အောက်တိုဘာ ၂၁ ရက်ထိပ်တန်းသတင်းများ

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့က မြန်မာကို အမည်ပျက်စာရင်းထဲထည့်

ကမ္ဘာ့ ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ရဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို FATF က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အောက်တိုဘာကလ ၂၀ ရက်ကနေ ၂၁ ရက် ကျင်းပခဲ့တဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာ ငွေကြေးခဝါချမှုပုံစံမျိုးစုံရှိနေတယ်ဆိုတဲ့ ထောက်ပြချက်နဲ့ နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်နိုင်မှုမရှိတဲ့ ငွေကြေးခဝါချမှုပုံစံ ကိုင်တွယ်မှု အားနည်းချက်တွေကြောင့် မြန်မာကို အမည်ပျက်စာရင်းသွင်းနိုင်ခြေရှိတယ်လို့ ပြီးခဲ့တဲ့ လပိုင်းကတည်းက သတင်းထွက်ပေါ်ခဲ့ပါတယ်။

အဲဒီလို အချက်တွေကြောင့် မြန်မာကို  စောင့်ကြည့်နိုင်ငံများစာရင်း (Gray List) မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ကစပြီး ထည့်သွင်းထားခဲ့ပါတယ်။

FATF ရဲ့ အမည်ပျက်စာရင်းထဲကို မြန်မာနိုင်ငံရောက်ရှိသွားမယ်ဆိုရင် နိုင်ငံတကာနဲ့ ဆက်သွယ်လုပ်ဆောင် နေတဲ့ ငွေရေးကြေးရေးစီးဆင်းမှုတွေအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းတွေ နိုင်ငံတကာမှာ ဖွင့်လှစ်ရှိပြီးသား မြန်မာနိုင်ငံသားဘဏ်အကောင့်တွေက ငွေစီးဆင်းမှုတွေမှာ အရင်ထက်များပြားတဲ့ အဆင့်တွေကို ဖြတ်ကျော် လုပ်ကိုင်ရမယ့် အခက်အခဲတွေရှိလာနိုင်မယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေဘက်က ထောက်ပြထားကြပါတယ်။

ဒီအစည်းအဝေးကနေ စောင့်ကြည့်နိုင်ငံစာရင်းကနေ ပါကစ္စတန်နိုင်ငံကိုတော့ ပယ်ဖျက်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အခုလို အမည်ပျက်စာရင်းမှာ မြောက်ကိုရီးယား၊ အီရန်တို့နဲ့အတူရှိနေမှာဖြစ်ပြီး ခြွင်းချက်အနေနဲ့ မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေမှာတော့ ကင်းလွတ်ခွင့်ပြုထားပါတယ်။ ‌

၂၀၁၈ခုနှစ်ကတည်းက သတိပေးခံထားရတဲ့ မြန်မာနိုင်ငံဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ဗဟိုဘဏ်အနေနဲ့  FATF ရဲ့ စောင့်ကြည့်နိုင်ငံစာရင်းကနေ လွတ်မြောက်စေရေး နဲ့အမည်ပျက်စာရင်းမှာမပါဖို့လိုက်နာဆောင်ရွက်ရမယ့် Action Plan ပါ အချက်တွေထဲက ဘဏ်တွေရဲ့ ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့ အပိုင်းတွေ အပါအဝင် Onsite နဲ့ Offsite စစ်ဆေးတာတွေကိုလုပ်ခဲ့ပေမဲ့ အောင်မြင်မှုမရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကမ္ဘာ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ညီလာခံ ဖိတ်ကြားမှု NUG ကန့်ကွက်

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကမ္ဘာ့ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (Association of World Election Bodies) က ကျင်းပမယ့် အထွေထွေညီလာခံကိုတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။

ဒီဖိတ်ကြားမှုကို ရုတ်သိမ်းဖို့ကိုလည်း ဒေါ်ဇင်မာအောင်က တောင်းဆိုထားပါတယ်။ မြန်မာမှာ ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပက လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာသူတွေက ရွေးကောက်ပွဲဟာ လူထုရဲ့ဆန္ဒကို အဓိက ကိုယ်စားပြုကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားပြီးဖြစ်တယ်လို့လည်း ပါရှိပါတယ်။

