တတိယ ချားလ်စ်ကို ဘုရင်အဖြစ် တရားဝင်တင်မြှောက်

တတိယမြောက် ချားလ်စ် ဘုရင်ကို လန်ဒန် စိန့်ဂျိမ်းစ်နန်းတော်မှာ အခမ်းအနားနဲ့ ဒီကနေ့ တင်မြှောက်ခဲ့ပါတယ်။

ချားလ်စ်ဟာ မိခင် ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ကွယ်လွန်ပြီးနောက် ချက်ချင်း ဘုရင် ဖြစ်ခဲ့ ပေမဲ့ စနေနေ့မှာတော့ အခု သမိုင်းဝင် အခမ်းအနားနဲ့ ဘုရင်အဖြစ် တရားဝင် အတည်ပြုခဲ့ပါတယ်။

ဝါရင့်နိုင်ငံရေးသမားတွေ၊ တရားသူကြီးတွေနဲ့ တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းထားတဲ့ တင်မြှောက်ရေးအဖွဲ့က ချားလ်စ်ကို ဘုရင်အဖြစ် တင်မြှောက်ခဲ့ကြပါတယ်။

ဒီလိုအခမ်းအနားကို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်တာက ပထမဆုံး ဖြစ်ပါတယ်။

ဒီအခမ်းအနား အစပိုင်းကို ဘုရင်ကိုယ်တိုင်တော့ မတက်ရောက်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ မင်းတိုင်ပင်အဖွဲ့ နဲ့ တွေ့ဆုံဖို့ အခမ်းအနား ဒုတိယပိုင်းကို တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်အနားကို ဘုရင့်ကြင်ယာတော် မိဖုရား၊ ဝေလမင်းသား ဝီလျံနဲ့ ဝန်ကြီးချုပ် လစ်ဇ် ထရပ်စ်တို့ တက်ရောက်ပြီး ဘုရင်အဖြစ် တင်မြှောက်တဲ့ ဖတ်ကြားမှုကို လိုက်ပါ ရွတ်ဆိုခဲ့ကြပါတယ်။

ဘုရင်ချားလ်စ်ကလည်း အခမ်းအနား တက်ရောက်လာသူတွေကို သူ့ရဲ့  ကြေညာပြောကြားမှုကို ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ပရစ်ဗီကောင်စီက အဖွဲ့ဝင် ၂၀၀ ဦး တက်ရောက်ခဲ့ကြပါတယ်။ သူတို့တွေ ထဲမှာ ဝန်ကြီးချုပ်ဟောင်းတွေ ဖြစ်ကြတဲ့ ဘောရစ်ဂျွန်ဆင်၊ ထရီဇာမေ၊ ဒေးဗစ်ကင်မရွန်း၊ ဂေါ်ဒန်ဘရောင်း၊ တိုနီဘလဲနဲ့ ဂျွန်မေဂျာတို့လည်း ပါဝင်ပါတယ်။

ဒီအခမ်းအနားကို ရုပ်သံက ထုတ်လွှင့်ဖို့ ဆုံးဖြတ်ချက်ကို ချားလ်စ် ဘုရင်က ချမှတ်ခဲ့တာ ဖြစ်ပြီး ဒါဟာ ဘုရင်တင်မြှောက်ပွဲကို  လူထု ပထမဆုံး ကြည့်ရှုခွင့်ရတာ ဖြစ်ပါတယ်။