ဖေဖော်ဝါရီ ၁၆ ရက်ထိပ်တန်းသတင်းများ- ကော်ဘရာဂိုးစစ်ရေးလေ့ကျင်မှု မြန်မာစစ်တပ် ဖိတ်ကြားမခံရ

မန္တလေးမြို့က ရှေ့နေသုံးဦးကို ရုံးချိန်းလိုက်ပြီးအပြန်မှာ စစ်ကောင်စီဖမ်းဆီးသွား

မန္တလေးမြို့က ရှေ့နေသုံးယောက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရားရုံးချိန်းအပြီးမှာ စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးသွားပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်အထိ အိုးဘိုအကျဉ်းထောင်ကို ရောက်မလာသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့တုန်းက ချမ်းအေးသာစံ ခရိုင်တရားရုံးအထွက်မှာ အမှုလိုက်ရှေ့နေ ကိုသန်းထွန်းအောင် ဖမ်းဆီးခံရပါတယ်။

အဲဒီတစ်ရက်တည်းမှာပဲ မဟာအောင်မြေမြို့နယ် တရားရုံးအထွက်မှာ ရှေ့နေ မယဉ်မာဝင်းနဲ့ အတူ နောက်ထပ် အမျိုးသမီးတစ်ယောက်လည်း ပူးတွဲအဖမ်းခံရတယ်လို့ သိရပါတယ်။

သူတို့ကို ဘာအကြောင်းကြောင့် ဖမ်းဆီးခံရတာ မသိရပေမဲ့ အိုးဘိုအကျဉ်းထောင်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်အထိ ရောက်မလာသေးပါဘူးလို့ ရှေ့နေအသိုင်းဝိုင်းကနေ သိရပါတယ်။

မန္တလေးမှာ နိုင်ငံရေးအမှုတွေလိုက်ပါဆောင်ရွက်တဲ့ရှေ့နေအများစုဟာလည်း ဒီလို တရားရုံးချိန်းအပြီးမှာ စစ်ကောင်စီက စောင့်ဆိုင်းဖမ်းဆီးသွားတဲ့ဖြစ်စဥ်တွေ အရင်တည်းက ရှိထားပါတယ်။

"တရားရုံးချိန်းအပြန်မှာ ဖြစ်တာ။ ကျန်တဲ့အကြောင်းက ဘာမှမသိသေးဘူး။ ရုံးချိန်းရှိပြီဆို ပါဝါတွေတင်ထားတော့ ဒီရှေ့နေကို လိုချင်တယ်ဆိုရင် လှမ်းထောက်ထားပြီးသား။ လုပ်ငန်းပြီးလို့ ဆင်းလာပြီဆိုမှ ဖမ်းတာ။ မဟုတ်ရင် သူဘယ်မှာရှိတယ် ငါဘယ်မှာရှိတယ်။ ဘယ်လိုလုပ် သိနိုင်မှာတုန်း။ ရုံးတွေနဲ့ contact လုပ်ပြီးသားမို့ပေါ့။ အဝင်မှာမဟုတ်ဘူးနော်၊ လုပ်ငန်းပြီး အထွက်မှာတွေပဲ ဖမ်းသွားတာများနေတာ"လို့ တရားရုံးအသိုင်းဝိုင်း ရှေ့နေတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလအတွင်းမှာလဲ ပုသိမ်ကြီးရှေ့နေ ကိုဝင်းကျော်စိုး ဖမ်းဆီးခံရပြီး လက်ရှိမှာ အိုးဘိုအကျဉ်းထောင်ကို ရောက်ရှိနေပြီး အမှုပုဒ်မ မတင်ရသေးဘဲ ဆက်လက်ချုပ်နှောင်ဖို့ ရမန်ယူထားဆဲဖြစ်တယ်လို့ တရားရုံးအသိုင်းဝိုင်းကနေ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ နိုင်ငံရေးအမှုတွေလိုက်တဲ့ တရားလွှတ်တော်ရှေ့နေ၊ အထက်တန်းရှေ့နေတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာ အနည်းဆုံး ၁၅ ယောက် ရှိနေပါတယ်။ အများစုဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေနဲ့ တရားစွဲဆိုခံထားရပြီး အမိန့်ချမှတ်ခံရတာတွေလည်း ရှိပါတယ်။ တချို့ရှေ့နေတွေကို ပေါက်ကွဲမှု ဆက်စပ် ပုဒ်မတွေနဲ့ ဖမ်းဆီးထားတာရှိသလို ပုဒ်မ ၅၀၅ -က နဲ့ တရားစွဲ အမိန့်ချထားတာ ရှိတယ်လို့ သိရပါတယ်။

မြန်မာပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာသန်း ၅၀ ထပ်မံထောက်ပံ့ကူညီ

မြန်မာနိုင်ငံမှာ တိုးမြင့်လာတဲ့နေရပ်စွန့်ခွာမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စားနပ်ရိက္ခာပိုမိုရှားပါးလာတာကြောင့် ပိုမိုလိုအပ်လာမှုတွေအတွက် လူသားချင်းဆိုင်ရာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ထပ်မံထောက်ပံ့ကူညီလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ဖေဖော်ဝါရီ ၁၅ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ သံရုံးဖေ့စ်ဘွတ်စာမျက်နှာကနေ ထုတ်ပြန်လာပါတယ်။