စစ်တပ်ဟာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ ၊ NLD ပါတီဝင်တွေနဲ့ပါတီခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကိုလက်မခံတဲ့ လူထုဆန္ဒပြမှုတွေ နေ့စဥ်ရှိနေပြီး စစ်ကောင်စီကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးယန္တရားက စုံစမ်းစစ်ဆေးနေသလို ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း စစ်ကောင်စီကိုယ်စားလှယ်ကို လက်ခံထားခြင်းမရှိဘူးလို့လည်း ပါရှိပါတယ်။

ဒါကြောင့် အာဏာကိုတရားမဝင်ရယူထားတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို ညီလာခံကိုမဖိတ်ကြားဖို့နဲ့ ဖိတ်ကြားချက်ကိုလည်းပြန်လည်ရုတ်သိမ်းပေးဖို့ဒေါ်ဇင်မာအောင်က တောင်းဆိုထားပါတယ်။A WEB အဖွဲ့ညီလာခံကို အောက်တိုဘာ ၁၇ ရက်ကနေ ၂၂ ရက်နေ့အထိ တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့မှာ ကျင်းပနေတာဖြစ်ပြီး အဲဒီညီလာခံကိုတက်ရောက်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့အဖွဲ့က တက်ရောက်နေပါတယ်။

မတ္တရာမှာ ပီဒီအက်ဖ်တွေရှိတယ်ဆိုပြီး လူအယောက် ၃၀ ခန့်ကို စစ်ကောင်စီဖမ်းဆီးထား

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ ဒေသကာကွယ်ရေးတွေ ရှိတယ်ဆိုတဲ့ သံသယနဲ့ ကျေးရွာနှစ်ရွာက ဒေသခံ အနည်းဆုံး အယောက် ၃၀ ကို အောက်တိုဘာ ၂၀ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အုတ်ဖိုရွာနဲ့ တံငါမြောက်ရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်သတ်ခံရပါတယ်။ ဒီနောက်ပိုင်းမှာ အုတ်ဖိုရွာနဲ့ တဆက်တည်း ကျောက်ဆည်လေးကျေးရွာ အနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အနီးအနားက ကျေးရွာနှစ်ရွာကို ညပိုင်းအချိန် ဝင်ရောက်ရှာဖွေခဲ့ပြီး နေအိမ်တွေ မီးရှို့တာ၊ ဒေသခံတွေ ဖမ်းဆီးတာပါ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်မနက်ပိုင်းကလည်း ကျောက်ဆည်လေးကျေးရွာအနီး မြောင်းထဲမှာ ရေမြောလာတဲ့ အလောင်းနှစ်လောင်းတွေ့ရပြီး တဦးမှာ လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုပြီး သေဆုံးသူတွေဟာ အနီးကျေးရွာက ဒေသခံတွေလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

မတ္တရာမြို့နယ်မှာ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရတာ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာ ကျေးရွာနေအိမ်တွေ မီးရှို့ခံရတာနဲ့ ပက်သက်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့က သီးသန့်ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ကျောက်ဆည်လေးရွာဟာ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ ရှိသလို အဲဒီရွာအနီး ဒေသတွေမှာ မကြာခဏ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တို့ ထိတွေ့မှုရှိတာကြောင့် ကျေးရွာဒေသခံတွေ ရွာစဉ်အလိုက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်က ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို KNLA နဲ့ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်

လက်နက်ကြီးကျလို့ ၃ ဦး သေ၊ ၂၀ ဦးဒဏ်ရာရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေပြော

ကော့ကရိတ်မြို့၊ အမှတ် ၇ ရက်ကွက်က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးအများစုရှိတဲ့ နေရာနဲ့ ၀န်ထမ်းလိုင်းခန်းတွေရှိတဲ့ ခနိမ်းမူ ရပ်ကွက်ဘက်မှာ အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းကစလို့ KNU တပ်မဟာ ၆ KNLA ပူးပေါင်းတပ်တွေ၊ KTLA ကော်သူးလေ တပ်မတော် ပူးပေါင်းတပ်တွေက စစ်ကောင်စီ ရဲနဲ့ လုံခြုံရေးကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့နီးစပ်သူတွေကပြောပါတယ်။

အဲဒီလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေနဲ့ ကရင်အခြေစိုက် တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်မှုတွေလည်းရှိခဲ့လို့ တိုက်ပွဲအနီးတဝိုက်က ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနက်က ရုံးကုန်း၀န်ထမ်းလိုင်းခန်း နောက်ကနေ ကရင် အဖွဲ့ တွေ ၀င် တိုက်တာ။ လက်နက်ကြီးက ရပ်ကွက် တွေထဲ အလုံးကြီးကျပေါက်တာ ။ တံတားဦးပိုင်းက ၁ယောက် ၊ ခနိမ်းမူပိုင်းက တစ်ယောက်သေတယ်။ ၆ ယောက်လောက် အစမှန် ဒဏ်ရာ ရတယ်ကြားတယ်၊ လေကြောင်းက ပစ်ခတ်မှုတွေလည်း ရှိတယ်။ ကောင်းမှုရွာ၊ ပျားပင် ရွာတွေ ဘက် နဲ့ ရပ်ကွက် ၇ အနောက်ဘက် တွေပဲ၊ အထိအခိုက်တော့ မသိရ သေးဘူး။ ကိုယ်ကိုယ်တိုင်လည်း အခု ပုံးကျင်းထဲမှာ နေနေရတယ်၊ အပြင်မထွက်ရဲဘူး”လို့ ခနိမ်းမူရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။

မြို့ပေါ်က နေရာတချို့ကို မနက်ပိုင်းက လက်နက်ကြီးကျည်တွေ ကျလို့ ၃ ဦးသေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရတယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုက ဘီဘီစီကိုပြောပါတယ်။

လက်နက်ကြီးကျည်ကျတဲ့ နေရာ ၆ ခု ကနေ ဖုန်းဆက်အကူအညီတောင်းခံတာကြောင့် လူနာတင်ယာဥ်နဲ့ သွားရောက်ခေါ်ဆောင်ပြီး ကော့ကရိတ်ဆေးရုံကိုပို့ပေးခဲ့တဲ့အကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့ ကော့ကရိတ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ က ခရိုင်ရဲစခန်းနဲ့ ရဲလုံခြုံရေး ကင်းစခန်းတွေကို KNLA ပူးပေါင်းအဖွဲ့တွေ ၀င်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲ တပ်ဖွဲ့ ၀င် အရာရှိ တစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပါတယ်။

မနက်ကဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ ကျားဖြူတပ်ခွဲ (၁) သတင်းနဲ့ပြန်ကြားရေးဖေ့စ်ဘွတ်စာမျက်နှာကနေ သတင်းထုတ်ပြန်လာတာရှိပြီး ကော့ကရိတ်မြို့မှာ မြို့သိမ်းတိုက်ပွဲကို ကျားဖြူစစ်ကြောင်း၊ ကော်သူးလေ Army က ခြင်္သေ့ စစ်ကြောင်း၊ KNLA ပူးပေါင်းတပ်၊ နဂါးဖြူစစ်ကြောင်း၊ Eagle Brigades, Federal Wings စတဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဆင်နွှဲနေတယ်ဆိုပြီး ဒီနေ့ အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းမှာထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒီနေ့ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာပဲ တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာပါတယ်။ KKO ခွဲထွက်အဖွဲ့နဲ့ PDF အဖွဲ့တွေက ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်တွေနဲ့ ဝန်ထမ်းအိမ်ရာတွေနဲ့ ရုံးအဆောက်အဦတွေအတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရကြောင်း၊ ပစ်ခတ်မှုကြောင့် ပြည်သူတချို့နဲ့ နိုင်ငံ့ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီကို နိုင်ငံတချို့ သံတမန်ဆက်ဆံရေးအဆင့်လျှော့ချထားချိန် နီပေါနဲ့ ဘယ်လာရုစ်နိုင်ငံ သံအမတ်တွေ စစ်ခေါင်းဆောင်ထံ သံတမန် ခန့်အပ်လွှာပေး

ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်တပ်ထံလက်နက်ရောင်းချကြောင်း ကုလအစီအရင်ခံစာတွေကဖော်ပြ

မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီးနဲ့ နီပေါသံအမတ်ကြီးတို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာတွေပေးအပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေက အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဘယ်လာရုစ်သံအမတ်ခန့်အပ်လွှာလက်ခံအပြီးမှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရေးခရီးစဥ်တွေ အပြန်အလှန်သွားရောက်ရေး၊ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေး၊ သိပ္ပံနဲ့နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်တပ်ကို ဂျက်တိုက်လေယာဥ်တွေအပါအဝင် စစ်လက်နက် ရောင်းချတဲ့ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လတုန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကို စစ်လက်နက်တင်သွင်းမှုရပ်ဆိုင်းရေးမဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲပေးခဲ့တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

နီပေါသံအမတ်ခန့်အပ်လွှာလက်ခံအပြီးမှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့ချစ်ကြည်ရေး ဆိုင်ရာကိစ္စရပ်တွေ၊ စီးပွားရေးနဲ့ ကုန်သွယ်မှုတိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်း ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို သံတမန်ခန့်အပ်လွှာပေးပြီး အသိအမှတ်ပြုတာမျိုးမလုပ်လိုတာကြောင့် ဗြိတိန်အပါအဝင် နိုင်ငံကြီးတချို့ သံတမန်ဆက်ဆံရေးမှာ သံအမတ်အဆင့်အစား သံရုံးအကြီးအကဲ သံရုံးယာယီတာဝန်ခံ အဆင့်လျှော့ချဆက်ဆံတာတွေရှိနေပါတယ်။

သြစတေးလျ နိုင်ငံကလည်း လစ်လပ်သွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး နေရာမှာ အသစ် မခန့်အပ်တော့ဘဲ သံရုံးယာယီတာဝန်ခံ ကိုသာ ထားပြီး စစ်‌ကောင်စီနဲ့ သံတမန်ဆက်ဆံရေး လျှော့ချဖို့ စီစဥ်ခဲ့ပါတယ်။တစ်ဖက်မှာလည်း အခုလို စစ်ကောင်စီကို သံအမတ်ခန့်အပ်လွှာပေးအပ်တဲ့အထဲ အိန္ဒိယ၊ ဆော်ဒီအာရေးဗျ၊ သီရိလင်္ကာနိုင်ငံတွေက သံအမတ်တွေ ရှိထားပါတယ်။

ကော့ကရိတ်မြို့ ခနိမ်းမူ ၊ တံတားဦး ရပ်ကွက်အနီး တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးထားတယ်လို့ ဒေသခံတွေပြော

စစ်ကောင်စီရဲ့လေကြာင်းပစ်ခတ်မှုကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရ

သေဆုံးအရေအတွက်တိုးလာနိုင်တယ်လို့ ဆို

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ခနိမ်းမူ ၊ တံတားဦး ရပ်ကွက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU/ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့အောက်တိုဘာ ၂၁ ရက်မနက်အစောပိုင်းကစလို့ တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း အရပ်သားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ဒီအရပ်သားသေဆုံးမှုနဲ့ပတ်သက်လို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ ကျည် မြို့တွင်း လူနေရပ်ကွက်တွေအပေါ် ကျရောက်ပေါက်ကွဲလို့ အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိ တယ်လို့ ကနဦး သိရကြောင်း ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က လူနေရပ်ကွက်နဲ့ကျေးရွာတွေဘက် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် လူထိခိုက် သေဆုံးမှုတွေ ဆက်လက်မြင့်တက်လာနိုင်တယ််လို့ ဒေသခံတွေပြောပါတယ်။ဒါပေမဲ့ ကော့ကရိတ်မြို့တွင်း ဖြစ်ပွားနေတဲ့အခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မေးမြန်းမှုတွေထဲ KNU ဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကျလို့ အရပ်သားပြည်သူတချို့ သေကြေဒဏ်ရာရတယ်ဆိုတဲ့ ဖြစ်စဥ်အပေါ် သတင်းထုတ်ပြန်ပေးဖို့ ဆိုပြီးမေးမြန်းချက်အပေါ် ဖြစ်စဥ်မှန်ကန်ကြောင်းနဲ့ အရပ်သားထိခိုက်ဒဏ်ရာရမှုရှိပြီး ထပ်မံသတင်းထုတ်ပြန်မယ်လို့ တုံ့ပြန်ဖြေကြားထားတာတွေ့ရပါတယ်။

