ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလင်္ကာပုလဲပန်း၊ မြင်းခြံနယ်က ဒေသိယဝေါဟာရများ ၂
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ထီးကြီးသုပ်
မြင်းခြံရောက်သွားတဲ့သူတွေကို ထီးကြီးသုပ်စားမလားလို့မေးရင် နားမလည်ကြတာများပါတယ်။ ထီးကြီးသုပ်ဆိုတဲ့စကားဟာ မြင်းခြံဒေသိယစကားမို့လို့ပါ။ တချို့က ခေါက်ထီးကို ဓားနဲ့နုတ်နုတ်စင်းပြီး သုပ်ကျွေးမှာလားလို့ ငေါ့မေးတတ်ပါတယ်။
ထီးကြီးသုပ်ဆိုတဲ့နာမည်က ဆန်းပေမဲ့ အစားအသောက်က သိပ်ဆန်းဆန်းပြားပြား မဟုတ်ပါဘူး။ လက်ဖက်သုပ်ပါပဲ။ လက်ဖက်ကို ခရမ်းချဥ်သီး၊ ဂေါ်ဖီ၊ ငရုပ်သီးစိမ်း၊ ပုစွန်ခြောက်၊ စတာတွေနဲ့ သုပ်တာပါ။ တခြားနယ်တွေမှာသုပ်တဲ့ လက်ဖက်သုပ်ထက် နည်းနည်းထူးခြားတာကတော့ ပဲမှုန့်အကျက်နည်းနည်းထည့်သုပ်လေ့ရှိတဲ့ အချက်ပါ။
အစားအသောက်ထက် ထီးကြီးသုပ်ဆိုတဲ့ ဝေါဟာရက ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ထီးကြီးသုပ်ဆိုတဲ့ စကားကို မြင်းခြံနယ်မှာ သိပ်တွင်တွင်ကျယ်ကျယ်သုံးစွဲတတ်ပေမဲ့ သုံးစွဲနေကြသူတွေကိုယ်တိုင်လဲ အဲဒီဒေသိယစကားရဲ့ ဝေါဟာရရင်းမြစ်ကို သိပ်မသိကြပါဘူး။
ဆရာကြီးဦးထွန်းတင့်ကတော့ ထီးကြီးသုပ်ဆိုတဲ့ဝေါဟာရကို အခုလိုရှင်းပြပါတယ်။
“ထီးကြီးသုပ်ဆိုတာ ထေရ်ကြီးသုပ်ကိုပြောတာပါပဲ။ ထေရ်ဆိုတာ ရဟန်း၊ သံဃာကိုဟောတာပါ။ ထေရ်ကို အခုအခါမှာ ထေလို့အသံထွက်နေကြပေမဲ့ မှန်မှန်ကန်ကန် အသံထွက်မယ်ဆိုရင် ထီလို့ပဲထွက်ရမှာပါ။ ထီးကြီးသုပ်ဆိုတာ၊ ထီကြီးသုပ်ပါပဲ။ ထီကြီးသုပ်ဆိုတာ ထေရ်ကြီးသုပ်ပါပဲ။ ရဟန်းသံဃာများကို ဆက်ကပ်ဖို့သုပ်တဲ့အသုပ်လို့ ဆိုချင်တာပါ။”
