ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
Apple Daily- သတင်းစာတိုက်ပိတ်လိုက်ရတဲ့အထိ ဘာ့ကြောင့်ဖြစ်ခဲ့တာလဲ
- ရေးသားသူ, အိဗက်တန်
- ရာထူးတာဝန်, ဘီဘီစီသတင်း
Apple Daily သတင်းစာဟာ လူအများ စိတ်ဝင်စားမယ့် သတင်းခေါင်းစည်းတွေ၊ ပါပါရာဇီတွေရဲ့ ဓာတ်ပုံတွေကြောင့် အများ သည်းခြေကြိုက် တက်ဘလွိုက် သတင်းစာတစောင်အဖြစ် စလူသိများလာခဲ့တာပါ။
ဒါပေမဲ့ ပုံနှိပ် ထုတ်ဝေတဲ့ သတင်းစာသက်တမ်း ၂၆ နှစ် ကျော်လာတဲ့အခါမှာတော့ ဟောင်ကောင်ထုတ် Apple Daily သတင်းစာဟာ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ထောက်ခံ ဖော်ပြလေ့ ရှိပြီး တရုတ်အစိုးရကို ပြောင်ပြောင်တင်းတင်း မကြောက်ရွံ့ ဝေဖန်လေ့ရှိတဲ့ ရှာမှရှားတဲ့ သတင်းစာတစောင် အဖြစ်ကို ရောက်လာခဲ့ပါတယ်။
ဟောင်ကောင် ဒီမိုကရေစီအတွက် ရဲရဲတောက် ကာကွယ်ပေးလေ့ ရှိတဲ့အတွက် လူကြိုက်များ အားပေးတာ ခံခဲ့ရပေမဲ့လည်း အဲဒီအတွက်ကြောင့်ပဲ အခုတော့ အဲဒီသတင်းစာတိုက် ဆုံးခန်းတိုင်ရဖို့ ဖြစ်လာခဲ့ပါပြီ။
Apple Daily သတင်းစာတိုက်ကို တည်ထောင်သူ ဂျင်မီ လိုင်း မနှစ်က အဖမ်းခံခဲ့ရပြီး နိုင်ငံတော် လုံခြုံရေးဥပဒေသစ် ပြဌာန်းအပြီး လပိုင်းအကြာမှာပဲ စွဲချက်တွေ တသီတသန်းကြီးနဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အာဏာပိုင်တွေက Apple Daily သတင်းစာရဲ့ ဖော်ပြချက်တွေဟာ နိုင်ငံတော်လုံခြုံရေး ဥပဒေကို ချိုးဖောက်နေတယ်လို့ ပြောခဲ့ပါတယ်။ သတင်းစာတိုက်ရဲ့ ဘဏ်စာရင်းတွေကို ဆိုင်းငံ့လိုက်ပြီး အရေးပါတဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့ပါတယ်။
Apple Daily သတင်းစာတိုက်က သူတို့သတင်းစာ ပိတ်တော့မယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါဟာ ဟောင်ကောင်မှာ ဒီမိုကရေစီ ထောက်ခံ အားပေးတဲ့ အကြီးဆုံးသတင်းစာ နိဂုံးချုပ်တော့မှာ ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနိုင်တဲ့ သတင်းခေတ် အဆုံးသတ်သွားပြီ ဆိုတာကို ဖော်ပြလိုက်တာပါ။
"Apple Daily သတင်းစာဟာ ဟောင်ကောင် လူမှုအသိုင်းအဝိုင်းရဲ့ အရေးပါတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့တာပါ။ ဒီသတင်းစာနဲ့ပဲ ဟောင်ကောင်သားတွေ ကြီးပြင်းလာခဲ့ပြီး သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဒီသတင်းစာက တစိတ်တပိုင်းအဖြစ် ရှိခဲ့တာပါ"လို့ ဟောင်ကောင် တရုတ်တက္ကသိုလ်က လက်ထောက် ပါမောက္ခ လော့ခ်မန် ဆွီ က ပြောပါတယ်။