"တိုက်ပွဲ စဖြစ်တာ မနက် ၇ နာရီ အကျော် လောက်ပေါ့။ ခနိမ်းမူ အပိုင်း ၊ တံတားဦး ပိုင်း ၊ ရုံးကုန်ပိုင်းဘက် စပစ်တယ်၊ ၉၇ စစ်တပ်က ပြန်ပစ်တာ မြို့ထဲ ကျည်တွေ ကျ ပြီး လူတွေ ထိတယ်။ ၁ယောက်သေ ၂ယောက်ဒဏ်ရာ ရ တယ်၊ ဘုန်းကြီးကျောင်းတွေ ၊ အိမ်တွေ လည်းထိတယ်။ အခု ၁၀ နာရီကျော် မှာ လေယာဉ် ၂ စီးနဲ့ ရဟတ်ယာဉ် ၁စီး ပတ်ဝဲ နေပြီး ခနိမ်းမူ၊ ပျားပင်၊ တံတားဦး ပိုင်းဘက်တွေ ကို လေယာဉ်က ပတ်ပစ်တယ်။ လူတွေ အိမ်တွေ ထိကုန်တယ်၊ ကော့ကရိတ် ခရိုင်ရဲရုံး တို့ ရဲ အချုပ်တို့ လည်း ကရင်အဖွဲ့ တွေ၀င်ပစ်တာမှာ တိုက်ပွဲ က ဆက်ဖြစ်နေတုန်းပဲ။ လေယာဉ် ပတ်ပြီး ပစ်နေတာ ၆ ခါ လောက် ရှိပြီ။ နာကူအသင်းကားတွေသွားနေတဲ့ အသံကြားနေကြတယ်၊ တံတားဦး ရပ်ကွက် ဘက် ကို သွားတာ" လို့ ကော့ကရိတ် ဒေသခံ က ပြောပါတယ်။

လက်ရှိ အချိန် အထိ ခနိမ်းမူ ရပ်ကွက် အမှတ် ၃ စစ်ကောင်စီ မြို့ အ၀င် စစ်ဆေးရေး ဂိတ်အနီး ခရိုင်ရဲတပ်ဖွဲ့ရုံး၊ထွေအုပ်စုပေါင်းရုံး အနောက်ဘက် ၊ ချောင်းဦးစေတီ ဘက်တွေမှာ စစ်ကောင်စီ၊ ရဲ၊စစ်တပ်နဲ့ နယ်ခြားစောင့် တပ်တွေကြားတိုက်ပွဲဆက်လက််ဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကြောင့် အနီးတဝိုက်က ဒေသခံတွေဟာ ဘေးလွတ်ရာကတုတ်ကျင်းတွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

ငါန်းဇွန်မှာ လက်ပြန်ကြိုးတုပ်ပြီး စွန့်ပစ်ခံထားရတဲ့ ရုပ်အလောင်းငါးလောင်းတွေ့ရှိ၊ ဒေသခံတွေမဟုတ်ဘူးလို့ ဆို

မန္တလေးတိုင်းအတွင်း ငါန်းဇွန်မြို့နယ် ကုလကျေးရွာမှာ လက်ပြန်ကြိုးတုပ်ထားတဲ့ အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသားလေးဦး စုစုပေါင်း ၅ ဦးရဲ့ အလောင်းတွေကို ကားနဲ့ လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

စွန့်ပစ်ခံရတဲ့ သေဆုံးသူအလောင်းတွေကို အောက်တိုဘာ  ၁၈ ရက်နေ့မှာ စစ်ကောင်စီဘက်အဖွဲ့တွေက လာရောက် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ သေဆုံးသူတွေက ဒီနေ့အချိန်ထိဘယ်သူတွေဆိုတာ မသိရသလို ကုလကျေးရွာဒေသခံတွေလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေကို သိရှိသူတစ်ဦး ဖြစ်တဲ့ ငါန်းဇွန်မြို့နယ် ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ 

