စက်တင်ဘာ ၂၇ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ရွေးကောက်ပွဲပုဒ်မနဲ့ အမှုဖွင့်တဲ့အပေါ် KNU နဲ့ အေအေ တုံ့ပြန်

ရွေးကောက်ပွဲကို ပျက်ပြားအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ထဲရေးက အမှုဖွင့်ထားတဲ့အပေါ် KNUနဲ့ အေအေက ပြန်လည် တုံ့ပြန်လိုက်ပါတယ်။
KNU ဥက္ကဋ္ဌစောကွယ်ထူးဝင်းအပါအဝင် ကရင်အမျိုးသားအစည်းအရုံးက ပုဂ္ဂိုလ် ၁၂ ဦးကို ကရင်ပြည်နယ်ထဲက လှိုင်းဘွဲ့နဲ့ ပိုင်ကျုံရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။
KNU ဟာ သီးသန့်နယ်မြေထဲမှာရှိလို့ ဒီတရားစွဲမှုက ဘယ်လိုမှသက်ရောက်မှာမဟုတ်ဘူး လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ဘီဘီစီကို ပြောပါတယ်။
အာရက္ခတပ်တော် အေအေကိုတော့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ရွာ ဘုန်းကြီးကျောင်းမှာ ရွေးကောက်ပွဲကော်မရှင်က မဲပေးစက်အသိပညာပေးနေချိန် ဒရော့ဗုံး ချလို့ဆိုပြီး အိုင်သပြုရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။
အာရက္ခတပ်တော် အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ဘုန်းကြီးကျောင်းကို ဗုံးချတိုက်ခိုက်တာ လုံးဝမရှိဘူးလို့ ငြင်းဆိုပါတယ်။
"ဒါ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံစွပ်စွဲတာဖြစ်ပါတယ်။ ဒီကိစ္စကျွန်တော်တို့နဲ့ လုံးဝပတ်သက်မှုမရှိပါဘူး " လို့ ဦးခိုင်သုခက ပြောပါတယ်။
အာရက္ခတပ်တော် အေအေအနေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အများပြည်သူထိခိုက်စေတဲ့လုပ်ရပ်မျိုးကို လုံးဝအားမပေးဘဲ ပြင်းပြင်းထန်ထန်ဆန့်ကျင်တယ်လို့ သူက ဖြည့်ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ စက်တင်ဘာ ၂၃ ရက်ထုတ်ပြန်ချက်မှာ KNU နဲ့ အေအေအပြင် ချင်းပြည်ကောင်စီ CC ရဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ၁၇ ဦး၊ ခေတ်သစ်မီဒီယာနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် လူမှုကွန်ရက် အသုံးပြုတွေကိုပါ အမှုဖွင့်ထားတာ တွေ့ရပါတယ်။
စာရေးဆရာ သင့်နော် ကွယ်လွန်

မန္တလေးအခြေစိုက် စာရေးဆရာ၊ စာနယ်ဇင်းသမား ဆရာသင့်နော်(ခ) ဦးသန်းဌေးဟာ ဒီနေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်အချိန်က မန္တလေးမြို့၊ ကံ့ကော်ဆေးရုံမှာ ဆုံးပါးသွားပြီဖြစ်ပါတယ်။
"သူက ကျောက်ကပ်မကောင်းဘူး။ ဒီမနက် ကံ့ကော်ဆေးရုံတင်ပြီး မွန်းလွဲပိုင်းမှာ ဆုံးသွားပါတယ်။ ဆေးရုံကနေ အိမ်ကို ပြန်သယ်လာပြီ"လို့ မိတ်ဆွေဖြစ်သူ စာရေးဆရာဆူးငှက်က ပြောပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဆရာသင့်နော်ဟာ ပြည်ဇာတိ ဖြစ်ပေမဲ့ မန္တလေးမှာပဲ ဘဝကိုမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။
မန္တလေးမြို့မှာ သူဖွင့်ထားတဲ့ ဥတ္တရလွင်ပြင် စာအုပ်ဆိုင်နဲ့ သူ့ကိုတွဲမြင်တတ်ကြပါတယ်။
