ဟွန်ဒူးရပ်စ်က ပြည်မကြီးနဲ့ သံဆက်သွယ်လို့ သံအမတ်ကို ထိုင်၀မ်ပြန်ခေါ် - မတ် ၂၃ ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟွန်ဒူးရပ်စ် နိုင်ငံခြားရေး ဝန်ကြီး တရုတ်ပြည်ကို သွားနေချိန်မှာပဲ ထိုင်ဝမ်က သူ့သံအမတ်ကို ပြန်ခေါ်လိုက်ပါတယ်။
ဒီခရီးဟာ ထိုင်ဝမ်ပြည်သူတွေနဲ့ အစိုးရကို ပြင်းပြင်းထန်ထန် ထိခိုက်ခံစားရစေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထိုင်ဝမ်ဘက်က ငွေကြေး အကူအညီ တိုးမြှင့်မပေးနိုင်တဲ့အတွက် တရုတ်ပြည်မကြီးနဲ့ သံအဆက်အသွယ် ထူထောင်ဖို့ ဆုံးဖြတ်ရကြောင်း အရင်အပတ်က ဟွန်ဒူးရပ်စ် သမ္မတက ပြောကြားခဲ့ပါတယ်။
ဒီအပြောင်းအလဲကို တရုတ်ဘက်က ကြိုဆိုခဲ့သလို ထိုင်ဝမ်နဲ့ တရားဝင် သံအဆက်အသွယ်ရှိတဲ့ နိုင်ငံက ၁၃ နိုင်ငံပဲ ကျန်တော့တာကိုလည်း တွေ့ရပါတယ်။
အဘိုရီးဂျင်းတွေကို သြစတြေးလျ အသိအမှတ်ပြုမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိုင်းဦးသား အဘိုရီးဂျင်းတွေကို အသိအမှတ်ပြုတဲ့ အခြေခံ ဥပဒေပြင်ဆင်ချက်ကို ထောက်ခံပေးကြဖို့ သြစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနေးဇီးက မဲဆန္ဒရှင်တွေကို တောင်းဆိုလိုက်ပါတယ်။
ဒီနှစ်နှောင်းပိုင်းမှာ လုပ်မယ့် ဆန္ဒခံပွဲမှာ တိုင်းဦးသားတွေကို ကိုယ်စားပြုမယ့် အကြံပေးအဖွဲ့ကို လွှတ်တော်မှာ ထားရှိမလား ဆုံးဖြတ်ကြမှာပါ။
အဘိုရီးဂျင်းတွေနဲ့ တောရက်စ် ရေလက်ကြားကျွန်းသားတွေက သြစတြးလျ လူဦးရေရဲ့ ၃ ရာခိုင်နှုန်း ရှိပါတယ်။
ရာစုနှစ်တွေနဲ့ချီ မတရားမှု ခံခဲ့ရသူတွေကို ကိုယ်စားပြုခွင့် ပေးပြီး အမှားပြင်နိုင်ခွင့် မဲဆန္ဒရှင်တွေ ရခဲ့တယ်လို့ မစ္စတာ အယ်လ်ဘာနေးဇီးက ပြောကြား ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် လွှတ်တော်ကော်မတီမှာ တစ်တော့အကြီးအကဲ ပြင်းပြင်းထန်ထန်ခုခံ
တစ်တော့ ဗီဒီယို အပ္ပလီကေးရှင်းအတွက် အကြီးအကဲက အမေရိကန် ကွန်ဂရက် ကော်မတီရှေ့မှာ ဒီကနေ့ ပြင်းပြင်းထန်ထန် ခုခံခဲ့ပါတယ်။
တစ်တော့ရဲ့ မူလကုမ္ပဏီက ပုဂ္ဂလိကပိုင်ဖြစ်ပြီး တရုတ်အစိုးရပိုင်မဟုတ်ကြောင်း သူက ဆိုပါတယ်။
တစ်တော့ရတဲ့ အချက်အလက်တွေကို တရုတ် အာဏာပိုင်တွေဆီ တခါမှ မပေးခဲ့ကြောင်းနဲ့ တရုတ်ဥပဒေအရ ဒါမျိုးပေးဖို့ တောင်းဆိုတာလည်း မရှိကြောင်း မစ္စတာ ချူး ပြောကြားခဲ့ပါတယ်။
