ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန် ၈ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - ရန်ကုန် - သန်လျင် တံတားအသစ် ဖွင့်
ရန်ကုန်-သန်လျင် ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး အမှတ် (၃) တံတားအသစ်ကို ဇွန် ၈ ရက် မနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီး မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာနေကြပါတယ်။
တံတားက ၄ လမ်းသွား သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး လက်ရှိမှာ အခမဲ့ ဖြတ်သန်းခွင့်ပြုထားတယ် လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
နောက်ပိုင်းမှာတော့ တံတားအသုံးပြုခကို နိုင်ငံတကာစနစ်ဖြစ်တဲ့ QR Code အသုံးပြုပြီး Mobile Pay နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အဲဒီတံတားအသစ်ကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့နဲ့ ဂျပန်-အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ရဲ့ စီမံကိန်းသဘောတူညီချက်အရ ပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။
စစ်တွေ ဗျိုင်းဖြူရွာခံ ၈၀ ကျော်ကို ပြန်လွှတ်ပေး
ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာက ဖမ်းဆီးခံထားရသူ အယောက် ၈၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့ လွတ်လာတဲ့သူတွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။
မေ ၂၉ ရက်ကတည်းက ဖမ်းဆီးခံထားရသူတွေ ကို စစ်တွေမြို့ အမှတ် (၁) နဲ့ အမှတ် (၂) ရဲစခန်းတွေကနေ မနေ့ကစပြီး ပြန်လွှတ်ပေးနေတာလို့ မြေပြင်အခြအနေသိရှိသူတစ်ဦးကပြောပါတယ်။
“ဒီညနေလည်း ထပ်လွှတ်ဖို့ရှိတယ်လို့ကြားတယ်” လို့ သူက ဆက်ပြောပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့သူတွေကို စစ်တွေမြို့မှာ ရှိတဲ့ မဏိရတနာဘုန်းတော်ကြီးကျောင်းအပါအဝင် ကျန်တဲ့ဘုန်းကြီးကျောင်းတွေနဲ့ ရိပ်သာကျောင်းတွေမှာ စစ်တပ်ဘက်က ကားနဲ့ပို့ဆောင်ပေးခဲ့တယ်လို့ ပြန်လွတ်လာသူတချို့ကို လက်ခံထားတဲ့ ရိပ်သာကျောင်းက ဘီဘီစီကိုပြောပါတယ်။
ပြန်လွတ်လာတဲ့သူတွေကို တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ ဘီဘီစီက ကြိုစားခဲ့ပေမယ့် အများစုက ကြောက်ရွံ့ထိတ်လန့်နေကြတာကြောင့် ဖုန်းဖြေဆိုဖို့ကို ငြင်းဆိုထားပါတယ်။
ပြန်လွတ်လာတဲ့ သူတွေထဲမှာ အသက် ၂၀ ဝန်းကျင်အရွယ်ကနေစပြီး လူကြီးပိုင်းတွေအထိ ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်တုန်းက စစ်တွေမြို့က ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ဒေသခံ ၁၀၀ ဝန်းကျင်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပေမယ့် ဘီဘီစီအနေနဲ့ ဖမ်းဆီးခံရတဲ့အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ စစ်ကောင်စီကတော့ ဗျိုင်းဖြူရွာ ဒေသခံတွေကို ပြန်လွှတ်ပေးတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ထိုင်းကွန်ဒိုတွေ မြန်မာဘက်က အဝယ်ကျနိုင်တယ်လို့ ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်း ခန့်မှန်း