“အခုအဲဒီအလောင်းတွေက ဒေသခံတွေမဟုတ်ဘူး။ အခုထိ ဘာမှထပ်မသိရသေးဘူး။ ငါန်းဇွန်မြို့ပေါ်မှာ နေ့တိုင်းအစစ်ဆေးရှိတယ်။ အုပ်ကြီးတို့ စစ်သတင်းပေးတို့ အရှင်းခံရရင် ဒေသခံအများစု အဖမ်းခံရတာပဲ။ တချို့ငွေပေးနိုင်ရင် ပြန်လွတ်တာတွေတော့ ရှိပါတယ်။ အခုနှစ်လအတွင်းမှာကို ငါန်းဇွန်မှာ ဒေသခံ ၇ယောက် ဖမ်းဆီးခံရပြီး အသတ်ခံရတယ်”လို့ သူက ပြောပါတယ်။

ဒီလို ကျေးရွာမှာ အလောင်းစွန့်ပစ်ပြတာဟာ ငါန်းဇွန်းမြို့နယ်ကျေးရွာတချို့က စစ်အာဏာသိမ်း ဆန့်ကျင်ရေး အားကောင်းတဲ့ရွာဖြစ်လို့ ဒေသခံတွေ ကြောက်လှန့်အောင် ခြိမ်းခြောက်နေတာ ဖြစ်နိုင်တယ်လို့တော့ယူဆသုံးသပ်ပြောဆိုတာတွေလည်းရှိနေပါတယ်။

ဒါပေမဲ့ အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ အောက်တိုဘာ ၂၀ ရက် ညပိုင်းအထိ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

အခုလို လက်ပြန်ကြိုးတုပ် အသတ်ခံရပြီး အလောင်းစွန့်ပစ်တဲ့ဖြစ်စဥ်တွေ မန္တလေးမြို့၊ ကျောက်ဆည်၊ နွားထိုးကြီး၊ ညောင်ဦးနဲ့ တောင်သာဒေသတွေမှာ ဒီနှစ်အပိုင်းအတွင်း ဖြစ်ပွားခဲ့တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းမှာ ကျောင်းဆရာတစ်ဦး ကိုယ်လက်အင်္ဂါဖြတ်တောက်သတ်ဖြတ်ခံထားရတဲ့အပေါ် အမေရိကန်ရှုတ်ချ

မကွေးတိုင်းထဲမှာ စစ်ကောင်စီတပ်တွေက ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးပြီးနောက် လူမြင်ကွင်းမှာ ကိုယ်အင်္ဂါဖြတ်တောက်သတ်ဖြတ်ခံထားရတဲ့အပေါ် အမေရိကန်က ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နထ်ပရိုက်က ပြောပါတယ်။

မကွေးတိုင်းထဲက ကျောင်းဆရာ ဦးစောထွန်းမိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ခေါင်းနဲ့ ခြေလက်တွေဖြတ် သတ်ခဲ့တဲ့သတင်းက တုန်လှုပ်စရာကောင်းလွန်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရနတ်ပရိုက်ထ်က ပြောပြီး ခုလို ပညာတတ် ကျောင်းဆရာ ဆရာမတွေအပါအဝင် ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် တုံ့ပြန်ကြဖို့ သူက တွစ်တာလူမှုကွန်ယက်ပေါ်ကနေ တောင်းဆိုခဲ့ပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက သစ်ညီနောင်၊ ကျားပစ်ကန်၊ တောင်မြင့်စတဲ့ ရွာစဉ်အလိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်ရော အရပ်အခေါ်ပျူစောထီးအဖွဲ့ဝင်တွေပါ ပူးပေါင်းပြီး အောက်တိုဘာ ၁၅ ရက်ကစလို့ စစ်ကြောင်းထိုးသွားလာနေခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်မှာ သစ်ညီနောင်ရွာအနီးက တောထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ချိန် ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံတွေ လေးစားရတဲ့ ကျောင်းဆရာ ဦးစောထွန်းမိုးကို နောက်တစ်နေ့မှာ ခေါင်းဖြတ်အသတ်ခံထားရတဲ့အနေအထားနဲ့ တောင်မြင့်ရွာစာသင်ကျောင်းရှေ့မှာတွေ့ခဲ့ကြရပါတယ်။ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ထံ သတင်းဌာနတွေက မေးမြန်းတာတွေရှိနေပြီး ဒီကနေ့အောက်တိုဘာ ၂၁ ရက်ထိတော့ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