စာရေးဆရာသင့်နော်ဟာ စာနယ်ဇင်းတွေမှာလည်း ဆောင်းပါးအများအပြားရေးခဲ့သလို ဂန္တဝင်စာအုပ်စာပေတွေနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပါတယ်။
"ဂန္တဝင်စာအုပ်အဟောင်းတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ၊ ရောင်းချသူဆိုရင် သူက မန္တလေးမှာ သက်တမ်းအရင့်ဆုံးပဲ"လို့ စာရေးဆရာဆူးငှက်က ဘီဘီစီကို ပြောပါတယ်။
ဆရာသင့်နော်ဟာ စာပေလောကရဲ့ ပြင်ပဘက် လူမှုဆက်ဆံရေးမှာလည်း ဟာသဥာဏ်ရွှင်သူ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဘူးလို့ NLD ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၇ ရက်မှာ ကျရောက်တဲ့ NLD ဖွဲ့စည်းတည်ထောင်ခြင်း ၃၇ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ပြောထားတာဖြစ်ပါတယ်။
NLD ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဥက္ကဋ္ဌ သမ္မတ ဦးဝင်းမြင့်တို့ကို ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရဘဲ ကျန်းမာရေးသတင်းတွေကြောင့် အဖွဲ့ချုပ်အနေနဲ့ အထူးစိုးရိမ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးကိုလည်း မိတ်ဖက်နိုင်ငံတွေ၊ ပြည်တွင်းပြည်ပမိတ်ဆက် အင်အားစုတွေက ဆက်လက် ကြိုးပမ်းအားထုတ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်တပ်ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း လက်မခံ၊ အသိအမှတ်မပြုဘဲ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ NLD ဗဟို အလုပ်ကော်မတီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကို တရားဝင်ထုတ်ပြန်တာမရှိဘဲ သားဖြစ်သူကင်မ်အဲရစ်ပြောလာတဲ့ မိခင်ရဲ့ နှလုံးကျန်းမာရေး သတင်းနဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ပြောထားတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ပြဋ္ဌာန်းပြီး နိုင်ငံရေးပါတီတွေ မှတ်ပုံပြန်တင်ခိုင်းခဲ့ပါတယ်။
မှတ်ပုံပြန်မတင်တဲ့ NLD အပါအဝင် တခြားပါတီတွေကို နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။
အီလွန်မတ်စ်နဲ့ တော်ဝင်မင်းသားအင်ဒရူး အမည် အက်ပ်စတိုင်းမှတ်တမ်းတွေမှာ ပါဝင်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကွယ်လွန်သွားပြီဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူ ဘဏ္ဍာရေးလုပ်ငန်းရှင် ဂျက်ဖရီ အက်ပ်စတိုင်းနဲ့ဆက်စပ်တဲ့ မှတ်တမ်းမှတ်ရာတွေမှာ ဘီလျံနာ အီလွန်မတ်စ်နဲ့ ဗြိတိန်တော်ဝင်မင်းသား အင်ဒရူးတို့ပါဝင်လာပါတယ်။
အက်ပ်စတိုင်းဟာ လိင်ကုန်ကူးမှုတရားစွဲဆိုချက်တွေနဲ့ ရုံးတင်ခံရဖို့ စောင့်ဆိုင်းနေစဉ် ၂၀၁၉ ခုနှစ် ဩဂုတ်မှာ နယူးယောက်က အကျဉ်းခန်းထဲ သူ့ကိုယ်သူသတ်သေခဲ့ပါတယ်။
