ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်နဲ့ ရုရှား ဘယ်လိုပူးပေါင်းပြီး ဆီးရီးယားကို လက်နက် ထောက်ပံ့လဲ
- ရေးသားသူ, ဆာဂေးဂိုရာရှကို၊ အန်နာစတေရှာလော်ရာဗာ
- ရာထူးတာဝန်, ဘီဘီစီရုရှားဌာန
- ဖတ်ရန်အချိန်: မိနစ် ၅
ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ကို ပြီးခဲ့တဲ့နှစ်က ဖြုတ်ချလိုက်တာဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရုရှားရဲ့ ဩဇာလွှမ်းမိုးမှုအတွက် အရေးပါဆုံး အားထားရာတစ်ခုကို ညတွင်းချင်း ဖယ်ရှားလိုက်သလို ဖြစ်သွားပါတယ်။
ဒါက ရုရှားနဲ့ အီရန်တို့ ဒေသတစ်ဝန်း လက်နက်တွေကို လျှို့ဝှက်ပို့ဆောင်ရင်း တည်ဆောက်ထားတဲ့ နက်နဲတဲ့ဆက်ဆံရေးကိုလည်း အကြီးအကျယ် ထိခိုက်သွားစေခဲ့ပါတယ်။
သမ္မတအာဆတ်လက်ထက် ဆီးရီးယားရဲ့ တရားမဝင်လက်နက်ကုန်ကူးတဲ့ ထောက်ပံ့ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုကို ဘီဘီစီက ဖော်ထုတ်ခဲ့ပါတယ်။ အခု သမ္မတ အာဆတ်မရှိတော့ချိန်မှာ ဒါတွေ ဘာဆက်ဖြစ်နေလဲ။
ပေါက်ကွဲခဲ့တဲ့ စောင်တွေ
ရုရှားရဲ့ ဝါဒဖြန့်ချိရေးရုပ်သံလိုင်း RT က ပြနေကျမဟုတ်တဲ့ ဗီဒီယိုတစ်ခုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်က ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီနေရာဟာ ဆီးရီးယားရဲ့ အဓိကဆိပ်ကမ်းမြို့ကြီးဖြစ်တဲ့ လာတာကီယာမြို့ လေတပ်မှာ ဖြစ်ပါတယ်။
တင်ဆက်မှုက ၅ မိနစ်ကြာပြီး အဲဒီမှာ နောက်ခံစကားပြောလည်း မပါဘဲ လှုပ်ရှားမှုပုံစံသက်သက်ကိုသာ ပြသထားပါတယ်။
ဒီစခန်းဟာ အာဆတ် အစ်ကိုဖြစ်သူ ဘယ်ဆဲလ်ရဲ့ နာမည်ကို ယူထားပြီး အာဆတ်ရဲ့အာဏာရှင်စနစ် ပြုတ်ကျတဲ့အထိ ဒီနာမည်ပေးထားခဲ့ပါတယ်။ ဒီစခန်းဟာ ၂၀၁၅ ခုနှစ်ကတည်းက ဆီးရီးယားမှာ တပ်စွဲထားတဲ့ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဓိကစခန်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ဗီဒီယိုကို လေဆိပ်နာမည်ပါတဲ့ မြင်ကွင်းကို အချိန်ကြာကြာ ပြသရင်း စတင်ပါတယ်။ အဲဒီနောက် Qeshm Fars Air လေကြောင်းကုမ္ပဏီရဲ့ တံဆိပ်ပါတဲ့ ဘိုးရင်း ကုန်တင်လေယာဉ်တစ်စင်း ပြေးလမ်းပေါ်ကို ထိန်းဆင်းလာတဲ့အထိ ပြသထားပါတယ်။ နောက်တော့ အဲဒီလေယာဥ်ပေါ် ပါတဲ့ ကုန်တွေချနေတာကိုလည်း ပြပါတယ်။