အရေးပေါ်စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့အတွက် ဒီ အကူအညီကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတဆင့် ထောက်ပံ့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂက လက်တလောထုတ်ပြန်ထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေအပေါ် ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၁၇ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။

အခုထောက်ပံ့မှုနဲ့ USAID ဟာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့အတူ ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်တွေက လူပေါင်း ၇၅၀,၀၀၀ ကျော်ကို ကူညီနိုင်မှာဖြစ်တယ်လို့လည်းတွက်ချက်ထုတ်ပြန်ထားပါတယ်။

အခုထောက်ပံ့မှုအစီအစဥ်မှာ လစဉ်စားနပ်ရိက္ခာခွဲတမ်းတွေပေးအပ်တာ၊ အသက်ငါးနှစ်အောက်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်ခြင်းတို့ပါဝင်မယ်လို့သိရပါတယ်။

အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံပြီးဒီတွေ့ဆုံမှုမှာ အမေရိကန်က မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသူတွေနဲ့ တော်လှန်ရေး အင်အားစုတွေကို အမြဲထောက်ခံနေကြောင်း စတာတွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုတွေ့ဆုံမှုအပြီး တစ်ရက်အကြာမှာ အမေရိကန်ပြည်ထောင်စုက ဒီအကူအညီအစီအစဥ်ကို ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

ပုလဲမြို့နယ် အင်းမထီးကျေးရွာကို စစ်ကြောင်းဝင်လာလို့ လမ်းတလျှောက်ရွာ ၁၄ ရွာထက်မနည်း စစ်ဘေးရှောင်ရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာထဲကို ပုလဲမြို့ပေါ်ကနေ စစ်ကောင်စီတပ်တွေ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ရောက်ရှိလာတာကြောင့် အဲဒီရွာအသွားလမ်းတလျှောက် ဆယ်မိုင်ဝန်းကျင်က ကျေးရွာ ၁၄ ရွာလောက်က ဒေသခံတစ်သောင်းကျော် စစ်ကြောင်းနဲ့လွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ပုလဲမြို့ပေါ်စစ်ကြောင်းဟာ အင်းမထီးရွာက အရပ်အခေါ် ပျူစောထီးစခန်းကိုလာရောက်တာဖြစ်ပြီး အဲဒီတစ်လျှောက်မှာရှိတဲ့ ရွာသာ၊ လိန်ကုန်း၊ ရွာထင်၊ ကြိုးကြားဥ၊ ကံကြီး၊ ဖိုကုန်း၊ ညောင်ကုန်း၊ မွေ့တုံ၊ ကံပေါက်၊ လှော်ကား၊ နွယ်ရှောက်၊ ကုက္ကိုကုန်း၊ လက်ပုကန်၊ အင်ကြင်းစုရွာတို့က ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

"စစ်ကြောင်းက ပုလဲမြို့ပေါ် နှစ်ညအိပ်သုံးရက်လောက်နေသွားတယ်။ အဲဒီမြို့ပေါ်စစ်ကြောင်းက မနေ့က အင်းမထီးရွာကို တကယ်ထွက်လာပြီဆိုတော့ ပြေးရတော့တာပေ့ါ။ သူတို့လာပြီဆိုရင် ဘာမဆိုဖြစ်နိုင်တော့ မပြေးဘဲလည်းမနေရဲဘူး။ ဒါကြောင့် အကုန်လုံးပြေးကြတယ်။ ပုလဲမြို့၊ အင်မထီးပျူစောထီးစခန်းကို မနေ့က သူတို့ရောက်လာတယ်။ နောက် အဲဒီနားက အင်ကြင်းစုရွာကို အင်မထီးပျူစောထီးရွာက လူတွေက လှည်းအစီး ၂၀ လောက်နဲ့ ပစ္စည်းတွေလာတိုက်ယူသွားတယ်။ အင်ကြင်းစုကလည်း ရှောင်ရတာပဲလေ။ နွားတွေတောင်သူလုပ်ပစ္စည်းတွေပါ ယူသယ်သွားတာ။ အဲဒါက သူတို့အမြဲလုပ်နေကျပုံစံပါပဲ။ စစ်ကြောင်းက အင်မထီးပျူစောထီးရွာရောက်ပြီဆိုမှ ရွာတွေက ကိုယ့်ရွာကိုယ်ပြန်ကပ်ရဲတာ"လို့ မနေ့က အခြေအနေနဲ့ပတ်သက်လို့ ပုလဲမြို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အရင်က စစ်ကြောင်းဝင်လာရင်ကစဥ့်ကလျားနဲ့ စနစ်တကျမရှိဘဲ ပြေးလွှားခဲ့ရပေမဲ့အခုတော့ပုလဲတစ်မြို့နယ်လုံးက ကျေးရွာပေါင်း ၂၀၀ နီးပါးမှာ ၁၈၀ ကျော်လောက်က NUG အောက် ပကဖ၊ ပအဖအဖွဲ့တွေဖွဲ့စည်းထားပြီး စစ်ကြောင်းကို စောင့်ကြည့်ကာ စနစ်တကျ စစ်ဘေးရှောင်တတ်လာပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ်က ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲလည်းမဖြစ်သလို မိုင်းဆွဲတိုက်ခိုက်တာလည်းမရှိခဲ့ဘဲ စစ်ကြောင်းရောက်လာတာဖြစ်ပြီး စစ်အုပ်ချုပ်ရေးထုတ်ထားတဲ့နောက်နယ်မြေ စိုးမိုးကြောင်းပြချင်တဲ့သဘောနဲ့ စစ်ကြောင်းလာရောက်တာလို့လည်း ဒေသခံတွေက ယူဆနေပါတယ်။