အီလွန်မတ်စ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ အပ်စတိုင်းရဲ့ ကျွန်းကို ဖိတ်ခေါ်ခဲ့တယ်လို့ အမေရိကန်အောက်လွှတ်တော်က စုံစမ်းစစ်ဆေးရေးကော်မတီထံ တင်ပြတဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
မင်းသားအန်ဒရူးနာမည်ကိုလည်း ၂၀၀၀ ပြည့်နှစ် မေမှာ နယူးဂျာစီကနေ ဖလော်ရီဒါကို ပြေးဆွဲတဲ့ လေယာဉ်ခရီးစဉ်အတွက် ကုန်ကျစရိတ်မှတ်တမ်းမှာ တွေ့ရပါတယ်။
မတ်စ်နဲ့ မင်းသားအင်ဒရူးတို့ကို မှတ်ချက်ပေးဖို့ ဘီဘီစီက ဆက်သွယ်ထားပါတယ်။
မင်းသားအင်ဒရူးကတော့ အမှားမကျူးလွန်ထားဘူးလို့ အရင်က ပြောဆိုဖူးပါတယ်။ အက်ပ်စတိုင်းက ကျွန်းကို လာလည်ဖို့ဖိတ်ပေမဲ့ သူက ငြင်းခဲ့တယ်လို့ အီလွန်မတ်စ်က ပြောဖူးပါတယ်။
လက်ရှိထွက်ပေါ်လာတဲ့ မှတ်တမ်းတွေဟာ ဂျက်ဖရီအက်ပ်စတိုင်းပိုင်ဆိုင်မှုစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပေးတဲ့ တတိယအသုတ်မှတ်တမ်းမှတ်ရာတွေ ဖြစ်ပါတယ်။
အဲဒီထဲမှာ ဖုန်းပြောဆိုတဲ့မှတ်တမ်းတွေ၊ လေယာဉ်ခရီးစဉ်မှတ်တမ်းတွေ၊ လေယာဉ်တွေနဲ့ပတ်သက်တဲ့ စာရင်းအင်းတွေ၊ဘဏ္ဍာရေးစာရင်းစာအုပ်တွေနဲ့ အက်ပ်စတိုင်းရဲ့နေ့စဉ်အလုပ်ချိန်တွေ ပါဝင်တယ်လို့ အောက်လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီမှာပါဝင်တဲ့ ဒီမိုကရက်အမတ်တွေ ကပြောပါတယ်။
အများပြည်သူသိအောင် ထုတ်ပြန်တဲ့ မှတ်တမ်းတွေမှာ အီလွန်မတ်စ်နဲ့မင်းသားအင်ဒရူးအပြင် အင်တာနက်စွန့်ဦးလုပ်ငန်းရှင် ပီတာ သီယယ်နဲ့ ထရမ့်ရဲ့အကြံပေးဟောင်း စတိဗ် ဘန်နွန်တို့အပါအဝင် နာမည်ကြီးပုဂ္ဂိုလ်တွေပါဝင်ပါတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်စွဲတပ် မှတ်တမ်းတစ်ခုမှာဆိုရင် "မမေ့ရန်- ဒီဇင်ဘာ ၆ ရက်မှာ အီလွန်မတ်စ် ကျွန်းကိုလာမယ် (လာဖြစ်မဖြစ်မသိ)" လို့ ဖော်ပြထားပါတယ်။
၂၀၀၀ ပြည့်နှစ် မေ ၁၂ ရက်မှာ မင်းသားအင်ဒရူးဟာ အပ်စတိုင်း၊ သူ့တွဲဖက် ဂျီစလိုင်း မက်စ်ဝဲတို့နှင့်အတူ နယူးဂျာဆီပြည်နယ် တီတာဘရိုကနေ ဖလော်ရီဒါပြည်နယ် ဝက်စ်ပန်ဘိချ်ကို သွားတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါခဲ့တယ်လို့ လေယာဉ်ခရီးစဉ်မှတ်တမ်းအရ သိရပါတယ်။
အက်ပ်စတိုင်းနဲ့အတူ မိန်းကလေးတွေကို လိင်အတွက် အသုံးချမှုနဲ့ မက်စ်ဝဲဟာ ၂၀၂၁ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီနဲ့ မေမှာ "အန်ဒရူး"ကို နှိပ်နယ်ပေးရမှုအတွက် ငွေပေးရတာကို အကြီးအကျယ်ဖုံးကွယ်မှုတွေရှိနေတဲ့ စာရင်းစာအုပ်တစ်အုပ်မှာ နှစ်ကြိမ်ဖော်ပြထားပါတယ်။ ဖော်ပြပါ နေ့ရက်တွေမှာ မင်းသားအင်ဒရူးဟာ အမေရိကန်ပြည်ထောင်စုကို ခရီးသွားခဲ့တယ်လို့ ဗြိတိန်နန်းတော်ရဲ့ မှတ်တမ်းတွေ၊ ဓာတ်ပုံတွေနဲ့ သတင်းမီဒီယာဖော်ပြချက်တွေ အရသိရပါတယ်။
ထုတ်ပြန်တဲ့ မှတ်တမ်းမှာ ဖော်ပြထားတဲ့ အင်ဒရူးဟာ ဘယ်အင်ဒရူးဖြစ်တယ်ဆိုတာ မသိရပါဘူး။
မှတ်တမ်းမှတ်ရာတွေမှာ ဖော်ပြခံရတဲ့သူတွေဟာ အက်ပ်စတိုင်း နောက်ပိုင်းမှာ အဖမ်းခံရတဲ့ အကြောင်းအရင်းဖြစ်တဲ့ ရာဇဝတ်မှုတွေကို သတိထားမိတယ် မထားမိဘူးကို ဖော်ပြထားခြင်းမရှိပါဘူး။