ထေရ်ဆိုတာ ပါဠိစကားလုံး ထေရကနေ မြန်မာမှုပြုထားတဲ့ ပါဠိသက်ဝေါဟာရပါ။ ဆယ်ဝါနဲ့အထက်ရဟန်းများကို ထေရ်လို့ခေါ်ပါတယ်။ မထေရ်လို့လဲခေါ်ပါတယ်။ မထေရ်ဆိုတာကတော့ မဟာနဲ့ထေရပေါင်းစပ်ပြီးခေါ်တာပါ။ အဓိပ္ပာယ်အတူတူပါပဲ။ သက်ကြီးဝါကြီးရဟန်းကြီးကို ခေါ်တာပါပဲ။ ခရီးဆောင်မြန်မာအဘိဓာန်မှာ မထေရ်ကိုမထီနဲ့မထေဆိုပြီး အသံထွက်နှစ်မျိုးပေးထားပါတယ်။ မထီကအသံထွက်အမှန်ဖြစ်ပြီး မထေက အများသုံးတွင်ကျယ်တဲ့အသံထွက်ဖြစ်ပါတယ်။ ရဟန်းကြီး သို့မဟုတ် မထေရ်ကို ရှေးက မထီးလို့ခေါ်ခဲ့ဖူးကြောင်းလဲ သတိပြုမိကြမယ်ထင်ပါတယ်။ မထီးတူမသမ္ဗူလဆိုတာ ရဟန်းတူမကိုဆိုလိုတာ ဖြစ်ပါတယ်။ မထေရ်ကို မထီးလို့ခေါ်ရင် ထေရ်ကို ထီးလို့ခေါ်နိုင်ကြောင်း ရိပ်စားမိလောက်ပါပြီ။ ထီးဟာ ထေရ် သို့မဟုတ် ရဟန်းနဲ့ဆက်စပ်ကြောင်း အထောက်အထားက ထင်ရှားပါတယ်။
ရဟန်းသံဃာတော်များကို ဆက်ကပ်တဲ့အသုပ်ကို ထီးကြီးသုပ်လို့ခေါ်တာဟာ ရှေးဆန်ပါတယ်။ ဗမာဆန်ပါတယ်။ လှပတဲ့အသုံးဖြစ်ပါတယ်။
အညာဒေသများမှာ မွန်းမတိမ်းမီထန်းရည်ကို ရဟန်းကြီးကြိုက်လို့ခေါ်တဲ့ အခေါ်အဝေါ်မျိုးရှိပါတယ်။ ထီးကြီးသုပ်ဟာလဲ တနည်းခေါ်ရင် ရဟန်းကြီးသုပ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။
တက်တက်မ
တက်တက်မဆိုတဲ့အသုံးဟာ မြင်းခြံနယ်မှာပဲသုံးတယ်ထင်ပါတယ်။ တခြားနယ်မှာသုံးတာ မတွေ့ဖူးပါဘူး။ တခြားနယ်ကလူတွေ နားလဲမလည်ကြပါဘူး။
ဘယ်လိုသုံးသလဲဆိုတော့ “ဟယ်မြွေကြီးတော့ တက်တက်မအကြီးကြီးပဲ” လို့ပြောတတ်ပါတယ်။ အလွန့်အလွန်ကြီးတယ်။ သိပ်ကြီးတယ်လို့ပြောတာပါ။
တက်တက်မရဲ့ ရင်းမြစ်ဟာ ငုပ်နေပါတယ်။
ခရိုး
ခရိုးဆိုတဲ့စကားကိုတော့ မြင်းခြံတမြို့တည်းတွင်မကဘဲ အနီးအနားအခြားနေရာများမှာပါ သုံးစွဲကြပါတယ်။ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင်တော့ ခရိုးကို လူတိုင်းနားမလည်ပါဘူး။ နားမလည်တဲ့သူက ပိုများပါလိမ့်မယ်။ လူသုံးနည်းတဲ့ ဒေသိယစကားဖြစ်ပေမဲ့ ခရီးဆောင်မြန်မာအဘိဓာန်မှာ ခရိုးကိုထည့်သွင်းထားတာတွေ့ရပါတယ်။ ခရီးဆောင်မြန်မာအဘိဓာန်မှာ ခရိုးကို ခြံစည်းရိုးလို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။