လေယာဥ်ထဲကနေ အထုတ်တွေ အတော်များများကို သယ်ထုတ်ချနေပြီး ပြောက်ကျား စစ်ယူနီဖောင်းဝတ်ထားတဲ့ ရုရှား စစ်ရဲတွေ ဖုန်းနဲ့ ရိုက်ပြီးမှတ်တမ်းယူနေပါတယ်။
မှတ်တမ်းတင်ဖို့ အတွက်လည်း အထုတ်တွေကို ဖွင့်ပြပြီး အဲဒီထဲမှာ အစိမ်းရောင်စောင်အစည်းတွေကို တွေ့ရပါတယ်။ ဗီဒီယို ပြသမှုကို အဲဒီမှာပဲ အဆုံးသတ်ထားပါတယ်။
နောက်ပိုင်းမှာတော့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အာဏာပိုင်တွေက ဆီးရီးယားဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်နေရသူတွေအတွက် ရုရှားက ပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
အဲဒီ ဗီဒီယိုပြသပြီး နှစ်ရက်အကြာမှာတော့ ရုရှားရဲ့ စစ်တပ်အခြေစိုက်စခန်း ဟာမေမီးမ် လေတပ်စခန်း အနီးက သိုလှောင်ရုံကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြပါတယ်။
တိုက်ခိုက်ခံရပြီးနောက် ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ မီးလောင်မှုသာမက နောက်ဆက်တွဲ ပေါက်ကွဲမှုကိုပါ တွေ့ရပါတယ်။ တချို့ကတော့ ရုရှားမီဒီယာ RT ကထုတ်လွှင့်မှုနောက်မှာ အခုလိုလေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့တာက ဆက်စပ်မှုရှိနေတယ်လို့ တွက်ချက်ကြပါတယ်။
"စောင်တွေက ပေါက်ကွဲတတ်တယ်ဆိုတာ လူတိုင်းသိပါတယ်၊ ဟုတ်တယ် မဟုတ်လား" လို့ ဟာမေမီးမ် ဖြစ်စဥ်ကို ထဲထဲဝင်ဝင် သိရှိထားသူ အမည်မဖော်လိုသူ ဘီဘီစီသတင်းရင်းမြစ်က ထေ့ငေါ့ဖြေပါတယ်။
ရုရှားစစ်ဘက် ပို့ဆောင်ရေးတွေကိုအသုံးပြုပြီး အီရန်က လက်နက်တွေကိုပို့နေခဲ့သလားလို့ ဘီဘီစီက မေးခဲ့တဲ့အပေါ် "ကျွန်တော့်ကို ဘာပြောမယ်လို့ မျှော်လင့်ထားတာလဲ။ အဲဒီ စောင်တွေကပဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့ပြီး ဟာမေမီးမ်စခန်း တစ်ခုလုံးလည်း ကုန်တော့မယ်လေ"လို့ သူက ပြန်ဖြေပါတယ်။
Qeshm Fars Air ကုမ္ပဏီက တီဟီရန်မှာရှိပြီး Imam Khomeini အပြည်ပြည်ဆိုင်ရာလေဆိပ်အပြည်ပြည်ဆိုင်ရာမှာ ရုံးချုပ်ရှိပါတယ်။ လေကြောင်းကျွမ်းကျင်သူတစ်ဦးက တရားဝင်ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်ကြောင်း ပြောပေမဲ့ အီရန်အစိုးရထိန်းချုပ်ခံဖြစ်ပါတယ်။