"မနေ့က စစ်ကြောင်းလာတော့ ဒီဒေသတဝိုက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာမျိုးတော့ရှိခဲ့တယ်။ တခြားတော့ ထိတွေ့တိုက်ပွဲဖြစ်တာမရှိပါဘူး။ တကယ်တမ်းစစ်ကောင်စီစိုးမိုးထားနိုင်တာက ပုလဲမြို့ပေါ်ရယ်၊ ဇီးဖြူကုန်းပျူစောထီးရွာရယ်၊ ရဲစခန်းရှိတဲ့ ကမ်းနောက်ရွာ အဲဒီနေရာပဲ လည်ပတ်နိုင်တော့တာ။ ကျန်တဲ့ ရွာပေါင်း ၂ ရာကျော်က တော်လှန်ရေးအင်အားစုတွေနဲ့စိုးမိုးနယ်မြေဖြစ်ပြီး ရွာပေါင်း ၁၈၀ ကျော်လောက်မှာပကဖပအဖတွေဖွဲ့စည်းထားပြီပြီ"လို့ဒေသအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အင်းမထီးပျူစောထီးရွာကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ အဲဒီရွာနဲ့ တစ်မိုင်ကျော်အကွာက ကိုင်းတဲရွာက ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မနက်မှာ ဝင်ရောက်သွားပြီး ကိုင်းတဲရွာက နှစ်အိမ်သုံးအိမ်ခန့် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

"ဒါနဲ့ဆိုကိုင်းတဲရွာက သုံးကြိမ်မြောက်အရှို့ခံရတာပါ။ အဲဒီကနေ မြောက်ဘက်ကိုဆက်ထွက်တယ်။ အခု မင်းတိုင်ပင်ရွာမှာရောက်နေပါတယ်"လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပုလဲမြို့နယ်အတွင်းက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မတ္တရာမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနီးတဝိုက်ကျေးရွာတွေကို ခြောက်လှန့်ပစ်ခတ်နေတယ်လို့ ဆို

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ မနေ့ (ဖေဖော်ဝါရီ ၁၅ရက်) က ကင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေဟာ မိုင်းဆွဲခံရပြီး ထိခိုက်ဒဏ်ရာတွေ ရှိခဲ့တာကြောင့် အနီးတဝိုက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ အစောပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်း ၇ လုံး ဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကင်းရွာကနေ ကျောက်တံတားဘက်ကို ခြေလျင်ပြန်ဆင်းလာတဲ့ စစ်ကောင်စီအဖွဲ့တွေကို ထိခိုက်မိခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရသူတွေကို ခေါ်ဆောင်သွားတာ တွေ့ရပေမဲ့ အရေတွက်နဲ့ ထိခိုက်ဒဏ်ရာအခြေအနေကို အသေးစိတ်မသိရှိရသေးဘူးလို့ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ကင်းရွာအနီး တရုတ်လူမျိုးပိုင် ဘိလပ်မြေစက်ရုံမှာ စစ်တပ်က လုံခြုံရေးယူ တပ်စွဲထားတယ်လို့ သိရပါတယ်။

"ညပိုင်းမှာ သူတို့(စစ်ကောင်စီအဖွဲ့)နေတဲ့ရွာကနေ လက်နက်ကြီးတွေနဲ့ ရှောက် ရမ်းသမ်းပစ်နေတာ။ PDF တွေရှိမယ်အထင်နဲ့ ရွာကို ရှောက်ပြီး ရမ်းသမ်းပစ်နေတာ။ သူတို့တပ်စွဲထားရင် အနီးနားကျေးရွာတွေက လန့်နေရတာ"လို့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလဆန်းကတည်းက မတ္တရာမြို့နယ် အနောက်ဘက် မြစ်အနီး ဇီးကုန်း၊ သဲအင်းမှာ စစ်ကောင်စီတွေ အထိုင်ချတပ်စွဲခဲ့ပြီး မနေ့က အနီးဝန်းကျင်တွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာ မြွေတလိုင်း၊ မြွေရေယာဉ်ကျွန်း၊ မာရပင်၊ တောပု၊ ပိုဝမြောက်ရွာ စတဲ့ ကျေးရွာတွေက ဒေသခံ ၅၀ နီးပါးဟာ စစ်ကောင်စီရဲ့ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခံရပြီး ယနေ့အချိန်ထိ လွှတ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးသူ ယောက်ျားလေး လေးဦး ပါဝင်တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်၊ ကင်းရွာမှာ စစ်ကောင်စီတပ်တွေမိုင်းဆွဲတိုက်ခိုက်ခံရတဲ့နောက်အနီးနားဝန်းကျင်ကျေးရွာတွေကို ခြောက်လှန့်ပစ်ခတ်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စည်ပင်အခွန်မဆောင်တဲ့ ရတနာပုံဒိုင်းမွန်းပလာဇာက ဆိုင်ခန်းတွေပြန်အပ်ဖို့ သတိပေးစာထုတ်