ဆရာကြီးဦးထွန်းတင့်က ခရိုးရဲ့ရင်းမြစ်ကို အခုလိုရှင်းပြပါတယ်
“ခရိုးဆိုတာကတော့ လွယ်ပါတယ်။ ခရိုးဆိုတာ ခြံရိုးပါပဲ။ ခြံရိုးကနေ ခြရိုး၊ ခြရိုးကနေ ခရိုးဖြစ်လာတာပါ။ အဓိပ္ပာယ်ကတော့ခြံစည်းရိုးပါပဲ။”
သူနဲ့ဆင်တူတဲ့ ဝေါဟာရ တခုရှိကြောင်းလဲ ဆရာကြီးဦးထွန်းတင့်ကဆက်ရှင်းပြပါတယ်။ အဲဒါကတော့ ခဝဲဆိုတဲ့စကားပါ။
“ဆယ့်နှစ်ရာသီပန်းတွေထဲမှာပါတဲ့ ခဝဲဆိုတာ အခုလူတွေစားသောက်နေကြတဲ့ခဝဲသီးကပွင့်တဲ့ ခဝဲကိုပြောတာ မဟုတ်ဘူးဗျ။ ခဝဲအရိုင်းကိုပြောတာ။ အညာမှာပေါက်တတ်တယ်။ ဆယ့်နှစ်ရာသီပန်းတွေရဲ့အမည်တွေကလဲ အညာမှာပေါက်တဲ့ပန်းတွေရဲ့ အမည်တွေချည်းပါပဲ။ ဒါကတော့ အရင်တုန်းက မြန်မာဆိုတာ အညာမှာပဲရှိတာကိုး။ အောက်ပြည်က မွန်အရပ်ဒေသလေ။ ထားပါတော့။ အဲဒီခဝဲဆိုတာကလဲ ခြုံပေါ်မှာဝဲနေတဲ့ ပန်းမို့ ခြုံဝဲလို့ခေါ်တာ။ ခြုံဝဲကနေ ခြဝဲ၊ ခြဝဲကနေ ခဝဲဖြစ်လာတာပါ။ လူတွေစားတဲ့အသီးခဝဲကလဲ အဲဒီသဘောပါပဲ။”
ခရိုးကို တခါတရံမှာ ဆူးခရိုးလို့လဲ ခေါ်တတ်ပါတယ်။ အဲဒါကတော့ရှင်းပါတယ်။ ခြံစည်းရိုးကို ဆူးနဲ့ကာထားတတ်လို့ ဆူးနဲ့လုပ်ထားတဲ့ခရိုးကို ဆူးခရိုးလို့ခေါ်တာပါပဲ။
မီးပလွေ
ထင်းမီးဖိုမှာ မီးတောက်အားကောင်းအောင် လေမှုတ်ပေးတဲ့ ဝါးပြောင်းကို မီးပလွေလို့ မြင်းခြံမှာခေါ်ပါတယ်။ ယောနယ်မှာလဲ အလားတူပဲ မီးပလွေလို့ခေါ်ကြောင်း ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။
အဲဒီမီးပလွေဆိုတဲ့အသုံးထဲမှာပါတဲ့ ပလွေဟာ လေမှုတ်တူရိယာရဲ့အမည် ပလွေနဲ့ အတူတူပါပဲ။
“သူ့ရဲမူလစကားက ပြွေပါ။ တချိန်က ပြွေလို့ပဲ စာလုံးပေါင်းခဲ့ဖူးပါတယ်။ အခုနောက်ပိုင်းမှာ လူတွေက ပလွေလို့ အသံထွက်ကြသလို အသံထွက်တဲ့အတိုင်း စာလုံးပေါင်းရတာကို ပိုအားရကြလို့ အသုံးတွင်ကျယ်မှုကို လိုက်လျောပြီး ပလွေလို့ အတည်ပြုပြဋ္ဌာန်းပေးထားတာပါ။”