အဲဒီ လေကြောင်းလိုင်းဟာ ၂၀၁၈ ခုနှစ်မှာ လက်ဘနွန်က ဟစ်ဇ်ဘိုလာ အဖွဲ့ အသုံးပြုဖို့ လက်နက်တွေ ပို့ဆောင်ရာမှာ ပထမဆုံး ပါဝင်ပတ်သက်ခဲ့တယ်လို့ Fox News က အမည်မဖော်လိုတဲ့ အနောက်ထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ဒမတ်စကတ်က လေယာဥ်လမ်းကြောင်းတခုဟာ လက်ဘနွန်မြောက်ပိုင်းကို ပုံမှန်မဟုတ်တဲ့လမ်း ကြောင်း ကနေ ပျံသန်းခဲ့တယ်လို့ဆိုပါတယ်။ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ အီရန်က ဒီဇိုင်းထုတ်ထားတဲ့လက်နက်တွေကို ထုတ်လုပ်ဖို့ အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ကူးတို့ ပုံစံ သယ်ဆောင်ပေးတာလို့ ဆိုပါတယ်။
မြေပုံမှာလည်း ပုံမှန်မဟုတ်တဲ့လေကြောင်းသွားလာမှုလမ်းကြောင်းကို တွေ့ရပါတယ်။ တခြားလေယာဥ်လမ်းကြောင်းတွေက တီဟီရန် ကနေ ဘေရွတ်မြို့ကို တိုက်ရိုက်သွားတာဖြစ်ပါတယ်။
Fox News ကတော့ Qeshm Fars Air ဟာ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် IGRC နဲ့ ချိတ်ဆက်ထားပြီး ကုမ္ပဏီဘုတ်အဖွဲ့မှာ အဲဒီလမ်းကြောင်းကိုလုပ်တဲ့ ကိုယ်စားလှယ်တွေပါတယ်လို့ ဖော်ပြခဲ့ပါတယ်။
လေကြောင်းလိုင်းကို ၂၀၁၃ ခုနှစ်မှာ ပိတ်သိမ်းခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်မှာ လုပ်ငန်းတွေ ပြန်လည်စတင်ခဲ့ကြောင်း Fox ရဲ့ အဆိုအရ သိရပါတယ်။
ဟာမေမီးမ်စခန်းဟာ လက်ဘနွန်ကို လက်နက်အပါအဝင်ပစ္စည်းတွေပို့တဲ့ အီရန်ရဲ့အဓိက ကြားခံနေရာတော့ မဟုတ်ပါဘူးလို့ အဲဒီဒေသတွင်း ကျွမ်းကျင်သူ နစ်ကီတာ စမာဂျင်က ဆိုပါတယ်။
သူက "အစ္စရေးက ပုံမှန်လိုလို လာတိုက်နေတဲ့ အီရန်ရဲ့ မြေပြင်အခြေစိုက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခု ရှိပါတယ်။ ဒါပေမဲ့ အဲဒီလမ်းကြောင်းကနေ ဖြတ်သန်းသွားတာ အများစုဟာ ဆီးရီးယားနဲ့ လက်ဘနွန်ကို ရောက်သွားတာပဲ။ ရုရှားစခန်းတွေကနေ မဟုတ်ဘူး" လို့ ပြောပါတယ်။
ရုရှားစခန်းတွေက ဒီလို ပို့ဆောင်မှုတွေအတွက် သိပ်အရေးမကြီးတဲ့ လမ်းကြောင်းလို့ သူကယူဆပါတယ်။ ဆီးရီးယားမှာ ခေါင်းဆောင် အပြောင်းအလဲကြောင့် အရေးပါမှု ပိုတောင်နည်းသွားနိုင်ပါသေးတယ်။
