိုး ပြောပါတယ်။
ဒါဟာ ထိုင်းရဲ့ တစ်ကိုယ်တော် ခြေလှမ်းတွေ၊ လုပ်ဆောင်ချက်တွေ၊ ချည်းကပ်မှုတွေ အပါ် ရည်ညွှန်းတာလို့ ယူဆနိုင်ပြီး၊ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အာဆီယံ အဖွဲ့တွင်းမှာကို ကွဲလွဲချက်၊ ကွာဟချက်တွေ ကြီးမားနေပြီ ဆိုတာ ပြသနေတယ်လို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး အပေါ် သုံးသပ်ချက် ဆိုပြီး တဲ့ ISEAS – Yusof Ishak Institute က ကျွမ်းကျင်သူ သုတေသီတွေ ဖြစ်တဲ့ ဒေါ်မိုးသူဇာနဲ့ ရှယ်ရွန်ဆီအာတို့ ပူးတွဲ ရေးသားတဲ့ ဆန်းစစ်ချက်ထဲမှာလည်း ဒီ အကြောင်း ပြောထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဓိက ဘက်နှစ်ဘက်ကတော့ အရှေ့တောင်အာရှ ပင်မကုန်းမြေပိုင်း နိုင်ငံတွေနဲ့ ပင်လယ်ပိုင်းက ကျွန်းနိုင်ငံတွေကြား ကွဲပြားမှုလို့ ပြောလို့ရနိုင်ပါတယ်။ အဲဒီ ပင်မကုန်းမြေပိုင်း mainland က နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ လာအိုတို့ဟာ မြန်မာနဲ့ ဆိုရင် နယ်စပ်ချင်းထိနေတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။
အဲဒီ ပင်မကုန်းမြေပိုင်း နိုင်ငံတွေဟာ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွား အခြေခံ ပိုပြီး ကျဥ်းမြောင်းတဲ့ မှန်ဘီလူးနဲ့ မြန်မာ့အရေးကို ရှုမြင်နေကြဟန် တူတယ်ဆိုပြီး ISEAS – Yusof Ishak Institute ရဲ့ သုတေသီတွေက ထောက်ပြကြပါတယ်။
အဲဒီလိုမျိုး ကပ်ရက်နိုင်ငံ “immediate neighbour” ဖြစ်ရမှုကြောင့် မြန်မာ့အရေးဟာ သူတို့ အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံဆိုရင် မြန်မာနဲ့ နယ်စပ်ချင်းထိနေတဲ့ နောက်ထပ် နိုင်ငံတွေလည်းဖြစ်၊ ကမ္ဘာ့နိုင်ငံကြီးတွေလည်း ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ပူးပေါင်းမှုကို ရယူပြီး မြန်မာ့အရေး ဆွေးနွေးပွဲတွေကို အာဆီယံ အပြင်ဘက်မှာ အပြိုင် ဖန်တီးလာခဲ့ပါတယ်။
နယ်စပ်ချင်းထိနေတဲ့ နိုင်ငံ ဖြစ်ရခြင်း အကြောင်းပြချက်ဟာ မှန်သင့်သလောက်မှန် ပေမယ့်လည်း မြန်မာ့အရေး၊ မြန်မာ့အကျပ်အတည်းဆိုတာ အခု နောက်ဆုံး တကျော့ပြန် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ ပြဿနာတွေ သက်သက်တင်မက၊ ကာလတာရှည်ကတည်းက ရှိနှင့်ပြီးဖြစ်တဲ့ အတွင်းလှိုက်စားနေတဲ့ ပြဿနာတွေ အပေါ် အခြေခံထားတာ ဖြစ်တယ် ... ၂၀၂၁ အာဏာသိမ်းမှုက အခြေအနေတွေကို ပိုဆိုးရွားသွားစေတာသာ ဖြစ်တယ်လို့ ဒေါ်မိုးသူဇာနဲ့ ရှယ်ရွန်ဆီအာတို့က ထောက်ပြကြပါတယ်။