“ပြွေကနေ ပလွေအဖြစ်ရော ဘယ်လိုပြောင်းသွားတာလဲ ဆရာကြီး။”
“ရရစ်လေဗျာ။ ရရစ်က ရကောက်သံပေါ့။ ရခိုင်တွေခေါ်တဲ့ ရကောက်သံမျိုး။ အင်္ဂလိပ်စကားလုံး R ရဲ့အသံထွက်မျိုးပေါ့။ ပြွေမှာ ပစောက်နဲ့ သဝေးထိုးရကောက်ဝဆွဲကို ခွဲထုတ်ပြီးအသံထွက်တော့ ပရွေဖြစ်တာပေါ့။ ပရွေမှာ ရကောက်ရဲ့ လျှာလိပ်သံကို ဗမာတွေက လနဲ့ဖလှယ်ရွတ်ဆိုတတ်ကြတော့ ပရွေကနေ ပလွေဖြစ်တာပေါ့။”
ဆရာတော်ဦးကောသလ္လရဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟကျမ်းမှာလဲ အလားတူဖွင့်ဆိုထားပါတယ်။ ပြွေဆိုတာပြွန်နဲ့ အတူတူပါပဲလို့လဲ ဆရာတော်ဦးကောသလ္လကရေးသားထားပါတယ်။
မြင်းခြံခရိုင်ထဲက ကျောက်ပန်းတောင်းမြို့မှာတော့ မီးပလွေကို မီးပလောင်းလို့လဲ ခေါ်တတ်ပါသေးတယ်။
လက်နှီးစုတ်၊ လက်ခု၊ ပူကယ်
ပုဆိုးစုတ်၊ စွပ်ကျယ်စုတ်တွေကို လွှင့်မပစ်ဘဲ မီးဖိုချောင်ထဲမှာ အိုးပူပူတွေကိုကိုင်တွယ်တဲ့အခါ လက်မပူအောင် အခုအခံအဖြစ်သုံးတတ်ပါတယ်။ အခုအခံအဖြစ်သုံးလို့ လက်ခုလို့လဲ ရံဖန်ရံခါခေါ်ပါတယ်။ အခေါ်များအသုံးများတာကတော့ လက်နှီးစုတ်ဆိုတဲ့အသုံးဖြစ်ပါတယ်။ မြင်းခြံနယ်မှာ လက်နှီးစုတ်လို့ တွင်တွင်ကျယ်ကျယ်သုံးပါတယ်။ အခုချိန်အထိ ဒီလိုပဲသုံးပါတယ်။ တချို့ရွာတွေမှာတော့ ပူကယ်လို့ တိုက်ရိုက်ခေါ်လိုက်တာမျိုးလဲ ရှိပါတယ်။ လက်နှီးစုတ်အသုံးလောက်တော့ မတွင်ကျယ်ပါဘူး။
လက်နှီးစုတ်ဆိုတဲ့ အဓိပ္ပာယ်က ဘာပါလဲလို့ ဆရာကြီးဦးထွန်းတင့်ကိုမေးကြည့်တဲ့အခါ ဆရာကြီးပြန်ဖြေတာက တခွန်းတည်းနဲ့ ရှင်းသွားပါတယ်။ “နှီးတယ်ဆိုတာ ခုတာပါပဲ”တဲ့။
“ရင်းနှီးမြှုပ်နှံတယ်ဆိုတဲ့နှီးနဲ့လဲ သဘောအတူတူပဲဗျ။ ရင်းနှီးတယ်မှာပါတဲ့နှီးကလဲ အခုအခံပြုတာပါပဲ။”
ခေါင်းခု၊ ခေါင်းဖု
