ဂျပန်မှာ ပွဲဆူသွားတဲ့ ကာဒက်ရှီယန်ရဲ့ ကီမိုနိုနဲ့ ဟောင်ကောင်က ညလုံးပေါက်ဆန္ဒပြပွဲ

ဂျပန်မှာ ပွဲဆူသွားတဲ့ ကင်မ် ကာဒက်ရှီယန်ရဲ့ ကီမိုနို

အမေရိကန် ရုပ်မြင်သံကြား နာမည်ကြီး ဆယ်လီ တဦး ဖြစ်သူ ကင်မ် ကာဒက်ရှီယန် ဝက်စ် ဟာ Kimono Intimates လို့ အမည်ပေးထားတဲ့ ကိုယ်ကျပ်အတွင်းခံ တံဆိပ်သစ်တစ်ခု ထုတ်လိုက်တဲ့အတွက် ဂျပန်လူမျိုးတွေ အကြီးအကျယ် ဒေါသူပုန်ထခဲ့ကြပါတယ်။

ကီမိုနို ဆိုတဲ့ စာလုံးကို ဒီတံဆိပ်ထဲမှာ ထည့်သွင်းထားတာဟာ ဂျပန် ယဉ်ကျေးမှုကို စော်ကားလိုက်တာ ဖြစ်ပြီး ဒီကိုယ်ကျပ် အတွင်းခံဟာ ဂျပန်တွေရဲ့ ရိုးရာ ကီမိုနိုဝတ်စုံနဲ့ ဘာဆိုဘာမှ သဏ္ဍာန်တူတာ မရှိဘူးလို့ ဂျပန်လူမျိုးတွေက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေဖန်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာ ကီမိုနို ဝတ်စုံကို ၁၅ ရာစုနှစ်လောက်ကတည်းက ဂျပန်ရိုးရာ ဝတ်စုံအဖြစ် ဝတ်ဆင်လာခဲ့ကြတာ ဖြစ်ပါတယ်။

ကင်မ် ကာဒက်ရှီယန် ဝက်စ် ကတော့ သူ့ရဲ့ ကိုယ်ကျပ် အတွင်းခံ တံဆိပ်ဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အချိုးအစား ကောက်ကြောင်းတွေကို အသားပေး ဖော်ကျူးထားတာလို့ ပြောပါတယ်။

ရိုဟင်ဂျာအရေး ICC တင်ဖို့ ထပ်အဆိုပြု

၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာ့တပ်မတော်ရဲ့ အကြမ်းဖက် နှိပ်ကွပ်ခဲ့မှုအကြောင်း အပြည့်အဝ စုံစမ်းစစ်ဆေးမှု တခု လုပ်ဖို့ ICC နိုင်ငံတကာ ရာဇဝတ် တရားရုံး အမှုလိုက်ရှေ့နေက အဆိုပြု တင်ပြလိုက်ပါတယ်။

အဲဒီတုန်းက အများအပြား သေဆုံးခဲ့ကြပြီး လူ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြပါတယ်။

မြန်မာအစိုးရကတော့ သူတို့ဟာ အရပ်သားတွေကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ရိုဟင်ဂျာ လက်နက်ကိုင်တွေကိုသာ ပစ်မှတ်ထား နှိပ်ကွပ်ခဲ့တာလို့ ပြောပါတယ်။

ဒီကိစ္စကို မနှစ်တုန်းက ပဏာမ စုံစမ်း စစ်ဆေးခဲ့အပြီးမှာ ICC အမှုလိုက်ရှေ့နေ ဖက်တို ဘန်ဆူဒါ က အခုလို အဆိုပြုလိုက်တာပါ။ မစ္စ ဘန်ဆူဒါ ရဲ့ တင်ပြချက်အတိုင်း ဆောင်ရွက်ခွင့်ပြုမပြု ဆိုတာကို အခုအခါ တရားသူကြီးတွေ ဆုံးဖြတ်ကြမယ်လို့ ICC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်တာကြောင့် ICC ရဲ့ စုံစမ်းစစ်ဆေးမှုကို အသိအမှတ်မပြုဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံ ဖြစ်တာကြောင့် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ ICC တရားရုံးက စစ်ဆေးကြားနာခွင့် ရှိတယ်လို့ တရားသူကြီးတွေက ဆုံးဖြတ်ထားပါတယ်။

ဥပဒေကြမ်း ကန့်ကွက်ဖို့ ဟောင်ကောင်မှာ ညလုံးပေါက် ထောင်နဲ့ချီ စုဝေး

တရုတ်ပြည်မကြီးကို တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ ဟောင်ကောင် မြို့တော်ခန်းမ အပြင်ဘက်က ရင်ပြင်တခုမှာ ဇွန်လ ၂၆ ရက် ညက လူထောင်ပေါင်းများစွာ စုဝေး ရောက်ရှိလာခဲ့ကြပါတယ်။

ဆန္ဒပြသူ အတော်များများက "ဟောင်ကောင်ကို လွတ်လပ်ခွင့်ပေး၊ ဒီမိုကရေစီ အခုပေး" ဆိုတဲ့ ဆိုင်းဘုတ်အနီတွေကို ကိုင်ဆောင်ထားကြပါတယ်။

G20 စက်မှုထိပ်သီးနိုင်ငံ ၂၀ အစည်းအဝေး ဂျပန်နိုင်ငံမှာ မစတင်ခင် နှစ်ရက်အကြာမှာပဲ ဟောင်ကောင် အရပ်သား လူ့အခွင့်အရေး တပ်ဦးအဖွဲ့က ဒီဥပဒေကြမ်းကို ပြန်ရုတ်သိမ်းရေး တောင်းဆိုမှုတွေကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ ထောက်ခံကြဖို့ တောင်းဆိုလိုက်ပါတယ်။