ထိုင်းမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူထားသူတွေနဲ့ ရောင်းချတဲ့ ကုမ္ပဏီတွေကို စစ်ကောင်စီက ဆက်လက်ဖော်ထုတ်အရေးယူမယ်လို့ ကြေညာထားတာကြောင့် မြန်မာကနေ ကွန်ဒိုဝယ်ယူမှု သိသိသာသာကျဆင်းသွားနိုင်တယ်လို့ ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်းက ပြောတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းကကွန်ဒိုတွေကို နိုင်ငံခြားသားဝယ်ယူမှုစာရင်းမှာ နံပါတ်(၂) နေရာရှိနေတဲ့ မြန်မာဝယ်လက်တွေရဲ့အခြေအနေကြောင့် ထိုင်းအိမ်ခြံမြေ စျေးကွက်က စိုးရိမ်မှုတွေရှိလာနေတာဖြစ်ပါတယ်။
စစ်ကောင်စီက အရေးယူမယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်း ဧပြီနဲ့ မေလအတွင်း ဘတ် ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ဝယ်ယူသူထံ လွှဲပြောင်းတဲ့နေရာမှာ ပိတ်ပင်တားဆီးခံခဲ့ရတယ်လို့ ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Prasert Taedulayasatit ကပြောထားပါတယ်။
ဒီလိုဖမ်းဆီးအရေးယူမှုတွေက ထိုင်းရဲ့အောင်မြင်စ ကွန်ဒိုအရောင်းစျေးကွက်နဲ့ မြန်မာက ဝယ်ယူထားတဲ့သူတွေကြား ဒီနှစ်ဝက်အထိ ကွန်ဒိုလွှဲပြောင်းမှုတွေမှာ အခက်အခဲဖြစ်စေနိုင်တယ် လို့ သူကထပ်ပြောပါတယ်။
ထိုင်းကွန်ဒိုဈေးကွက်မှာ အဓိကကျတဲ့ တရုတ်ဘက်က ဝယ်လိုအားတွေ ကျလို့ ပြည်တွင်းဈေးကွက်ကျနေချိန်မှာ မြန်မာဘက်က ဝယ်ယူတဲ့ပမာဏတွေ တိုးလာတာကြောင့် မြန်မာက ဝယ်ယူသူတွေကို လျစ်လျူရှုလို့မရနိုင်ဘူးလို့လည်း သူကပြောပါတယ်။
၂၀၂၂ ခုနှစ်အတွင်း မြန်မာက ကွန်ဒိုဝယ်ယူတဲ့အဆင့်သတ်မှတ်ချက် ၆ နေရာမှာရှိခဲ့ပါတယ်။
ဒီနှစ်မှာ တော့ ထိုင်းဘတ်ငွေ ၂ဒသမ၂ ဘီလီယံတန်ဖိုးရှိတဲ့ ကွန်ဒိုတိုက်ခန်း ၃၉၂ လုံးကိုဝယ်ယူပြီးနောက် နံပါတ် ၂ နေရာကို ရောက်ရှိခဲ့ပြီး ရုရှားကို ကျော်တက်ထားပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီက ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းရောင်းချတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့ ဝယ်ယူသူ ၃ ဦး စုစုပေါင်း ၅ ဦးကို ဒီလထဲမှာပဲ ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးအရေးယူတာနဲ့ပတ်သက်ပြီး ရောင်းချတဲ့သူတွေကိုတော့ စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရှိဘဲရောင်းဝယ်တာကြောင့်နဲ့ ဝယ်ယူသူတွေကိုတော့ ကွန်ဒိုအခန်းခတွေကို ဗဟိုဘဏ်ခွင့်ပြုချက်မရရှိဘဲ ပြည်ပဘဏ်အကောင့်တွေဖွင့်ပြီး တရားမဝင် ဟွန်ဒီငွေလွှဲစနစ်နဲ့ ငွေချေခဲ့တာကြောင့်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်အပါအဝင် ပိတ်ဆို့အရေးယူထားသူတွေရဲ့စာရင်းတွေကို ဗြိတိန်က စုစည်းထုတ်ပြန်
ဗြိတိန်အစိုးရက ကြေညာထားခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦးနဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့ကို ပိတ်ဆို့အရေးယူထားတဲ့စာရင်းတွေကို တစ်စုတစ်စည်းတည်းပုံစံနဲ့ ဗြိတိန်ဘက်က ဇွန်လ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့က ဗြိတိန်သံရုံးရဲ့ပြောပြချက်အရ ဒါဟာ ထပ်တိုးအရေးယူတာမျိုးမဟုတ်ဘဲ ရှိရင်းစွဲ စာရင်းတွေကို တစ်စုတစ်စည်းတည်း ထုတ်ပြန်တာလို့ ထပ်မံသိရှိရပါတယ်။
အဲဒီစာရင်းထဲမှာ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး အပါအဝင် လက်ရှိ စစ်ကောင်စီအတွင်းရေးမှူးတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့လည်း ပါဝင်ထားပြီးဖြစ်ပါတယ်။