လက်ခုနဲ့သဘောသဘာဝတူတဲ့စကားက ခေါင်းခုဖြစ်ပါတယ်။ ရေအိုးတို့တောင်းတို့တခုခုကို ရွက်တဲ့အခါ ခေါင်းမနာအောင် ကြားထဲမှာ အဝတ်ကို အခုအခံပြုတာကိုခေါင်းခုလို့ခေါ်ပါတယ်။ ခေါင်းခုဆိုတာက တနိုင်ငံလုံးသုံးတဲ့အသုံးပါ။ အဲဒီခေါင်းခုကိုပဲ အသံထွက်ပြောင်းပြီး ခေါင်းဖုလို့လဲ ခေါ်တတ်ပါတယ်။ ဒီ့ထက်ပိုပြီး ပြောင်းသွားတဲ့အခါ ခေါင်းဖုစုတ်လို့တောင်ခေါ်တတ်ပါတယ်။
ဗိုလ်ရင်
ဗိုလ်ရင်ဆိုတဲ့အသုံးက ထူးခြားလှတာ မဟုတ်ပေမဲ့ တခြားနယ်တွေမှာ မသုံးဘဲ မြင်းခြံနယ်မှာပဲ သုံးတာတွေ့ရပါတယ်။ ဘယ်သူကဗိုလ်ရင်လဲ။ ဘယ်သူဗိုလ်ရင်လုပ်မှာလဲ။ ဘယ်သူကဗိုလ်ရင်ပြောတာလဲ။ အဲဒီဗိုလ်ရင်ဆိုတာက အရင်ကိုပြောတာပါပဲ။
ဗိုလ်ရဲ့ရင်းမြစ်ဖြစ်တဲ့ ပါဠိဗလဟာ အနက်ကျဥ်းသလောက်၊ ရှင်းသလောက် ဗမာလိုဗိုလ်က ကျယ်ဝန်းပါတယ်။ ဗမာလိုဗိုလ်မှာ ခွန်အားကိုသာမကပဲ အရင်ပထမဆိုတဲ့ အဓိပ္ပာယ်၊ ခေါင်းဆောင်ဆိုတဲ့ အဓိပ္ပာယ်မျိုးတွေပါထွက်နေပါတယ်။ ဗိုလ်ရင်ဆိုတဲ့စကားမှာ ဗိုလ်နဲ့ရင်ဟာ အတူတူပါပဲ။ အဓိပ္ပာယ်တူစကားလုံးနှစ်လုံးကို ဆင့်သုံးတဲ့သဘောပါ။
ခံတောင်းပက်
ခံတောင်းဆိုတာ တနိုင်ငံလုံးမှာသုံးတဲ့အသုံးပါ။ ခေါင်းရွက်ဗျတ်ထိုးစျေးသည်တွေ အသုံးများပါတယ်။ အောက်ကခံတဲ့တောင်းဆိုတဲ့ အဓိပ္ပာယ်ပါ။ အခုအခါ ခံတောင်းကို အသုံးနည်းလာသလို ခံတောင်းဆိုတဲ့ စကားလုံးလဲ တိမ်ကောစပြုပါပြီ။
ခံတောင်းဆိုတဲ့စကားကို တနိုင်ငံလုံးသုံးပေမဲ့ မြင်းခြံနယ်ဘက်မှာသုံးတဲ့စကားကတော့ ခံတောင်းပက်လို့ခေါ်ပါတယ်။ ပက်ပက်ကြီးဖြစ်နေတဲ့ ခံတောင်းမို့ ခံတောင်းပက်လို့ခေါ်တာပါ။
မုန့်ဖော်ခွက်၊ မုန့်ခဲဘွယ်
ရန်ကုန်ကမုန့်ကြာခွက်လို့ခေါ်တဲ့မုန့်ကို မြင်းခြံမှာ မုန့်ဖော်ခွက်၊ မုန့်ခဲဘွယ်လို့ခေါ်ပါတယ်။ အဲဒီမုန့်ကို မြန်မာနိုင်ငံမှာ ခေါ်ကြတာနာမည်ပေါင်း တဒါဇင်ရှိပါတယ်။ ပြောစရာများလွန်းလို့ သူ့အကြောင်းကို သပ်သပ်ပြောပါမယ်။
မုန်လာထုပ်၊ ပန်းမုန်လာ
တနိုင်ငံလုံးမှာ ဂေါ်ဖီထုပ်လို့ခေါ်တဲ့အရာကို မြင်းခြံက မုန်လာထုပ်လို့ခေါ်ပါတယ်။ ရန်ကုန်မှာပန်းပွင့်၊ တချို့အရပ်တွေမှာ ပန်းဂေါ်ဖီလို့ခေါ်တဲ့အရာကိုတော့ မြင်းခြံက ပန်းမုန်လာလို့ခေါ်ပါတယ်။