အမျိုးသားအကျိုးစီးပွား ဆိုတဲ့ ကျဥ်းမြောင်းတဲ့ မှန်ပြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီတော့ တစ်နိုင်ငံချင်းစီရဲ့ အမျိုးသားအကျိုးစီးပွား အခြေခံနဲ့ ချည်းကပ်တာဟာ ဆီ လျော် သင့်မြတ်တဲ့ နည်းလမ်း ဖြစ်ရဲ့လား ဆိုတဲ့ မေးခွန်း ပေါ်ပေါက်လာသလို၊ ထိုင်း ပြည်တွင်း နိုင်ငံရေးကို ကြည့်ရင်လည်း ဝန်ကြီးချုပ် ပရာယွတ် ဦးဆောင်တဲ့ အိမ်စောင့် အစိုးရဟာ အာဏာလွှဲပေးရတော့မယ့် ဆင်းရကာနီး အစိုးရ ဖြစ်ရက်နဲ့ သူတို့ရဲ့ မြန်မာ့အရေး ချည်းကပ်မှု လမ်းကြောင်းကို ဘာလို့ တွန်းလုပ်နေရလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ပေါက်လာစေပါတယ်။
အာဆီယံ အဖွဲ့တွင်း ပင်မကုန်းမြေပိုင်းနိုင်ငံတွေနဲ့ ပင်လယ်ရေပြင် ကျွန်းနိုင်ငံတွေ (အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူ) တို့ကြားမှာ မြန်မာ့အရေး သဘောကွဲမှုတွေဟာ ဘယ်ပေါ်မှာ အဓိက အခြေခံ နေတာလဲ ဆိုရင် စစ်ကောင်စီနဲ့ကြား ဆက်ဆံရေးမှာ ဘယ်လို အဆင့်အတန်းမျိုး ထားရှိမလဲ ဆိုတာ အပေါ် ကွဲလွဲ နေကြတာ ဖြစ်ပါတယ်။
အာဆီယံ ထိပ်သီး ခေါင်းဆောင်တွေရဲ့ အစည်းအဝေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးတွေလို နိုင်ငံရေး၊ သံတမန်အရေးရ အရေးအကြီးဆုံး အစည်းအဝေးတွေမှာ စစ်ကောင်စီကို ဖယ်ထုတ်ထားတဲ့ အပြစ်ပေးနည်းပုံစံတစ်မျိုး ဖြစ်တဲ့ လက်ရှိ မူ အပေါ် မှာ ထိုင်းအပါအဝင် သဘောမကျ တဲ့ နိုင်ငံတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ထိုင်းက ကမကထ လုပ် ကျင်းပပေးလာခဲ့တဲ့ အစည်းအဝေးတွေမှာ ဆိုရင် စစ်ကောင်စီကို ကိုယ်စားပြုသူတွေ ရှိနေခဲ့ပြီး၊ ဒီခြေလှမ်းဟာ နိုင်ငံတကာ သံတမန် မျက်နှာစာမှာ စစ်ကောင်စီကို ပုံမှန် အဆင့်အတန်း ပြန်ရလာစေတဲ့ ပလက်ဖောင်း နေရာတွေ ဖန်တီး ပေးတာမျိုး အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ခံရပါတယ်။
ထိုင်းရဲ့ အာဆီယံ အပြင်ဘက် တစ်ကိုယ်တော် ကြိုးပမ်းမှုတွေဟာ အာဆီယံ အထူးသံတွေ၊ ကုလ အထူးသံတွေ မရခဲ့တဲ့ အခွင့်အရေးမျိုး ရယူနိုင်တယ် ဆိုပြီး လတ်တလောမှာ အများအာရုံစိုက်မှုကို ရတာ မှန်ပေမယ့် ၊ ဒီလို လုပ်ရပ်တွေကြောင့် အာဆီယံ အတွင်း စည်းလုံးမှု ပျက်ရတယ်၊ အာဆီယံကို ထိခိုက်ရတယ် ဆိုရင် အာဆီယံကို စတေးရတာ ဆီလျော် သင့်မြတ်တဲ့ လုပ်ရပ် ဟုတ်ပါ့မလား ဆိုပြီး ဒေါ်မိုးသူဇာနဲ့ ရှယ်ရွန်ဆီအာတို့က မေးခွန်း ထုတ်ကြပါတယ်။
သူတို့ရဲ့ စကားနဲ့ ဆိုရင် ရေတိုအောင်မြင်မှုဟာ ရေရှည် နာကျင်ရဖို့ပဲ Short-Term Gains, Long-Term Pains လို့ ဆိုထားပါတယ်။