ယူကေရဲ့ အခုတစ်စုတစ်တည်းဖော်ပြတဲ့စာရင်းမှာ ရာထူးကနေ အနားပေးခံထားရသူတွေလည်းပါဝင်နေပြီး ကာကွယ်ရေးဦးစီးချုပ်(လေ)ဟောင်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းနဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော တို့လည်း ပါဝင်ထားတာတွေ့ရပါတယ်။
ဒါအပြင် ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးလည်း ပါဝင်သလို ကုမ္ပဏီအဖွဲ့အစည်းတွေမှာဆိုရင် ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးတေဇနဲ့ သား ၂ ဦး၊ ဦးနိုင်ထွဋ်အောင်ရဲ့ International Gateways Group (IGG) ကုမ္ပဏီအုပ်စုလည်း ပါဝင်ပါတယ်။
ထုတ်ပြန်ခဲ့ပြီးဖြစ်တဲ့ဗြိတိန်ရဲ့ပိတ်ဆို့စာရင်းထဲမှာတော့ စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စင်ကာပူအခြေစိုက် ရွှန်းစွမ်းအင်(Shoon Energy) ကုမ္ပဏီနဲ့ အေးရှားဆန်း(Asia Sun)ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင်လုပ်နေတာတွေအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကိုပါ အဟန့်အတားဖြစ်နေတာကြောင့် ပိတ်ဆို့အရေးယူထားတာလို့ ဗြိတိန်အစိုးရကအစောပိုင်းကတည်းက ပြောထားပါတယ်။
မှတ်ချက် - ဇွန် ၁၀ ရက်မှာ ထပ်မံရရှိတဲ့အချက်အလက်အချို့ကို ထပ်မံဖြည့်စွက်ထားပါတယ်။
နမ့်ဖတ်ကာကျေးရွာကို မြို့ပြအဖြစ် ကေအိုင်အေ ပြောင်းလဲသတ်မှတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာကျေးရွာကို ကချင်လွတ်လပ်ရေးတပ် KIA ရဲ့ မြို့ပြအဆင့်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အုပ်ချုပ်မှု စတင်နေပြီလို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။
“ပြည်သူလူထုရဲ့ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေအတွက် မြို့ပြပုံစံနဲ့ အုပ်ချုပ်မှုယန္တရား စတင်လိုက်တာပါ” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
စစ်ကောင်စီအုပ်ချုပ်ခဲ့တဲ့ ဌာနဆိုင်ရာရုံးတွေကို KIA က လက်လွှဲယူပြီး အုပ်ချုပ်တဲ့သဘောပဲလို့ သူက ဆက်ရှင်းပြပါတယ်။
မြို့ရဲ့ အင်္ဂါရပ်နဲ့ ကိုက်ညီအောင် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ၊ ရဲစခန်းနဲ့ ပညာရေးရုံးအပြင် ကျန်းမာရေးရုံးနဲ့ တခြား ရှိသင့်တဲ့ ဌာနဆိုင်ရာရုံးတွေကိုလည်း အုပ်ချုပ်ရေး စတင်လည်ပတ်သွားမယ်လို့ သိရပါတယ်။
နမ့်ဖတ်ကာရွာက ရွာကြီးဖြစ်ပြီး ကွတ်ခိုင်မြို့နဲ့ မူဆယ်၊ နမ့်ခမ်းစတဲ့ မြို့ပေါင်းဆုံရာ အချက်အချာကျတဲ့မြို့ဖြစ်တာကြောင့် ကုန်သွယ်ရေးအတွက် အရေးပါတဲ့မြို့ဖြစ်ပါတယ်။
နမ့်ဖတ်ကာအပြင် KIA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ ကချင်ပြည်နယ်က မြို့နဲ့ ကျေးရွာအကုန်လုံးမှာ KIA ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်သွားမှာဖြစ်တယ်လို့ KIA က ပြောပါတယ်။
ရွှေ နဲ့ငွေဈေးက မဖြစ်နိုင်တဲ့ ဈေးနှုန်းတွေ လို့ စစ်ခေါင်းဆောင်ပြော
မဖြစ်နိုင်တဲ့ စျေးနှုန်းတွေနဲ့ ရွှေစျေး နဲ့ ငွေစျေး အဆမတန်တက်ခဲ့တယ် လို့ မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
စီးပွားရေးသမားတွေဟာ ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်အောင် လုပ်ခဲ့လို့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ခဲ့ရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