ကြက်ပေါင်ကွင်း၊ ဖန်တူလုံး၊ ကျောက်တူလုံး
ကလေးတွေကစားတဲ့သားရေကွင်းကို မြင်းခြံမှာ ကြက်ပေါင်ကွင်းလို့ခေါ်ပါတယ်။ ကြက်ပေါင်စေးနဲ့လုပ်ထားလို့ ကြက်ပေါင်ကွင်းလို့ခေါ်တာပါ။ ဖန်နဲ့လုပ်ထားတဲ့ ဂေါ်လီကို ဖန်တူလုံးလို့ခေါ်ပါတယ်။ ကျောက်နဲ့လုပ်ထားတဲ့ဂေါ်လီကို ကျောက်တူလုံးလို့ခေါ်ပါတယ်။
ခါကြက်ဥ
ရန်ကုန်မှာ မုံလာဥနီ သို့မဟုတ် ဥနီလို့ခေါ်လေ့ရှိတဲ့ အရာကို မြင်းခြံ၊ မန္တလေးတို့မှာ ခါကြက်ဥလို့ခေါ်ပါတယ်။
ပဲရာဇာ
ရန်ကုန်အခေါ် ပဲနီလေးကို မြင်းခြံ၊ မန္တလေးမှာ ပဲရာဇာလို့ခေါ်ပါတယ်။
ပီနန်သီး၊ ကုလားအော်သီး
ရန်ကုန်မှာပီနန်သီးလို့ခေါ်တဲ ငရုပ်သီးသေးသေးလေးတွေကို မြင်းခြံမှာ ကုလားအော်ငရုပ်သီးလို့ခေါ်ပါတယ်။
ခဖု၊ ခလယ်ဖု၊ ခဥ၊ ခလယ်ဥ
မြင်းခြံမှာ ခဖု သို့မဟုတ် ခလယ်ဖုလို့ခေါ်တဲ့ သစ်ဥတမျိုးရှိပါတယ်။ ခဥ သို့မဟုတ် ခလယ်ဥလို့လဲ တခါတလေခေါ်ပါတယ်။
ဆရာကြီးဦးထွန်းတင့်ကတော့ ခဖုဆိုတာ ခါးမှာ အဖုလေးပါလို့ ခဖုလို့ခေါ်တာ၊ ခလယ်ဖုဆိုတာ ခါးလယ်မှာ အဖုလေးပါလို့ခလယ်ဖုလို့ခေါ်တာလို့ ဆိုပါတယ်။ အဲဒါဟာ ဥလဲဖြစ်တော့ ခဖုလို့ခေါ်ရာကနေ ခဥ၊ ခလယ်ဖုလို့ခေါ်ရာကနေ ခလယ်ဥလဲ ဖြစ်သွားတဲ့သဘောပါ။ အဲဒီဥကို ရန်ကုန်အခေါ်က နိုကိုဥပါ။
အသုံးကွဲလွဲပုံများ
ဝေါဟာရထူးခြားတာမဟုတ်ပေမဲ့ အသုံးကွဲလွဲတာလေးတွေတော်တော်များများရှိပါတယ်။ ဆံပင်ညှပ်တယ်လို့ တနိုင်ငံလုံးမှာသုံးကြပေမဲ့ မြင်းခြံမှာတော့ ဆံပင်ညှပ်တယ်လို့သုံးသလို ဆံပင်ကိုက်တယ်လို့လဲ သုံးပါတယ်။ ဆံပင်ကိုက်တယ်ဆိုတာ တခြားနယ်မှာ မသုံးပါဘူး။