"တခြားသတင်းစာတွေ ရှိပေမဲ့ Apple Daily လောက် ပွင့်ပွင့်လင်းလင်း ထုတ်မရေးရဲကြဘူး။ ဒါ့ကြောင့်လည်း အစိုးရက အကြီးအကျယ် ဒေါသထွက်ပြီး ဒီလို လုပ်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ကတော့ အညံ့ခံ နောက်ဆုတ်မသွားဘဲ အမှန်တရားဘက်ကနေ ဆက်ရပ်တည်သွားခဲ့ကြပါတယ်" လို့ ဆိုပါတယ်။
မစားကောင်းတဲ့အသီး
Apple Daily သတင်းစာကို ၁၉၉၅ ခုနှစ်က ဂျင်မီ လိုင်း က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ခရစ်ယာန် သမ္မာကျမ်းစာထဲမှာပါတဲ့ အာဒံနဲ့ ဧဝကို ဘုရားသခင်က မစားဖို့ တားမြစ်ခဲ့တဲ့ အသီး "ပန်းသီး"ဆိုတဲ့ အမည်ကို ယူပြီး သတင်းစာတိုက်အမည် မှည့်ခဲ့တာလို့ သိရပါတယ်။
"တကယ်လို့ မစားကောင်းတဲ့ ပန်းသီးကို ဧဝ ကသာ မစားခဲ့ဘူးဆိုရင် အပြစ်ဆိုတာလည်း ပေါ်လာမှာ မဟုတ်ဘူး။ အမှန် အမှားဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ဒီတော့ သတင်းဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး"လို့ ဂျင်မီလိုင်းက Lianhe Evening News သတင်းဌာနကို ပြောခဲ့ဖူးပါတယ်။
အဲဒီနောက် မကြာခင်ပဲ Apple Daily သတင်းစာဟာ လူစိတ်ဝင်စားမယ့် ဆောင်းပါးတွေ၊ သတင်းခေါင်းစည်းတွေကြောင့် အများ သည်းခြေကြိုက် သတင်းစာတစောင်အဖြစ် စပြီး နာမည်ကြီးလာခဲ့ပါတယ်။ အစောပိုင်းကာလတွေတုန်းက မှုခင်းသတင်းတွေ၊ အနုပညာဖျော်ဖြေရေး သတင်းတွေကို အဓိကထား ဖော်ပြခဲ့ပြီး တစ်ခါတလေမှာ သတင်းသမားကျင့်ဝတ် ချိုးဖောက်တာမျိုးတွေတောင် ရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း နှစ်တွေ ကြာလာတာနဲ့အမျှ Apple Daily သတင်းစာဟာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး နိုင်ငံရေး သတင်းတွေ ပိုဖော်ပြလာခဲ့ပါတယ်။ တရုတ်ပြည်မကြီးနဲ့ ပြန်ပေါင်းစည်းတာကို ဟောင်ကောင်ပြည်သူတွေ ဆန့်ကျင်ခဲ့ကြတဲ့ ၂၀၀၀ ခုနှစ်ပြည့်လွန် အစပိုင်းကာလတွေမှာ ဟောင်ကောင်မှာ လူမှုရေးလှုပ်ရှားမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။
"ဒီလို တရုတ်အစိုးရအပေါ် ဆန့်ကျင်မှုတွေ တိုးလာတာဟာ Apple Daily သတင်းစာအတွက် နိုင်ငံရေးသတင်း စျေးကွက် ဖွင့်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ တခြားသတင်းမီဒီယာကြီးတွေက တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်မှာ စနစ်တစ်ခုထဲ ကျင့်သုံးရေး တရုတ်အစိုးရရဲ့ ရပ်တည်ချက် အတိုင်း စလိုက်နာ ဖော်ပြလာကြချိန်မှာ Apple Daily သတင်းစာအတွက် အားသာချက်တစ်ခု ရသွားသလို ဖြစ်ခဲ့ပါတယ်"လို့ တရုတ် သတင်းမီဒီယာ လေ့လာရေးဌာနက ထိပ်တန်း ကထိက ဒေါက်တာ ဂျွိုက်စ် နစ်ပ် က ဘီဘီစီကို ပြောပြပါတယ်။