ကျောက်မဲမြို့အနီးအထိ တိုက်ပွဲရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Telegram
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ဘက်ကနေ ကျောက်မဲမြို့နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ကျောက်မဲမြို့နဲ့ ၆ မိုင်ခန့်အကွာက စခန်းသာရွာကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှာ ရောက်လာပြီလို့ ဒေသခံနဲ့ စစ်ရေးအခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။
"ညကတော့ စခန်းသာကို စစ်တပ်က ထိန်းလိုက်ပြီး တိုက်ပွဲ ဒီမနက်အထိ ခဏငြိမ်နေတယ်။ ဒီနေရာကိုရောက်ရင် ကျောက်မဲမြို့ပေါ် ရောက်တော့မယ်ဆိုတော့ မြို့ပေါ်မှာ လူသိပ်မရှိတော့ဘူး"လို့ ဒေသခံက ဘီဘီစီကို ပြောပါတယ်။
ကျောက်မဲမြို့နယ်ထဲက နားအိုက်ခန့်ရွာနဲ့ စခန်းသာရွာကြားကို စစ်တပ် တပ်ရင်း ၉ ရင်းဝန်းကျင်လောက်ရှိတဲ့ တိုက်ခိုက်ရေးအစုအဖွဲ့ရောက်နေတယ်လို့ သိထားရတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဘီဘီစီကို ပြောပါတယ်။
"ဒီမနက် ကျောက်မဲမြို့ဘက်ကို ဆက်ပြီး ရှေ့ပြေးတပ်ဆက်လွှတ်နေတဲ့ အနေအထားတွေ့ရတယ်။ စစ်တပ်ရဲ့ စစ်ရေးလိုလားချက်က ကျောက်မဲပြီးရင် သီပေါကို ဆက်သွားဖို့ရှိတယ်လို့ မြင်ရတယ်" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ စခန်းသာက TNLA အခြေစိုက်စခန်းကိုသိမ်းလိုက်ပြီလို့ ဖော်ပြနေကြပါတယ်။
ဘီဘီစီက ကျောက်မဲစစ်ရေးနဲ့ပတ်သက်လို့ တအာင်းတပ်ပြောခွင့်ရ လွေးယေဦးကို စာပို့မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။
မနေ့က မနက်ပိုင်းမှာတော့ စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျောက်မဲမြို့နယ်ထဲက ပါပုတ်ရွာကို ဒရုန်းဗုံးကြဲတာကြောင့် အမျိုးသား ၁ ဦး သေ ဆုံးတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ကျောက်မဲနဲ့ သီပေါဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲပထမပိုင်းကျင်းပမယ့် မြို့နယ်ထဲမပါပေမဲ့ စစ်ကော်မရှင် ရွေးကောက်ပွဲမကျင်းပဘူးလို့ ကြေညာထားတဲ့ ၅၆ မြို့နယ်ထဲမပါတာကြောင့် နောက်ထပ်လာမယ့် အပိုင်းတွေမှာ ပါလာနိုင်မလားဆိုတာကို နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ကိုးကန့်တပ်က သိန္နီမှာ ပြစ်မှုကျူးလွန်သူ ၃ ဦးကို သေဒဏ်ချမှတ်

ဓာတ်ပုံ ရင်းမြစ်, The Kokang
ကိုးကန့်တပ် MNDAA က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင်အတွင်းမှာ ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ဓားပြမှုတွေနဲ့ တရားစွဲခံထားရသူ ၇ ဦးကို စီရင်ချက်ချခဲ့ပြီး ၃ ဦးကို သေဒဏ်ချခဲ့ပါတယ်။
လူသတ်မှု၊ ဓားပြတိုက်လူသတ်မှု ကျူးလွန်သူတွေကို သေဒဏ်ချခဲ့တာြဖစ်ပြီး ဒီထဲမှာ MNDAA တပ်သား ၁ ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးကော်မတီဝင် ၁ ဦးတို့ ပါဝင်ပါတယ်။