"ဆီရီးယားမှာရှိတဲ့ အားလုံးနီးပါးကို အီရန်က ဆုံးရှုံးသွားတာပါ။ ဘာကြောင့်လဲ ဆိုရင် ဆီးရီးယားဟာ အီရန်ရဲ့ ဩဇာလွှမ်းမိုးမှုထဲမှာ မရှိတော့လို့ပါ။ သဘောတရားအရဆိုရင်တော့ တချို့ပစ္စည်းတွေကို ဟာမေမီးမ်ကနေ ပို့နိုင်သေးတယ် " လို့ စမာဂျင်က ပြောပါတယ်။
"ဒါပေမဲ့ ရုရှားက ဒါကို ခွင့်ပြုလိုက်ရင်၊ ဆီးရီးယား အာဏာပိုင်အဖွဲ့သစ်တွေနဲ့ သဘောတူညီမှုရဖို့ အခွင့်အလမ်းတွေ သိသိသာသာ နည်းသွားလိမ့်မယ်။"
ရုရှားရဲ့ လူသားဒိုင်း
ဆာရစ် ဇီဟာဗီက အစ္စရေးစစ်တပ်မှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိခဲ့တဲ့ စစ်ထောက်လှမ်းရေး အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
သူက အခုတော့ အစ္စရေးရဲ့ အယ်လ်မာ သုတေသနနဲ့ပညာရေးစင်တာမှာ အလုပ်လုပ်နေတာပါ။
"ဒေသထဲမှာ လက်နက်တွေ သယ်လေ့ရှိတယ်လို့ သိထားကြတဲ့ အီရန်လေယာဉ်တွေကို ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ဟာမေမီးမ် လေတပ်စခန်းမှာ ပထမဆုံးအကြိမ် သတိထားမိခဲ့တယ် " လို့ ဆာရစ်ဇီဟာဗီ က ပြောပါတယ်။
"ဆီးရီးယားရဲ့ တခြားလေဆိပ်တွေဖြစ်တဲ့ ဒမတ်စကပ်၊ အလက်ပိုတို့ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ထားခဲ့လို့ အီရန်အနေနဲ့ အဲဒီနေရာတွေမှာ ဆင်းလို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အဲဒီကို ပြောင်းလိုက်တာပါ" လို့ ဇီဟာဗီက ပြောပါတယ်။
ပထမဆုံး အီရန်လေယာဉ်တွေ ဟာမေမီးမ် ကို ဆင်းလာတဲ့အချိန်ကတည်းက အဲဒီနေရာဟာ လက်နက်ပို့ဆောင်ရေး ဗဟိုချက်တစ်ခု ဖြစ်လာနိုင်တယ်၊ ပြီးတော့ ရုရှားတွေက အစ္စရေးရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ဖို့ လူသားဒိုင်းလို အသုံးချနိုင်တယ်ဆိုပြီး သူတို့ရဲ့ သုတေသနဌာနက သတိပေးခဲ့တယ်လို့ သူက ပြောပါတယ်။
ကစားကွင်းထဲက ကော့နပ်စ်
လက်ဘနွန်တောင်ပိုင်းမှာ ရိုက်ကူးထားတယ်ဆိုတဲ့ ဗီဒီယိုတစ်ခုကို အစ္စရေးစစ်တပ်က နိုဝင်ဘာလမှာ ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ အိတ်တွေ၊ သေတ္တာတွေနဲ့ ကစားစရာတွေ ပြန့်ကြဲနေတဲ့ အခန်းတစ်ခန်းကို တွေ့ရပါတယ်။ ပိုင်ရှင်တွေ ကမန်းကတန်း ထွက်သွားလို့ ကျန်နေခဲ့သလိုမျိုးပါ။