မန္တလေးမြို့ ရတနာပုံ ဒိုင်းမွန်းပလာဇာက စည်ပင်အခွန်မဆောင်တဲ့ ဆိုင်ခန်းရှင်တွေ ဆိုင်ခန်းတွေပြန်လည် အပ်နှံရမယ်လို့ သက်ဆိုင်ရာ ကုမ္ပဏီက သတိပေးစာ ကြေညာပါတယ်။ လာဝယ်သူမရှိလို့ ဆိုင်ခန်းတွေ မဖွင့်လှစ်တာ နှစ်ချီနေပြီလို့လည်း ဆိုင်ခန်းရှင်တွေက ပြောပါတယ်။

ချမ်းအေးသာစံမြို့နယ် ၇၈ လမ်း ၃၃လမ်းထောင့်က ရတနာပုံ ဒိုင်းမွန်းပလာဇာမှာ ဆိုင်ခန်းပိုင်ရှင်တချို့ဟာ စာချုပ်အရ ဝယ်ယူထားတဲ့ဆိုင်ခန်းအတွက် စည်ပင်ကော်မတီဌာန အသီးသီးရဲ့ အခွန်အခတွေကို မပျက်မကွက် ပေးဆောင်ရမယ်ဆိုတဲ့ ဝန်ခံကတိစာချုပ် ဖောက်ဖျက်တာ၊ ဆိုင်ခန်းဖွင့်လှစ်ခြင်းမရှိတာတွေကြောင့် ဆိုင်ခန်းတွေကို ပြန်အပ်နှံရမယ်လို့ အသိပေးကြေညာချက်ကို သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရတနာပုံ ဒိုင်းမွန်းပလာဇာ စီမံခန့်ခွဲမှု ကော်မတီက စိုက်ထုတ်ပေးဆောင်တဲ့ အခွန်ငွေကို ဆိုင်ခန်းရှင်တွေက ပြန်လည်မပေးတာ၊ ဆိုင်ခန်းပြန်လည်ဖွင့်လှစ်မှုမရှိတာဟာ စည်ပင်ကော်မတီရဲ့ ပုံရိပ်ကို ထိခိုက်ပြီး ကုမ္ပဏီရဲ့ အကျိုးခံစားခွင့်ကို ဆုံးရှုံးတယ်လို့ ဖော်ပြထားပါတယ်။

ရတနာပုံ ဒိုင်းမွန်းပလာဇာမှာ ဝယ်ယူထားတဲ့ ဆိုင်ခန်းရှင်တွေ ဘယ်လောက်ရှိပြီး ပေးသွင်းထားတဲ့ ဆိုင်ခန်းခတွေနဲ့ပက်သက်ပြီး ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု ကော်မတီကို ဘီဘီက ဆက်သွယ်မေးမြန်းရာ သတင်းစာပါ ကြေညာချက်အတိုင်း သာဖြစ်ကြောင်းတုံ့ပြန်ပါတယ်။

မန္တလေးမြို့မှာ ရတနာပုံ ဒိုင်းမွန်းပလာဇာ ဖွင့်လှစ်ချိန်က ဈေးဝယ်စင်တာ အထပ်တိုင်းမှာ ဆိုင်ခန်းနဲ့ ကုမ္ပဏီရုံးခန်းတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်ကျော်က မြေအောက်ထပ်၊ ပထမထပ်နဲ့ ဒုတိယထပ်မှာ ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်ခန်းတွေ တဖြည်းဖြည်းလျော့နည်းလာခဲ့ပါတယ်။ ကိုဗစ်ကာလမှာ ဆိုင်ခန်းရှင်တွေက နေအိမ်တွေမှာ ဖွင့်လှစ်ရာကနေ စစ်အာဏာသိမ်းပြီးနောက်မှာ အခွန်ခတွေကြောင့် ပလာဇာမှာ ဈေးဆိုင်ခန်းတွေ ပြန်လည်ဖွင့်လှစ်တာ မရှိသလောက်ဖြစ်ခဲ့တယ်လို့ ဆိုင်ခန်းရှင်တွေက ပြောပါတယ်။