ပြတင်းပေါက်လှပ်လိုက်စမ်းပါ။ ကားတံခါးလှပ်လိုက်စမ်းပါလို့ မြင်းခြံမှာ သုံးတတ်ပါတယ်။ ရန်ကုန်ကလူတွေကြားရင် အထူးအဆန်းထင်တတ်ပါတယ်။ ဖွင့်တာနဲ့ လှပ်တာ အတူတူပေမဲ့ ရန်ကုန်မှာက ဘေးတိုက်ကိုဖွင့်တယ်သုံးပါတယ်။ အထက်အောက်ဖွင့်တာကိုမှ လှပ်တယ်လို့သုံးပါတယ်။ မြင်းခြံမှာတော့ ဘေးတိုက်ပဲဖြစ်ဖြစ် အထက်အောက်ပဲဖြစ်ဖြစ် လှပ်တယ်လို့ရော၊ ဖွင့်တယ်လို့ရော နှစ်မျိုးစလုံးကို တန်ဖိုးတူထားသုံးပါတယ်။
ဒီအင်္ကျီနဲ့ငါနဲ့မကိုက်ဘူးလို့လဲ မြင်းခြံမှာသုံးတတ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မတော်ဘူး။ ကွက်တိမဖြစ်ဘူးလို့ပြောချင်တာပါ။ အံကိုက်ဆိုတဲ့စကားလုံးတွဲထဲက ကိုက်ကိုယူသုံးတာပါ။
အဝတ်ဖွပ်တုတ်ဆိုတဲ့စကားကို ရန်ကုန်သားတော်တော်များများက နားမလည်ပါဘူး။ ရန်ကုန်မှာ လက်ရိုက်တုတ်လို့ပဲ သုံးပါတယ်။ အဝတ်လျှော်တယ်လို့ပဲ သုံးပါတယ်။ မြင်းခြံမှာ အဝတ်လျှော်တယ်လို့သုံးရင် နားလည်ပေမဲ့ အဝတ်လျှော်တယ်ဆိုတဲ့အသုံးအစား အဝတ်ဖွပ်တယ်လို့သုံးတာကပိုများပါတယ်။ လျှော်ဖွပ်ဆိုတဲ့စကားလုံးတွဲမှာ ရန်ကုန်ကလျှော်ကို အသုံးများပြီးမြင်းခြံကဖွပ်ကို အသုံးပိုများတာဖြစ်ပါတယ်။
ယောနယ်မှာလဲ အဝတ်ဖွပ်တယ်လို့သုံးကြောင်း ဆရာကြီးဦးထွန်းတင့်ကပြောပါတယ်။ တကယ်လို့များ တယောက်ယောက်က အဝတ်လျှော်တယ်လို့ပြောခဲ့ရင် ဒီကောင်စကားပြောတာ အောက်သံခတ်ပြောတယ်လို့ ယောနယ်သားအချင်းချင်းက ဆိုလေ့ရှိပါတယ်။ အောက်သံပြုပြီးပြောတယ်။ အောက်သံထွက်ပြီးပြောတယ်လို့ ဆိုချင်တာပါ။ အဲဒီခတ်ဟာ တီးခတ်တယ်ဆိုတဲ့စကားလုံးတွဲထဲက ခတ်ပါ။
မှောင်မိုက်တယ်ဆိုတဲ့စကားလုံးတွဲမှာ ဗမာက တလုံးတည်းပြောရင် မှောင်တယ်လို့ပြောပြီး ရခိုင်ကမိုက်တယ်လို့သုံးသလို အသုံးကွဲပြားတာမျိုးဖြစ်ပါတယ်။
ဒေသတော်တော်များများမှာ ဒေသိယစကားတွေရှိတတ်ကြပါတယ်။ ရွှေဘို၊ မုံရွာနယ်ဘက်က ဒေသိယစကားတွေကိုလည်း အရင်ကစုစည်းတင်ပြခဲ့ဖူးပါတယ်။
ဒေသိယစကားတွေဟာ တနိုင်ငံလုံးတွင်တွင်ကျယ်ကျယ်သုံးတာမဟုတ်ပေမဲ့ မြန်မာစာ၊ မြန်မာစကား ဘဏ္ဍာတိုက်ထဲက အဖိုးထိုက်ရတနာတွေပဲဖြစ်ပါတယ်။