ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနဲ့ မလေးရှား AFF ဖလားအုပ်စုအဖွင့်ပွဲ ကစားမယ်
မြန်မာပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါဘေးနဲ့ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ပထမဆုံး နိုင်ငံတကာ ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့က သုဝဏ္ဏဘောလုံးကွင်းမှာ ကစားဖို့ရှိနေပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းနဲ့ မလေးရှားလက်ရွေးစင်အသင်းတို့ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 အုပ်စုအဖွင့်ပွဲစဉ်ကို ဒီဇင်ဘာလ ၂၁ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲမှာ ယှဥ်ပြိုင်မှာကြမှာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အသင်းကို နည်းပြချုပ်အနေနဲ့ အန်တွိုင်းဟေးကတာဝန်ယူထားပြီး မြန်မာ့လက်ရွေးစင်ကစားသမား ၂၃ ဦးကို ရွေးချယ်ထားပါတယ်။
''၃ နှစ်အတွင်း အိမ်ကွင်းမှာ ပြန်ကစားခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ ဘယ်လောက်ကစားနိုင်တယ်ဆိုတာ ပြသဖို့ အခွင့်အလမ်းကောင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းတွေကတည်းက စပြီး လေ့ကျင့်ရေးလုပ်ထားပြီးပါပြီ။ လေ့ကျင့်ခြေစမ်းပွဲတွေကိုလည်း ကစားထားပါတယ်။ လိုချင်တဲ့ပုံစံရဖို့ ကြံ့ခိုင်မှုအပိုင်းကိုလည်း ပြင်ဆင်ထားပါတယ်'' လို့ မြန်မာအသင်းနည်းပြက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
အသင်းခေါင်းဆောင်အဖြစ် မောင်မောင်လွင် ကတာဝန်ယူမှာဖြစ်ပြီး ကျော်မင်းဦး၊ အောင်ကောင်းမာန်၊ နန္ဒကျော်၊ ဝင်းနိုင်ထွန်း၊ လွင်မိုးအောင် တို့အပါအဝင် ပြည်တွင်းလိဂ် ကလပ်တွေက ကစားသမားတွေနဲ့ ပြည်ပမှာသွားရောက် ကစားနေတဲ့ မြန်မာကစားသမားတွေပါဝင်ပါတယ်။
အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022အတွက် မြန်မာအသင်းဟာ အုပ်စု B မှာ ကျရောက်ပြီး အိမ်ကွင်း ၂ ပွဲ အနေနဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ မလေးရှားအသင်း၊ ဒီဇင်ဘာ ၃၀ ရက်မှာ လာအိုအသင်းတို့နဲ့ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
အဝေးကွင်း ၂ ပွဲအနေနဲ့ ဒီဇင်ဘာလ ၂၄ ရက်မှာစင်ကာပူအသင်း၊ ဇန်နဝါရီလ ၃ ရက်မှာ ဗီယက်နမ်အသင်းတို့နဲ့ယှဥ်ပြိုင်ရဖို့ရှိပါတယ်။
မြန်မာ့လက်ရွေးစင် အသင်းဟာ အခုအုပ်စုပွဲမတိုင်မီ ထိုင်းလက်ရွေးစင်အသင်း၊ ထိုင်းလိဂ်(၁)ကလပ် ချွန်ဘူရီ၊ ထိုင်းလိဂ် ၂ ကလပ် ဆာမက်ပရာခန်တို့နဲ့ ခြေစမ်းပွဲတွေကစားခဲ့ပါတယ်။
လိဂ်အသင်း ၂သင်းနဲ့ နှစ်ပွဲဆက်အနိုင်ရခဲ့ပေမဲ့ ထိုင်းလက်ရွေးစင်အသင်းနဲ့တွေ့ဆုံချိန်မှာတော့ ၆ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။
အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup ကို အရင်က ဆူဇူကီးဖလားအနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီဆုဖလားပြိုင်ပွဲတစ်လျောက်မှာ ထိုင်းအသင်းဟာ ၆ ကြိမ် ဖလားရယူထားနိုင်ပြီး လက်ရှိချန်ပီယံအသင်းလည်းဖြစ်ပါတယ်။