ရတနာပုံ ဒိုင်းမွန်းပလာဇာနဲ့ တွဲလျက် ရတနာပုံဈေးမှာ ကုမ္ပဏီပိုင် ဆိုင်ခန်း၊ သီးသန့် အခန်းပိုင်ရှင်တွေက ဆိုင်ခန်းတွေကို ငှားရမ်းတာတွေ ရှိပါတယ်။ အခွန်အခ ဈေးကြီးမြင့်တာ ဈေးဝယ်လာသူ မရှိသလောက် ဖြစ်နေတာကြောင့် အခမဲ့ အခန်းငှားရမ်းပြီး စည်ပင်အခွန်ဆောင်ခိုင်းတဲ့ ဆိုင်ခန်းရှင်တွေတောင် ရှိနေပါတယ်။ ဒါပေမဲ့ ဈေးဝယ်လာသူမရှိတာကြောင့် ရေ၊ မီး အခွန်ခတောင် ပေးဆောင်ဖို့ အခက်ခဲရှိလို့ ဈေးဆိုင်တွေ ပိတ်ထားရတယ်လို့ ဆိုပါတယ်။

အခုအခါ ရတနာပုံ ဒိုင်းမွန်းပလာဇာ လမ်းမကြီးတန်းက ဆိုင်ခန်းတချို့နဲ့ ပလာဇာ အောက်ထပ်က ဆိုင်ခန်း အနည်းငယ်သာ ဖွင့်လှစ်ထားတာကို တွေ့ရကြောင်း ဆိုင်ခန်းရှင်တစ်ဦးကပြောပါတယ်။

" အောက်ထပ်တောင် ရတနာဆိုင်နဲ ဖိနပ်ဆိုင်၊ ဘဏ်ပဲရှိတော့တာ မရှိတော့ဘူး။ 78 shopping mall မှာတောင် (ဆိုင်)ထွက်သူမရှိလို့ ဖျက်ပစ်လိုက်တာလေ။ ဝယ်သူကလည်း ပလာဇာအသစ်ပေါ်တာပဲ သွားကြတာများတယ်။ ဒိုင်းမွန်းမှာ အပေါ်ထပ်တွေ မဖွင့်တာကြာပြီ။ ခေတ်ကောင်းကတည်းက။ ကိုဗစ်ဖြစ်တဲ့နောက်ပိုင်း ပိုဆိုးသွားတာ"လို့ မန္တလေးဒေသခံ ရတနာပုံ ဒိုင်းမွန်းပလာဇာဆိုင်ခန်းရှင် တစ်ဦးက ပြောပါတယ်။

မန္တလေးနဲ့ ကရင်ပြည်နယ်ထဲက စုစုပေါင်း မြေဧက ၁၈၀၀ ကျော်ကို ပြန်သိမ်း

ပြန်သိမ်းတဲ့မြေတွေထဲ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်လှမြင့်စိုး တို့အပါအဝင် တပ်မတော်အရာရှိတချို့လျှောက်ထားခဲ့တဲ့မြေတွေ ပါဝင်နေ

မြေလွတ်၊မြေလပ်နဲ့မြေရိုင်း များ စီမံခန့်ခွဲမှု ဗဟိုကော်မတီက မန္တလေးတိုင်းထဲက မြေဧက

၁၅၀၀ ကျော်နဲ့ ကရင်ပြည်နယ်ထဲက မြေဧက ၃၀၀ နီးပါးကို ပြန်လည် သိမ်းဆည်းလိုက်ပါတယ်။

ပြန်လည်သိမ်းဆည်းခံရတဲ့မြေတွေဟာ စိုက်ပျိုးရေးအတွက် လျှောက်ထားခဲ့တာ ဖြစ်ပြီး လျှောက်ထားခဲ့သူစာရင်းမှာ စစ်ဗိုလ်ချုပ်တချို့ပါ ပါဝင်နေတာပါ။

စိန်တစ်လုံးသရက်သီးစိုက်ဖို့ ခွင့်ပြုထားတဲ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ထဲက မြေဧက

၁၅၀၀ ကျော်ကို မြေလွတ်၊ မြေလပ်နဲ့မြေရိုင်း များ စီမံခန့်ခွဲမှု ဗဟိုကော်မတီက ပြန်သိမ်းလိုက်တာဖြစ်ပါတယ်။

သတ်မှတ်ကာလ ၄ နှစ် အတွင်းမှာ စိုက်ပျိုးဖော်ထုတ်မှုမရှိခဲ့တာကြောင့် အဲဒီမြေတွေကို

ပြန်သိမ်းလိုက်တာလို့ အဲဒီကော်မတီကထုတ်ပြန်ကြေညာပါတယ်။ ပြန်သိမ်းလိုက်တဲ့မြေတွေထဲ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်လှမြင့်စိုး တို့အပါအဝင် စစ်တပ်အရာရှိတချို့လျှောက်ထားခဲ့တဲ့မြေတွေ ပါဝင်နေတာတွေ့ရပါတယ်။

အခုလိုစိုက်ပျိုးမြေလျှောက်ပြီးမှ မစိုက်ပျိုးဖြစ်တာဟာ စိုက်ပျိုးရေးလုပ်ငန်းကို အမှန်တကယ်မလုပ်နိုင်တာလည်းပါသလို တချို့ကတော့ မြေဧကကျယ်ကျယ်ဝန်းဝန်းလိုချင်လို့ လျှောက်ထားကြတာမျိုးလည်းရှိတယ်လို့ မြေယာအရေးကျွမ်းကျင်သူတွေကပြောပါတယ်။

အလားတူ ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲက ရာဘာစိုက်ပျိုးဖို့ချပေးထားတဲ့ မြေဧက ၃၀၀