အာဆီယံအစည်းအဝေး အပြီး ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာအရေး ထိုင်းရဲ့ ကြိုးပမ်းမှုတွေကို အပြုသဘောဆောင်တဲ့ တိုးတက်မှု အနေနဲ့ ရှုမြင်တယ်လို့ သံခင်းတမန်ခင်းဆန်ဆန် ရေးထားပေမယ့်၊ မြန်မာအရေး ဆောင်ရွက်ချက်တိုင်းဟာ ဘုံသဘောတူမှု ၅ ချက်နဲ့ ကိုက်ညီနေဖို့နဲ့ အာဆီယံ ဥက္ကဋ္ဌနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး လုပ်ဖို့ ဆိုတာတွေကို ထပ်လောင်း အတည်ပြုကြောင်း ပြောထားပါတယ်။
ဒါဟာ ထိုင်း အနေနဲ့ တစ်ကိုယ်တော် ပုံစံ လုပ်ဆောင်နေတာတွေဟာ အာဆီယံထဲ ရယူထားတဲ့ ဘုံသဘောထားတွေကနေ သွေဖီနေတာကို သတိပေးတဲ့ ပုံစံအဖြစ် အကဲခတ်တွေက ယူဆကြပါတယ်။
ဒီတော့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဘာတွေ အဓိက ဖြစ်ခဲ့လဲ ၊ အင်ဒိုနီးရှားရဲ့ လက်ရှိ ဥက္ကဋ္ဌ သက်တမ်း မကုန်ခင် မြန်မာအရေး ခိုင်မာတဲ့ တိုးတက်မှု တစုံတရာ ရလာနိုင်လား စတာတွေ အကြောင်း ISEAS – Yusof Ishak Institute ရဲ့ အာဆီယံလေ့လာရေးစင်တာက အကြီးတန်းသုတေသီ ရှယ်ရွန်ဆီအာကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
ဘီဘီစီ။ ။ အခု အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘယ်လို အရေးကြီးတဲ့ အကြောင်းအရာတွေ ပေါ်ပေါက်ခဲ့တာ တွေ့ရလဲ။ သူတို့ အနေနဲ့ ဘုံသဘောထား ၅ ချက် ဆိုတာကိုပဲ ဆက်လက် စွဲကိုင်နေဦးမှာလား။ ပြုပြင်မွမ်းမံ ဖန်တီးတာတွေ ... လမ်းသစ်ရှာတာတွေ လုပ်ဖို့ သဘောထားမျိုးတွေ ရှိနေလားခင်ဗျ။
ရှယ်ရွန်ဆီအာ လီ-လီအန်။ ။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲမှာ မြန်မာ့အရေးဟာ ဆွေးနွေးစရာ ထိပ်တန်း အကြောင်းအရာ တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီမှာ အိမ်ရှင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်တနို မာဆုဒီက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သူ ထိတွေ့ ဆက်ဆံ ဆွေးနွေးမှု အကြိမ်ပေါင်း ၁၁၀ အထိအောင် ပြုလုပ်ခဲ့တဲ့ အကြောင်း အခု အစည်းအဝေးမှာ ပြောပြ ပါတယ်။ သက်ဆိုင်တဲ့ ဘက်ပေါင်းစုံနဲ့ ဆွေးနွေးတယ် ... ဆွေးနွေးဖြစ်တဲ့ သူတွေထဲ နိုင်ငံခြားရေး ဝန်ကြီး အဆင့်မျိုးတွေ အထိ ပါဝင်တယ်လို့ ဆိုပါတယ်။ အရင်ကတည်းက မစ္စ မာဆုဒီ ပြောထားခဲ့သလိုပဲ .... အခု ကြိုးပမ်းမှုတွေဟာ မလွယ်ကူ မရိုးရှင်းလှပါဘူး။ အင်မတန်မှ ရှုပ်ထွေးပြီး သိမ်သိမ်မွေ့မွေ့ လုပ်ဆောင်ရတာမျိုး ဖြစ်ပါတယ်။