မြင်ကွင်းထဲမှာ စစ်သားတစ်ယောက် ရပ်နေတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာ ကင်မရာက အခန်းထောင့်တစ်ခုက ပျက်စီးနေတဲ့ အကာအရံ တစ်ခုကို လှည့်ပြပါတယ်။
"နံရံအတုကနေ ကလေးအခန်းထဲကို ကျွန်တော်တို့ ဝင်ခဲ့တယ်"လို့ ဝင်ရောက်စီးနင်းတဲ့အထဲပါဝင်သူအမည်မဖော်လိုသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"ကျွန်တော်တို့ နံရံကို ဖြိုချလိုက်တဲ့အခါမှာပဲ ပထမဆုံးတစ်ခု ရှာဖွေတွေ့ရှိခဲ့တာပါ။"
ရုရှားထုတ်လက်နက် အများအပြားဝှက်ထားတဲ့နေရာမှာ ကလာရှနီခေါ့ဖ် ရိုင်ဖယ်တွေ သာမက ကော့နပ်စ် တင့်ကားဖျက်ဒုံးကျည်စနစ်ရဲ့ ထိပ်ဖူးတွေကိုပါ အစ္စရေးစစ်သားတွေက ရှာတွေ့ခဲ့ပါတယ်။ အဲဒါမျိုးတွေကိုပဲ အဲဒီပတ်ဝန်းကျင်က အိမ်တွေမှာ ရှာတွေ့ထားပါသေးတယ်။
ဒီလိုလက်နက်တွေက မြို့တွေကို တိုက်ခိုက်ဖို့အတွက်ဖြစ်ပြီး အစ္စရေး စစ်တပ်နဲ့ ရင်ဆိုင်တိုက်ဖို့ မဟုတ်ဘူးလို့ အစ္စရေးစစ်သားက ပြောပါတယ်။
"အိမ်တစ်အိမ်မှာ လူ ငါးယောက် ဒါမှမဟုတ် ခြောက်ယောက်စာအတွက် လုံလောက်တဲ့ လက်နက်တွေရှိနေနိုင်တယ်။ "
ဆုတ်ခွာသွားတဲ့ လက်နက်ကိုင်တွေက ကော့နပ်စ်လောင်ချာကို ယူသွားခဲ့ပြီး သေတ္တာချည်းပဲကျန်ခဲ့တာကိုလည်း ဓာတ်ပုံတွေမှာ မြင်နိုင်ပါတယ်။
ဓာတ်ပုံတွေထဲမှာ ကော့နပ်စ်စနစ်ရဲ့ မတူညီတဲ့ ပုံစံနှစ်မျိုးကို ပြသထားပါတယ်။
တစ်ခုက ထိပ်ဖူးနှစ်ဆင့်တပ် စနစ်ကို သုံးပါတယ်။ အဲဒါက ယာဥ်တွေရဲ့ ကျည်ကာကို အရင်ထိုးဖောက်ပြီး နောက်တစ်ကြိမ်က ယာဥ်ထဲမှာ ပေါက်ကွဲစေတဲ့ ပုံစံပါ။
နောက်တစ်ခုကတော့ ပေါက်ကွဲအားပြင်းထန်တဲ့ မစ်ဆိုင်းဒုံးဖြစ်ပြီး ခြေလျင်တပ်တွေကို တိုက်ခိုက်ဖို့ပါ။
အဲဒီ နှစ်ခုလုံးက အကွာအဝေး ၅ ကီလိုမီတာအကျော်အထိကို ပစ်ခတ်နိုင်ပါတယ်။
အဖြောင့်အတိုင်းဆိုရင် အဲဒီရွာတွေနဲ့ အစ္စေးမြို့တွေက သုံးကီလိုမီတာ အကွာမှာ ရှိလို့ မြို့တွေကို လှမ်းပစ်နိုင်တယ်လို့ အစ္စရေး စစ်သားက ပြောပါတယ်။
ကော့နပ်စ်ဒုံးကျည်တွေကို စွန့်ပစ်ထားခဲ့တာက အဲဒီအရာတွေက သိုသိုသိပ်သပ် နေရာရွှေ့ဖို့ ခက်တာကြောင့်လို့သူက ပြောပြပါတယ်။
ဒီလက်နက်တွေကို ဆီးရီးယားကနေ လက်ဘနွန်တောင်ပိုင်းကို ကုန်းလမ်းကနေ ပို့ခဲ့တာ ဖြစ်နိုင်ပါတယ်။ နွေဦးရာသီမှာတော့ အဲဒီလမ်းကြောင်းတွေကို အစ္စရေးက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