နီးပါးကိုလည်း သတ်မှတ်ကာလ ၄ နှစ်ကျော်လွန်တဲ့အထိ ဖော်ထုတ်လုပ်ကိုင်မှုမရှိလို့ဆိုပြီး

ပြန်သိမ်းလိုက်ပါတယ်။

သတ်မှတ်ကာလ ၄ နှစ်ကျော်လို့ ဖော်ပြထားပေမဲ့ ဦးသိန်းစိန်အစိုးရမတိုင်ခင်က ခွင့်ပြုမိန့် ချပေးထားတဲ့ မြေတွေပါဝင်နေပါတယ်။ ပြန်သိမ်းလိုက်တဲ့မြေတွေအတွက် ပေးသွင်းထားတဲ့ အာမခံကြေးတွေကိုလည်း နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းလိုက်ပါတယ်။

မြေလွတ်၊မြေလပ်နဲ့မြေရိုင်း များ စီမံခန့်ခွဲမှုဥပဒေအရ နှစ်ရှည်ပင်တွေအတွက် ဧက ငါးထောင်အထိ

ခွင့်ပြုပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။

ကမ္ဘာကျော်အဆိုတော် ရီဟားနား မြန်မာပြည်သူတွေနဲ့အတူရပ်တည်ဖို့ Justice for Myanmar တိုက်တွန်း

ကမ္ဘာကျော်အဆိုတော် ရီဟားနားဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Super Bowl 2023 ဂီတဖျော်ဖြေပွဲမှာ ဖျော်ဖြေတင်ဆက်စဥ် သူဝတ်ဆင်ထားတဲ့လက်ဝတ်ရတနာတွေထဲ Bayco Jewels က လုပ်ထားတဲ့ မြန်မာ့ပတ္တမြားလက်စွပ် တစ်ကွင်း ပါဝင်နေတယ်လို့ Justice for Myanmar က မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

အဆိုတော်ရီဟားနားရဲ့ လက်စွပ်က အမေရိကန်ဒေါ်လာ ၁ သန်း တန်ဖိုး ရှိပြီး မြန်မာ့ပတ္တမြားကို ပလက်တီနမ် စိန်တွေနဲ့ ၁၈ ကာရက် ရွှေဝါတွေနဲ့ ပြုလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

နယူးယောက်မြို့တော်အခြေစိုက် Bayco Jewels LLC က တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ထုတ်လုပ်ပြီး အဲဒီကုမ္ပဏီကို Moris နဲ့ Giacomo Hadjibay ညီအစ်ကိုတို့က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီရတနာကုမ္ပဏီရဲ့ ဝဘ်ဆိုက်မှာ လက်ရှိကြော်ငြာထားတဲ့အထဲ အနည်းဆုံးပစ္စည်း ၉ မျိုးမှာ မြန်မာနိုင်ငံက ရတဲ့ ပတ္တမြားနဲ့ နီလာတွေ ပါဝင်တယ်လို့လည်း JFM က ဆိုပါတယ်။

ပတ္တမြားတူးဖော်ထုတ်လုပ် ရေးမှာ နာမည်ကျော်တဲ့ မိုးကုတ်မြို့က ထွက်ရှိတဲ့ အရည်အသွေးအမြင့်ဆုံး ကျောက်မျက်တွေ အပါအဝင် နီလာတူးဖော်မှုကို အရေအတွက်နည်းနည်း ဆက်လက်လုပ်ဆောင်နေကြောင်း Bayco ကုမ္ပဏီက ဖော်ပြထားပါတယ်။

ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေ ဆက်ပြီးရောင်းဝယ်နေကြတာက စစ်အုပ်စုရဲ့ လက်ရှိကျူးလွန် နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေနေတာ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက မြန်မာ့ကျောက်မျက်လုပ်ငန်းကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပေမဲ့ ကျောက်မျက်တင်သွင်း မှုကို ပိတ်ပင်တာမျိုးမရှိခဲ့ဘဲ ရောင်းဝယ်မှုတွေ ဆက်လုပ်ခွင့်ပြုထားတယ်လို့ JFM ကဆိုပါတယ်။

ဒါကြောင့် ရီဟားနားအနေနဲ့ မြန်မာ့ကျောက်မျက်တွေကို သပိတ်မှောက်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ၊ ကျောက်မျက်တင်သွင်းမှု ပိတ်ပင်ဖို့လည်း တောင်းဆိုကြောင်း JFMက တိုက်တွန်းထားပါတယ်။

ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှု မြန်မာစစ်တပ်ကို မဖိတ်

ထိုင်းနိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ ၁၀ ရက်အထိ နှစ်ပတ်ကြာ ကျင်းပမယ့် ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှုကို မြန်မာစစ်တပ်ကိုဖိတ်ကြားမှာမဟုတ်ဘူးလို့ ထိုင်းတော်ဝင်တပ်က ဗိုလ်ချုပ် Thitichai Tiantong ကပြောကြားကြောင်း ထိုင်းအခြေစိုက်သတင်းတွေက ရေးပါတယ်။