ဒီ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ နောက် အရေးကြီးတဲ့ အကြောင်းအရာကတော့ ထိုင်းရဲ့ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဒွန် ပရာမွတ်ဝီနိုင်းက သူရဲ့ မြန်မာပြည် ခရီးစဥ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ် ဆိုတဲ့ အချက်ကို ထုတ်ပြောလာပါတယ်။ အဓိက အချက်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာနေတယ် .... ဆွေးနွေးညှိနှိုင်ရေး ဒိုင်ယာလော့ဂ် လုပ်တာမျိုးကို အားပေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် အစရှိသဖြင့် ဒွန် ပရာမွတ် ဝီနိုင်းက ပြန်ပြောင်းပြောပါတယ်။
ဒါတွေကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကြား ပြောဆိုကြတဲ့ အဓိက အကြောင်းအရာတွေ ဖြစ်ပြီး၊ သူတို့ရဲ့ ဆွေးနွေးမှုတွေကနေ ရရှိလာတဲ့ သဘောတူမှု တချို့ ရှိတယ်လို့ ကျွန်မ နားလည်ထားပါတယ်။ မြန်မာနဲ့ ပတ်သက်ပြီး ထိတွေ့ ဆက်ဆံ ဆွေးနွေးမှုတွေဟာ အာဆီယံကနေ တဆင့်ပဲ ဖြစ်သင့်တယ် ဆိုတဲ့ အချက်ပေါ် သဘောတူကြတယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ ... ရှိထားတဲ့ ဘုံသဘောတူမှု ၅ ချက်ကို အဓိက ရည်ညွှန်းကိုးကားစရာ အချက်တွေ အဖြစ် ဆက်လက် အသုံးပြုသွားကြဖို့လည်း သဘောတူတယ်လို့ သိထားရပါတယ်။
ဘီဘီစီ။ ။ ကျေးဇူးပဲ ရှယ်ရွန်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမွတ် ဝီနိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တယ် ဆိုတဲ့ အချက်ဟာ ကျန်တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အတွက် အင်မတန် အံ့အားသင့်စရာ ဖြစ်သွားစေခဲ့လား။ ဒါမှမဟုတ် ထိုင်းဟာ စစ်ကောင်စီ ကိုယ်စားပြုခွင့် ရှိနေတဲ့ အစည်းအဝေးတွေကို ကမကထလုပ် ဖန်တီးပေးနေတာ ဖြစ်တဲ့ အတွက် ... စစ်ကောင်စီဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို တခြားသူတွေကို မပေးပဲ၊ ထိုင်းကိုပဲ အထူးအခွင့်အရေး အနေနဲ့ ပေးကောင်းပေးမယ်လို့ ကြိုတင် မျှော်လင့် တွက်ဆထားကြလား။
ရှယ်ရွန်ဆီအာ လီ-လီအန်။ ။ ကျွန်မ နားလည်သလောက်ကတော့ ... ဒီတွေ့ဆုံမှု သတင်းဟာ မမျှော်လင့်ပဲ ကြားသိလာရတာ ဖြစ်ပြီး အားလုံး အတွက် အတော်လေး အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံမှု ရှိခဲ့တဲ့ အကြောင်း ဘယ်သူမှ ကြိုတင် မသိခဲ့ကြပါဘူး။ လက်ရှိ ထိုင်းအိမ်စောင့် အစိုးရရဲ့ အဲဒီ လုပ်ဆောင်မှုဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှု unity ကိုရော .... ၊ အာဆီယံ အဖွဲ့ရဲ့ အရေးပါမှု “ASEAN centrality” အပေါ်မှာပါ ထိခိုက်သွားစေတယ်လို့ မြင်ပါတယ်။ ထိုင်းအစိုးရ လုပ်ဆောင်ချက်တွေ အပေါ် ကျန် အဖွဲ့ဝင်နိုင်ငံတွေကြားမှာလည်း စိုးရိမ်စိတ် ရှိနေကြပါတယ်။ ဒီတော့ ထိုင်းရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အာဆီယံ အတွင်း အလေးအနက် သုံးသပ်ကြဖို့ လိုတယ်လို့လည်း ကျွန်မတို့ ယူဆပါတယ်။
ပြောရမယ်ဆိုရင် အာဆီယံရဲ့ စည်းလုံးမှုအပါ် တိုက်ရိုက်ကို လာပြီး ထိခိုက်တာ ဖြစ်ပါတယ်။ အာဆီယံခေါင်းဆောင်တွေကြားမှာ ပြီးခဲ့တဲ့နှစ်ကတည်းက သဘောတူမှု ယူထားတာက ဘုံ သဘောတူမှု ၅ ချက်ကို အခြေခံမူ primary reference points တွေ အဖြစ် ဆက်လက် စွဲကိုင်ကြဖို့နဲ့၊ မြန်မာနဲ့ကြား ထိတွေ့ဆက်ဆံရေးတွေကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က တာဝန်ယူ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။
အဓိကကကတော့ အထူးကိုယ်စားလှယ် အနေနဲ့ သူရဲ့ တာဝန်ဝတ္တရားတွေကို ဘက်လိုက်မှု အကင်းဆုံးနဲ့ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အခုလိုမျိုး နိုင်ငံတစ်ခုတည်းရဲ့ သဘောထားနဲ့ ပြုလုပ်တဲ့ ခရီးစဥ်ဟာ ဘက်လိုက်မှု ကင်းစင်ရေး အနှစ်သာရ လုံးဝ ပျက်စီး သွားစေပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဘာတွေ ပြောဆိုခဲ့ကြလဲ ဆိုတာကို ထိုင်းက ထုတ်ပြန်တဲ့ တစ်ဘက်တည်းကလာတဲ့ အသံတွေပဲ ကြားရတာမျိုး ဖြစ်နေပါတယ်။ အာဆီယံ အဖွဲ့တွင်းမှာ လုံးဝ ချပြ ဆွေးနွေးတာမျိုး မလုပ်ပဲ၊ အခုလို ပြုမူလိုက်တာဟာ အဖွဲ့ကြီး တစ်ခုလုံး အနေနဲ့ ယုံကြည်ကိုးစားဖို့ရာ ဘယ်လောက် ထိုက်တန်လဲ ဆိုတဲ့ credibility အပေါ်မှာပါ ထိုးနှက် ခံရတာမျိုး ဖြစ်ပါတယ်။
ဒါ့ကြောင့် ထိုင်းရဲ့ ခြေလှမ်းတွေ အပေါ် အာဆီယံ အတွင်း အလေးအနက် ပြန်ပြီး သုံးသပ်ကြဖို့ လိုသလို၊ ထိုင်းဘက်က ရှေ့ဆက် လုပ်ဆောင်မှာတွေကလည်း အာဆီယံအဖွဲ့ကြီး တစ်ခုလုံးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဟန်ချက်ညီညီ ဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ထိုင်း အနေနဲ့ သူတို့ ရည်ရွယ်ထားတဲ့ အရာတွေကို အာဆီယံထဲမှာ ချပြ ဆွေးနွေးတာမျိုး၊ အာဆီယံ ဥက္ကဋ္ဌရဲ့ သဘောထားနဲ့ အကြံဥာဏ်တွေ တောင်းခံတာမျိုး ပြုလုပ်ဖို့ အရေးကြီးလှတယ်လို့ ကျွန်မတို့ ထောက်ပြချင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ မစ္စမာဆုဒီကလည်း အာဆီယံအတွင်း စည်းလုံးညီညွတ်မှု ရှိဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ကို အလေးထားပြီး ပြောခဲ့တယ် ဆိုတော့ ... လက်ရှိ အာဆီယံထဲမှာ အက်ကြောင်းကြီး ကြီးကြီးမားမား ရှိနေပြီလို့ ပြောနိုင်လား။