မတ္တရာမှာ နှစ်ရက်အတွင်း အုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့ သတင်းပေးဆိုသူတို့ ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးမြို့မြောက်ဘက်ပိုင်း မတ္တရာမြို့နယ်မှာ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်ဆက်တိုက်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသတ်ခံရသူတွေဟာ အုတ်ဖိုရွာသစ် နဲ့ တံငါမြောက်ရွာက အုပ်ချုပ်ရေးမှူးတွေ ဖြစ်ပြီး စစ်ကောင်စီအဖွဲ့တွေက လာရောက်စစ်ဆေးတာတွေ ရှိခဲ့ပေမဲ့ ဒေသခံတွေကို ဖမ်းဆီးတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ အဲ့ဒီက အခြေနေ အကြောင်းရာကို မတ္တရာမြို့နယ် ဒေသခံ တစ်ဦး က အခုလိုပြောပါတယ်။ "ကျွန်တော်တို့ မတ္တရာနယ်ဘက်က အုပ်ချုပ်ရေးမှူးတွေက လောင်းကစားဝိုင်းတွေ ကြက်ဒိုင်တွေ သူတို့က လုပ်စားနေတာ။ တံငါများရွာက အုပ်ချုပ်ရေးမှူးဆိုရင် သူမထင်တဲ့ကလေးတွေကို ဒီလို လောင်းကစားဝိုင်းလုပ်၊ အနည်းအကျဥ်း လုပ်တဲ့ဟာလေးတွေကို ပီဒီအက်ဖ်လို့စွပ်စွဲပြီးလိုက်ဖမ်းခိုင်းတာ" လို့ ပြောပါတယ်။

အခုလို အုပ်ချုပ်ရေးမှူးတွေကို ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီရက်ပိုင်းအသတ်ခံရတဲ့ မတ္တရာမြို့နယ်က အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်မှုဟာ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ နတ်ဆိုးမြေအောက် တော်လှန်ရေးအဖွဲ့တွေက သူတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ မနေ့ အောက်တိုဘာ ၂၀ ရက်မနက်ပိုင်းမှာလည်း မတ္တရာမြို့နယ် ကင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မတ္တရာနတ်ဆိုးအဖွဲ့က သတင်းထုတ်ပြန်ထားပြီး ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒါ့အပြင် အောက်တိုဘာ ၁၉ ရက်ညပိုင်းမှာလည်း မတ္တရာမြို့နယ်၊ ကြိမ်တောရွာက စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Defend of The Ayeyawaddy အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားရောက်မြန်မာတွေကို မလုံခြုံတဲ့ နေရပ်ဆီ ပြန်ပို့တာတွေ ရပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေတိုက်တွန်း

မလေးရှားနိုင်ငံဟာ အထောက်အထားမဲ့မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကို  ပြီးခဲ့တဲ့အောက်တိုဘာလ ၈ ရက်မှာ လေကြောင်းကနေ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားချိန် အထောက်အထားမဲ့မှုနဲ့ဖမ်းဆီးခံရတဲ့ ရေတပ်အရာရှိဟောင်း ၆ ဦးပါဝင်တယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။

အဲဒီလေယာဥ်ခရီးစဥ်မှာ ရေတပ်အရာရှိဟောင်းတွေ ပါသွား၊ မသွားကိုတော့ မြန်မာစစ်ကောင်စီဘက်ကရော၊ မလေးရှားဘက်ကပါ တစုံတရာ သတင်းထုတ်ပြန်တာမရှိသလို အတည်ပြု ပြောကြားတာမျိုး မရှိပါဘူး။