"Apple Daily သတင်းစာဟာ တရုတ်အစိုးရရဲ့ နိုင်ငံရေးစနစ်၊ တရုတ်ပြည်မကြီးနဲ့ တရုတ်ခန့်အပ်ထားတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးအစိုးရကို လက်မခံဘဲ ဒါကို သတင်း တင်ပြပုံမှာရော၊ သတင်း တည်ဆောက်ပုံမှာပါ ပြောင်ပြောင်တင်းတင်း ဖော်ပြလေ့ ရှိတယ်"လို့ ဆိုပါတယ်။
Apple Daily သတင်းစာဟာ လူစိတ်ဝင်စားတဲ့ သတင်းမျိုးတွေ၊ ဖျော်ဖြေရေးသတင်းမျိုးတွေကို ဆက်ဖော်ပြခဲ့ပေမဲ့ နိုင်ငံရေးသတင်း အများအပြားကို ပိုဖော်ပြ လာခဲ့တာကြောင့် ဒီမိုကရေစီ ထောက်ခံ အားပေးတဲ့ ရဲရဲတောက် သတင်းစာတစ်စောင် အဖြစ် အများက သတ်မှတ်တဲ့ အဆင့်ကို ရောက်လာခဲ့ပါတယ်။
Apple Daily သတင်းစာတိုက်က သတင်းထောက်တွေဟာ တရုတ်ပြည်မကြီးက သတင်းတွေ ယူခွင့် ပိတ်ပင်ခံထားရတာပါ။ ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ် အားကစားပွဲတော် သတင်းဆိုရင် သူတို့ သတင်းစာတိုက်က သတင်းထောက်တစ်ယောက်မှ သတင်းယူခွင့် မရခဲ့ပါဘူး။ တရုတ်အစိုးရနဲ့ ဟောင်ကောင်မှာ ရှိတဲ့ တရုတ်အစိုးရ ထောက်ခံတဲ့ ပုဂ္ဂိုလ်တွေအပေါ် ဝေဖန် ရေးသားမှုတွေကြောင့် သူတို့သတင်းစာမှာ ကြော်ငြာတွေ မထည့်ဘဲ သပိတ်မှောက်တာမျိုးတွေကို မကြာခဏ ကြုံခဲ့ရပါတယ်။
သတင်းစာတိုက်ရဲ့နိဂုံးအစ
ဝေဖန်မှုတွေ ဆန့်ကျင် ကန့်ကွက်မှုတွေ အများအပြား ရှိခဲ့တဲ့ကြားက ပြီးခဲ့တဲ့နှစ် ဇွန်လမှာ တရုတ်အစိုးရက နိုင်ငံတော်လုံခြုံရေးဥပဒေသစ် တစ်ရပ်ကို အကောင်အထည်ဖော် ပြဋ္ဌာန်းလိုက် ပါတယ်။
ဒီဥပဒေဟာ အရင်က ဘယ်တုန်းကမှ မရခဲ့စဖူး ဟောင်ကောင်က လူတွေရဲ့ဘဝကို ပုံသွင်းနိုင်ခွင့် အာဏာ တရုတ်အစိုးရမှာ ရလာစေခဲ့ပါတယ်။ ဒီဥပဒေအရ ကန့်ကွက် ဆန္ဒပြခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေကို ထိထိရောက်ရောက် တားဆီးပိတ်ပင်နိုင်မှာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ တရုတ်အစိုးရကတော့ ဒီဥပဒေက တည်ငြိမ်အေးချမ်းမှုကို ပြန်လည် ဆောင်ကျဉ်းပေးနိုင်မယ်လို့ ဆိုပါတယ်။
အဲဒီဥပဒေ ပြဌာန်းအပြီး လပိုင်းအကြာမှာပဲ ဂျင်မီလိုင်းနဲ့ တခြား မီဒီယာသတင်းသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး Apple Daily သတင်းစာတိုက် ရုံးခန်းတွေကို ရဲက ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ဒါပေမဲ့ Apple Daily သတင်းစာကတော့ နောက်ဆုတ်အရှုံးမပေးခဲ့ပါဘူး။ ဝေဖန်စရာ ရှိတာတွေကို နှစ်ဆတိုး ဆက်ဝေဖန် ဖော်ပြနေခဲ့ပြီး "ရဲတွေဟာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ကျော်လွန် လုပ်ဆောင်နေတယ်၊ အာဏာကို အလွဲသုံးစား လုပ်နေတယ်"လို့ စွပ်စွဲ ရေးသား ခဲ့ပါတယ်။