သိန္နီမှာ ဆောက်လုပ်ရေးလာလုပ်တဲ့ မကွေးတိုင်းဇာတိ ကျော်နိုင်လတ်ဆိုသူဟာ တူဖြစ်သူနဲ့ဖိနပ်လုရင်း လူသတ်မှု ကျူးလွန်တာကြောင့် သေဒဏ်ချမှတ်တာဖြစ်တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။
ကိုးကန့်တပ်ရဲ့ ကျေးရွာအုပ်ချုပ်ရေးကော်မတီဝင် လီကြည်ဖူကတော့ အိမ်ထောင်ရှိ အမျိုးသမီးနဲ့ ချစ်သူဖြစ်ပြီး အဲဒီအမျိုးသမီးက လမ်းခွဲမယ်ပြောတာကြောင့် လူသတ်မှုဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုးကန့်တပ် တပ်သား ရန်ရှင်းဖားကတော့ ကုန်တင်ကားတစ်စီးကို ဓားပြတိုက် ကာ လူသတ်မှုကျူးလွန်တာကြောင့် သေဒဏ်ချမှတ်ခံရတာပါ။
ပြန်ပေးဆွဲငွေတောင်းခံသူ ၃ ဦးနဲ့ လူသတ်ဓားပြမှုမှာ ဖိအားပေးခံရလို့ ပါဝင်ခဲ့တဲ့ ကိုးတပ်တပ်သားတစ်ဦးကိုတော့ ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။
မဲပေးစက်တွေက မဲမသမာမှုလုပ်လို့မရဘူးလို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, MOI
လာမယ့်ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲပေးစက်တွေဟာ ယုံကြည်စိတ်ချရပြီး မဲမသမာမှုလုပ်လို့မရဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
စက်တင်ဘာ ၂၆ ရက်က ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုဝင်တွေ နဲ့ ပညာသင်ရောက်နေသူတွေတွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
စစ်ခေါင်းဆောင်က "လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ သိက္ခာရှိတဲ့ လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်" လို့ ပြောပါတယ်။
မြန်မာသံရုံး၊ စစ်သံရုံးမိသားစုဝင်တွေ နဲ့ ပညာသင်ရောက်နေသူတွေအနေနဲ့ မဲပေး ရွေးချယ်တဲ့ကိုယ်စားလှယ်လောင်းဟာ နိုင်ငံအကျိုးကိုဆောင်ရွက်နိုင်သူဖြစ်ဖို့ အပါအဝင် အချက် ၄ ချက်နဲ့ကိုက်ညီတဲ့သူဖြစ်ဖို့ လိုတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ UECကတော့ ရွေးကောက်ပွဲမှာ စစ်တပ်သိက္ခာကို မထိခိုက်ဖို့ အပါ အဝင် အချက် ၉ ချက်ထုတ်ပြန်ပြီး ပါတီကိုယ်စားလှယ်တွေရဲ့ မဲဆွယ်စည်းရုံးရေး ကို ကန့်သတ်တင်းကျပ်ထားပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့ UECကို နာမည်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်း ၄၉၆၃ ဦးရှိပါတယ်။
ဒီထဲမှာ စစ်တပ်ကနေ အနားပေးစေလွှတ်ထားတဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ USDPက ကိုယ်စားလှယ် ၁၀၁၈ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းအများဆုံးတင်သွင်းထားတဲ့ ပါတီ ဖြစ်နေပါတယ်။
လာမယ့်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ ပြည်တွင်းပြည်ပအဖွဲ့အစည်း တွေ ဖိတ်ခေါ်သွားမယ်လို့လည်း စစ်ကော်မရှင်က ပြောထားပါတယ်။