ရှယ်ရွန်ဆီအာ လီ-လီအန်။ ။ အာဆီယံထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အဖွဲ့ဝင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား မတူညီတဲ့ အနေအထားတွေ၊ ရပ်တည်မှုတွေကတော့ သေချာပေါက် ရှိနေပါတယ်။ ဥပမာ ပြောရရင် လာအိုနဲ့ ထိုင်းနိုင်ငံတို့ဆိုရင် မြန်မာနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း immediate neighbours တွေ ဖြစ်ကြပါတယ်။ အာဆီယံ အပြင်ဘက်မှာဆိုရင် အဲဒီလို မြန်မာနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းတွေဟာ အိန္ဒိယနဲ့ တရုတ်တို့ ဖြစ်ပါတယ်။
အဲဒီလို နယ်စပ်ချင်း ထိစပ်နေတဲ့ အတွက် မြန်မာ့အရေးဟာ သူတို့ အပေါ် တိုက်ရိုက် သက်ရောက် ရိုက်ခတ်တယ်ဆိုပြီး အဲဒီ နိုင်ငံတွေက ရည်ညွှန်း ပြောလေ့ ရှိပါတယ်။ ရှိထားလက်စ ပြဿနာတွေဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ တကျော့ပြန် စစ်အာဏာသိမ်းမှုကြောင့် ပိုပြီး ဆိုးရွား ပြင်းထန်လာပါတယ်။ ဒီ အချက်ဟာလည်း လက်တွေ့ တကယ် ဖြစ်နေတဲ့ အချက်၊ မှန်ကန်တဲ့ အချက် ဆိုတာတော့ မငြင်းနိုင်ပါဘူး။
ဒီတော့ “ကပ်လျက်အိမ်နီးချင်းဖြစ်မှု” ဆိုတဲ့ အချက်ကို အဓိက အကြောင်းပြချက် အနေနဲ့ အသုံးချပြီး သူတို့ဟာ မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ကြား ထိတွေ့ ဆက်ဆံရေးတွေ ပြုလုပ်ကြပါတယ်။
ကျန်တဲ့ အာဆီယံနိုင်ငံတွေ၊ တိကျအောင် ပြောရရင်တော့ ပင်လယ်ကမ်းရိုးတန်းနဲ့ ရေပိုင်နက် ရှိတဲ့ အာဆီယံ နိုင်ငံတွေကတော့ မြန်မာနဲ့ နယ်စပ်ချင်း ထိမနေပါဘူး။ သူတို့ကတော့ ဘုံသဘောထား ၅ ချက် လက်တွေ့ အကောင်အထည် ဖော်ရေးမှာ တိုးတက်မှု ရှိမလာမချင်း စစ်ကောင်စီနဲ့ကြား ဆက်ဆံရေးကို ထိန်းချုပ်ကန့်သတ်ထားလိုတဲ့ သဘောထား ဆန္ဒတွေ ရှိကြပါတယ်။
စစ်ကောင်စီဘက်ကို အဓိက သူတို့ တောင်းဆိုနေတာကတော့ ... မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတဲ့ သွေးထွက်သံယိုဖြစ်ရပ်တွေ၊ အကြမ်းနည်းသုံးနေတာတွေ လျှော့ပါ၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုမျိုး လုပ်လိုတဲ့ သဘောထား ဆန္ဒကို ပြသပါ ဆိုပြီး ပြောထားပါတယ်။ လက်ရှိ အချိန်ထိတော့ စစ်ကောင်စီဘက်က လိုက်လျော ဆောင်ရွက်တာမျိုး မရှိသေးပါဘူး။