ကော့နပ်စ်ရဲ့ လမ်းကြောင်း
အဲဒီလက်နက်တွေဟာ လက်ဘနွန်ကို ဆီးရီးယားကနေ ရောက်လာတာလို့ ဘီဘီစီကို ပြောပြခဲ့တဲ့ အစ္စရေးတပ်ဖွဲ့ဝင်က ယူဆပါတယ်။ ဆီးရီးယားသုံးငွေကြေးတွေလည်း အဲဒီအိမ်တွေထဲမှာ အစ္စရေးစစ်သားတွေက တွေ့ရှိခဲ့ကြလို့ သူ့အယူအဆကို ပိုခိုင်မာစေပါတယ်။
ဒါပေမဲ့ လက်နက်တွေနဲ့ အတူတွေ့ရတဲ့ ရုရှားလက်နက်တင်ပို့ရေး လုပ်ငန်းရဲ့ တံဆိပ်တွေ၊ ချိပ်ပိတ်ထားတာတွေအရ ကော့နပ်စ်တွေကို တရားဝင်အဖွဲ့အစည်းတစ်ခုကို ရောင်းထားတာဖြစ်တယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"အဲဒီမှာ ပထမဆုံး စဥ်းစားမိတာက ဆီးရီးယား စစ်တပ်ပဲ၊ အာဆတ်ရဲ့ စစ်တပ်ပဲပေါ့။ ကျွန်တော်တို့ သိထားတာက သူတို့စစ်တပ်က ဆီးရီးယား ဟစ်ဇ်ဘိုလာတွေနဲ့ နီးစပ်ပြီး ဆီးရီးယား ဟစ်ဇ်ဘိုလာတွေကလည်း လက်ဘနွန် ဟစ်ဇ်ဘိုလာတွေနဲ့ နီးစပ်တယ်လို့ သူက ပြောပါတယ်။"
လက်ဘနွန်မှာ အစ္စရေးတို့ရှာဖွေတွေ့ရှိခဲ့တဲ့ လက်နက်တွေဟာ ဆီးရီးယားအမျိုးသား တပ်မတော်ကနေ တစ်ဆင့်ရောက်လာတဲ့ ရုရှားလက်နက်ခဲယမ်းတွေ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အနောက်တိုင်းထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုက ဘီဘီစီကို ပြောပြပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာတွေခဲ့ရတဲ့ ကော့နပ်စ်ဒုံးကျည်တွေဟာ ၂၀၂၀ မှာ ထုတ်လုပ်ထားတာတွေ ဖြစ်ပြီး ဆီးရီးယားနိုင်ငံထဲမှာ သိမ်းဆည်းထားတဲ့ ရုရှားရဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ Wall Street ဂျာနယ် သတင်းထဲမှာလည်း အမည်မဖော်လိုသူ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြပါတယ်။
အဲဒါတွေကို မတွေ့ခင်တုန်းကတော့ ဟစ်ဇ်ဘိုလာတွေဟာ ဆိုဗီယက်ခေတ်ကကျန်တဲ့ လက်နက်အဟောင်းတွေကိုပဲ ပိုင်ဆိုင်ထားတာလို့ အစ္စရေးစစ်တပ်ခေါင်းဆောင်တွေက ယုံကြည်ထားခဲ့တာပါ။
အာဆတ်အစိုးရဟာ နောက်ဆုံးအချိန်ထိ ရုရှားလက်နက်တွေကို ဆီးရီးယား ဟစ်ဇ်ဘိုလာတွေဆီကို ထောက်ပံ့ပေးနေခဲ့ပြီး အဲဒီနောက် လက်နက်တွေကို လက်ဘနွန်ဆီ ရောက်သွားတယ်လို့ စမာဂျင်က ပြောပါတယ်။ ရုရှားကလည်း ဒါကို မသိချင်ယောင်ဆောင်ပေးထားပါတယ်။