အရင် စစ်ရေးလေ့ကျင့်မှုတွေကို မြန်မာကို လေ့လာသူအဖြစ် တက်ရောက်ဖို့ဖိတ်ကြားခဲ့တာမျိုးရှိခဲ့ပေမဲ့ ဒီလကုန်ကျင်းပမယ့် အခမ်းအနားမှာတော့ ထိုင်ခုံအရေအတွက်ကန့်သတ်ထားတာကြောင့် မြန်မာကိုဖိတ်ကြားမှာမဟုတ်ဘူးလို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အင်ဒိုပစိဖိတ်ဒေသတွင်းက အကြီးဆုံး စစ်ရေးပူးပေါင်းလေ့ကျင့်မှုဖြစ်တဲ့ ဒီကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူနိုင်ငံအဖြစ် ၁၀ နိုင်ငံကိုဖိတ်ကြားလေ့ရှိပြီး အဲဒီထဲမှာ အရင်ကမြန်မာနိုင်ငံလည်းပါဝင်ပါတယ်။

မြန်မာမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစလို့ ကော်ဘရာဂိုးစစ်ရေးလေ့ကျင်မှု အစီအစဥ်မှာ မြန်မာစစ်တပ်ပါဝင်ခဲ့ခြင်းမရှိတော့ဘဲ ဒါကိုအရင်ကတော့ ထိုင်းနဲ့ အမေရိကန်အာဏာပိုင်တွေဘက်က ကိုဗစ်ကပ်ရောဂါကြောင့်လို့ အကြောင်းပြခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုကိုကိုးကားပြီးဘန်ကောက်ပို့စ်သတင်းကရေးပါတယ်။

ဒီနှစ် ကော်ဘရာဂိုးစစ်ရေးလေ့ကျင်မှုမှာတော့ အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ မလေးရှား စတဲ့ ခုနစ်နိုင်ငံက စစ်သည်ပေါင်း ခုနစ်ထောင်ကျော် ပါဝင်မှာဖြစ်ပြီး ထိုင်းနဲ့အမေရိကန်က စစ်သည်အများဆုံးပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

မနှစ်ကတော့ ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှုကို သြဂုတ်လမှာ ပြုလုပ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့်စစ်သည်အင်အားကို အရင်ကထက် လျှော့ချပြုလုပ်ခဲ့ကာ စင်ကာပူ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ သြစတြေးလျ၊ ဂျပန် နဲ့အိန္ဒိယတို့က စစ်သည်တွေနဲ့အတူ ထိုင်းစစ်တပ်က ၁၉၅၃ ဦး၊ အမေရိကန်စစ်တပ်က ၁၂၉၆ ဦးတို့ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ဖိလစ်ပိုင်မှာလူကုန်ကူးခံရတဲ့မြန်မာနိုင်ငံသား ၂၁ ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကယ်တင်

ဖိလစ်ပိုင်နိုင်ငံက အွန်လိုင်းဂိမ်းလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ စည်းရုံးခံရပြီး လူကုန်ကူးခံရကာ အဓမ္မ ခိုင်းစေမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့မြန်မာနိုင်ငံသား ၂၁ ဦးကို ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့က ကယ်တင်ပေးခဲ့ပြီး မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ဖို့ စီစဥ်ရာမှာ ပထမအသုတ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ မြန်မာလေးဦးကို မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပို့ဆောင်ပေးခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကျန်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကိုလည်း မြန်မာနိုင်ငံကို အဆင်ပြေချောမွေ့စွာပြန် လည်ရောက်ရှိရေး မြန်မာသံရုံးက ဆက်လက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြန်မာနိုင်ငံကို လူကုန်ကူးခံရပြီး ငွေကြေးလိမ်လည်တာတွေလုပ်ဖို့ ဖိအားပေးခိုင်းစေခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၈ ဦး ကို ပြန်လည်ကယ်တင်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကဖေဖော်ဝါရီ ၁၃ ရက် တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ၈ ဦးထဲက အမျိုးသား ၄ ဦးဟာ ဒူဘိုင်းကနေ စားသုံးသူကူညီရေးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ဆိုပြီး အွန်လိုင်းပေါ်ကတဆင့် စုဆောင်းခံရတာပါ။ထိုင်းနိုင်ငံကို ပို့မယ့်အစား မြန်မာနိုင်ငံကို အပို့ခံရပြီး အွန်လိုင်းငွေကြေး (cryptocurrency ) လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ဖိအားပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသမီး ၄ ဦးကတော့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်ချိန် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံ သတင်းထောက်တွေ၊ အနုပညာရှင်တွေကို ကူညီဖို့ ပရောဂျက် ဂျပန်သတင်းထောက်နှစ်ဦး စတင် တည်ထောင်

မြန်မာမှာ စစ်တပ်က ဖမ်းဆီးထားတဲ့ အနုပညာရှင်၊ စာရေးဆရာ၊ သတင်းထောက်၊ ရုပ်ရှင်ရိုက်ကူးသူတွေကို ကူညီထောက်ပံ့ဖို့ ဒေါ်ကူအသံ ဆိုတဲ့အမည်နဲ့ ပရောဂျက်တစ်ခုကို မြန်မာမှာဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်ခဲ့တဲ့ ဂျပန်သတင်းထောက်နှစ်ဦးဖြစ်တဲ့ ယူမီကီတဇုမိနဲ့ တိုရူကူဘိုတာတို့က စတင်လိုက်ပါတယ်။