ဘီဘီစီ။ ။ မစ္စမာဆုဒီ ထုတ်ပြောခဲ့သလို အင်ဒိုနီးရှား အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ချိန်၊ သူ့အနေနဲ့ မြန်မာ့အရေးကို ဦးစီးဦးဆောင် ကိုင်တွယ်ရတဲ့ အခါ အဓိက သက်ဆိုင်သူ ဘက်အားလုံးနဲ့ အကြိမ်ပေါင်းရာကျော် ဆွေးနွေးခဲ့တဲ့ အခါမှာ တိုးတက်မှု ရလဒ် ခိုင်ခိုင်မာမာ ဖြစ်ထွန်းလာတာမျိုး သတိထားမိလား ရှယ်ရွန်ရေ ... ။
ရှယ်ရွန်ဆီအာ လီ-လီအန်။ ။ ကျွန်မ အမြင်မှာတော့ အခုလို ကြိုးပမ်း အားထုတ်မှုတွေဟာ အချိန်လိုပါတယ်။ အလျင်စလို လုပ်ဆောင်လို့ မရပါဘူး။ နောက်ပြီး ... ကြိုးစားနေဆဲ ကာလမှာ ထိတွေ့မှုတွေဟာ လူအများအာရုံစိုက်မိစေပြီး ဆူဆူညံညံ ဖြစ်စေမယ့် ဆလိုက်မီးရောင်တွေနဲ့ ဝေးရာ ကန့်လန်ကာ နောက်ကွယ်မှာ ပြုလုပ်နေတဲ့ အခုပုံစံကလည်း ဆီလျော်သင့်မြတ်တဲ့ ချည်းကပ်မှု ပုံစံဖြစ်တယ်လို့ ယူဆပါတယ်။
ဒီ ထိတွေ့ဆက်ဆံမှုတွေမှာ ပါဝင်ခဲ့တဲ့ သက်ဆိုင်သူတချို့ ဆီကလည်း သူတို့ အားရ ကျေနပ်မှု အတိုင်းအတာ တစုံတရာထိ ရှိတယ်ဆိုတဲ့ မှတ်ချက်မျိုးတွေ ကျွန်မတို့ ကြားသိရပါတယ်။ ဒီတိတ်ဆိတ်တဲ့ သံတမန်ရေး ချည်းကပ်မှု quite diplomacy အပေါ်မှာ သူတို့ နားလည် သဘော ပေါက်ကြပါတယ်။ အင်ဒိုနီးရှား ဥက္ကဋ္ဌ သက်တမ်း အလွန် အချိန်တွေမှာလည်း အလားတူ ထိတွေ့ ဆက်ဆံမှုတွေ ဆက်ပြီး ရှိစေလိုတဲ့ သဘောထား ဆန္ဒမျိုးတွေကိုလည်း တွေ့ရပါတယ်။
ဒီတော့ လာအို အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာရင်လည်း အခု လက်ရှိ စထားနှင့်ပြီးတဲ့ ထိတွေ့ ဆက်ဆံမှုတွေ၊ ဆွေးနွေးမှုတွေ ဆက်ပြီး ရှိနေဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ကောင်းမွန်တဲ့ ရလဒ်တွေ ပေါ်ပေါက်လာဖို့ကတော့ အာဆီယံ အနေနဲ့ လုပ်ဆောင်သင့်တာတွေ၊ လုပ်ဆောင်ရမှာတွေ အများကြီးပဲ ရှိပါတယ်။
ကျွန်မတို့ အဓိက ထောက်ပြနေခဲ့တဲ့ အချက်ကတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဆိုတဲ့ အခန်းကဏ္ဍကို သီးသန့် စနစ်ယန္တရား တစ်ခု အဖြစ် အတိအကျ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ Institutionalise လုပ်ဖို့ လိုတယ်ဆိုပြီး ကျွန်မတို့ ပြောနေခဲ့ပါတယ်။ အင်ဒိုနီးရှားလက်ထက်မှာတော့ အထူးသံတမန်ရဲ့ ရုံးအဖွဲ့ဆိုပြီး ထူထောင် ထားရှိလာပါတယ်။ ခုနက ပြောတဲ့ ထိတွေ့ဆက်ဆံမှုတွေ ဆိုတာ အဲဒီ အထူးသံတမန်ရုံးကနေ ပြုလုပ်တာ ဖြစ်ပါတယ်။ ဆွေးနွေးရာကနေ တွေ့ရှိလာတဲ့ ပြဿနာတွေ၊ အကြောင်းချင်းရာတွေကို နောက်ဆက်တွဲ ကိုင်တွယ်ဖို့၊ ဆက်လက် လေ့လာဖို့ရာ အဲဒီ ရုံးအဖွဲ့က တာဝန်ယူပါတယ်။