သတင်းစာတိုက်ပိုင်ရှင် ဂျင်မီလိုင်း စွဲချက်တွေ တသီတသန်းကြီးနဲ့ အမှု ရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် တစ်နှစ်နဲ့ ရှစ်လ ကျခံခဲ့ရတာတောင်မှ Apple Daily သတင်းစာအနေနဲ့ အချိန် အခိုက်အတန့်အားဖြင့် ဆက်လည်ပတ်နေနိုင်မယ်လို့ ယူဆထားခဲ့ကြတပါ။
အကျဉ်းမကျခင် ဘီဘီစီနဲ့ အင်တာဗျူးမှာ ဂျင်မီလိုင်းက ခြိမ်းခြောက်မှုတွေကြောင့် သူအညံ့ခံမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
"ခြိမ်းခြောက်မှုတွေကို အနိုင်ယူနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက အကြောက်တရားကို ရင်ဆိုင်ပြီး ဒီအကြောက်တရားကို ကျော်လွှားနိုင်ဖို့ ဖြစ်တယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ Apple Daily သတင်းစာ ထူထောင်တာ ၂၆ နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန် ဇွန်လ ၁၇ ရက်နေ့မှာတော့ အရင်တစ်ခါ ဖြစ်ခဲ့သလိုမျိုး ထပ်ဖြစ်လာခဲ့ပါတယ်။
သတင်းစာတိုက်ရဲ့ ရုံးချုပ်ကို ရဲ ရာနဲ့ချီ ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ Apple Daily သတင်းစာက သတင်းတွေဟာ နိုင်ငံတော် လုံခြုံရေးဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတင်းစာတိုက်ပိုင်ငွေ ဟောင်ကောင်ဒေါ်လာ ၁၈ သန်းကို ထုတ်ယူခွင့် ပိတ်လိုက်ပါတယ်။
ဒါ့အပြင် သတင်းစာ အယ်ဒီတာချုပ်နဲ့ တခြား အမှုဆောင် လူကြီး ၄ ဦးကိုလည်း ထိန်းသိမ်း လိုက်ပါတယ်။ သတင်းစာတိုက်က ဘဏ်ထဲက ငွေထုတ်ခွင့် မရှိတော့တဲ့အတွက် ဝန်ထမ်းတွေကို လစာမပေးနိုင်တော့သလို နေ့စဉ်ထုတ် သတင်းစာတွေလည်း မထုတ်နိုင်တော့ပါဘူး။
"အစိုးရက ဒီလို လုပ်ခဲ့တာဟာ ဘယ်သူ့မှာ လုပ်ပိုင်ခွင့် ရှိသလဲ၊ လက်ခံနိုင်ဖွယ် လုပ်ရပ်တွေက ဘာတွေလဲ ဆိုတာကို လူတွေသိစေဖို့ ပြတ်ပြတ်သားသား ပြလိုက်တာ ဖြစ်တယ်"လို့ ဒေါက်တာ နစ်ပ် က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ညက မိုးတွေ ရွာနေတဲ့ကြားက Apple Daily သတင်းစာတိုက် ရုံးချုပ်ရဲ့ အပြင်ဘက်မှာ လူရာပေါင်းများစွာက နောက်ဆုံး နှုတ်ဆက်ဖို့ လာရောက် စုဝေးခဲ့ကြပြီး မိုဘိုင်းဖုန်းမီးတွေ ဝှေ့ယမ်း၊ အော်ဟစ် အားပေးခဲ့ကြပါတယ်။