တစ်တော့ရဲ့ မူလ တရုတ် ကုမ္ပဏီ ဘိုက်ဒန့်စ် ကို ဒီအပ္ပလီကေးရှင်းကို ရောင်းဖို့နဲ့ မရောင်းရင် အမေရိကန်မှာ သုံးလို့မရအောင် ပိတ်ပစ်မယ်လို့ အမေရိကန် အာဏာပိုင်တွေက သတိပေးထားပါတယ်။
အမေရိကန် အစိုးရ ပေးတဲ့ ဖုန်းတွေမှာ လုံခြုံရေးအတွက် တစ်တော့မသုံးဖို့ အိမ်ဖြူတော်က တားမြစ်ခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သေဒဏ်ပယ်ဖျက်ဖို့ မလေးရှားအစိုးရ စီစဥ်
မလေးရှားအစိုးရက သေဒဏ်ကို ဖျက်သိမ်းဖို့ စီစဉ်နေပါတယ်။
မူးယစ် မှောင်ခိုမှုကနေ လူသတ်မှုထိ ပြစ်မှုတွေကို ဘယ်လိုအပြစ်ပေးမလဲ တရားသူကြီးတွေအတွက် ဆုံးဖြတ်နိုင်ခွင့်ကို ဒီဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။
လက်နက်မှောင်ခိုမှုနဲ့ ပြန်ပေးဆွဲမှု လို ပြစ်မှုတွေမှာ ကြိုးပေးကွပ်မျက်တာကို ဒီဥပဒေနဲ့ ပယ်ဖျက်သွားမယ် ဆိုပြီး မလေးရှား ဥပဒေ ရေးရာ ဝန်ကြီး အဇာလီနာ သြသ်မန်း ဆိုက်က ပြောပါတယ်။
အဲဒီအစား ရာဇဝတ်ကောင်တွေကို ထောင် နှစ် ၄၀ ချတာနဲ့ ကြိမ်ဒဏ်ပေးတာတွေ လုပ်နိုင်ပါတယ်။
အကြမ်းဖက်မှုနဲ့ မလေးရှား မင်းမျိုးတွေကို ထိခိုက် အကြမ်းဖက်မှုလို ပြစ်မှုတွေမှာတော့ သေဒဏ် ပေးဖို့ တရားသူကြီးတွေကို ဆက်ခွင့်ပြုထားပါတယ်။
တရုတ်မှာ သူငယ်တန်းကျောင်းတွေ လျော့ကျ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ပြည်မှာ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် သူငယ်တန်း ကျောင်းအရေအတွက် လျော့ကျသွားကြောင်း တရုတ် ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကလေးဦးရေ လျော့ကျလာလို့ သူငယ်တန်းကျောင်း ၅,၀၀၀ ကျော် မနှစ်က ပိတ်ခဲ့ရပါတယ်။
တရုတ်မွေးဖွားနှုန်းဟာ မနှစ်က အနိမ့်ဆုံးထိ စံချိန်တင် လျော့ကျခဲ့ပါတယ်။
ငွေကြေးအရ မက်လုံးတွေပေးတဲ့ကြားက လူငယ် စုံတွဲတွေက ကလေးတယောက်ထက် ပိုမယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ငွေကုန်ကျေးကျများမှာနဲ့ မိဘအပေါ် မှီခိုချိန် များမှာကို စိုးရိမ်လို့ မယူကြတာပါ။
မိသားစုလိုက် မြို့တက် အလုပ်ရှာနေကြတဲ့အတွက် တချို့ကျေးလက် သူငယ်တန်းကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။