ဒါပေမဲ့ လက်ရှိ အနေအထားကတော့ ရင်းမြစ်တွေကို ခွဲဝေ သုံးစွဲရတာမျိုး ဖြစ်နေပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်စေ၊ သူ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်စေ ရှိနှင့်ပြီး တာဝန်တွေကကို များပြားလွန်းလှပြီ ဖြစ်ပါတယ်။ မြန်မာအရေး သီးသန့် အချိန်ပေးဖို့ ဆိုတာ ခက်ပါတယ်။ မြန်မာ အရေး သီးသန့်ကိုသာ ကိုင်တွယ်မယ့် သီးသန့် စနစ်ယန္တရားရှိဖို့လိုပါတယ်။ ဒါ့ကြောင့် သတ်မှတ်ထားတဲ့ တာဝန် ဝတ္တတရား အတိတကျတွေနဲ့ အချိန်ပြည့် ရုံးအဖွဲ့မျိုး ထားရှိပါလို့ ကျွန်မတို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ဒုတိယ အချက်ကတော့ .... မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ အသေးစိတ် အစီအစဥ်တွေနဲ့ အချက်အလက်တွေ ပါဝင်တဲ့ လမ်းပြမြေပုံ Road Map တစ်ခု ထားရှိဖို့ အင်မတန် လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါမှလည်း ကိုယ်လုပ်ဆောင်သမျှဟာ တိကျတဲ့ ဦးတည်ချက်တွေ ရှိပြီး၊ အဖတ်တင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လည်း ဒီနေရာမှာ မပျက်မကွက် ထည့်ပြီး ပြောသင့်တဲ့ အချက်ကတော့ ... ဘာတွေပဲလုပ်လုပ် မြန်မာ စစ်ကောင်စီဘက်က ပူးပေါင်း ဆောင်ရွက်တာတွေ ပျက်ကွက်နေသရွေ့တော့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ နိဂုံးချုပ် အနေနဲ့ပေါ့ ရှယ်ရွန်ရေ .... ကျွန်တော် မေးချင်တာက ... အင်ဒိုနီးရှား ဥက္ကဋ္ဌ သက်တမ်း မကုန်ခင်၊ လာအိုက လက်လွှဲ မယူခင်မှာ မြန်မာ့အကျပ်အတည်း ဖြေရှင်ရေးမှာ ခိုင်မာတဲ့ အဖြေတစ်ခု ရလာဖို့ ဆိုတာ ဖြစ်နိုင်မလား။ မျှော်လင့်နိုင်လားခင်ဗျ။
ရှယ်ရွန်ဆီအာ လီ-လီအန်။ ။ အင်း ... ပြောရရင်တော့ အင်ဒိုနီးရှား ဥက္ကဋ္ဌ သက်တမ်း နေုာက်ဆုံးတချီလုပ်မယ့် ထိပ်သီးခေါင်းဆောင်အဆင့် ဆွေးနွေးပွဲ summit ဟာ စက်တင်ဘာလထဲမှာ ကျင်းပဖို့ စီစဥ်ထားပါတယ်။ အဓိပ္ပာယ်ကတော့ ဥက္ကဋ္ဌဖြစ်ခြင်းဟာ စက်တင်ဘာလ ဆိုရင်ပဲ လက်တွေ့သဘောမှာ အဆုံးသတ်ပြီလို့ ပြောရမှာပါ။
ဒီတော့ ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ ရလဒ်ကောင်းတွေပဲ ဖြစ်ဖြစ်၊ ဘုံ သဘောတူမှု ၅ ချက် လက်တွေ့ အကောင်အထည် ဖော်ဆောင်တဲ့ နေရာမှ ဖြစ်ဖြစ် ... အင်ဒိုနီးရှား အနေနဲ့ သူတို့လက်ထက် ဆောင်ရွက်ချက်တွေကနေ တဆင့် တိုးတက်မှု တစုံတရာ အခိုင်အမာ ရတယ်ဆိုတာ ပြနိုင်ဖို့ အချိန် သိပ်မရှိ တော့ပါဘူး။ ဒါပေမဲ့ ဒီနှစ်မကုန်ခင်မှာတော့ တစုံတရာ တိုးတက်မှုမျိုး မြင်လာရမလား ဆိုတဲ့ မျှော်လင့်ချက်မျိုး ထားနိုင်မယ်လို့ ထင်ပါတယ်။