"ဘယ်လက်နက်တွေ ပို့နေတယ်ဆိုတာ သူတို့ မသိတာတော့ မဟုတ်လောက်ဘူး။ ဒါပေမဲ့ သူတို့လည်း ဘာမှ မတတ်နိုင်တာဖြစ်ဖြစ် ဘာမှ ဝင်မလုပ်တာဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်"လို့ စမာဂျင်က ပြောပါတယ်။
၂၀၂၂ အထိ ရုရှားဟာ အစ္စရေးနဲ့ ဆက်ဆံရေးကို တန်ဖိုးထားလွန်းခဲ့တာကြောင့် ဟစ်ဇ်ဘိုလာတွေကို ပေါ်ပေါ်ထင်ထင် လက်နက်ရောင်းဖို့ ခက်ခဲ့တယ်လို့ စမာဂျင်က ပြောပါတယ်။
အဲဒီနောက် အခြေအနေတွေ သိသိသာသာ ပြောင်းသွားပြီး အစ္စရေးကို သိပ်ထည့်မတွက်တော့ပါဘူး။ ဒါပေမဲ့ ရုရှားက ဟစ်ဇ်ဘိုလာကို လက်နက်တွေ တိုက်ရိုက်ရောင်းပေးတယ်ဆိုတဲ့ အတည်ပြုချက်တွေလည်း မရှိသေးပါဘူးလို့ စမာဂျင်က ပြောပါတယ်။
ဟစ်ဇ်ဘိုလာဟာ ဆီးရီယားစစ်တပ်ရဲ့ အဓိကကျတဲ့ မိတ်ဖက်ဖြစ်ပြီး ဆီးရီးယားမှာ စခန်းချထားတဲ့ ရုရှားစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။
ဒါပေမဲ့ အစ္စရေးက လေကြောင်းတိုက်ခိုက်လို့ ဆုံးရှုံးသွားရတာတွေကြောင့် ဟစ်ဇ်ဘိုလာ လှုပ်ရှားမှု အားနည်းသွားပါတယ်။ အဲဒါကလည်း ဘာရှားအယ်လ်အာဆတ် အစိုးရကိုယ်တိုင် မြန်မြန် ပြုတ်ကျသွားရတဲ့ အကြောင်းတွေထဲက တစ်ခု ဖြစ်သွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အစ္စရေးလေတပ်က လျင်လျင်မြန်မြန်ပဲ ဆီးရီးယားမှာကျန်ရှိနေတဲ့ လက်နက်တိုက်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဆီးရီယားလက်နက်တိုက်တွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။
ဒါကြောင့် ဆီးရီးယား အာဏာပိုင်အသစ်တွေက လက်နက်တွေကို ဟစ်ဇ်ဘိုလာတွေကို လွှဲပေးချင်တယ်ဆိုရင်တောင် လွှဲပေးစရာ လက်နက် များများစားစား မကျန်တော့ပါဘူး။
ဆီးရီးယားရဲ့ အာဏာဟာ အခုဆိုရင် အီရန်ကို မလိုလားတဲ့ လက်နက်ကိုင်အုပ်စုတွေ လက်ထဲကို ရောက်သွားပါပြီ။ ဆီးရီးယားက ရုရှား စစ်စခန်းတွေနဲ့ ဆီးရီးယားထဲက အီရန်ရဲ့ လက်နက် ဖြန့်ဖြူးမှုတွေကလည်း အရေးကြီးသလို ဒါတွေ ဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ မသိနိုင်သေးပါဘူး။
မှတ်ချက် - အီရန် အာဏာပိုင်တွေဟာ ဘီဘီစီက မေးမြန်းတာ၊ မှတ်ချက်ပေးဖို့ ဆက်သွယ်တာတွေကို တုံ့ပြန်လေ့ မရှိပါဘူး။