‘Docu Athan’ လို့ နာမည်ပေးထားတဲ့ ဒီပရောဂျက်ဟာ အာဏာသိမ်းကာလနှစ်နှစ်ကျော်အတွင်း စစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် ပြည်တွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ သတင်းသမားတွေနဲ့ ရုပ်ရှင်ရိုက်ကူးသူတွေ၊ အနုပညာရှင်အများအပြားကို အကူအညီပေးဖို့ရည်ရွယ်ပါတယ်။

အများစုဟာ နယ်စပ်ဒေသတွေမှာ နေထိုင်နေရကာ သတင်းအချက်အလက်တွေကိုမျှဝေပေးနေပြီး ၄င်းတို့ရဲ့အနုပညာလက်ရာတွေကို ဂျပန်နိုင်ငံမှာမိတ်ဆက်ဖြန့်ချိဖို့နဲ့ပံ့ပိုးကူညီဖို့ ဒီပရောဂျက်ကို ပြုလုပ်တာဖြစ်တယ်လို့ အဲဒီသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၄င်းတို့ရဲ့ဗီဒီယိုဖိုင်တွေကို မြန်မာဘာသာကနေ ဂျပန်ဘာသာကိုပြန်ဆိုပေးပြီးလက်ရာအသစ်ကိုလည်း ထုတ်လုပ်သွားမှာဖြစ်သလို ဒီလက်ရာတွေကို တင်ဆက်ထားတဲ့ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူတွေလည်း လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

ယူကီကီတဇုမိဟာ မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလမှာ ဖမ်းဆီးခံခဲ့ရပြီးတစ်လအကြာမှာ ပြန်လွတ်ကာဂျပန်နိုင်ငံကိုပြန်လည်ပို့ဆောင်ခံခဲ့ရပါတယ်။

မစ္စတာ တိုရူကူဘိုတာကတော့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာဆန္ဒပြပွဲတစ်ခုကိုသတင်းယူနေစဥ်ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာပြန်လည်လွတ်မြောက်ကာ ဂျပန်နိုင်ငံကိုပို့ဆောင်ခံခဲ့ရပါတယ်။

ကသာခရိုင်၊ အင်းကြီးရွာမှာ သေဆုံးရုပ်အလောင်း ၆ လောင်းတွေ့ရှိ

ကသာခရိုင်၊ အင်းကြီးရွာမှာ သေဆုံးရုပ်အလောင်း ၆ လောင်းတွေ့ရှိတယ်လို့ ဒေသခံတွေပြော

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ရွှေလီမြစ်အနောက်ဘက်ကမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၄ ရက်မနက်ပိုင်းမှာ ဟင်္သာရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နေ့လယ်ပိုင်းမှာတော့ အဲဒီကျေးရွာထဲကနေ ပြန်လည်ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

ဒါကြောင့် ဒီရက်ပိုင်းအတွင်း မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေထဲကို မြေပြင်မှာကျန်ရှိနေသေးတဲ့ ကသာဒေသခံတချို့ ပြန်လည်ဝင်ရောက်ကြည့်ချိန်မှာ အင်းကြီးကျေးရွာထဲကနေ သေဆုံး ရုပ်အလောင်း ၆ လောင်းတွေ့ရှိထားတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကနေသိရပါတယ်။

"ရွာထဲမှာ အလောင်း ၆ လောင်းတွေ့တယ်။ ဒေသခံ အကုန်လုံးတော့ ပြန်မလာနိုင်သေးပါဘူး။ ရှမ်းပြည်မြောက်ပိုင်း မဘိမ်းဘက်က ရွာတွေထဲရော ကသာထဲက တခြားရွာတွေမှာပါ စစ်ရှောင်နေကြရတယ်" လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး စစ်ကြောင်းထိုးတာကြောင့် မယ်ငို၊ သဖန်းကိုင်း၊ တက်တူလယ်၊ ဘုရားတောင်၊ အင်းကြီး စတဲ့ ကျေးရွာ ၅ ရွာ မီးရှို့ခံခဲ့ရပြီး ရွာသား ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။

အဲဒီထဲက စစ်ရှောင် ၃၀၀ ကျော်ဟာ မြစ်အရှေ့ဘက်ကမ်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်ရဲ့ ကျေးရွာတွေဘက်မှာ စစ်တိမ်းရှောင်နေကြရပြီး ဒေသခံအချင်းချင်းကူညီစောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

ကသာဘက်က စစ်ရေးအခြေအနေတွေနဲ့ကျေးရွာတွေမီးရှို့ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ သတင်းထုတ်ပြန်တာမတွေ့ရသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ပြောခွင့်ရ​ဦးအေးလှိုင်ကိုဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့အဆက်အသွယ်မရသေးပါဘူး။

စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းနေအိမ်ပေါင်း ၅၅၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းတစ်ခုတည်းက ၄၃၀၀၀ ကျော်နဲ့အများဆုံးဖြစ်နေတယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။