မလေးရှားနိုင်ငံထဲ အခုသီတင်းပတ်တွေအတွင်းမှာ မြန်မာရွှေ့ပြောင်းတွေ အပါအဝင် အထောက်အထားမဲ့ နေထိုင်သူတွေကို ပစ်မှတ်ထားဖမ်းဆီးမှုတွေ တိုးလုပ်လာနေတယ်လို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာကြောင့် စစ်တပ်ပစ်မှတ်ထားခံရပြီး မလေးရှားကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေက ဘီဘီစီကို ပြောပါတယ်။

မလေးရှားနိုင်ငံမှာ နိုဝင်ဘာလဆန်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတာကြောင့် ရွေးကောက်ပွဲအပြီး လွှတ်တော်အသစ်အတွက် လက်ရှိ လွှတ်တော်အဟောင်းကို ဖျက်သိမ်းထားပါတယ်။

ဒါ့ကြောင့် မြန်မာ့အရေးကို အလေးထားတဲ့ မလေးရှားအစိုးရအဖွဲ့ဝင်တွေဟာ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်အာဏာ အကန့်အသတ်တွေရှိနေချိန်၊  နောက် လွှတ်တော်ဖျက်သိမ်းလိုက်တဲ့အချိန် မြန်မာတွေအပါအဝင် မလေးရှားရောက်ရွှေ့ပြောင်းနေထိုင်သူတွေအေရး လွှတ်တော်အကာအကွယ်မဲ့နေချိန်မှာ မလေးရှား လဝက နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုတွေ ခပ်စိတ်စိတ်ဖြစ်လာတာလို့ မလေးရှားရောက် မြန်မာတွေအရေး အကူအညီပေးသူတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေးအာဏာ လေဟာနယ်ဖြစ်နေချိန်မှာ စစ်အာဏာသိမ်းမှုအောက်က မလေးရှားရောက်မြန်မာတွေထဲက အထောက်အထားမဲ့ဖမ်းဆီးခံရသူတွေကို မြန်မာနိုင်ငံဆီကို  ပြန်ပို့တာရပ်တန့်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အားထုတ်လာပါတယ်။

မလုံခြုံမှုတွေနဲ့ အသက်အန္တရယ်စိုးရိမ်ရတဲ့မြန်မာနိုင်ငံဆီကို နေရပ်ပြန်ပို့တာတွေ ရပ်တန့်ရေး ဆုံးဖြတ်ပေးဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)နဲ့ ခိုလှုံခွင့်ဆိုင်ရာရပိုင်ခွင့်(Asylum Access)တို့လို အဖွဲ့တွေက မလေးရှားအထက်တရားရုံးကို လျှောက်လဲတာတွေ လုပ်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာလည်း ထိုင်းနိုင်ငံလေဆိပ်မှာ မြန်မာအလှမယ် ဟန်လေး ထိန်းသိမ်းခံခဲ့ရတဲ့နောက် နိုင်ငံကူးလက်မှတ် မှားယွင်းအသုံးပြုမှုဖြစ်ပေါ်တယ်ဆိုပြီး ထိုင်းနိုင်ငံက သူ့ကို ပြည်ဝင်ခွင့်ငြင်းပယ်ခဲ့ပါတယ်။ အဲဒိနောက်မြန်မာစစ်ကောင်စီက သူ့ကို ထိုင်းလေဆိပ်ထဲမှာ လာတွေ့ဖို့ ကြိုးစားချိန် မြန်မာနိုင်ငံကိုပြန်ပို့ခံရနိုင်တဲ့အခြေအနေနဲ့ကြုံတွေ့ခဲ့ရတဲ့နောက်  UNHCR ရဲ့အကူအညီနဲ့ပဲ တတိယနိုင်ငံဖြစ်တဲ့ကနေဒါကို သွားရောက်ခွင့်ရရှိခဲ့တဲ့ဖြစ်စဥ်လည်းရှိထားပါတယ်။

စစ်ကောင်စီလက်အောက် မလေးရှားသံရုံးဘက်ကတော့ မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာရောက်နေတဲ့ မြန်မာတွေနဲ့တွေ့ဆုံပြီး အထောက်အထားပြည့်စုံသူတွေကို မြန်မာကို အမြန်ဆုံးပြန်ပို့နိုင်ဖို့ မလေးရှားက သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနှိုင်းနေတယ်လို့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ပြောဆိုနေပါတယ်။