ရုံးချုပ် အဆောက်အအုံထဲမှာ ရှိနေတဲ့ သတင်းထောက်တွေက နောက်ဆုံး ထုတ်မယ့် နေ့စဉ်သတင်းစာ အတွက် ပြင်ဆင်နေကြရင်း တချက်တချက်မှာ လသာဆောင်ပေါ် ထွက်လာကြပြီး လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြပါတယ်။ နောက်ဆုံးနေ့ သတင်းစာအတွက် အစောင်ရေ တစ်သန်းလောက် ပုံနှိပ်ခဲ့ပါတယ်။
Next Digital ပင်မ ကုမ္ပဏီကြီးရဲ့ သီးခြားငွေကြေး အထောက်အပံ့ ရနေတဲ့ သူ့ရဲ့ သတင်းစာတိုက်ခွဲ Apple Daily Taiwan ကတော့ ဆက်လက် ထုတ်ဝေသွားမှာပါ။
ရှေ့ဆက်ရမယ့် ခရီးလမ်း
ဒီတော့ ဟောင်ကောင်မှာ ဒီမိုကရေစီ ထောက်ခံအားပေးတဲ့ ရဲရဲတောက် သတင်းစာ တစ်စောင် ပိတ်လိုက်ရတာဟာ ဟောင်ကောင်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ဘယ်လို အရိပ်လက္ခဏာ ဆောင်ပါသလဲ။
ဟောင်ကောင်တက္ကသိုလ်က သတင်းပညာ ဒါရိုက်တာ ပါမောက္ခ ကိသ် ရစ်ချ်ဘာ့ဂ် ကတော့ Apple Daily သတင်းစာတိုက် ပိတ်လိုက်ရတာရဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်မယ့် သက်ရောက်မှုကို အပြည့်အဝ အတပ်ပြောဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒါဟာ အစိုးရနဲ့ ရဲက Apple Daily သတင်းစာတိုက်တစ်ခုတည်းကိုပဲ ပစ်မှတ်ထား လုပ်နေတာလား ဒါမှမဟုတ် အစိုးရကို ဝေဖန်တာတွေကို လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး ဆိုတာကို မီဒီယာတစ်ခုလုံးကို ပြလိုက်တာလား ဆိုတာ သိရဖို့ လိုနေပါသေးတယ် လို့ ဆိုပါတယ်။
ဒါပေမဲ့ အပြုသဘော မြင်တဲ့သူ တချို့လည်း ရှိနေပါတယ်။
"ဟောင်ကောင်မှာ အဆင်ပြေပြေ လုပ်ကိုင်နေတဲ့ သတင်းသမားကောင်းတွေ အများကြီး ရှိနေတုန်းပါ။ ဒါ့ကြောင့် သတင်းလွတ်လပ်ခွင့် ဆုံးရှုံးသွားပြီလို့ ကျွန်တော်အနေနဲ့ကတော့ မယူဆပါဘူး" လို့ ပါမောက္ခ ဆွီး က ပြောပါတယ်။
"အခုချိန်ဟာ သတင်းသမား တစ်ယောက်အတွက် ပိုအန္တရာယ် ရှိတဲ့ အချိန်ဖြစ်ပါတယ်။ ပိုအရဲစွန့်ရမယ့် အချိန်ပါ။ ဒါပေမဲ့ မလုပ်နိုင်ဘူး ဆိုတာတော့ မရှိပါဘူး"
အခုသီတင်းပတ် အစောပိုင်းတုန်းက Apple Daily သတင်းစာက သူတို့ရဲ့ တိုက်ရိုက် သတင်းထုတ်လွှင့်မှုကို ရပ်ဆိုင်းခဲ့ပြီး ကြည့်ရှုသူပရိသတ်ကို နောက်ဆုံးစကား ပါးခဲ့ပါတယ်။
"ဒီသတင်းပလက်ဖောင်း မရှိတော့ပေမဲ့ သတင်းသမားတွေအနေနဲ့ အမှန်တရားကို ဆက်ဖော်ထုတ်သွားကြမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အားပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဟောင်ကောင်ပြည်သူတွေ ဆက်အားတင်းထားကြပါ။ လမ်းအဆုံးမှာ ပြန်ဆုံတွေ့ကြတာပေါ့။ နှုတ်ဆက်ခဲ့ပါတယ်။"