နိုင်ငံ စီးပွားရေး ကျဆင်းအောင် အဘက်ဘက်က ဝိုင်းဝန်းတိုက်ခိုက်နေကြလို့ ငွေဈေးတည်ငြိမ်ဖို့ အရေးကြီးတယ် လို့ သူကပြောပါတယ်။
ပြည်ပနိုင်ငံတွေမှာ အိမ်ခြံမြေဝယ်ယူနေတဲ့အထဲ တရားမဝင်ငွေကြေးတွေနဲ့ ဝယ်ယူတာတွေရှိခဲ့လို့ စိစစ် နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ သတင်းတစ်ပတ်ထဲမှာပဲ ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်း ရောင်းချတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့ ဝယ်ယူသူ ၃ ဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါ့အပြင် အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေအပါအဝင် နိုင်ငံခြားငွေကြေးနဲ့ မြန်မာကျပ်ငွေ အလဲ အလှယ်လုပ်ပြီး ငွေကြေးကစားနေတဲ့ ဟွန်ဒီလုပ်ငန်းလုပ်သူ လူ ၃၉ ဦးရဲ့ ဘဏ်အကောင့်နဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုဖြစ်တဲ့ Pay အကောင့်တွေကိုပိတ်ပြီး အရေးယူခဲ့တယ်လို့ စစ်ကောင်စီ က ပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ဇန်နဝါရီကနေ မေလ အမေရိကန်ဒေါ်လာ ၁၇၆ သန်းကျော်၊ ထိုင်းဘတ်ငွေ ၁ ဘီလီယံခွဲကျော် နဲ့ တရုတ်ယွမ် သန်း ၄၀ ကျော် ကို ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေ အတွက် Online Trading ကတစ်ဆင့် ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မောင်တောက စစ်ကောင်စီတပ်စခန်း ၆ ခုကို အေအေသိမ်း
ငပလီလေဆိပ်ကို ဇွန် ၃၀ ရက်အထိ ပိတ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီတပ်စခန်း ၆ ခုကို အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော်) က ဇွန်လ ပထမအပတ်ထဲမှာပဲ တစ်ပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊အင်းဒင်စခန်း နဲ့ အမှတ်(၉)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တွေကို ဇွန် ၂ ရက်ကနေ ၇ရက်အတွင်း သိမ်းပိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အခြားသော လက်ကျန်စခန်းတွေဖြစ်တဲ့ အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၊ “မောရဝတီ” ၊ “အလယ်သံကျော်” ၊ “နားခေါင်းတိုစခန်း” တွေအပါအဝင် တခြားလက်ကျန်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ် လို့ အေအေက ထုတ်ပြန်ပါတယ်။
တစ်ဖက်မှာလည်း သံတွဲမြို့နဲ့ အမ်းမြို့တို့မှာ စစ်ကောင်စီတပ်တွေနဲ့ အေအေကြား တိုက်ပွဲတွေဆက်ရှိနေတယ်လို့ သိရပါတယ်။
ဇွန် ၈ ရက် မနက်ပိုင်းမှာ ရန်ကုန်-ငပလီ လေကြောင်းလိုင်းတွေကို ဇွန် ၃၀ ရက်နေ့အထိ ပိတ်ထားလိုက်တယ်ဆိုပြီး လေယာဉ်လက်မှတ်အရောင်းဌာနတွေက ကြေညာထားတယ်လို့ ဒေသခံတွေက အတည်ပြုပြောပြပါတယ်။
ငပလီမြို့မှာ စစ်ကောင်စီတပ်နဲ့ အေအေ ကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဇွန် ၂ ရက်ကတည်းက လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းထားတာဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက် အမ်းမြို့နယ်ထဲမှာရှိတဲ့ တောဟိန်းတောင်စခန်းကို အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် အေအေက ကြိုးပမ်းနေလို့ တောဟိန်းတောင်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။